အခန်း (၂၅၄)
Vol. 19 Ch. 254
ကျင်းဟိုင်မြို့စားအိမ်တော်၏ စာကြည့်ခန်းထဲမှာတော့ ကျန်းချုံးနှင့် ထန်လွမ်တို့ ရှိနေကြ၏။
ထန်လွမ်က ပြောလိုက်သည်။ “အစ်ကိုကျန်း… အခု … အခု ခင်ဗျားက တကယ်ကို ထင်ရှားလာခဲ့ပြီ။ ကျုပ် ထန်လွမ်က ဘေးဒုက္ခကြီးကို ခံစားရတော့မယ်။ လောကကြီးက တကယ်ကို ခန့်မှန်းလို့ မရဘူးပဲ”
ကျန်းချုံးသည် ဝမ်းနည်းစွာဖြင့် ပြုံးလိုက်မိ၏။ မည်သည့် စကားကိုမှ မဆိုချေ။
ထန်လွမ်က ပြောလိုက်သည်။ “ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရမလား”
ကျန်းချုံးသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မဟုတ်ဘူး .. မလုပ်နဲ့”
ထန်လွမ်သည် မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာသည်။ “ကျုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့်တောင် မရှိတော့ဘူးလား”
ကျန်းချုံးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မရှိဘူး”
ဟုတ်ပေ၏။ ကျိန်းသေပေါက် မရှိချေ။ မိုးကြိုးများ၊ မိုးများသည် ကျဆင်းလာခဲ့ပေဦးမည်။ ထန်လွမ်သည်သာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါက မည်သို့ ဖြစ်လာမည်နည်း။ မည်သို့ပင်ဖြစ်ဖြစ် ထန်လွမ် အနေနှင့် အပြစ်ပေးမှုကို တရားဝင်ခံယူပြီး သူ၏ အပြစ်ဒဏ်အတွက် ကွပ်မျက်ခြင်းကို ရဲရဲကြီး ခံယူသင့်သည်။
ထန်လွမ်က ပြောလိုက်၏။ “အစ်ကိုကျန်း … ကျုပ်သား ထန်ယွင်က မှီခိုအားထားစရာဆိုလို့ ဘယ်သူမှ မရှိဘူး။ ဒီတော့ ကျုပ်တို့ အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေအနေကို မျက်နှာထောက်ထားပြီး သူ့ကို စောင့်ရှောက်ပေးပါ။”
ကျန်းချုံးသည် နာနာကျင်ကျင် ပြုံးလိုက်၏။ မည်သည့် စကားကိုမှ မဆိုချေ။
“အစ်ကိုကျန်း… အစ်ကိုကျန်း.. ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပါအုံး” ထန်လွမ်က ထပ်မံတောင်းဆိုလိုက်၏။
ခဏအတွင်း အကျဉ်းထောင်ဝန်ထမ်းများ ရောက်ရှိလာခဲ့ပြီး ထန်လွမ်ကို အကျဉ်းထောင် အဝတ်အစားများ ကူညီကာ လဲလှယ်ပေး၏။ ပြီးနောက် ခြေချင်းများခတ်ကာဖြင့် ခေါ်ဆောင်ခဲ့၏။
နှစ်နာရီခန့်ကြာပြီးနောက် ထိုအကျဉ်းထောင်စစ်သည်များနှင့် မြို့စားအိမ်တော်မှ စစ်သည် တစ်ထောင်ကျော် တို့သည် များပြားလွန်းသည့် ထန်မိသားစုဝင်များကို ဖမ်းဆီးကာဖြင့် နန်းမြို့တော်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
လမ်းတစ်လျှောက်မှာတော့ လူပေါင်းများစွာတို့သည် အပြင်သို့ထွက်ကာ ကြည့်ရှုကြ၏။ “ကောင်းတယ်။ ဒီလိုဖမ်းလိုက်တာ ကောင်းတယ်”
“ထန်မိသားစုက အပြစ်တွေ အများကြီး ပြုလုပ်ထားခဲ့တာ။ သူတို့ အစောကြီးတည်းက အဖမ်းခံသင့်တယ်။ ဘုရင်မင်းမြတ်က တကယ်ကို ဉာဏ်ပညာကြီးတဲ့လူပဲ”
ရေတွက်၍မရအောင် များပြားသော မြင်းချေး၊ နွားချေးများ၊ ဟင်းသီး ဟင်းရွက်ပုပ်များတို့သည် အကျဉ်းသားများ ကို သယ်ဆောင်လာခဲ့သည့် မြင်းရထားများဆီသို့ ပစ်လွှတ်ခြင်းကို ခံခဲ့ရ၏။
ကျင်းဟိုင် မြို့စားကြီးထန်လွမ်သည် တကိုယ်လုံး အညစ်အကြေးများနှင့် ဖုံးလွှမ်းလျက် ရှိ၏။ ထိုအညစ်အကြေးများထဲ၌ အမျိုးသမီးများ၏ ဓမ္မတာသွေးများပင် ပါဝင်လျက် ရှိ၏။ သို့ပေမည့် သူသည် မလှုပ်ရှားခဲ့ချေ။ အားလုံးသောသူတို့၏ ဒေါသတရားများ ဖြေလျော့နိုင်စေရန်အတွက် သူ၏ ခန္ဓာကိုယ်ကို အလုံးစုံ ပေးအပ်ထားခဲ့သည်။
………..
အဆောင်အအုံအတွင်းမှာတော့ ကျန်းချွင်းဟွာသည် မြင်ကွင်းကို ကြည့်ရှုပြီး တုန်ယင်သည့်လေသံဖြင့် ပြောလိုက်၏။ “အဖေ.. ထန်လွမ်က လူပေါင်းများစွာ ဒေါသထွက်လောက်အောင် ဘာတွေများ လုပ်ခဲ့လို့လဲ”
ကျန်းချုံးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “အင်း…. သူက မြေပိုင်နက်ထဲကလူတွကို ကိုယ်ပိုင် ကလေးငယ်တွေလို ချစ်မြတ်နိုးခြင်း မရှိခဲ့ဘူးဆိုပေမဲ့ ဒီလူတွေက သူ့ကို ဒီလိုမျိုး မဆက်ဆံသင့်တာ အမှန်ပဲ။”
ကျန်းချွင်းဟွာက မေးလိုက်၏။ “ဒါဆိုရင် လူတွေက ဘာလို့ သူ့ကို အဲလောက် မုန်းနေရတာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “လူသားတွေရဲ့ သဘာဝက အဲလိုပဲလေ။ လူသားတွေရဲ့ နှလုံးသားက အဆိပ်အခိုးငွေ့တွေလိုပဲ။ ကြောက်ဖို့အရမ်းကောင်းတယ်။ ရှေးယခင်ခေတ်တည်းက အခုထိ လူသားတွေရဲ့ နှလုံးသားက မယုံကြည်ရဆုံးအရာပဲ။ နောင်လည်း ဒီလိုဖြစ်နေမှာပဲ”
ကျန်းချုံးက ပြောလိုက်၏။ “ထန်မိသားစု အခုလိုဖြစ်နေတာကို မြင်ရချိန်မှာ သက်ပြင်းချရုံပဲ တတ်နိုင်တယ်။ ကံကောင်းတာက ဘုရင်မင်းမြတ်က အမြင်စူးရှခဲ့လို့ပဲ။ ဒါကြောင့် ငါတို့ ဒီလို အခြေအနေမျိုးနဲ့ နေခဲ့ရတာ။ အမိန့်တော်သုံးခုကို ပေးအပ်ခဲ့ပြီး ဆုလာဘ်တွေတောင်ပေးခဲ့သေးတယ်”
“အဖေ”
ကျန်းချုံးသည် အသာပြုံးပြီးနောက် မည်သည့် စကားကိုမှ မဆိုခဲ့ချေ။
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ယန်ကျိုးစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးနေရာက အဖေ့အတွက်လို့ လူပေါင်းများစွာက ပြောနေကြတယ်။ ဒါပေမဲ့ လောလောဆယ် ဝန်တော်ရာထူးနဲ့ ထမ်းဆောင်ရမှာပေါ့။ သမီး အဖေ့ကို ဂုဏ်ပြုပါတယ်”
ကျန်းချုံးသည် သူ၏ သမီးကို ချစ်မြတ်နိုးစွာ ကြည့်ရှုလိုက်၏။ ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ “ချွင်းဟွာ အခုတလော မင်း လေ့လာသင်ယူနေတာ ဘယ်လိုရှိပြီလဲ”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “မဆိုးပါဘူး။ မာယာမျဉ်းပြိုင်များ စာအုပ်ကို အိမ်သာထဲ လွှတ်ပစ်ပြီးတဲ့နောက် မှာ အရာအားလုံးကို သေချာသင်ယူနိုင်ခဲ့တယ်”
“အင်း …. ငါ မင်းကို ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ကျောင်းတော်သူတစ်ယောက် ဖြစ်စေချင်တယ်။ အဲဒီမှာ တစ်နှစ်၊ တစ်နှစ်ခွဲလောက် လေ့လာသင်ယူလိုက်မယ်ဆိုရင် အဆင်ပြေမယ်ထင်တယ်”
ကျန်းချွင်းဟွာ၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားသည်။ “အဖေ ဘာကြောင့်လဲ။ ဘာတွေ ဖြစ်အုံးမှာမို့လို့လဲ”
ကျန်းချုံးက ပြောလိုက်၏။ “သွားသာသွား။ ငယ်ရွယ်တုန်းမှာ လုပ်စရာရှိတာလုပ်ရမယ်လေ”
ကျန်းချွင်းဟွာသည် မျက်ရည်များ ကျဆင်းလာခဲ့သည်။ “သမီးက အဖေ့ ဘေးနားမှာ အမြဲတမ်း နေချင်တယ်။ မသွားချင်ဘူး”
ကျန်းချုံးက ပြောလိုက်၏။ “သွား။ အခု သွားတော့။ အခု ချက်ချင်းပဲသွား။ မြန်လေကောင်းလေပဲ သမီး။”
……..
ရေနက်တပ်မှ စစ်သည်တော်များသည် ရွှမ်ဝူအိမ်တော်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
မြို့စားကတော် စုဖေ့ဖေ့ သည် ဧည့်ခံကြိုဆို၏။ “မြို့စားကြီးကတော်.. ကျင်းဟိုင်မြို့စားကြီးရဲ့ တတိယသား ထန်ယင်က ခင်ဗျားတို့ အိမ်တော်မှာ ရှိနေတယ်လို့ ကျုပ်တို့ ကြားခဲ့တယ်”
ရေနက်တပ်ဖွဲ့၏ ချင်းဟူက ပြောလိုက်သည်။ “ထန်ကလန်က အပြစ်တွေ အများကြီး ပြုလုပ်ထားခဲ့တယ်။ သူတို့က ပင်လယ်ဓားပြတွေနဲ့ ပေါင်းပြီး ခင်ဗျားတို့ရဲ့ ကျင်းချန်ကျွန်းကို သိမ်းပိုက်ခဲ့တယ်။ ဘုရင်မင်းမြတ်က အရမ်း ဒေါသထွက်နေတယ်။ ထန်ကလန် တစ်ခုလုံးကို ဖမ်းဆီးချင်နေတယ်”
စုဖေ့ဖေြက ပြောလိုက်၏။ “ကျေးဇူးပါပဲ။ ဘုရင်မင်းမြတ်ရဲ့ ကြင်နာမှုကို နားလည်ပါတယ်။ ထန်ယင်က အရင်တုန်းက ကျွန်မတို့အိမ်ကို လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မိသားစုနဲ့ သူ့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးတွေရှိတယ်ဆိုတာ ရှင်သိတယ်မလား။ သူ ကျွန်မသမီး ကျင်းမူလန်နဲ့ တိုက်ခိုက်ပြီး ပြန်ထွက်သွားခဲ့တယ်”
ရေနက်တပ်ဖွဲ့၏ ခေါင်းဆောင် ချင်းဟူက မျက်မှောင်ကုတ်လိုက်၏။ “တကယ်ပဲလား”
စုဖေ့ဖေ့က ပြောလိုက်သည်။ “အင်း အမှန်ပါပဲ။ ဘယ်လိုဖြစ်ပြီး ကျွန်မတို့ရဲ့ရန်သူအတွက် ကျွန်မတို့က ဖုံးကွယ် ပေးထားရမှာလဲ”
ထိုအချိန်မှာတော့ ရေနက်တပ်ဖွဲ့၏ခေါင်းဆောင် ချင်းဟူသည် ဆွံ့အသွားမိ၏။
စုဖေ့ဖေ့က ပြောလိုက်သည်။ “နှစ်သစ်ကူးပွဲက ရက် ၂၀ ကြာခဲ့ပြီ ဆိုပေမဲ့ ဒီတစ်လလုံးကို နှစ်သစ်ကူးပွဲလလို့ သတ်မှတ်ထားတယ် မဟုတ်လား။ ဒီတော့ ဒီအနီရောင် စာအိတ်ကို ယူသွားပါ။ နှစ်သစ်ကူးပွဲ အချိန်အခါကြီးမှာ တောင် ရှင် အလုပ်လုပ်နေရတာပဲ”
ပြီးနောက် အစေခံတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ပြီး ရွှေဒင်္ဂါးများပါဝင်သည့် အိတ်ကို ရိုရိုသေသေဖြင့် ကမ်းပေးလိုက်၏။
ရေနက်တပ်ဖွဲ့မှ ချင်းဟူသည် မြန်မြန်ဆန်ဆန်ပဲ မတ်တပ်ထရပ်ပြီးနောက် ပြောလိုက်သည်။ “ကျုပ်တို့ မယူရဲပါဘူး။ ကျုပ်တို့ မယူရဲပါဘူး”
သို့ပေမည့် နောက်ဆုံးမှာတော့ သူသည် ရွှေဒင်္ဂါးများကို ယူကာ ထွက်ခွာသွားခဲ့၏။
……..
ရွှမ်ဝူအိမ်တော်၏ စာကြည့်တိုက်အတွင်းမှာတော့ ရှမ့်လန်သည် အလောသုံးဆယ်ဖြင့် စာရေးလျက် ရှိနေ၏။ အရှေ့တွင်ရှိနေသည့် ထန်းယင်မှာတော့ တွေဝေငေးငိုင်စွာဖြင့် ရှိနေ၏။ ရံဖန်ရံခါဆိုသလို သူသည် လက်ချောင်းများ ကို ဓားဖြင့် အသုံးပြုကာ တိုက်ခိုက်နေ၏။ သူသည် တိုက်ခိုက်မှုကို ပြုလုပ်ပြီး ခုခံမှုကိုလည်း ပြုလုပ်နေ၏။
အဆုံးသတ်မှာတော့ ရှမ့်လန်သည် ဓားဘုရင် လီချင်းချိုး ပေးပို့လိုက်သည့် ရှေးလျှို့ဝှက်သိုင်းကျမ်းကို သုံးသပ်ကာ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်၏။ စာမျက်နှာ ၂၀၀ ကျော် ရှိ၏။ ဤသိုင်းကျမ်းကို လောက၏နှင်း ဟု ခေါ်ဆို၏။ ရှမ့်လန်သည် ဤအရာကို သုံးသပ်ရင်း စာအဖြစ် ပြန်လည် ကူးရေးပေးနေရသည်မို့ အလုပ်များလျက် ရှိနေသည်။
“ရော့ … ယူလိုက်တော့”
ထန်ယင်သည် ထိုအရာကို လှမ်းယူပြီး ချက်ချင်း ထွက်ခွာသွားခဲ့၏။ သူသည် နှုတ်ဆက်စကား မဆိုသလို ကျေးဇူးတင်စကားလည်း မဆိုချေ။ သူသည် မြို့စားကြီး၏ ဇနီး စုဖေ့ဖေ့ကို ကူညီကယ်တင်ခဲ့သည့်အချိန်၌ မည်သူတစ်ဦးတစ်ယောက်၏ ကျေးဇူးတင်မှုကိုမှ မခံခဲ့ချေ။ ထို့အတူ ထွက်ခွာသွားချိန်မှာလည်း မည်သူ့ကိုမှ ကျေးဇူးတင်စကားမဆိုခဲ့ချေ။ ကျင်းဟိုင်မြို့စားအိမ်တော်၏ လက်ရှိအခြေအနေကိုလည်း သူ မသိပေ။
“ခဏ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ခင်ဗျားအတွက် အဝတ်အစားတစ်စုံ ပေးအုံးမယ်”
ထန်ယင်က ကြောင်သွားမိ၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”
ခဏလောက်ကြာပြီးနောက် ထန်ယင်သည် ရှမ့်လန်ပေးသည့်ဝတ်စုံကို ဝတ်လိုက်၏။ ဤဝတ်စုံသည် အလွန် ထူးခြား၏။ အဘယ်ကြောင့် မျက်နှာကိုပါ ဖုံးကွယ်ထားရသနည်း။
ထန်ယင်က ထွက်ခွာသွားခဲ့၏။
စုဖေ့ဖေ့က ပြောလိုက်သည်။ “ရေနက်တပ်ဖွဲ့ရဲ့ ကျွမ်းကျင်သူတွေ သူ့ကို လိုက်ရှာလိမ့်မယ်။ ဒီတော့ သူ အဖမ်းခံရမှာပဲ”
ရှမ့်လန်သည် ခေါင်းကို ခါယမ်းလိုက်၏။ “မဟုတ်ဘူး။ သူတို့ ဖမ်းနိုင်မှာ မဟုတ်ဘူး။ ရေနက်တပ်ဖွဲ့က လူတွေ ထန်ယင်ကို သွားဖမ်းမယ်ဆိုရင် ဓားပြတွေလိုပဲ သေဆုံးသွားလိမ့်မယ်။”
စုဖေးဖေးက ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို ကောင်းကင်ပင်လယ်နန်းဆောင်ဆီ သွားဖို့ မပြောလိုက်ဘူးလား”
ရှမ့်လန်က ပြောလိုက်၏။ “သူ သွားမှာ မဟုတ်ဘူး။ လီချင်းချိုးကလွဲရင် သူ ဘယ်သူ့စကားကိုမှ နားထောင်မှာ မဟုတ်ဘူး။ သူ ကျိန်းသေပေါက် ဓားကျွန်းကို သွားလိမ့်မယ်။ ဒါပေမဲ့ စီနီယာဓားဘုရင်အတွက် ကျုပ် စာတစ်စောင် ထည့်ပေးလိုက်လိုက်တယ်။ ထန်းယင်ကို ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ ပို့ပြီး ရှောင်နေစေဖို့။”
တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည့် ထန်ယင်ကို ကြည့်ရှုပြီး စုဖေးဖေးက ပြောလိုက်သည်။ “ဘာကြောင့်လဲတော့ မသိဘူး။ ဒါပေမဲ့ ထန်ယင်ကို မြင်ရတော့ .. အင်း … ကျင်းမူကုန်းအကြောင်းကို ရုတ်တရက် တွေးမိတယ်”
ရှမ့်လန်သည် ကြောင်သွားမိ၏။ “ကျုပ်လည်း တူတူပဲ”
မြို့စားကတော်က ပြောလိုက်သည်။ “တစ်လကျော် ကြာခဲ့ပြီ။ အင်း ငါ သူ့ကို အခုမှ သတိရမိတာပဲ”
ရှမ့်လန် “…”
“ဟင်”
မြို့စားကတော်က ပြောလိုက်၏။ “လန်အာ.. ဘုရင်မင်းမြတ်က ဘာကို ဆိုလိုတာလဲ။ ငါ တကယ် နားမလည်ဘူး”
ရှမ့်လန်သည် သက်ပြင်းချလိုက်သည်။ ဘုရင်မင်းမြတ်သည် တကယ်ပင် ကိုယ်ရည်ကိုယ်သွေးအရ ညံ့ဖျင်းသူ တစ်ယောက် မဟုတ်ချေ။ ထို့အပြင် ပြဿနာရှာသည့်နေရာ၌ အလွန်တော်သူဖြစ်သည်။
မြို့စားကတော်က ပြောလိုက်၏။ “ဘယ်အချိန်မှာ ငါတို့အတွက် အမိန့်တော် ရောက်လာမှာလဲ။ နုရှောင့်မြို့ကို ဘယ်အချိန် ငါတို့ကို လွှဲပေးမှာလဲ။ ဒါ အောင်မြင်မှုလို့ သုံးသပ်ရမှာလား။ မအောင်မြင်ဘူးလို့ သုံးသပ်ရမှာလားတောင် မသိတော့ဘူး။
ရှမ့်လန်က ပြောလိုက်သည်။ “မကြာခင် ဖြစ်လာပါလိမ့်မယ်”
သို့ပေမည့် ဤ ဘုရင်မင်းမြတ်သည် ခန့်မှန်းရ အလွန်ခက်ခဲလှ၏။
……….
ကျန်းမိသားစု၏ အိမ်အဟောင်းမှာတော့ ကျန်းချုံးသည် ဝန်တော်ရာထူးကို ဆက်ခံရပေတော့မည်။ နုကျင်း စီရင်စုရှိ ရာထူးရာခံ ရှိသော အစိုးရဝန်ထမ်းအားလုံးတို့သည် နန်းမြို့တော်ဆီ သွားရမည့် သူ့ကို လိုက်ပါ ပို့ဆောင်ကြ၏။ ထိုသူအားလုံးတို့သည် ချစ်ခင်ရင်းနှီးမှုကို ပြသသည့်အနေဖြင့် မျက်ရည်များပင် ဝိုင်းပြနေကြသေးသည်။
ရေတွက်၍မရလောက်အောင် များပြားသော မြှောက်ပင့်စကားများသည် လေထုထဲတွင် ပျံ့နှံ့လျက် ရှိနေ၏။ သူတို့သည် ဆရာကျန်း ဟူသော အမည်ကိုပင် ခေါ်ဆိုခြင်း မရှိတော့ချေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးကျန်း ဟူ၍ပင် တိုက်ရိုက် ခေါ်ဆိုလျက် ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိရောက်ရှိသွားခဲ့သည့် ရာထူးသည် ကြားခံ ရာထူးတစ်ခုသာလျှင် ဖြစ်၏။ မကြာခင်တွင် ယန်ကျိုး ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ်သို့ အဆင့်တိုးတက် ရောက်ရှိတော့မှာ သေချာ၏။
ကျန်းချုံးသည် ပြုံးပြီး အားလုံးသောသူတို့၏ ချီးကျူးထောပနာစကားများကို လက်သင့်ခံလျက် ရှိ၏။ သူ ခရိုင် အုပ်ချုပ်ရေးမှူး ဘဝတုန်းက ရှားရှားပါးပါးသာ ပြုံးလေ့ရှိ၏။ တခြားသောပွဲများ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသော်လည်း ဘယ်တုန်းကမှ မသွားခဲ့ချေချေ။ သူသည် အေးစက်စက်မျက်နှာသွင်ပြင်နှင့် အရာရှိ တစ်ယောက် အဖြစ် ကျော်ကြားသည်။
လက်ရှိအခြေအနေမှာတော့ သူသည် ရှားရှားပါးပါး ပြုံးလျက် ရှိနေ၏။ ထို့ကြောင့် အရာရှိ၊ အရာခံများ အားလုံးတို့သည် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။
ကျန်းချုံးသည် ပြုံးလိုက်၏။ အခြားသော သူတို့၏ ချီးကျူးစကားများကို မငြင်းဆန်ခဲ့ချေ။ ညသန်းခေါင်သို့ ရောက်ရှိလာခဲ့ပြီးနောက် စားပွဲက ပြီးဆုံးသွားခဲ့သည်။
အားလုံးသောသူတို့သည် ပြန်လည် ထွက်ခွာသွားခဲ့၏။
ကျန်းချုံးသည် နောက်ဖေးခြံဝန်းဆီမှ သူ၏ အချစ်ဆုံးသားငယ်ကျန်းကျင်း၏ အုတ်ဂူဆီသို့ သွား၏။ သူ၏ နောက်ကျောသည် ကုန်းလို့နေသည်။ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်းပဲ ပျောက်ကွယ်သွား၏။ ခဏလောက် ကြာပြီးနောက် ကျန်းချုံးသည် အလွန်နာကျဉ်းဝမ်းနည်းနေသော သားရဲတစ်ကောင်ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ။ ငါ … ကျန်းချုံးက သစ္စာရှိခဲ့တဲ့ လူတစ်ယောက်။ ဘာကြောင့် ငါ့ကိုမှ ဒီလို လုပ်ရတာလဲ”
……..
နောက်တစ်ရက်မှာတော့ ကျန်းချုံးသည် သူ၏ တာဝန်ကို ထမ်းဆောင်ရန် နန်းမြို့တော်ဆီသို့ အလျင်အမြန် သွားရ၏။ သို့ပေမည့် နန်းမြို့တော်ဆီသို့ သွားရာလမ်းမှာပဲ ကျန်းချုံး ငွေအလွဲသုံးစားလုပ်သည် ဆိုသော သတင်း ထွက်လာခဲ့သည်။
ထို့ကြောင့် စစ်သည်များသည် လမ်းတစ်ဝက်မှာပဲ ကျန်းချုံးအား ဖမ်းဆီးစစ်ဆေးကြတော့သည်။ နုကျင်းစီရင်စု ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူချိန်အတွင်း ငွေအလွဲသုံးစားလုပ်မှုများကို ရှာဖွေတွေ့ရှိခဲ့၏။
ဘုရင်မင်းမြတ်သည် အလွန် ဒေါသထွက်ခဲ့၏။ ယုံကြည်မှုကို ဖျက်ဆီးခံခဲ့ရသူတစ်ယောက်ကဲ့သို့ပင် ယမ်းပေါ်မီးကျ ဒေါပွခဲ့သည်။
ကျန်းချုံးသည် ဝန်တော်ရာထူးကိုပင် လက်မခံခဲ့ရချေ။ နန်းမြို့တော်၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိ သွားခဲ့တော့၏။