← Chapters

အခန်း (၂၅၆)

Vol. 19 Ch. 256

အခန်း (၂၅၆)

Vol. 19 Ch. 256

ဤအချိန်မှာတော့ ကောင်းကင်တာအိုအဖွဲ့အစည်း၏ အသုံးဝင်မှုက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။ သူတို့သည် တည်နေရာအနှံ့တွင် ရှိနေသည့် စစ်ဘေးရှောင်အားလုံးကို ခေါ်ဆောင်လာခဲ့ပြီး ကျင်းမိသားစု၏ မြေပိုင်နက်ထဲမှ ပြည်သူပြည်သားများအဖြစ် ဖြစ်တည်စေခဲ့သည်။

ထိုသူများအခြေချနိုင်စေရန် ကျင်းမိသားစုက ဖန်တီးပေးရသည်။ သို့ပေမည့် ကျင်းမိသားစုသည် ထိုအရာများကို ဖန်တီးပေးနိုင်ရန် ပိုက်ဆံမရှိချေ။ ကောင်းကင်တာအိုအဖွဲ့အစည်းသည် အတိုးမယူသည့် ငွေချေးခြင်းဖြင့် ထောက်ပံ့ခဲ့ပြန်၏။

ဟွမ်တုံသည် မူလအားဖြင့် ခပ်ဝဝ လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ဤအတောအတွင်း ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခဲ့ရသောကြောင့် ပိန်ပိန်ပါးပါး လူတစ်ယောက် ဖြစ်လာခဲ့သည်။ ရှမ့်လန်သည် ဝိတ်ကျပြီးနောက် ပိုမို၍ ချောမောလှလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့ပေမည့် အထင်နှင့် လက်တွေ့သည် တက်တက်စင်အောင် မှားယွင်းခဲ့လေသည်။ ပိန်လည်း ချောမလာခဲ့ချေ။

လေ့ကျိုးကျွန်းနှင့် နုရှောင့်မြို့ထဲတွင် အဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း တကယ့်ကို အရှိန်အဟုန် ကောင်းမွန်နေသည်။ သို့ပေမည့် ရလဒ်ကိုတော့ နှစ်နှစ် သို့မဟုတ် သုံးနှစ်နီးပါးမှ မြင်ရပေလိမ့်မည်။

ရွှမ်ဝူသည် နုရှောင့်မြို့တစ်ခုလုံးကို သိမ်းဆည်းခဲ့ပြီးနောက် ကံကောင်းမှုကို ဖန်တီးနိုင်သည်သာ မကချေ။ ရွှေဒင်္ဂါးနှစ်သန်းကျော်ပင် အကြွေးတင်ခဲ့၏။ ချောင်ထျန်းဝေ၏ အိမ်တော်ကို သိမ်းယူပြီး ပိုက်ဆံများ မည်သည့်နေရာသို့ ရောက်သွားသနည်းဟု မေးမြန်းချင်ကြပေလိမ့်မည်။

ပင်လယ်ဓားပြများသည် အချမ်းသာဆုံးဖြစ်၏။ သူတို့၏ ရတနာတိုက်တွင် ရတနာများနှင့် ပြည့်နှက်နေတတ်၏။ နုရှောင့်မြို့ကို သိမ်းပိုက်ပြီးနောက် ရှမ့်လန်သည် ရတနာတိုက်ကို အရင်ဆုံး သွားရောက်ကာ ဖွင့်၏။ အဆုံးသတ်မှာတော့ ရွှေဒင်္ဂါး သုံးသိန်းကျော်သာလျှင် ရှိနေကြောင်း မြင်ခဲ့ရသည်။

ဝမ်ကျားကျွန်းကို မတိုက်ခိုက်ခင် ချောင်ထျန်းဝေသည် ရှိရှိသမျှ ပိုက်ဆံအားလုံးကို စစ်ပွဲဆင်နွှဲမည့် ဓားပြများ စိတ်အားတက်ကြွစေစရန် ပိုက်ဆံများ ကြိုတင်ကာ ဝေပေးခဲ့၏။ သို့ပေမည့် ဂုဏ်သိက္ခာကြီးမားသည့် ပင်လယ်ဓားပြကြီးတစ်ယောက်အနေနှင့် ဤမျှလောက် ပိုက်ဆံနည်းမနေသင့်ပေ။

ချောင်ထျန်းဝေ၌ တခြားသော ရတနာတိုက်များ ရှိနေမည်ကို ရှမ့်လန်က ထင်မှတ်၏။ အဆုံးသတ်မှာတော့ အန်းစိုက်ထျန်းသည် ထိုရတနာတိုက်များမရှိကြောင်း သူ့ကို ပြောဆိုခဲ့၏။ ချောင်ထျန်းဝေသည် ဤမျှနည်းပါးသည့် ပိုက်ဆံကိုသာလျှင် ပိုင်ဆိုင်၏။

အဘယ့်ကြောင့်ဆိုသော် ပင်လယ်ဓားပြပေါင်း တစ်သောင်းကျော်ကို ထောက်ပံ့ထားရပြီး သူ၏ ရဲတိုက်ကြီးသည် အဆုံးမဲ့သည့် တွင်းကြီးတစ်ခုကဲ့သို့ပင် ဖို့နေရ၏။ ရှိရှိသမျှသောပိုက်ဆံများကို ဤရဲတိုက် တည်ဆောက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။

ရှမ့်လန်သည် ဇဝေဇဝါ ဖြစ်နေမိ၏။ နုရှောင့်မြို့သည် ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်၏။ နေရာအနှံ့တွင် ပိုက်ဆံများ ရှိ၏။ အခွန်အခများ ကောက်ခံခြင်းကပင်လျှင် ကောင်းမွန်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလား။ သို့ပေမည့် အဆုံးသတ်မှာတော့ တိတိကျကျ စုံစမ်းစစ်ဆေးရင်း သူက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ နုရှောင့်မြို့၏ စီးပွားရေးအားလုံးတွင် ချောင်ထျန်းဝေက ဝေစုအဖြစ်သာ ရရှိ၏။ အလုံးစုံ ထိန်းချုပ်နိုင်ခွင့် မရှိခဲ့ချေ။ တကယ်တမ်း ထိန်းချုပ်ထားသည် ယင်ယွမ်အဖွဲ့အစည်း ဖြစ်လို့နေ၏။

ဝမ်ကျားကျွန်း၏ မိုင်းတွင်းများတွင် ပင်လယ်ရေများ ပြည့်နှက်လျက် ရှိနေပြီး ထိုထဲတွင်လည်း အလောင်းပေါင်း များစွာ ပြည့်နှက်နေခဲ့၏။ လဝက်လောက် သေချာရှင်းလင်းခဲ့သည်ဆိုလျှင်တောင်မှ အလောင်းကောင်များကို ဆွဲထုတ်၍ မရနိုင်သေးချေ။ မြေဖို့ပစ်ရန်သာ ရှိတော့၏။ ပင်လယ်ရေများကိုလည်း ပြန်လည်ကာ ထုတ်မရနိုင်တော့ချေ။ သို့မဟုတ် မြေတွင်းထဲရှိရေများ အငွေ့ပျံပြီး ကုန်သွားရန်သာ မျှော်လင့်နိုင်သည်။

ထို့ကြောင့် ဝမ်ကျားကျွန်းကို အသုံးပြု၍မရသေးချေ။

သို့ပေမည့် ကံကောင်းစွာဖြင့် ကျင်းချန်ကျွန်းကို သူတို့ ရရှိခဲ့၏။ ထိုနေရာမှ သံမဏိရိုင်းများသည် အဆင့်မြင့်မား၏။ ရွှမ်ဝူအိမ်တော်၏ ပန်းပဲအလုပ်ရုံရှိ လုပ်သားများကို အလုပ်များစေခဲ့၏။

.............

ရှစ်ချင်းချင်းသည် ရွှမ်ဝူမြို့သို့ပြန်ရောက်ပြီးနောက် သူမ၏ စီးပွားရေးကို ပြန်လည်အစပျိုးရန် စဉ်းစားခဲ့သည်။ သို့ပေမည့် ပိုက်ဆံမရှိချေ။ အလုပ်ရုံ မရှိချေ။ ရှိရှိသမျှ ဆိုင်များအားလုံးကိုလည်း အကြွေးဆပ်ရန် ရောင်းချခဲ့ရ၏။ ရှစ်မိသားစု၏ အိမ်တော်ကလည်း မီးလောင်သွားခဲ့ပြီး အစေခံများကလည်း ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် သူမသည် ရွှမ်ဝူအိမ်တော်ဆီသို့ ထပ်မံကာ ရောက်ရှိလာခဲ့၏။ သို့ပေမည့် သူမ လာတွေ့သည့်လူသည် ရှမ့်လန်မဟုတ်ချေ။ ကျင်းမူလန်သာ ဖြစ်၏။ ရည်ရွယ်ချက်မှာ ရိုးရှင်းလှချေသည်။ ပိုက်ဆံချေးငှားရန်ပင်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် ရွှမ်ဝူအိမ်တော်သည် သူမထက်ပင် ပိုမိုကာ ဆင်းရဲမွဲတေလျက် ရှိနေသေး၏။ ရှစ်ချင်းချင်းက ပိုက်ဆံမရှိခြင်းသာလျှင် ရှိ၏။ ရွှမ်ဝူအိမ်တော်မှာတော့ ရွှေဒင်္ဂါးနှစ်သန်းနီးပါးခန့်ပင် အကြွေးတင်နေသေးသည်။

ဟုတ်ပေ၏။ ကောင်းကင်တာအိုအဖွဲ့အစည်း၏ မှန်များက စတင်ကာ ရောင်းချနေပြီ ဖြစ်၏။ လက်ရှိ ကြေညာသည့်အဆင့်တွင် ရှိနေပြီး မှန်တိုင်း .... မှန်တိုင်းသည် တကယ့် ပိုက်ဆံချမ်းသာသည့်လူများသာ အသုံးပြုနိုင်သည့် အရာဖြစ်နေပြီး လေလံတင်ကာ ရောင်းချနေ၏။ မှန်ဈေးနှုန်းသည် ကောင်းကင်ပေါ်သို့ပင် မြင့်တက်လျက်ပင် ရှိနေ၏။

ထို့အပြင် မှန်များ ရောင်းချသည်နှင့်အမျှ ကျင်းမိသားစုက ပိုက်ဆံရရှိနေဦးမှာ ဖြစ်နေ၏။ အဘယ့်ကြောင့်ဆိုသော် ဖန်သားထောက်ပံ့မှုကို သူတို့က တာဝန်ယူထားသောကြောင့်ပင်။

ထိုသို့ဆိုလျှင်တောင် ပိုက်ဆံအသုံးပြုရမည့်နေရာက များပြားလွန်း၏။ စစ်သည်များကို လေ့ကျင့်ပေးခြင်း၊ ထိန်းသိမ်းစားရိတ်ကြီးမားခြင်း၊ ထို့အပြင် နေရာရွေ့ပြောင်းရောက်ရှိလာသူများအတွက် စီစဉ်ခြင်းတို့သည် အဆုံးမဲ့သောတွင်းကြီးကဲ့သို့ပင် .... ပိုက်ဆံများက ထိုအထဲသို့ စီးဝင်နေ၏။

ထိုသို့ဆိုလျှင်တောင်မှ ကျင်းမူလန်သည် ရှစ်ချင်းချင်းကို ပိုက်ဆံချေးငှားခဲ့၏။ ရွှေဒင်္ဂါး ၅၀၀၀၀ ပင် ဖြစ်၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်က ရောက်ရှိမလာသေးချေ။

ကျန်းချုံးသည်လည်း အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိနေ၏။ နုရှောင့်မြို့တစ်ခုလုံးသည် ဘုရင်မင်းမြတ်၏ မေ့လျော့ခြင်း ခံထားရ၏။

သို့ပေမည့် အမိန့်တော်ကျရောက်မလာခင် ကျင်းမိသားစုသည် နုရှောင့်မြို့ကို တရားဝင် အုပ်ချုပ်နိုင်စွမ်း မရှိခဲ့ချေ။ ထိုအရာက လိပ်ခဲတည်းလည်း ဖြစ်စေခဲ့သည်။

ရွှမ်ဝူကဲ့သို့သော ရိုးရှင်းသည့် လူတစ်ယောက်သည် မည်သို့မျှ မနေနိုင်တော့ချေ။ ထို့ကြောင့် ရှမ့်လန်ဆီသို့ သွားရောက်ကာ မေးမြန်းတော့၏။ ဝူတိုင်းပြည်ဆီမှ ကိုယ်စားလှယ်များသည် သူ့ဆီသို့ ဆယ်ကြိမ်ကျော်ခန့် လာခဲ့ပြီးဖြစ်၏။ နယ်စားဂုဏ်ဒြပ်အပြင် ငွေပင်ငွေရင်းများပါ ထောက်ပံ့ပေးမည် ကမ်းလှမ်းခဲ့သေး၏။

“အင်း..သူတို့ရဲ့ နောက်ဆုံးကမ်းလှမ်းချက်က စစ်သည်တွေကို စေလွှတ်ကူညီပြီး ချောင်ဟောင်ကို အနိုင်ယူ သိမ်းပိုက်ဖို့ပေါ့။ ပြီးတော့ လေ့ကျိုးကျွန်းတစ်ခုလုံးကို သိမ်းပိုက်ဖို့အတွက်ပဲ”

ရွှမ်ဝူက ပြောလိုက်သည်။ “အဲအတိုင်းဆို ရွှဲ့ပြည်နယ်ကို ပုန်ကန်သလို ဖြစ်မယ်။ ဝူပြည်နယ်ရဲ့ ဘုရင်မင်းမြတ်က လိုလိုချင်ချင်နဲ့ လာပြီး ကမ်းလှမ်းနေတယ်။ လာကမ်းလှမ်းနေတဲ့အကြောင်း သတင်းထုတ်လိုက်ရမလား။ ဒါမှ စိုးရိမ်ပြီး ငါတို့ဆီ အမိန့်တော်မြန်မြန် ရောက်လာမှာ”

ရွှမ်ဝူသည် ရွှဲ့ပြည်နယ်ကို ပုန်ကန်ရန် စိတ်ဆန္ဒ မရှိချေ။ ဤသတင်းပေါက်ကြားသွားမည်ကိုပင် စိုးရိမ်မိ၏။ ထို့ကြောင့် ရှမ့်လန်ကို လာရောက်ကာ မေးမြန်းခဲ့ခြင်း ဖြစ်၏။ ကျင်းမိသားစု ဝူပြည်နယ်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေခြင်းသည် ဘုရင်နင်ယွမ်ရှမ်းအား စိုးရိမ်ရစေပေလိမ့်မည်။

“မဟုတ်ဘူး။ မလုပ်နဲ့အုံး”

ရှမ့်လန်က ပြောလိုက်၏။ “ဒါ အနည်းနဲ့အများ ထိန်းချုပ်ရမယ့် ကိစ္စပဲ။ ကျုပ်တို့ဆီမှာ တခြားရွေးချယ်ခွင့် မရှိဘူး ဆိုရင်တောင် ဒီအရာကိုသုံးလို့ မဖြစ်သေးဘူး”

ထိုသတင်းကိုသာ ထုတ်ပေးလိုက်မည်ဆိုပါက ကျိန်းသေပေါက် သံသယ၏အကျိုးဆက်ကို ခံယူရပေမည်။

ကျင်းကျိုးက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က ဘာလုပ်ချင်တာလဲ။ ဒီကိစ္စကို အချိန်ဆွဲလာတာ ကြာပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ပထမဦးဆုံးအနေနဲ့ သူက တောင်ပိုင်းတိုင်းပြည်ရဲ့ စစ်ပွဲအခြေအနေကို စောင့်နေတာပဲ။ ဒုတိယအားဖြင့် ကျုပ်တို့ရဲ့ တုံ့ပြန်မှုကို စောင့်နေတာ”

.........

နှစ်ရက်ကြာပြီးနောက် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည့် နန်းမြို့တော်ဆီမှ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ နှစ်လသာ စစ်ဆေးမေးမြန်းပြီးသည့်နောက် ကျင်းဟိုင်မြို့စားကြီးသည် အပြစ်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့၏။

ထန်မိသားစု၏ လူ ၇၀၀ ကျော်တွင် ၃၅၈ ယောက်ကျော်သည် လူမြင်ကွင်း၌ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၃၈၅ ယောက်မှာတော့ ကျေးကျွန်အဖြစ် ပို့လွှတ်ခြင်း ခံခဲ့ရ၏။ ကျင်းဟိုင်မြို့စားကြီး ထန်လွမ်သည် နှစ်ပိုင်းပိုင်းကာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ထိုလူသတ်ပွဲသည် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလွန်းပြီး လူသတ်စင်မြင့်ဆီမှ ကျဆင်းလာသော သွေးများသည် မြစ်ရေများကဲ့သို့ပင်။ ခေါင်းများသည် တစ်ခုပြီးတစ်ခု စင်ပေါ်မှ လိမ့်ကျလျက် ရှိနေ၏။ ဤသတ်ဖြတ်ပွဲကို စိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုကြသည့် သာမန်လူများသည် မြင်ကွင်းကို မြင်ပြီးနောက် ရွံရှာလွန်းသောကြောင့် အော့အန်ခြင်းများပင် ဖြစ်ခဲ့၏။ ညဘက်၌ အိပ်မက်ဆိုးများပင် မက်ကြ၏။ ဘုရင်မင်းမြတ်၏ အာဏာပါးကွက်သားများသည် အားလုံးသောသူတို့၏ သတ္တိများကို ပျောက်ဆုံးသွားစေခဲ့၏။

သို့နှင့် နောက်ဆုံးမှာတော့ ရွှမ်ဝူအိမ်တော်နှင့် ပတ်သက်သော နန်းတွင်းအမိန့်တော်တစ်ခု ရောက်ရှိလာခဲ့သည်။ သို့ပေမည့် ဤအမိန့်စာသည် ရွှမ်ဝူမြို့စားကြီးအား ပေးအပ်သည့်အရာမျိုး မဟုတ်ချေ။ နုရှောင့်မြို့အား ကျင်းမိသားစုဆီသို့ ပေးအပ်သည့် အမိန့်တော်ပြန်တမ်းလည်း မဟုတ်ခဲ့ချေ။

“လေ့ကျိုးကျွန်းစုတစ်ခုလုံးကို နုကျန့်စီရင်စုအောက် ထားမယ်။ နုရှောင့်မြို့ နဲ့ ကောင်းကင်လေမြို့ ဆိုပြီး ခွဲထားမယ်။ ကျင်းရှိယန်ကို နုရှောင့်မြို့စားကြီးအဖြစ် ခန့်အပ်မယ်”

တခြားသော အကြောင်းအရာများ မပါချေ။ ဘုရင်မင်းမြတ်သည် ထိုကဲ့သို့ပင် ရိုးရိုးရှင်းရှင်း အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ပင် ကောင်းကင်လေကျွန်းဆီသို့လည်း အမိန့်ပြန်တမ်းတစ်ခု ပို့လွှတ်ခဲ့၏။

ဤအမိန့်ပြန်တမ်းစာသည် ကျင်းကျိုးကို တကယ်ပင် ဆွံ့အသွားစေခဲ့၏။ ပြီးနောက် သူသည် အလွန်အမင်းလည်း ဒေါသထွက်လျက် ရှိနေ၏။ ဘုရင်မင်းမြတ် ဘာကို ဆိုလိုသနည်း။ ကျင်းရှိယန်သည် သူ၏ လက်အောက်ငယ်သား တပည့်ပင် ဖြစ်၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်သည် သူ၏ အခွင့်အာဏာကို ကျော်လွန်လျက်ရှိပြီး ကျင်းရှိယန်ကိုပင် နုရှောင့်မြို့တော်ဝန်အဖြစ် ရာထူးတိုးမြင့်ပေးခဲ့သည်။ ဘာလုပ်ချင်နေသနည်း။

နန်းတွင်းအမိန့်စာကို လက်ခံရယူပြီးနောက် ကျင်းရှိယန်သည် အလောတကြီးဖြင့် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိ လာကာ ကောင်းကင်နှင့် မြေပြင်ကို သက်သေထားကာ ကျိန်ဆို၏။ သူသည် ဘုရင်မင်းမြတ်၏ အမိန့်စာကို လက်ခံမည် မဟုတ်ဘဲ နုရှောင့်မြို့တော်ဝန်ရာထူးကိုလည်း လက်ခံလိမ့်မည် မဟုတ်ကြောင်းပင်။ ထိုအရာအားလုံးသည် သူ့ကို သတ်သေရန် ဖိအားပေးနေခြင်းသာ ဖြစ်ကြောင်း တောင်းပန်ပြောဆိုခဲ့၏။

ရွှမ်ဝူသည် ကျင်းရှိယန်ကို မိမိကိုယ်ကိုယ် သတ်သေရန် ခွင့်ပြုမပေးခဲ့ချေ။ သူ့ရှေ့တွင် လမ်းနှစ်ခု ရှိ၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို လိုက်နာခြင်းနှင့် ငြင်းပယ်ခြင်းပင် ဖြစ်၏။ အဆုံးသတ်မှာတော့ ရွှမ်ဝူသည် ဘုရင်မင်းမြတ်၏ အမိန့်တော်ကို လက်ခံလိုက်ရန်သာ ရွေးချယ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်လန်က ခေါင်းညိတ်ပြခဲ့သောကြောင့်ပင်။

ထို့ကြောင့်ပင်လျှင် နုရှောင့်မြို့နှင့် ကောင်းကင်လေမြို့သည် တရားဝင်ဆိုသလို ရွှဲ့ပြည်နယ်၏ ပိုင်နက်ဌာနေများ ဖြစ်လာခဲ့ပြီး နုကျန့်စီရင်စုအောက်တွင်ရှိသည့် မြို့နှစ်မြို့အဖြစ် တရားဝင်ခဲ့၏။

ကျင်းရှိယန်သည် မြို့စားအိမ်တော်၏ သီးသန့်စစ်တပ်ခေါင်းဆောင် အဖြစ်မှသည် နုရှောင့်မြို့တော်ဝန်အဖြစ်သို့ ပြောင်းလဲ ရောက်ရှိခဲ့သည်။

ထိုညမှာပင် ကျင်းရှိယန်သည် ရှမ့်လန်၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ဒူးထောက်၏။ “ကျုပ် ... ကျင်းရှိယန်က မိဘမဲ့ တစ်ယောက်ပါ။ ကျင်းမိသားစုထဲမှာ ကြီးပြင်းခဲ့ပြီး ရွှမ်ဝူကို ကျုပ်ရဲ့အဖေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျုပ်က မိန်းကလေး မူလန်ကို အရမ်းကို ချစ်မြတ်နိုးခဲ့တယ်။

ဒါကြောင့်လည်း ကျုပ် အခုချိန်ထိ လက်ထပ်နိုင်ခြင်း မရှိခဲ့တာပေါ့။ ခင်ဗျား သခင်မလေး မူလန်ကို ရယူပြီးတဲ့နောက်မှာ ကျုပ် စိတ်ထဲမှာ အငြိုးအတေးတွေ ရှိခဲ့တယ်။ ကျုပ်ရဲ့ စိတ်ထဲမှာ ခင်ဗျားကို မကျေနပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျင်းမိသားစုနဲ့ ပတ်သက်တဲ့ ကျုပ်ရဲ့ သစ္စာတရားကတော့ ကောင်းကင်နဲ့မြေပြင်ကို သက်သေပြုနိုင်ပါတယ်။

ဒီနေ့ကစပြီး ကျုပ် သမက်တော်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်ပါမယ်။ ရွှမ်ဝူက ကျုပ်ရဲ့အရှင်ပါ။ ခင်ဗျားနဲ့ ကျင်းမူကုန်းက ကျုပ်ရဲ့ သခင်လေးတွေပါပဲ။

ကျင်းရှိယန်က သခင်လေးကို ဂါရဝပြုပါတယ်။ အနာဂတ်မှာ သခင်လေး ဘာကိုပဲ အမိန့်ပေးပေး ... ကျုပ် တစ်ချက်ကလေးမှ မငြင်းဆန်ဘဲ အကုန်လုပ်ပေးပါ့မယ်။ သေဆုံးရမယ်ဆိုရင်တောင် ကျုပ် တစ်ချက်ကလေးမှ မျက်မှောင်ကုတ်မိမှာ မဟုတ်ဘူး။ ဒီကတိကို ချိုးဖျက်မိရင် ကျုပ် ဒီလိုဖြစ်ပါစေသား”

ကျင်းရှိယန်သည် လက်ထဲတွင် ရှိနေသည့် ဓားကို လက်ဖြင့် ခုတ်ပိုင်းချိုးဖြတ်လိုက်၏။ သူ၏ လက်ဆီမှ သွေးများပင် ကျဆင်းလာခဲ့သည်။

................

နန်းတွင်းအမိန့်စာကို လက်ခံခဲ့ပြီးနောက် ကျင်းရှိယန်သည် နုရှောင့်မြို့တော်ဝန်ပင် ဖြစ်လာခဲ့လေ၏။ ရွှမ်ဝူသည် ဘုရင်မင်းမြတ်၏ တုန့်ပြန်မှုကို ငြိမ်ငြိမ်သက်သက်နှင့် ထပ်မံကာ စောင့်စားနေမိ၏။

နုရှောင့်မြို့ကို ကျင်းမိသားစုထံသို့ တရားဝင် လွှဲပြောင်းပေးခဲ့ပြီ ဖြစ်၏။ လက်ရှိအခြေအနေတွင် ကျင်းကျိုး မြို့စားကြီးအား ရာထူးတိုးပေးရန်ပင် ရှိတော့၏။ ဤအရာသည် အခြေအနေတစ်ခုအဖြစ် လိပ်ခဲတည်းလည်း အဖြစ် ကျန်ရှိနေသေးသည်။

ရှမ့်လန်သည်လည်း ထပ်မံရောက်ရှိလာမည့် အမိန့်တော်ကို စောင့်ဆိုင်းရင်း လုပ်စရာရှိသည်များကို ပြုလုပ်လျက် ရှိနေ၏။

မူလန်သည် မောပန်းနွမ်းနယ်စွာဖြင့် ချော့မော့ ပြောဆိုလိုက်သည်။ “ယောက်ျား... ရှင့်က တကယ့်ကို အံ့အားသင့်စရာပဲ။ ကျွန်မ ရှင့်ကြောင့် ပျော်ရွှင်ရတယ်”

သူ၏မိန်းမ မြှောက်ပင့်ပြောဆိုနေခြင်းဖြစ်ကြောင်း ရှမ့်လန်က သိရှိ၏။ သို့ပေမည့် သူသည် ထိုစကားကို လက်သင့်ခံနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် စောဏတုန်းက သူ အားကုန်ထုတ်ကာ ကြိုးစားခဲ့ သောကြောင့်ပင်။

မူလန်သည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ပင် ထိန်းချုပ်ရန် ခက်ခဲလွန်း၏။ ခန္ဓာကိုယ်အားအင်အရဆိုလျှင် မူလန်သည် ရှမ့်လန် ဆယ်ယောက်ကိုပင် လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်း ရှိ၏။ သို့ပေမည့် ကံကောင်းစွာဖြင့် သူမသည် ရှမ့်လန်ကို အလွန်ချစ်မြတ်နိုး၏။ ထို့ကြောင့် ညစဉ်ညတိုင်း ညှာတာပေးခဲ့၏။

ရှမ့်လန်သည် သူ့မိန်းမ၏ဆံနွယ်ကို ရှူရှိုက်ရင်း အသာပင် ပြောလိုက်သည်။ “အင်း... ငါ မင်းကို ထားခဲ့ပြီးတော့ ထွက်မသွားချင်ဘူး”

မူလန်က စိုးရွှံ့သွားခဲ့မိ၏။ ပြီးနောက် ရှမ့်လန်အပေါ်သို့ တက်ခွကာ မေးမြန်းလိုက်၏။ “ရှင့် ကျွန်မကို ထားခဲ့ချင်တာလား။ မဖြစ်နိုင်ဘူး။ မရဘူးနော်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ငါသာ ခန့်မှန်းတာ မမှားဘူးဆိုရင် နောက်ရက်အနည်းငယ်အတွင်း နန်းမြို့တော်ကို သွားရတော့မယ်”

.........

နောက်တစ်ရက်အတွင်းမှာပင် ဘုရင်မင်းမြတ်၏ အမိန့်တော်သည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့၏။ “ရှမ့်လန်ကို ဘုရင်မင်းမြတ်က တွေ့ဖို့ ဆင့်ခေါ်ပါတယ်။ ချက်ချင်း နှောင့်နှေးခြင်းမရှိဘဲ လာခဲ့ရန်”

All Chapters