အခန်း (၂၅၃)
Vol. 19 Ch. 253
ရွှမ်ဝူအိမ်တော် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ အတိတ်က ဖြစ်ခဲ့သည့် မကောင်းသည့် အရာများ ပျောက်ကွယ်သွားခဲ့ပြီးနောက် လက်ရှိအခြေအနေမှာတော့ ပျော်ရွှင်မှုပင်လယ်ထဲ ကူးခတ်နေရ သကဲ့သို့ပင်။ မကောင်းသည့်အကြောင်းအရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ပျော်ရွှင်စရာ သက်ဝင် လှုပ်ရှားမှုများသာလျှင် ဤနေရာ၌ ကျန်ရစ်ခဲ့၏။
ရွှမ်ဝူမြို့စားကြီး မရှိသော်လည်း မြို့စားကြီးကတော်စုဖေ့ဖေ့သည် နှစ်သစ်ကူးပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့၏။ ရုတ်တရက် အစေခံနှင့် ကျေးကျွန်အားလုံးတို့သည် ပျော်ရွှင်သွားခဲ့ကြ၏။ ၎င်းတို့သည် အနီရောင် စာရွက်များကို လိုက်လံကပ်လျက် ရှိနေသည်။ ဗြောက်အိုးများကိုလည်း အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်သည်။
ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် သူတို့သည် နှစ်သစ်ကူးပွဲကို သေချာမကျင်းပခဲ့ရချေ။ လက်ရှိ ထိုအရာအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်မို့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ရပေတော့မည်။
ကျေးကျွန်နှင့် အစေခံတိုင်းတို့သည် အနီရောင်စာအိတ်များကို ရရှိခဲ့ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် အနီရောင် စာအိတ်သုံးအိတ်ကို ရရှိကြ၏။ တစ်ခုသည် ရွှမ်ဝူမြို့စားကြီးနှင့် သူ၏ ဇနီးဆီမှ ဖြစ်ပြီး တစ်ခုမှာတော့ ရှမ့်လန်နှင့် သူ၏ ဇနီးဆီမှ ဖြစ်၏။ အခြားသောတစ်ခုမှာမူ ရှမ့်ဝမ် နှင့် သူ၏ ဇနီးဆီမှ ဖြစ်လေ၏။
ရှမ့်လန်၏မိဘများသည် ရဲတိုက်ကြီး၏ အပြင်ဘက်တွင် အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်လျက် ရှိနေကြပြီး ၎င်းတို့တွင် အစေခံတစ်ဒါဇင်ကျော်ကျော် ရှိ၏။ စုဖေ့ဖေ့သည် ထိုစုံတွဲအစား အနီရောင်စာအိတ်များကို ပြင်ဆင်ပေးပြီး မြို့စားအိမ်တော်ရှိ ကျေးကျွန်များကို ပေးအပ်စေခဲ့ခြင်း ဖြစ်သည်။
အဓိပ္ပာယ်မှာ ရှင်းလင်းလွန်း၏။ ရွှမ်ဝူအိမ်တော်အတွင်းတွင် သူတို့နှစ်ယောက်သည်လည်း သခင်များကဲ့သို့ပင် ဖြစ်၏။ အနီရောင်စာအိတ်ထဲရှိ ပိုက်ဆံများမှာတော့ ရှမ့်လန်၏ပိုက်ဆံများပင် ဖြစ်၏။ အစေခံအားလုံးတို့သည် လှလှပပ ဝတ်ဆင်ထားခဲ့ကြ၏။ အားလုံးသော သူတို့သည် အလွန်လှပသော ပိုးချည်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
“နှင်းတွေ ကျလာပြီ။ နှင်းတွေ ကျလာပြီပဲ” ပင်းအာသည် ရုတ်တရက် ပျော်ရွှင်စွာ အော်ဟစ်လိုက်မိသည်။
အစေခံအားလုံးသည် ခေါင်းမော့ကာ ကြည့်ရှုလိုက်၏။ တကယ်ပင် နှင်းများကျဆင်းလာခဲ့သည်ကို သူတို့ မြင်ခဲ့ရ၏။ နှင်းကျခြင်းသည် ရုတ်တရက် ဆန်လွန်း၏။ မကြာသေးခင်ကပင် နေခြစ်ခြစ်တောက် ပူနေသည် မဟုတ်ပါလား။ နှင်းရိပ်နှင်းယောင်ဟူ၍ တစ်ချက်ကလေးမှ မရှိခဲ့ချေ။ သို့ပေမည့် ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ယံဆီမှ နှင်းများသည် သဲသဲမဲမဲ ကျဆင်းလာခဲ့၏။
နှင်းမှုန်နှင်းမွှားများ ကောင်းကင်ယံမှ ကျဆင်းလာနေသည်ကို ကြည့်ရှုရသည်မှာ တကယ့်ကို လှပလွန်းသည်။
ပြီးနောက် မကြာခင်မှာပဲ ရှိရှိသမျှသော မိန်းကလေးအစေခံအားလုံးသည် အပြင်ဘက်သို့ ထွက်ကာဖြင့် နှင်းတောထဲ ပျော်ရွှင်စွာ ဆော့ကစားကြတော့၏။ ပထမဦးဆုံးသော ကျဆင်းလာခဲ့သည့် နှင်းသည် တကယ့်ကို သည်းကြီးမည်းကြီး ကျဆင်းနေခြင်းပင် ဖြစ်၏။ သို့ပေမည့် အန္တရာယ်အားလုံး ပျောက်ကွယ်သွားချိန်မှာတော့ သူတို့သည် ထိုနှင်းတောထဲ ပျော်ရွှင်စွာ ဆော့ကစားရန် စိတ်ဆန္ဒပြင်းပြလို့နေခဲ့ကြ၏။
ဤတစ်ကြိမ် နှင်းများ ကျဆင်းလာသည်မှာတော့ အချိန်ကောင်းပင် ဖြစ်လေ၏။ အိမ်စေအဒေါ်ကြီးသည် ရှမ့်လန်၏ ရှူးဖိနပ်ပေါ်တွင် ဖီချူးရုပ်ကို ပန်းထိုးပေးလျက် ရှိ၏။ အပြင်ဘက်တွင် ရှိနေသည့် နှင်းများကို လှမ်းကြည့် ပြီးနောက် သူမက ပြောလိုက်၏။ “ အင်း ဒီနှင်းတွေက သိပ်ပြီး ကြာကြာခံမှာ မဟုတ်ဘူး”
အပြင်ဘက်တွင် အလွန် အေးခဲနေ၏။ သို့ပေမည့် ရှမ့်လန်၏ အခန်းမှာတော့ နွေဦးရာသီကဲ့သို့ပင် နွေးထွေးလျက် ရှိနေသည်။ မွှေးရနံ့များကလည်း အတိုင်းထက်အလွန် သင်းကြိုင်လို့နေသည်။ မူလန်သည် အလွန် လှပသည့် မူလန် ဖြစ်နေတုန်းပင်။ ရှမ့်လန်မှာတော့ မိမိကိုယ်ကိုယ် မနည် ထိန်းသိမ်းထားရသော ရှမ့်လန်ဖြစ်လို့ နေခဲ့၏။
နေ့အချိန်ဖြစ်သော်လည်း အခန်းထဲတွင် အနီရောင်ဖယောင်းတိုင်များဖြင့် ပြည့်နှက်လျက် ရှိနေ၏။ အိပ်ရာခင်းနှင့် စောင်များသည် ရဲရဲတောက် နီရဲလျက် ရှိနေသည်။ ဤအခန်းကြီးသည် မင်္ဂလာသတို့သား နှင့် သတို့သမီးတို့၏ အခန်းကဲ့သို့ပင်။
ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် မူလန်သည် သူမ၏ ကတိကို ဖြည့်ဆည်းပေးရတော့မည်။ စကားလုံးလှလှဖြင့်ဖော်ညွှန်းရမည်ဆိုလျှင် မူလန်သည် ရှမ့်လန်အတွက် မင်္ဂလာဦးညကို စီစဉ်ပေးနေခြင်းပင်။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင်တော့ မူလန်သည် ရှမ့်လန်ကို အသက်ရှင်လျက် ဝါးမျိုတော့မှာဖြစ်သည်။
ရှမ့်လန်သည် မူလန်ကို အကြိမ်ပေါင်းများစွာ ချောင်းမြောင်းခဲ့သူ ဖြစ်၏။ သို့ပေမည့် ဤကဲ့သို့ လှပလွန်းသည့် ဝတ်လစ်စလစ်ဖြင့် မူလန်ကို မြင်ရသည်မှာတော့ ပထမဦးဆုံးအကြိမ်ကဲ့သို့ပင် ရင်သက်လှိုက်မောနေမိသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မွှေးပျံ့လွန်းနေပြီး သူမ၏ ဝင်လေ၊ ထွက်လေကပင်လျှင် မွှေးပျံ့လျက် ရှိနေ၏။
သူမ၏ နှုတ်ခမ်းများသည် နီထွေးပြီး အိစက်နူးညံ့လွန်းသည်။ မျက်နှာကလည်း အနည်းငယ်နီမြန်းလို့သည်။ ဝိုင်အနည်းငယ်သောက်ထားသောကြောင့် သူမသည် အနည်းငယ် ရဲတင်းလို့နေသည်။ ဤကဲ့သို့ရဲတင်းသည့် မူလန်ကို မြင်ရသည်မှာ တစ်မျိုးဆွဲဆောင်မှုရှိနေသည်။
သူမသည် နှုတ်ခမ်းပါးလေးများသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာသည်။ ရှမ့်လန်၏ နဖူး ၊ နှာခေါင်း …. ပြီးနောက် နှုတ်ခမ်း …. ။
ရှမ့်လန်သည် ခန္ဓာကိုယ်တစ်ခုလုံးကျဉ်တက်သွားသလိုပင်။
“မိန်းမ ..လိုရင်းကိုသွားလိုက်ရအောင်”
မူလန်သည် ဆွဲဆောင်မှုအပြည့်ဖြင့် ပြောလိုက်၏။ “ကောင်းပြီ”
ပြီးနောက် မူလန်သည် ရှမ့်လန်ပေါ်သို့ တက်ခွလိုက်တော့သည်။
လေဟာနယ်တစ်ခုလုံး၌ အချစ်၏အရိပ်သင်္ကတများနှင့် ပြည့်နှက်သွားသည်။ တီးတိုး ညီးတွားသံများသည် လောက၏အထွတ်အထိပ်သို့ ရောက်ရှိနေသကဲ့သို့ပင်။
…….
သုံးမိနစ်ခန့်ကြာမြင့်ပြီးနောက် ... အရာအားလုံးက ပြီးဆုံးသွားခဲ့၏။
ပင်းအာသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်မိသည်။ “ဘာလို့ ဒီလောက် မြန်ရတာလဲ။ နှင်းတွေက အခုမှ ကျလာတာလေ။ ဘာလို့ ခဏအတွင်း ရပ်သွားရတာလဲ။ ကောင်းကင်ပေါ်မှာရှိတဲ့ တိမ်တွေအကုန်လုံးလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အိုက်ရား… နေထွက်လာပြီပဲ။ မြန်လိုက်တာ။”
ရှမ့်လန်၏ ဖိနပ်ကို ချည်ထိုးပေးလျက်ရှိသည့် အဒေါ်ကြီးက ပြောလိုက်၏။ “ငါ ပြောသားပဲ။ ဒီနှင်းတွေက ကြာမှာ မဟုတ်ပါဘူးလို့၊ အပေါ်မှာ တိမ်တွေမှ မရှိတာ။ မကြာခင် ပြီးသွားရမှာပေါ့”
…………
အခန်းအတွင်းမှာတော့ ရှမ့်လန်သည် ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နေမိ၏။ ထို့အပြင် သူသည် ကိုယ့်ကိုယ်ကိုယ် သတ်ပစ်ချင်လောက်သည်အထိ ဒေါသထွက်လျက်ရှိ၏။
သုံးမိနစ် ….. သုံးမိနစ် …. သူ သုံးမိနစ်သာလျှင် ကြာမြင့်ခဲ့သည်။
မူလန်သည် အသာပြုံးကာဖြင့် နမ်းရှိုက်၍ နှစ်သိမ့်လိုက်၏။ “ယောက်ျား စိတ်မတိုပါနဲ့။ ပထမဦးဆုံးအကြိမ်ဆိုရင် ဒီလိုဖြစ်တတ်တာပဲလေ”
ရှမ့်လန်သည် မျက်ရည်ပင် ဝိုင်းသွားမိသည်။ “ဟုတ်လား။ ဒါပေမဲ့ ဒါ … ငါ့ရဲ့ ပထမဦးဆုံးအကြိမ် မဟုတ်ဘူးလေ”
မူလန်က ပြောလိုက်၏။ “ အဲဒါကို ထည့်မတွက်နဲ့လေ။ အဲဒီတုန်းက ရှင်မှာ လူ့အသိစိတ်မှ မရှိတာကိုး။ ရှင် ဘာမှ မသိခဲ့ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ငါ့ရဲ့ ခန္ဓာကိုယ်က တစ်စုံတစ်ခု မှားယွင်းနေတာပဲ ဖြစ်ရမယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က တစ်စုံတစ်ခု မှားယွင်းနေတယ်”
မူလန်က နှစ်သိမ့်လိုက်၏။ “ မဟုတ်ဘူး။ အဲလို မဟုတ်ဘူး။ ယောက်ျားက အရမ်းကိုတော်ပြီး အားကောင်းတယ်။ ပြီးတော့ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။ ရှင်က မကြာသေးခင်က ဒဏ်ရာ ရခဲ့တယ်လေ။ ဒဏ်ရာသာ မရဘူးဆိုရင် ဒီထက်ပိုပြီး အစွမ်းပြနိုင်လိမ့်မယ်။ ချောင်ယောင်းအာလို နတ်ဆိုးမနဲ့တောင်မှ ရှင်က နာရီအတော်ကြာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သေးတာပဲ။ ယောက်ျားရဲ့စွမ်းရည်ကို ကျွန်မ ကောင်းကောင်း ယုံကြည်ပါတယ်”
ဟင်း… မိန်းမတစ်ယောက်ဖြစ်ရသည်မှာ လွယ်ကူသည် မဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လျက်ရှိသော ယောက်ျားကိုလည်း အားပေးတတ်ရသေး၏။
ရှမ့်လန်သည် ထိုအကြောင်းအရာကို နားထောင်ပြီးနောက် အဓိပ္ပာယ်ရှိသလို ခံစားမိ၏။ မှန်ပေ၏။ ချောင်ယောင်းအာသည် အင်မတန် အားကောင်းလွန်း၏။ သို့ပေမည့် သူသည် ချောင်ယောင်းအာလို မိန်းကလေးနှင့်ပင် အချိန် အတော်ကြာ တိုက်ခိုက်နိုင်ခဲ့၏။ သူ၏ ချစ်လှစွာသောမိန်းမနှင့်ဆိုလျှင် ပြောနေစရာပင် မလိုချေ။ သူသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် စိတ်လှုပ်ရှားမှု လွန်ကဲနေခြင်းလည်း ဖြစ်နိုင်သည်။
စိုးရိမ်ကြောက်လန့်၍ စိတ်လှုပ်ရှားနေခြင်းလည်း ဖြစ်နိုင်၏။ ယောက်ျားများသည် ထိုကဲ့သို့ ဖြစ်လေသည်လား။
……..
နန်းမြို့တော်၏ နန်းဆောင်အတွင်းမှာတော့ ဘုရင်မင်းမြတ်၏ ဒေါသသည် ထူးဆန်းစွာ ကျဆင်းလာသည့် နှင်းကဲ့သို့ပင် ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းစွာဖြင့် အရှိန်အဟုန်တငြီးငြီး ထွက်ပေါ်နေသည်။
သတ်ဖြတ်လိုခြင်းဆန္ဒများသည် နန်းဆောင်တစ်ခုလုံး၌ ပြည့်နှက်လျက် ရှိနေ၏။ နန်းဆောင်၏ အပြင်ဘက် ကောင်းကင်ယံ၌ အမဲရောင်တိမ်များ ဖုံးလွှမ်းလျက်ရှိနေပြီး လျှပ်စီးလျှပ်သည့် တဖြိုးဖြိုး ၊ တဖျက်ဖျက် အလင်းရောင်သည် နန်းဆောင်ထဲသို့ တစ်ချက်တစ်ချက် ဝင်ရောက်လာ၏။ မိုးချိန်းသံများကလည်း ဆူညံစွာ ထွက်ပေါ်နေ၏။
မည်သူမှသည် အသက်ကို ကျယ်ကျယ် မရှူရဲကြချေ။ ထို့အတူ မည်သူမှကလည်း မလှုပ်ရှားရဲချေ။ အီးပင် မပေါက်ရဲခဲ့ချေ။ တကယ်၍ အီးပေါက်ချင်သည်ဆိုလျှင်တောင်မှ ထိန်းချုပ်ထားရမှာ ဖြစ်၏။ နန်းဆောင်ထဲရှိ အစေခံများ၊ မိန်းမစိုးများတို့သည် သူတို့၏ ဇက်များပင် အေးစက်ပြီး ယားယံသလို ခံစားနေမိကြ၏။ အချိန်မရွေး လည်ပင်းနှင့် တွဲလျက်ရှိနေသည့် ဦးခေါင်းသည် ပျောက်ကွယ်သွားနိုင်သည်။
နှင်းသည် သုံးမိနစ်တိတိသာလျှင်ကျဆင်းခဲ့ပြီး ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ဘုရင်မင်းမြတ်သည် ရုတ်တရက် ထကာ ပြုံးလိုက်၏။ “အင်း ငါ နည်းနည်း ဆာနေပြီ။ ဒီတော့ ငါ့ကို ကောက်ညှင်းလုံး နည်းနည်း သွားယူခဲ့စမ်း”
“ကောင်းပါပြီ”
မိန်းမစိုး၏ ခြေထောက်သည် မြေပေါ်တွင် ကပ်မနေခဲ့ချေ။ ချက်ချင်းပဲ လက်မလောက် အရွယ်အစား ရှိသော ကောက်ညှင်းလုံး ကိုးလုံး တင်ထားသော ရွှေပန်းကန်ကို သွားယူလာခဲ့သည်။
ဘုရင်မင်းမြတ်သည် ဘာကိုမှ စားသောက်ချင်စိတ် မရှိလောက်အောင် ပင်ပန်းနေခဲ့၏။ ထို့ကြောင့် လတ်တလော အများဆုံးစားနိုင်သည့် ပမာဏသည် ကောက်ညှင်းလုံးကိုးလုံးသာလျှင် ဖြစ်၏။
“ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူ ကျင်းမူကုန်း… သူ ကျောင်းမှာ အခြေအနေ ဘယ်လိုရှိလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
မိန်းမစိုးက ပြောလိုက်လေ၏။ “သူက ရိုးရိုးအအ ၊ ကြောင်တောင်တောင်ပါပဲ”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “သူက ကလေးဘဝတည်းက အိမ်ကခွာဖူးတဲ့ လူမဟုတ်ဘူး။ မြို့တော်မှာ တစ်ယောက်တည်းလာပြီး လေ့လာသင်ယူရတာ သူ့အတွက် လွယ်ကူမှာ မဟုတ်ဘူး။ ဒီတော့ သူ့ဆီ ကောက်ညှင်းဆန်လုံး တစ်ပန်းကန်လောက် ပို့ပေးလိုက်။ ပြီးတော့ ဆန်ဝိုင်လေးပါ ပို့ပေးလိုက်အုံး”
မိန်းမစိုးက ပြုံးလိုက်၏။ “ဘုရင်မင်းမြတ်က တကယ်ကို စေသနာကောင်းသူပါပဲ။ ဆန်ဝိုင်တင် မကဘူး။ အခြားဟာတွေလည်း ပို့ပေးလိုက်ရမလား”
ဘုရင်မင်းမြတ်သည် ပြုံးကာ ပြောလိုက်သည်။ “ဒါဆိုလည်း ပို့လိုက်ကွာ။ ဒီကလေးက ရိုးသားတဲ့ လူတစ်ယောက်ပဲ။ တခြားကျောင်းသားတွေ သူ့ကို အနိုင်ကျင့်စေလို့ မဖြစ်စေဘူး”
မိန်းမစိုးက ပြောလိုက်၏။ “ကောင်းပါပြီ။ ဘုရင်မင်းမြတ်က ကြင်နာတတ်တဲ့ လူတစ်ယောက်ပါပဲ”
ဘုရင်မင်းမြတ်၏ ဒေါသတရားသည် ကောင်းကင်ပေါ်မှနှင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ မြန်မြန်ဆန်ဆန်ပဲ ဒေါသက ဖြစ်တည်လာခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
……….
နေ့လယ်ခင်း အချိန်သို့ရောက်ချိန်မှာတော့ ထျန်းနန်စီရင်စု အုပ်ချုပ်ရေးမှူး ကျူးကျွင်းသည် နန်းတော် ထဲ ဝင်ရောက်လာ၏။
“ကျုပ် အပြစ် ရှိပါတယ်။ ကျုပ် အပြစ် ရှိခဲ့ပါတယ်” ကျူးကျွင်းသည် မြေပေါ်၌ ဒူးထောက်ထိုင်ချကာဖြင့် လှုပ်ရှားမှုကင်းမဲ့စွာ ရှိနေသည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အသာပင် ပြောဆိုလိုက်၏။ “အုပ်ချုပ်ရေးမှူးအပြစ်က ဘာလဲ။ ချောင်ထျန်းဝေက သူ့ရဲ့လူတွေကို စုစည်းပြီး အရှေ့ပင်လယ်ပြင်ကို စိုးမိုးထားတယ်။ အဲနေရာမှာ ဥပဒေ ဆိုတာမရှိခဲ့ဘူး။ ဒါကြောင့် လူတွေ တော်တော်များများက ဒုက္ခတွေခံစားခဲ့ရတယ်။ တောင်ပိုင်းနိုင်ငံနဲ့ စစ်ပွဲသာ ဖြစ်မနေဘူးဆိုရင် ကျုပ် အဲနေရာဆီ စစ်တပ်တွေလွှတ်ပြီး ချောင်ထျန်းဝေကို သတ်ပစ်ခဲ့တာ ကြာပြီ။ အခု ကျန်းချုံးနဲ့ ရွှမ်ဝူတို့က အတူတူ ပူးပေါင်းပြီး သုတ်သင်ပေးခဲ့တယ်။ ဒါ ကောင်းတဲ့ အရာပဲ မဟုတ်လား”
ကျူးကျွင်းသည် မြေပေါ်တွင်ဒူးထောက်ထိုင်နေရင်းမှ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဟုတ် … ဟုတ် …. ဟုတ်ပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ရွှမ်ဝူရဲ့ လျှောက်တင်လွှာ ရောက်ရှိလာခဲ့ပြီ။ သူက သူ့ရဲ့ကိုယ်ပိုင် စစ်တပ်ကြီးကို စစ်သည်အင်အားနှစ်ထောင်တိတိ လျှော့ချပေးမယ်လို့ အာမခံခဲ့တယ်။ ပြီးတော့ သူ ဒီလိုမျိုး ချောင်ထျန်းဝေကို သုတ်သင်ပစ်နိုင်ခဲ့တာ သူတော်လို့မဟုတ်ဘဲ ကျန်းချုံးတော်လို့ဆိုပြီး ချီးကျူးခဲ့တယ်။ ဒီလူက တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပဲ။ ရွှဲ့ပြည်နယ်အတွက် နယ်မြေသစ်တစ်ခုကို သိမ်းဆည်းပေးခဲ့တယ်။ ကျုပ်တို့ရဲ့ ရွှဲ့ပြည်နယ် ပိုင်ဆိုင်တဲ့မြေပိုင်နက်က ပိုပြီး ကြီးမားလာခဲ့တယ်။ အခုကစပြီး ကျုပ်တို့ရဲ့ အရှေ့ဘက် ပင်လယ်ကြီးက ငြိမ်းချမ်းသွားခဲ့ပြီ”
ကျူးကျွင်းသည် နာကျင်စွာဖြင့် မျက်လုံးကို စုံမှိတ်ထားလိုက်၏။ ပြီးနောက် ပြောလိုက်သည်၊ “ဟုတ်ပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ကျန်းချုံးရဲ့သားက နုရှောင့်မြို့တိုက်ပွဲမှာ သေဆုံးသွားခဲ့တယ်လို့ ငါ ကြားခဲ့တယ်”
ကျူးကျွင်းက ဖြေလိုက်သည်။ “ဟုတ်ပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း သနားစရာပဲ။ လူငယ်ပါရမီရှင်က ဒီလိုပဲ သေသွားတာလား။ ကျန်းချုံးကို စာထုတ်ပြီး နှစ်သိမ့်ပေးလိုက်။ ပြီးတော့ ကျန်းကျင်းကိုလည်း ယင်ယန်စစ်သူကြီးဘွဲ့ ပေးလိုက်”
ကျူးကျွင်းက ပြောလိုက်သည်။ “ကောင်းပါပြီ”
ဘုရင်မင်းမြတ်သည် ဆက်လက်ကာ ပြောလိုက်၏။ “ကျန်းချုံးနဲ့ မြို့စား ရွှမ်ဝူတို့က အတူတူပူးပေါင်းပြီး ပင်လယ်ဓားပြ ချောင်ထျန်းဝေကို သုတ်သင်ပစ်လိုက်တယ်။ သူတို့ရဲ့ ကောင်းမှုပြုခြင်းက သေးငယ်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒီတော့ ကျန်းချုံးရဲ့အမေကို တတိယအဆင့် နန်းတွင်းအမျိုးသမီးအဖြစ် ဘွဲ့ထူးပေးလိုက်တယ်”
ကျူးကျွင်းက ပြောလိုက်သည်။ “သင့်မြတ်ပါတယ် အရှင်မင်းကြီး ……”
ဘုရင်မင်းမြတ်က ဆက်လက်ကာ ပြောလိုက်၏။ “ကျင်းဟိုင်မြို့စားကြီးက ဓားပြတွေနဲ့ ပူးပေါင်းပြီး ငါတို့မြေပိုင်နက်ကို ထိုးကျွေးခဲ့တယ်။ သူက ဘုရင်မင်းမြတ်ကို လေးစားမှုမရှိဘူး။ ဒီတော့ သူ့ကို အကျဉ်းထောင်ထဲ ပို့ထားလိုက်”
“ကောင်းပါပြီ”
နုကျန့်စီရင်စု၏ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန်းချုံးနှင့် ရေနက်အကျဉ်းထောင်မှ စစ်သည်တော် တစ်ထောင်ကျော် တို့သည် ကျင်းဟိုင်မြို့စားနေအိမ်အတွင်းသို့ ဝင်ရောက်ပြီး အိမ်တော်တစ်ခုလုံးကို သေချာစစ်ဆေး ရှာဖွေခဲ့ကြ၏။ ထန်ယွင်မှလွဲ၍ အခြားသော သားအားလုံးတို့ကို ဖမ်းဆီးကြသည်။
ဘုရင်မင်းမြတ်၏ အမိန့်တော် ရောက်ရှိလာခဲ့၏။ ထန်ကလန်ပိုင်ဆိုင်သည့် မြေပိုင်နက်အားလုံးကို ပြန်လည် သိမ်းဆည်းခဲ့ခြင်းပင်။ ထန်ကလန်၏ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုစုပေါင်း ခုနစ်ရာကျော်တို့ အား ဖမ်းဆီးထိန်းသိမ်းခဲ့၏။
ဆက်ခံသူ ထန်ယွင်သည် ကျင်းဟိုင်မြို့စားကြီးထန်လွမ်၏ ပြစ်မှုကို အချိန်မီသတင်းပေးပို့နိုင်ခဲ့သောကြောင့် တစ်ယောက်တည်း လွတ်မြောက်ခဲ့၏။ သို့ပေမည့် သူသည် သူ့အဖေ၏ ရာဇဝတ်မှုကို မတားဆီးနိုင်ခဲ့သောကြောင့် ဘွဲ့ထူးအားလုံး သိမ်းဆည်းခြင်း ခံခဲ့ရသည်။
ထိုအချိန်မှာတော့ နှစ် ၃၀၀ ကျော်ခန့် တည်ရှိနေထိုင်ခဲ့ကြသော ကျင်းဟိုင်မြို့စားအိမ်တော်သည် ဖျက်စီးခြင်း ခံလိုက်ရပြီ ဖြစ်၏။ ထန်ကလန်သည် ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ်ထဲတွင် မပါဝင်တော့ချေ။
……..
အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် ဘုရင်မင်းမြတ်ဆီမှ အမိန့်တော် သုံးခုကို ဆက်တိုက် ရရှိခဲ့၏။ ပထမ အမိန့်တော်သည် ကျန်းချုံး၏ ချောင်ထျန်းဝေကို ချီးကျူးဂုဏ်ပြုထားခဲ့ခြင်းဖြစ်၏။ တိုက်ပွဲတွင် ကျန်းကျင်း သေဆုံးသွားခဲ့သည်ကို ကြားရသောကြောင့် ဘုရင်မင်းမြတ်သည် အလွန် ဝမ်းနည်းခဲ့၏။ ထို့ကြောင့် ကျန်းကျင်း အား စစ်သူကြီးဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခဲ့၏။ ကျန်းချုံး မျက်စိရောဂါခံစားနေရကြောင်း ကြားသိရသောကြောင့် ဘုရင်မင်းမြတ်သည် ဆေးပင် စွန့်ကြဲခဲ့၏။
ဒုတိယအမိန့်တော်သည် ကျန်းချုံး၏အမေအား တတိယအဆင့် နန်းတွင်းအမျိုးသမီးဆိုသည့် ဘွဲ့ထူး ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တတိယ အမိန့်တော်သည် ကျန်းချုံး၏ အောင်မြင်မှုသည် နုကျင်းစီရင်စုတွင် ကြီးမြတ်သည့်ကောင်းချီးဖြစ်သည်။ မူဝါဒအသစ်အတွက် အကောင်းဆုံး ကြိုးစားခဲ့ပြီး နိုင်ငံအား အကျိုးကျေးဇူးရရှိအောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် ကျန်းချုံးသည် နုကျန့်ခရိုင်အုပ်ချုပ်ရေးမှုးရာထူးမှ အမတ်မင်းခုံရုံးမှ လက်ယာဝန်တော်အဖြစ် ရာထိုးတိုးမြှင့် ခန့်အပ်ခဲ့၏။
အမိန့်တော်သုံးခုသည် တစ်ခုထက်တစ်ခု ပိုမိုကာ အရေးကြီးမားလာခဲ့၏။ ကြည့်ရသည်မှာ ကျန်းချုံးသည် နိုင်ငံရေးစက်ဝိုင်းထဲတွင် ထွန်းတောက်လာတော့မည့် ကြယ်တစ်ပွင့်ကဲ့သို့ ဖြစ်လာ၏။
ရေတွက်၍မရလောက်အောင် များပြားသည့် အရာရှိများတို့သည် ထိုအခြင်းအရာကို ကြည့်ရှုရင်း မနာလိုဝန်တို သလိုပင် ဖြစ်လာကြသည်။
ယေဘူယျအတိုင်းပြောရမည် ဆိုလျှင် တတိယဆင့်ဝန်တော်များထဲမှ တစ်ယောက်ပင် ဖြစ်၏။ သို့ပေမည့် ကျန်းချုံးသည် အဆင့်လေး ရာထူအဆင့်အတန်းမှသည် အဆင့်သုံး ရာထူးအဆင့်အတန်းဆီသို့ တိုးတက် ရောက်ရှိခဲ့၏။ သူသည် တကယ်ကို လူသိများ ထင်ရှားလာခဲ့၏။ လူပေါင်းများစွာတို့သည် သူ့ဆီသို့ လာရောက်လည်ပတ်သောကြောင့် အိမ်တံခါးမကြီးကို ၂၄ နာရီ ဖွင့်၍ ထားရသည်။
………