← Chapters

ရေခဲနဂါးသူတော်စင်၏အမွေအနှစ်တည်ရှိရာ

Vol. 25 Ch. 343

ရေခဲနဂါးသူတော်စင်၏အမွေအနှစ်တည်ရှိရာ

Vol. 25 Ch. 343

အခန်း (၃၄၃) ရေခဲနဂါးသူတော်စင်၏အမွေအနှစ်တည်ရှိရာ

မျှခြေပျက်ဆီးသွားပြီဖြစ်သော ပကတိရေခဲသွေးကြောက နောက်တစ်ကြိမ် မျှခြေပြန်လည်ရရှိရန် မလွယ်ကူတော့ပေ။

ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက အပြာရောင်အလင်းစီးကြောင်းကို တားဆီးနိုင်သော်လည်း  ရန်ကျောက်ကဲက ဤနေရာတွင် ဆက်မနေတော့ပေ။ သူက မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို အရှိန်တင်ကာ ဝေးနိုင်သမျှဝေးဝေးသို့ ထွက်ခွာသွားသည်။

အအေးဓာတ်စွမ်းအားလှိုင်းများသည် သူတို့နောက်မှ လိုက်ပါလာဆဲဖြစ်ပြီး ရေခဲအလွှာများကို ပိုမိုခိုင်ခန့်စေကာ အဆက်မပြတ် နေရာချဲ့ထွင်လျှက် ရှိသည်။

လွန်းပြန်ယဉ်အတော်ဝေးဝေးသို့ရောက်သွားမှ အအေးဓာတ်စွမ်းအားလှိုင်းများ အနောက်ဘက်တွင် ငြိမ်သက်စွာကျန်ရစ်ခဲ့ကြောင်း ခံစားရသည်။

အားဟူက နောက်သို့လှည့်ကြည့်ရင်း...

“သခင်လေး... အခု ပကတိရေခဲသွေးကြောမှာဖြစ်သွားတဲ့ ကြီးမားတဲ့အပြောင်းအလဲက သခင်လေးရဲ့ အစီအစဉ်ကို ထိခိုက်သွားနိုင်သလား”

ရန်ကျောက်ကဲက...

“မထိခိုက်ဘူး ၊ ပိုတောင်ကောင်းသွားသေးတယ် ၊ အခုလိုဖြစ်သွားတော့ ပကတိရေခဲသွေးကြော အများကြီးပြောင်းလဲသွားပြီး သက်ရောက်မှုလည်း လုံလောက်သွားတာပေါ့ ၊ တောင်ပိုင်းတောရိုင်းမြေကို ဒုက္ခပေးဖို့ အချိန်သိပ်မကြာလောက်တော့ပါဘူး”

ရန်ကျောက်ကဲက မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကို ထိန်းချုပ်ရင်း မြေပြင်ထက်သို့ ပြန်တက်လိုက်သည်။ မကြာမီ ရေခဲအလွှာများကို ထိုးဖောက်ထွက်လာပြီး နှင်းလွင်ပြင်ကြီးထက်သို့ ပြန်ရောက်လာ၏။

ရေခဲဂူကြီး တည်ရှိရာနေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ထိတိုင် ထိုးဖောက်ပျံတက်သွားသည့် အပြာရောင်အလင်းတန်းကို တွေ့မြင်လိုက်ရသည်။ အတန်ကြာပြီးနောက် ထိုအလင်းတန်းက အောက်သို့ကျဆင်းသွားပြီး အရာအားလုံးပြန်လည်တည်ငြိမ်သွားသည်။ သို့တိုင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ခံစားနေနိုင်ဆဲပင်။

ရန်ကျောက်ကဲက တက်တစ်ချက်ခေါက်လိုက်ရင်း...

“မိုးနဲ့မြေရဲ့ သဘာဝစွမ်းအားကတော့ တကယ့်ကို အံ့မခန်းပါပဲ”

အားဟူက...

“သခင်လေး... အခု ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ ၊ ရှီကျွင်းနဲ့ သူ့အမေကို အသက်ပြန်သွင်းဖို့ ဟို အပြာရောင်ရေပူစမ်း ရှိတဲ့နေရာကို ပြန်သွားမှာလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အချိန်မကျသေးဘူး ၊ အဲဒီနေရာက ဝိညာဉ်စွမ်းအားတွေ ရင့်ကျက်လာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဦးမယ် ၊ ပကတိရေခဲသွေးကြော ပေါက်ကွဲသွားလို့ ကောင်းကင်မိုးကြိုးခန်းမက သိုင်းသမားတွေ အတော်များများကြွသွားပေမယ့်... ဒီပတ်ဝန်းကျင်မှာ သူတို့အုပ်စုတွေ ရှိနေသေးတယ် ၊ ပြီးတော့ အနက်ရောင်အိပ်မက်ဆိုးတောင်က သိုင်းဆရာသခင်လည်း လွတ်သွားတဲ့ပုံပဲ”

သူက ဆက်ပြောသည်။

“အသက်ရှင်ဖို့ ပြေးရင်းလွှားရင်း အချင်းချင်း ခြေရာပျောက်သွားကြမှာပဲ ၊ ဒါပေမဲ့ သူတို့အသက်ရှင်နေသရွေ့ ငါတို့ကို လိုက်ရှာဦးမှာပဲ ၊ ဒီတော့ ဒီနားမှာမနေဘဲ တခြားနေရာကို သွားကြတာပေါ့”

ရန်ကျောက်ကဲက ခပ်ပါးပါးတစ်ချက် ပြုံးရင်း...

“လင်ကျိုးကိုတွေ့လိုက်တာ ကိစ္စတစ်ခု မှန်ကန်တယ်လို့ သက်သေပြတာပဲ”

အားဟူက သူ့စကားကို နားမလည်ပေ။

“ဘာကိုပြောတာလဲ သခင်လေး”

ရန်ကျောက်ကဲက အရှေ့ဆီသို့ မျှော်ကြည့်လိုက်သည်။

ထိုနေရာတွင် ရေခဲကန်တစ်ခု ရှိနေသည်။ သူတို မြောက်ဖျားသို့ ရောက်ရောက်ချင်း တွေ့မြင်ခဲ့သော နေရာဖြစ်သည်။ ထိုနေရာတွင် ရေခဲနဂါးသူ‌တော်စင်အမွေအနှစ်ရှိနေပြီး ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများလည်း စောင့်ကြပ်နေကြသည်။

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအများစုမှာ ရန်ကျောက်ကဲလက်ချက်ဖြင့် ရေခဲဂူထဲတွင် မြှုပ်နှံခံလိုက်ပြီဖြစ်သောကြောင့် ရေခဲကန်တွင်စောင့်ကြပ်နေသည့်အုပ်စုမှာ အင်အားနည်းသွားမည်မှာ မလွဲမသွေပင်။

ရန်ကျောက်ကဲအနေဖြင့် မြောက်ဖျားတွင် ရေခဲနဂါးသူတော်စင်အမွေအနှစ်ရှိနိုင်သည်ဟုသာ ခန့်မှန်းနိုင်ပြီး မည်သို့သောအရာများရင်ဆိုင်ရမည်ကို မခန့်မှန်းနိုင်ခဲ့ပေ။

သို့သော် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများသာမက ၊ လင်ကျိုးကိုယ်တိုင် မြောက်ဖျားသို့ရောက်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ရေခဲကန်က ရိုးရှင်းသည့်နေရာတစ်ခုမဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်ခဲ့သည်။

လင်ကျိုးနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ၏အမြင်ကိုဆိုရသော ဒီညီလေးသည် ရတနာပစ္စည်းများရှာဖွေရာတွင် တစ်ခါမှ အမှားအယွင်း မရှိခဲ့ဖူးပေ။

လင်ကျိုးက ယုန်ကိုမမြင်ဘဲ သူမွေးထားသောသိန်းငှက်ကို ခေါ်ထုတ်လာမည် မဟုတ်ပေ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ထိုရေခဲကန်တွင် ထူးခြားသည့်တစ်စုံတစ်ခု ရှိနေကြောင်း သက်သေပြနေသည်။

ရီကျင်း အစပျိုးခဲ့သည့်အခွင့်အရေးတစ်ခုကို ရန်ကျောက်ကဲက လက်လွှတ်ခံမည် မဟုတ်ပေ။

ထို့ပြင် မြောက်ဖျားသို့ရောက်နေသည့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအများစုမှာ ပကတိရေခဲသွေးကြောပေါက်ကွဲထွက်မှုကြောင့် ရေခဲဂူထဲတွင် အသက်ပျောက်သွားပြီ ဖြစ်သည်။

ထို့ကြောင့် ရေခဲနဂါးသူတော်စင်အမွေအနှစ် တည်ရှိရာနေရာကို စောင့်ကြပ်နေကြသည့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများမှာ အင်အားနည်းသွားပြီ ဖြစ်၏။

တောင်ပိုင်းမြေအောက်နန်းတော်ကိစ္စက ပြီးပြတ်သွားပြီ ဖြစ်သည်။ သေရည်စိမ်ထားလိုက်ပြီဖြစ်ရာ အချဉ်ပေါက်ရန် အချိန်အနည်းငယ်တော့ စောင့်ဆိုင်းရပေဦးမည်။ ရှီကျွင်းနှင့် ယွီကျန်းတို့ကို ပြန်လည်အသက်ရှင်သန်လာရန်အတွက် အပြာရောင်ရေပူစမ်းရှိရာသို့ သွားရောက်ရန်ကလည်း အချိန်မကျသေးပေ။

ထို့ကြောင့် လောလောဆယ် ရေခဲနဂါးသူတော်စင်အမွေအနှစ်ကိုသာ ရန်ကျောက်ကဲမျက်လုံးထဲ မြင်နေမိသည်။

ရန်သူကိုအားနည်းခြင်းနှင့် မိမိကိုယ်ကို အင်အားကောင်းစေခြင်း။

ထိုအချက် (၂)ချက်လုံးက စဉ်းစားရမည့် နည်းလမ်းကောင်းများ ဖြစ်သည်။

ရန်သူကိုအားနည်းစေရန် တောင်ပိုင်းမြေအောက်နန်းတော်ကို ဒုက္ခပေးပြီးပြီ ဖြစ်လေရာ မိမိကိုယ်ကို အင်အားကောင်းစေရန် ရေခဲနဂါးသူတော်စင်အမွေအနှစ်ကို ရှာဖွေရမည် ဖြစ်၏။

လက်ရှိအချိန်က အသင့်တော်ဆုံးအချိန် ဖြစ်သည်။

အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ရန်ကျောက်ကဲက ထိုအလုပ်ကို အရှိန်အဟုန်ဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။ ဤနည်းအားဖြင့် ရန်သူများကို စိတ်ရှုတ်ထွေးသွားစေပြီး ရန်ကျောက်ကဲ မြောက်ဖျားသို့လာရောက်ရသည့် အစစ်အမှန်ရည်ရွယ်ချက်ကို အလွယ်တကူ ရိပ်မိတော့မည် မဟုတ်ပေ။

“လင်ကျိုးကတော့ကွာ... သူနဲ့မဆုံဖြစ်တဲ့အချိန်တွေမှာ ဒီကောင်အတော်လေး အမြတ်ထွက်နေပုံရတယ် ၊ ယင်ယန်ကွင်းဆက်အတားအဆီးလိုပစ္စည်းမျိုးတောင် သူ့ဆီရောက်နေတာ ကြည့်တော့”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“ပြီးတော့ သူ စောစောက ရေခဲအလွှာကို ချိုးဖျက်ဖို့ အသုံးပြုလိုက်တဲ့ ငွေရောင်ကြိုးမျှင် မိုးကြိုးအလင်းတန်းကလည်း နည်းနည်းရင်းနှီးနေသလို ခံစားရတယ် ၊ အရင်က မြင်ဖူးနေသလားလို့ ၊ အဲဒါ ဘာများလဲ...”

ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းရင်း အတွေးနက်လျှက် ရှိသည်။

“လင်ကျိုး... အင်း...”

အနောက်ဘက်သို့ ရက်အတန်ကြာ ခရီးနှင်ခဲ့ပြီးနောက် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ စောင့်ကြပ်နေသည့် ရေခဲကန်သို့ ရန်ကျောက်ကဲနှင့် အားဟူတို့ ပြန်လည်ရောက်ရှိလာသည်။

ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံ အသုံးပြုကာ အစွန်အဖျားတွင်ရှိသော သိုင်းသမားများကို ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ပစ်လိုက်သည်။

ရေခဲကန်ကို စောင့်ရှောက်နေသူများထဲတွင် သိုင်းဆရာသခင် စတုတ္ထအဆင့် ၊ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက် ပါဝင်သည်။

ရန်ကျောက်ကဲ ရောက်လာကြောင်း သတင်းရရှိသည်နှင့် ထိုသူ (၂)ယောက် ချက်ချင်း ရောက်လာကြသည်။

သိုင်းဆရာသခင် (၂)ယောက် ရောက်လာသည်ကိုမြင်တော့ ရန်ကျောက်ကဲ မျက်နှာအမူအရာ လေးနက်သွားပြီး ညာဘက်မျက်လုံးမှ ခရမ်းစိမ်းရောင် မိုးကြိုးအလင်းတန်း ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ဦးခေါင်းထက်တွင် ခရမ်းစိမ်းရောင်စက်ဝန်တစ်ခု ပေါ်လာ၏။

ထိုစက်ဝန်းက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစပင် ဖြစ်သည်။

ထိုအရာက မိုးကြိုးနတ်ဘုရား မျက်တောင်ခတ်နေသည့်အလား တဖျတ်ဖျတ်လင်းလက်လျှက် မိုးခြိမ်းသံများလည်း ထွက်ပေါ်လျှက် ရှိသည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ လျှပ်စီးကြောင်းတစ်ခု ထွက်ပေါ်လာကာ လေထဲဖြတ်သန်းသွားပြီး ပြင်းထန်သော မိုးကြိုးသွားများ သိုင်းဆရာသခင် (၂)ယောက်ထံသို့ သက်ဆင်းလာသည်။

ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင် (၂)ယောက်မှာ ရှောင်ရန်ပင် အချိန်မရှိဘဲ တောက်ပသောမိုးကြိုးသွားများဖြင့် ပစ်ခတ်ခံလိုက်ရသည်။ သိုင်းဆရာသခင်တစ်ယောက်မှာ ချက်ချင်းပင် မိုးကြိုးထိမှန် အသက်ပျောက်သွားတော့၏။

ထိုမြင်ကွင်းကိုတွေ့သည့်အခါ ကျန်တစ်ယောက်က အကြီးအကျယ် ဒေါသထွက်သွားပြီး အချိန်မဆွဲဘဲ ရန်ကျောက်ကဲအား ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူ့ပုံရိပ်က လျှပ်စီးလက်သည့်ပမာ တောက်ပလျှက် ရန်ကျောက်ကဲမျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။ မိုးခြိမ်းသံများထွက်ပေါ်လျှက် ရန်ကျောက်ကဲ၏ အမြင်စွမ်းရည်ဖြင့် သူ၏ပုံရိပ်ကို အလွယ်တကူ မတွေ့မြင်နိုင်တော့ပေ။

ကြောက်မက်ဖွယ်ရာ လျှပ်စီးတစ်ချက်လင်းလက်သွားပြီး မိုးခြိမ်းသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

မိုးမြေတစ်ခွင်တွင် ဓားရောင်တစ်ချက်လင်းလက်သွားပြီး ဓားဝိညာဉ်က နတ်ဘုရားမိုးကြိုးအလားကောင်းကင်ထက်မှ ဆင်းသက်လာကာ ရန်ကျောက်ကဲကို ခုတ်ပိုင်းချလိုက်သည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် တုတ်တိုလေးတစ်ချောင်းပေါ်လာသည်။ ထို တုတ်တိုလေးက လေထဲပျံသန်းသွားပြီး ရှည်လျားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

နတ်ဘုရားမိုးကြိးအလား ဓားအလင်းရောင်က ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ခုတ်ပိုင်းမိသွားသည်။ ဓားချက်ထိမိသည်နှင့် တိုင်လုံးကြီးက လှုပ်ခါသွားပြီး မရေမတွက်နိုင်သော အလင်းငွေ့များထွက်ပေါ်လာကာ ပတ်ဝန်းကျင်လေထုတစ်ခုလုံးသို့ ပျံ့လွင့်သွား၏။

တောက်ပနေသော အခိုးအငွေ့အလင်းတန်းများက မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး မိုးမြေကြားတွင်ရောနှောလျှက် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီး အလယ်ဗဟိုတွင် ကြီးမားသော ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာသည်။

ထို ဝိညာဉ်အစီအရင်နှင့် ထိန်းချုပ်ခံလိုက်ရသည်နှင့် နတ်ဘုရားမိုးကြိုးပမာ ဓားဝိညာဉ်က ချက်ချင်းမှိန်ဖျော့သွားပြီး မိုးခြိမ်းသံများလည်း ငြိမ်သက်သွားသည်။

ကြီးမားသော ကျောက်တိုင်ကြီးက ကောင်းကင်ထက်တွင်လှည့်ပတ်သွားပြီး ဝိညာဉ်အစီအရင်က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်ကို ဖိနှိပ်ထားသည်။

ထိုသူက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို ရှောင်တိမ်းရန်ဟန်ပြင်လိုက်သော်လည်း ခြေချုပ်မိနေသည့်အလား တစ်ဖဝါးမှ မရွေ့နိုင်ခဲ့ပေ။

သူတို့ဂုဏ်ယူလေ့ရှိသော လျှင်မြန်လွန်းပါသည်ဆိုသည့် သိုင်းပညာက ပျောက်ဆုံးသွားပြီး အံတင်းတင်းကြိတ်လျှက် ဖိအားကိုတင်းခံနေရသည်။

အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်၏ မျက်နှာက ရုပ်ဆိုးပန်းဆို ပုံပျက်လျှက်ရှိပြီး သူ့ထံကျရောက်လာသည့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို တားဆီးရန် လက်ဖဝါးတစ်ဖက်ကို အထက်သို့ တွန်းထုတ်လိုက်သည်။

ထိုအချိန် ရန်ကျောက်ကဲက အားဟူကို လက်တစ်ဖက်ဖြင့် ဆွဲခေါ်ကာ အမတကြိုးကြာတောင်ပံကို အရှိန်အဟုန်အမြင့်ဆုံး မြှင့်တင်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူ့ကို ဝင်ရောက်တိုက်ခိုက်လာသည့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားအုပ်စုမှာ မြေပြင်ထက်တွင် ကျန်ရစ်ခဲ့‌တော့သည်။

ရန်ကျောက်ကဲက အမတကြိုးကြာတောင်ပံကို ဖြန့်ကားလိုက်ရာ ကြိုးကြာအမွှေးများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သောမုန်တိုင်းအလား အောက်ဘက်မှ ရန်သူများထံသို့ ကျရောက်သွားသည်။ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများမှာ တုန်လှုပ်စွာဖြင့် လျှင်မြန်စွာ ရှောင်တိမ်းလိုက်ကြပြီး အချို့ကတော့ ရှောင်တိမ်းနိုင်စွမ်းမရှိဘဲ အသက်ပျောက်သွားကြသည်။

ရန်သူ၏ခံစစ်စည်းကိုချိုးဖျက်ပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးက အလင်းရောင်တစ်ချက်တောက်ပသွားပြီး တုတ်တိုလေးတစ်ချောင်းအဖြစ် ပြန်လည်ကျုံ့ဝင်သွားကာ ရန်ကျောက်ကဲ လက်ထဲသို့ ဆင်းသက်လာသည်။

ရန်ကျောက်ကဲက တုံ့ဆိုင်းနေခြင်းမရှိဘဲ အမတကြိုးကြာတောင်ပံများဖြင့် လေထဲတွင် ထောင့်ချိုးတစ်ခုချိုးကွေ့လိုက်ကာ ရေခဲနဂါးသူတော်စင်အမွေအနှစ်တည်ရှိရာ ရေခဲကန်ရှိရာသို့ တည့်တည့်မတ်မတ်ထိုးဆင်းဝင်ရောက်သွားလေတော့၏။

All Chapters