← Chapters

နဂါးအစစ်ရုပ်အလောင်း

Vol. 25 Ch. 344

နဂါးအစစ်ရုပ်အလောင်း

Vol. 25 Ch. 344

အခန်း (၃၄၄) နဂါးအစစ်ရုပ်အလောင်း

ရေခဲကန်အတွင်းသို့ရောက်ရှိသွားသည်နှင့် အရိုးကွဲမတတ်အေးခဲသောအအေးဓာတ်က သူတို့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။

သို့သော် ကြောက်မက်ဖွယ်ရာ ပကတိရေခဲသွေးကြောနှင့်နှိုင်းယှဉ်ပါက အအေးဓာတ်က အများကြီးလျော့နည်းသည်ဟု ဆိုနိုင်သည်။

ရန်‌ကျောက်ကဲနှင့် အားဟူတို့ ရေကန်အောက်ခြေသို့ ထိုးဆင်းဝင်ရောက်လာကြသည်။ ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားများ ထုတ်ဖော်လိုက်လေရာ သူ၏ ကြယ်တာရာချီစွမ်းအားများက ရေခဲကန်ပတ်ဝန်းကျင်တစ်ခုလုံးနှင့် ပဲ့တင်ထပ်သွားသည်။

ရေကန်မျက်နှာပြင်ထက်တွင် များပြားလှစွာသော အလင်းလှိုင်းစက်ဝန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။

အဖြူရောင်အလင်းစက်ဝန်းများမှ အေးစိမ့်သောချီစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာပြီး ရေကန်၏ အနက်ရှိုင်းဆုံးအောက်ခြေတွင် အဖြူရောင်အလင်းတန်းများအေးခဲသွားပြီး တဖြည်းဖြည်း ခိုင်မာလာသည်။

ရေခဲကန်၏ လျှို့ဝှက်ရေစီးကြောင်းများအလယ်တွင် ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါသော ရေခဲနန်းတော်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ နန်းတော်ကြီး၏ မြင်ကွင်းက အလွန်မှ ဆန်းကျယ်လွန်းသည်။

ထိုနန်းတော်ကြီးကိုမြင်တော့ ရန်ကျောက်ကဲနှင့် အားဟူတို့မှာ ပါးစပ်အဟောင်းသား ၊ ခေါင်းတခါခါဖြင့် နန်းတော်ကြီး၏ ဆန်းကျယ်မှုကို ချီးကျူးခန်း ဖွင့်မိကြ၏။

ထိုအချိန် သူတို့နောက်မှ ရေပြင်လှုပ်ရှားသံများထွက်ပေါ်လာသည်။ ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ လိုက်လာကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ၏ ကောင်းကင်ဘုံ‌နန်းတော်ထောက်တိုင်ကြီးနှင့် ဖိနှိပ်ခံရသော အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်မှာ မျက်နှာတစ်ခုလုံး နီရဲလျှက် အဖွဲ့ကို ရှေ့ဆုံးမှဦးဆောင်လာသည်။

သူက ရေထဲသို့ ဆင်းမလာခင်ကပင် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုဖြင့် ရန်ကျောက်ကဲနှင့် အားဟူကို အရင်ဆုံးတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများထွက်ပေါ်လာလျှက် လျှပ်စီးနဂါးကြီးတစ်ကောင်က ရေထဲသို့ဝင်ရောက်လာပြီး မရေမတွက်နိုင်သော လျှပ်စီးပိုက်ကွန်က ရေခဲကန်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အသင်္ချေသော လျှပ်စီးမြွေများသည် ရေထဲတွင် လျှင်မြန်စွာကူးခတ်လာပြီး ရန်ကျောက်ကဲနှင့် အားဟူနောက်သို့ လိုက်လာကြသည်။

ပြင်းထန်သော မိုးခြိမ်းသံများ အဆက်မပြတ် ပေါက်ကွဲလျှက် ရေခဲကန်ထဲမှ ရေခဲချီစွမ်းအားများသည်ပင် သိပ်သည်းဆ လျော့ကျသွားပြီး အပူချိန်များ မြင့်တက်လာသည်။

ထို့နောက် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်က ရေထဲသို့ ခုန်ဆင်းလိုက်ပြီး အလယ်ဆင့်မှော်ဝင်ဓားကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ မိုးကြိုးသွားများ တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီး ရန်ကျောက်ကဲနှင့် အားဟူဆီသို့ ပြင်းထန်သောမုန်တိုင်းများပမာ ဝင်ရောက်လာသည်။

ကျယ်လောင်လှသော မိုးခြိမ်းသံကြီးကြောင့် ရေကန်ထဲဆင်းလာကြသည့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများသည်ပင် ခန္ဓာကိုယ်များ ထုံကျင်သွားမတတ် ခံစားလိုက်ကြရ၏။

ရန်ကျောက်ကဲက နောက်သို့လှည့်မကြည့်ဘဲ အမတကြိုးကြာတောင်ပံကို အသုံးပြုကာ အလျှင်မြန်ဆုံးသော အရှိန်အဟုန်ဖြင့် ရေကန်အောက်ခြေမှ ရေခဲနန်းတော်ဆီသို့ ကူးခတ်သွားသည်။

ရန်ကျောက်ကဲနှင့် အားဟူတို့ ရေခဲနန်း‌တော်အနီးသို့ရောက်လာသောအခါ နန်းတော်မျက်နှာပြင်ထက်မှ များပြားလှစွာသော အဖြူရောင်ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။ ထိုဝိညာဉ်သင်္ကေတများက လင်းလက်တောက်ပလာပြီး အနောက်ဘက်မှ တိုက်ခိုက်မှုအားလုံးကို အရံအတားတစ်ခုပမာ တားဆီးပေးထားသည်။

နန်းတော်တံခါးဝရှေ့သို့ရောက်သည်နှင့် ရန်ကျောက်ကဲက တံခါးပေါ်လက်တင်လိုက်ပြီး သူ၏ကြယ်တာရာချီစွမ်းအားများကို တံခါးအတွင်းသို့ ထည့်သွင်းလိုက်သည်။

ရန်ကျောက်ကဲ လက်ဖဝါးဖိနှိပ်ထားရာ နန်း‌တော်တံခါးကြီး အလယ်ဗဟိုတွင် တစ်မီတာပတ်လည်ရှိသော စတုဂံသဏ္ဌန်တစ်ခု ပေါ်လာသည်။

တံခါးထက်မှ ဝိညာဉ်သင်္ကေတများ တဖျတ်ဖျတ်တောက်ပလာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲပြင်နှင့် တစ်သားတည်းပေါင်းစပ်သွားသည့်အလား တဖြည်းဖြည်း စတင်ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် နောက်မှလိုက်လာသော ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများ အလွန်စိုးရိမ်သွားကြသည်။ အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်က ချက်ချင်းပင် စွမ်းအားကုန်အသုံးပြုပြီး ရန်ကျောက်ကဲရှိရာသို့ ထိုးဖောက်တိုက်ခိုက်လိုက်သည်။

သို့သော် ရေခဲနန်းတော်ကိုဝန်းရံထားသည့် အဖြူရောင်အလင်းတန်းများက ပြင်းထန်စွာ တုန်ခါသွားသည်။ အိပ်မောကျနေသည့် သားရဲကြီးတစ်ကောင် နိုးထလာသည့်ပမာ ဒေါသတကြီးဖြင့် တိုက်ခိုက်မှုကို ပိတ်ဆို့ထားလိုက်ပြီး တန်ပြန်တိုက်ခိုက်သည့်အနေဖြင့် ပြင်းထန်သောအ‌အေးလှိုင်းစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်မှာ နောက်ပြန်ဆုတ်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

ပြင်းထန်သောအ‌အေးလှိုင်းစွမ်းအားကြီးကြောင့် ရေခဲကန်တစ်ခုလုံးမှရေများ တဖြည်းဖြည်း အေးခဲစပြုလာသည်။

ရေများအေးခဲလာသည်ကိုတွေ့သည်နှင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်မှ တုံ့ဆိုင်းမနေဝံ့တော့ဘဲ လက်ထဲမှ မှော်ဝင်ဓားကို အသုံးပြုကာ ရေခဲများကို ထိုးခွင်းပြီး ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။ ရေကန်တစ်ခုလုံးမှရေများ အေးခဲသွားပြီး အလုံပိတ်မခံရခင် ရေကန်အတွင်းမှ ထွက်နိုင်ရန် အရေးကြီးပေသည်။

ကောင်းကင်မိုးကြိုးခန်းမမှ အခြားသောသိုင်းသမားများမှာလည်း အုံးအုံးကြွက်ကြွက်ဖြင့် ရေကန်ထဲမှ ထွက်ပြေးကြတော့သည်။ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဖနောင့်နှင့်တင်ပါးတသားတည်းကျအောင်  ပြေးနေရသည့်ကြားမှ အမေမွေးကတည်းကပါလာသည့် ခြေထောက်နှစ်ချောင်းမှာ သုံးစားမရလောက်အောင် နှေးကွေးနေပြန်သေး၏။

ပြင်းထန်သောအ‌အေးလှိုင်းစွမ်းအားကြီးက ရန်ကျောက်ကဲနှင့် အားဟူအပေါ်မှာတော့ သက်ရောက်မှု လုံးဝမရှိခဲ့ပေ။ ရေခဲနန်းတော်တံခါးကြီးကို လက်ဖြင့်ဖိနှိပ်ထားသည့် ရန်ကျောက်ကဲ၏ရုပ်သွင်က ရေခဲပြင်နှင့်တစ်သားတည်း ရောထွေးလျှက်ရှိသည်။

ထို့နောက် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်ပျောက်ကွယ်သွားပြီး ရေခဲနန်းတော်ထဲသို့ ရောက်ရှိသွားသည်။

တစ်ချိန်တည်းပင် အားဟူသည်လည်း ရန်ကျောက်ကဲနှင့်အတူ ပျောက်ကွယ်သွားကာ ရေခဲနန်းတော်ထဲသို့ ရောက်ရှိလာသည်။

ရေခဲနန်းတော်ထဲသို့ရောက်သည်နှင့် ရန်ကျောက်ကဲက ချက်ချင်းရှေ့ဆက်မသွားဘဲ နေရာတွင်ပင်မတ်တတ်ရပ်ရင်း ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်လိုက်သည်။

ရေခဲနန်း‌တော်ကြီးက မြင့်မားပြီး ဗိသုကာလက်ရာများကလည်း အတော်လေး လှပကောင်းမွန်သည်။ နံရံထက်တွင် ထွင်းထုထားသော ရစ်ခွေနေသည့် နဂါးရုပ်ကြီးများမှာ အလွန်တရာ အသက်ဝင်လာသည်။

ရေခဲနဂါးရုပ်တုကြီးများကို စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

“ဒါ တကယ့်နဂါးချီစွမ်းအားအစစ်ပဲ ၊ ရေခဲနဂါးသူတော်စင်ရဲ့အမွေအနှစ်က မဟာကပ်ဘေးမတိုင်ခင်က သိုင်းအမွေအနှစ်တွေအပြင် နဂါးမျိုးနွယ်တွေနဲ့လည်း ဆက်စပ်နေတယ်”

ရန်ကျောက်ကဲက ရေခဲနန်းတော်ကိုအကဲခတ်ရင်း အတွင်းထဲတွင်စီးဆင်းနေသော ဝိညာဉ်စွမ်းအားများကို အာရုံခံလိုက်သည်။

“ဒီနေရာက ရေခဲနဂါးသူတော်စင်ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းမြေ မဟုတ်ဘူးပဲ ၊ သူ နေထိုင်ခဲ့တဲ့ နေရာဟောင်း ဖြစ်ရမယ်”

အားဟူက...

“သခင်လေး... ရေခဲနဂါးသူတော်စင်က အစွန်းရောက်ရှစ်ပါးကမ္ဘာ အစောပိုင်းကာလမှာ ထွက်ပေါ်ခဲ့တဲ့ သိုင်းသူတော်စင်တွေထဲကတစ်ယောက် မဟုတ်လား ၊ သူလည်း မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာအမွေအနှစ်တွေကို ရှာဖွေထုတ်ဖော်ခဲ့သူတစ်ယောက်ပဲ မဟုတ်လား”

ရန်ကျောက်ကဲက...

“ဟုတ်တယ် ၊ သူက ငါတို့ဝါဒတောင်ရဲ့တည်တောင်သူဆရာဘိုးဘိုးနဲ့ မျိုးဆက်အတူတူပဲ ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာတွေကို ရှာဖွေထုတ်ဖော်ခဲ့တဲ့ ပထမဆုံးသိုင်းသူတော်စင်တွေထဲက တစ်ယောက်ပေါ့ ၊ ဒါပေမဲ့... သူက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သိုင်းကျင့်ကြံသူလောကကို ပြန်လည်တည်ထောင်ခဲ့တဲ့ ဝါဒတောင်ရဲ့ တည်ထောင်သူဆရာဘိုးဘိုးအပါအဝင် တခြားသိုင်းသူတော်စင်ကြီးတွေနဲ့ လုံးဝမတူဘူး”

သူက ဆက်ပြောသည်။

“ရေခဲနဂါးသူတော်စင်က တစ်ယောက်တည်းသွားလာလှုပ်ရှားလေ့ရှိပြီး ဘယ်သူနဲ့မှလည်း အပေါင်းအသင်း မလုပ်ဘူး ၊ ပြီးတော့ သူ့သိုင်းအမွေကိုဆက်ခံဖို့အတွက် တပည့်လည်းမမွေးခဲ့ဘူး ၊ သူ့ရဲ့ သေခြင်းရှင်ခြင်းနဲ့ လှုပ်ရှားမှုတွေအားလုံးက လျှို့ဝှက်ဆန်းကျယ်လွန်းတယ် ၊ သမိုင်းထဲမှာ ရုတ်တရက် တောက်ပလာပြီး ပြန်ပျောက်ကွယ်သွားတဲ့ မီးတောက်တစ်ခုလိုပဲ ၊ ဒါပေမဲ့ သမိုင်းထဲက သူ့အကြောင်းကို ဘယ်သူမှ ဖုံးကွယ်မထားခဲ့ကြပါဘူး ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ သူက တကယ့်ကိုထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါ”

ရန်ကျောက်ကဲက လက်ပိုက်လိုက်ပြီး ရေခဲနန်းတော်ကြီးကို လှည့်ပတ်ကြည့်ရင်း စကားဆိုသည်။

“ပြီးတော့ သူက အရမ်းလျှို့ဝှက်လွန်းတဲ့အခါကျတော့ လူတွေက သူဘယ်မှာနေထိုင်လဲဆိုတာကို သိဖို့ထက် ဘယ်ကိုသွားသလဲ ၊ ဘာတွေလုပ်သလဲဆိုတာကိုပဲ သိချင်နေကြတာ ၊ ဒါပေမဲ့... သူလုပ်တဲ့အလုပ်တိုင်းမှာ သဲလွန်စနည်းနည်းလောက်ပဲ ကျန်ရစ်ခဲ့လေ့ရှိတယ် ၊ နောက်ပိုင်းမှာတော့ လုံးဝသဲလွန်စမကျန်တော့ဘဲ အရာအားလုံး ပြတ်တောက်သွားခဲ့တယ်”

စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲ ခေါင်းထဲသို့ သူရရှိထားသည့် သတင်းအချက်အလက်များ ဝင်ရောက်လာသည်။

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ် ၊ ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီးထဲမှာ စံနှုန်းကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်...”

“ကြည့်ရတာ ဒီပုဂ္ဂိုလ်နေထိုင်တဲ့နေရာက တခြားအရာတွေနဲ့ ဆက်စပ်နေတာလည်း ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲ အတွေးများကို ရပ်တန့်ရင်း ရှေ့ဆက်လျှောက်သွားသည်။

“ကဲ... ဒီ ဝါရင့်သိုင်းသူတော်စင်ကြီးရဲ့ နေရာဟောင်းမှာ အဖိုးတန်တာ ဘာကျန်ခဲ့မလဲ ကြည့်ရအောင်”

ရှေ့ဆက်လျှောက်လာကြရင်း နှစ်ယောက်သား ရေခဲနန်းတော် အလယ်ဗဟိုသို့ ရောက်လာကြသည်။

ထိုနေရာသို့ရောက်သည်နှင့် သူတို့ရှိရာသို့ အေးစက်သောချီစွမ်းအားများ အလုံးအရင်းနှင့်ဝင်ရောက်လာကြောင်း ခံစားလိုက်ရသည်။

သေသေချာချာ ကြည့်လိုက်တော့ ရေခဲနန်းတော်ကြီးအလယ်ဗဟိုတွင် ကြီးမားထူထဲသော ရေခဲတိုင်လုံးကြီးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

ထိုရေခဲတိုင်လုံးကြီးကိုတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲ၏ မျက်ဝန်းအစုံ ပြူးကျယ်ဝိုင်စက်သွားသည်။

ရေခဲတိုင်လုံးကြီးက ဖန်သားပမာ ကြည်လင်နေပြီး အတွင်းထဲတွင် ကြီးမားသည့် အနက်ရောင်ပုံရိပ်တစ်ခုကို ချိတ်ပိတ်ထားသည်။

နဂါးတစ်ကောင်၏ရုပ်အလောင်း။

ထိုအရာက နဂါးတစ်ကောင်၏ ရုပ်အလောင်းတစ်ခုဖြစ်ကြောင်း အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရသည်။

ထိုနဂါးရုပ်အလောင်းကြီးက အရှေ့ထန် ၊ လွိလျောင်တောင်တန်းတွင်တွေ့ရှိခဲ့သော ရေခဲနဂါးရုပ်ကြွင်းနှင့်မတူညီပေ။ ဤအရာက နဂါးအစစ်တစ်ကောင်၏ ရုပ်အလောင်းကြီး ဖြစ်လေ၏။

နဂါးခြေသည်းများ ၊ နဂါးအကြေးခွံများ ၊ နဂါးအမြီး...။

နဂါးကြီးမှာ အသက်မရှိတော့သည်မှလွဲပြီး အားလုံးနဂိုအတိုင်းပင် ဖြစ်သည်။ ရေခဲတိုင်လုံးကြီးထဲတွင် အလုံပိတ်ခံထားရသဖြင့် အသွေးအသားများ ကောင်းစွာထိန်းသိမ်းထားခံရပြီး ပုပ်ပွဆွေးမြေ့သွားခြင်းမရှိလေရာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အလား ထင်မှတ်ရသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“သိပ်ကောင်းတယ် ၊ ငါတို့ မြောက်ဖျားကိုခရီးထွက်လာတာ အလကားမဖြစ်ဘူးပဲ”

အားဟူမှာတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ့ပါးစပ်မှ သရေများစီးကျလုမတတ်ဖြစ်နေသည်။

“သခင်လေး... ဒါက နဂါးအစစ်လား ၊ တကယ့် နဂါးအစစ်ရုပ်အလောင်းလား ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ တည်ထောင်သူဆရာဘိုးဘိုးက ရေနဂါးရုပ်အလောင်းတစ်ခု ရရှိခဲ့တာကလွဲရင် ဘယ်သူမှ နဂါးအစစ်ကို မတွေ့မြင်ဖူးကြဘူး မဟုတ်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... အမှန်ပဲ”

ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းလိုက်သည်။

“ရေခဲနဂါးသူတော်စင်ရဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဒီနေရာမှာ မကျန်ခဲ့ပေမယ့် နဂါးအစစ်ရုပ်အလောင်း ရလိုက်တာကတော့ ငါတို့အတွက် တကယ်အကျိုးရှိတာပဲ”

ရန်ကျောက်ကဲက ရေခဲတိုင်လုံးကြီးကို ကြည့်ရှုပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးကို အသေးစိတ် စတင်လေ့လာသည်။

ကြီးမားကျယ်ဝန်းသော နန်းတော်ခန်းမကြီးထဲတွင် အလွန်ကြီးမားသော ပလ္လင်ကြီးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုပလ္လင်က သန့်စင်သည့်ရေခဲသားဖြင့် ပြုလပ်ထားပြီး ဖန်သားပမာကြည်လင်လျှက် အဖြူရောင်အလင်းတန်းများ တောက်ပနေသည်။

All Chapters