အခန်း (၂၅၇)
Vol. 19 Ch. 257
မိသားစုတိုင်းတွင် မိမိ၏ ကိုယ်ပိုင် အခွင့်အာဏာနှင့် အရေးကိစ္စဆိုသည်မှာ တည်ရှိ၏။ တော်ဝင်ရင် အင်ပါယာတွင်လည်း ထိုကဲ့သို့ပင် သမိုင်းကြောင်းအစဉ်အလာများ ရှိ၏။ ထိုသို့ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်သည် တစ်ဖက်လူများ၏ အခွင့်အာဏာကို ကျော်လွန်ပြီး ကျင်းရှိယန်အား နုရှောင့်မြို့၏ မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့၏။ ထိုအရာသည် ရွှမ်ဝူအိမ်တော်၏ အောက်ခြေစည်းမျဉ်းကို ကျော်ဖြတ်ခဲ့ခြင်းပင် ဖြစ်၏။
များပြားလွန်းသည့် တော်ဝင်မျိုးနွယ်များနှင့် ပတ်သက်သည့် နိယာမများကို ချိုးဖောက်ခဲ့၏။ အဘယ်ကြောင့် ဆိုသော် မူဝါဒအသစ်ကြောင့်ပင် ဖြစ်၏။ ထို့အပြင် ဘုရင်မင်းမြတ်၏ မူဝါဒအသစ်သည် ရက်စက်လွန်းလှချေ၏။ အဆုံးသတ်မှာတော့ ရှမ့်လန်၏ဆွဲဆောင်မှုအောက်တွင် ရွှမ်ဝူသည် ထိုအရာကို သည်းညည်းခံကာဖြင့် ကြိတ်မှိတ် သည်းခံခဲ့ရသည်။
လက်ရှိအချိန်မှာတော့ နောက်ထပ်အမိန့်တော်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်အား နန်းမြို့တော်ဆီသို့ ဆင့်ခေါ်ခဲ့ခြင်းပေ။ သူ၏ အမူအရာတစ်ခုလုံးက ပြောင်းလဲသွားခဲ့လေ၏။ ရွှမ်ဝူသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။
မိန်းမစိုးက ပြောလိုက်၏။ “ရှမ့်... အမိန့်တော်ကို လက်ခံပါ။ ဘုရင်မင်းမြတ်က ခင်ဗျားကို ဆင့်ခေါ်တယ်ဆိုတာ သတင်းကောင်းတစ်ခုပဲ။ ဒီတော့ ချက်ချင်းထွက်ခွာဖို့ ပြင်ကြရအောင်”
ရွှမ်ဝူက ပြောလိုက်၏။ “မိန်းမစိုး.... ရွှမ်ဝူမြို့ထဲမှာ စောင့်နေပါအုံး။ ကျုပ်သမက်တော်က နန်းမြို့တော်ဆီ တစ်ခါတည်း ပြင်ဆင်ပြီး လိုက်ရမှာလား”
ထိုမိန်းမစိုးသည် ကျင်းမူကုန်းတုန်းကလည်း ထိုကဲ့သို့ပင် ပြုလုပ်ခဲ့၏။ ကျင်းမူကုန်းကို တစ်ခါတည်း နန်းမြို့တော်ဆီ ပို့ဆောင်ရန် ပြင်ဆင်ခဲ့ခြင်းပင်။
မိန်းမစိုးက ပြောလိုက်သည်။ “ရွှမ်ဝူ နောက်နေတာပဲ ဖြစ်ရမယ်။ ဘာပဲပြောပြော အမိန့်တော်ကို ကျုပ်တို့က ပို့ခဲ့ပြီ။ သွားမလား၊ မသွားဘူးလားဆိုတာ ကိုယ့်ကိစ္စပဲ။ ရွှမ်ဝူရဲ့ စိတ်ခံစားချက်အပေါ်မှာပဲ မူတည်ပါတယ်”
ပြီးနောက် မိန်းမစိုးက ထွက်ခွာသွားခဲ့၏။
..................
“မသွားရဘူး”
“မသွားရဘူး”
ရွှမ်ဝူနှင့် သူ့မိန်းမတို့က သံပြိုင် ထွက်ပေါ်လာသည်။
“မသွားရဘူး” နုရှောင့်မြို့၏ မြို့တော်ဝန်အဖြစ် အသစ်ခန့်အပ်ခြင်းကို ခံထားရသည့် ကျင်းရှိယန်ကလည်း ပြောလိုက်၏။
မူလအားဖြင့် သူသည် နုရှောင့်မြို့နှင့် ပတ်သက်သည့် စစ်တပ်ဆိုင်ရာ တာဝန်များကို တာဝန် ယူထားခဲ့၏။ သို့ပေမည့် ဘုရင်မင်းမြတ်က နုရှောင့်မြို့တော်ဝန်အဖြစ် ခန့်အပ်ပြီးတည်းက သူသည် နုရှောင့်မြို့ဆီသို့ မသွားတော့ချေ။ ထိုအစား ရွှမ်ဝူအိမ်တော်၏ အကာအကွယ်ကိုပဲ အာရုံစိုက်ကာ စောင့်ကြပ်လျက် ရှိနေ၏။ ရွှမ်ဝူကျင်းကျိုးသည်သာ နုရှောင့်မြို့တွင်မရှိပါက သူလည်း နုရှောင့်မြို့တွင် နေထိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော စိတ်ဆန္ဒကို ပြသထားသည်။
ကျင်းရှိယန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်က နောက်ဆုံးဘုရင်မင်းမြတ်လိုမျိုး ကြင်နာတဲ့ စိတ်ဆန္ဒ တစ်ခုလေးတောင် ရှိတာမဟုတ်ဘူး။ သူ့ရဲ့ အပြုအမူ၊ ဆောင်ရွက်ပုံတွေက တကယ့်ကို ရက်စက်လွန်းတယ်။ သမက်တော်သာ နန်းမြို့တော်ကိုသွားမယ်ဆိုရင် သူ ဘာလုပ်မလဲ။ ကျိန်းသေပေါက် ဒီကိစ္စက အန္တရာယ်များတယ်”
ယခင်တုန်းက ကျင်းရှိယန်သည် စကားအနည်းငယ်ကိုသာ ပြောဆိုတတ်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင်မှာတော့ သူသည် ကျိန်းသေပေါက် သူ၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသရပေလိမ့်မည်။ သူ၏ရပ်တည်ချက်သည် ရှင်းလင်းပြီး ခိုင်ခန့်တည်မြဲသည့် အရာဖြစ်ကြောင်း ကျင်းမိသားစု သိသာစေရမည်။ ထို့ကြောင့် ဝင်ရောက်ကာ ပြောဆိုနေခြင်းပင်။
ဆရာအိုကြီးလင်းကလည်း ပြောလိုက်သည်။ “ဘာပဲပြောပြော ဝူပြည်နယ်ရဲ့ ကိုယ်စားလှယ်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့တာလေ။ ဒီတော့ စိုးရိမ်ပူပန်ရမယ့်လူက ဘုရင်မင်းမြတ်ပဲ ဖြစ်ရလိမ့်မယ်။ ကျုပ်တို့က စိုးရိမ်ရမယ့်လူတွေ မဟုတ်ဘူး။”
စုဖေ့ဖေ့က ပြောလိုက်၏။ “နန်းမြို့တော်ဆိုတာ ဘုရင်မင်းမြတ်ရဲ့ နဂါးရေကန်၊ ကျားခံတွင်းပဲ။ လန်အာသာ အဲကို ရောက်သွားမယ်ဆိုရင် အန္တရာယ်များမှာကို စိုးရိမ်ရတယ်။ ဒီတော့ သွားလို့မဖြစ်ဘူး”
ထိုအချိန်မှာပဲ ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “မဟုတ်ဘူး၊ ကျုပ် သွားရမယ်”
အားလုံးသောသူတို့သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ တုန်လှုပ်သွားခဲ့ကြ၏။ ဘုရင်မင်းမြတ် ပြုမူဆောင်ရွက်သည့် လုပ်ရပ်များသည် ခန့်မှန်းရန် ခက်ခဲလှ၏။
ပထမဦးဆုံး အမိန့်တော်သုံးခုကို တစ်ခါတည်း ထုတ်ပြန်ခဲ့သည်။
ချောင်ထျန်းဝေကို သုတ်သင်ရှင်းလင်းခြင်းအတွက် ကျန်းချုံးအား ဆုချခဲ့ခြင်းပင် ဖြစ်၏။ အားလုံးသော သူတို့သည် ကျန်းချုံးတစ်ယောက် ကောင်းကင်ယံဆီသို့ မြင့်တက်သွားခဲ့မည်ကို ထင်မှတ်ခဲ့သည့်အချိန်မှာပဲ ကျန်းချုံးသည် ထောင်ထဲသို့ ရောက်သွား၏။
လူပေါင်းများစွာတို့သည် ကျန်းချုံးဒုက္ခရောက်ရန်အတွက် တိုင်တန်းစာများကို ပေးပို့ကာဖြင့် ဒုက္ခပေးခဲ့သည်။ အဆုံးသတ်မှာတော့ အားလုံးသောသူတို့သည် ဖိနှိပ်ခြင်းခံခဲ့ရပြီး အခြားသောသူများထက် ပိုမိုထူးခြားအောင် သွေးတိုင်စာအဖြစ် တင်သွင်းသည့် မင်းမှုထမ်းအရာရှိကို ထောင်ထဲထည့်၍ မိမိကိုယ်ကိုယ် သတ်သေစေခဲ့သည်။ ကျန်းချုံးကို သတ်ချင်သည့် မည်သူ့ကိုမဆိုကို ဘုရင်မင်းမြတ်က အရင်ဆုံး သတ်ပစ်မည့်သဘောပင်။
ယခု ရွှမ်ဝူအိမ်တော်၏ အခြေအနေကလည်း တူညီစွာပင် ဖြစ်၏။ သူသည် ရွှမ်ဝူအိမ်တော်၏ အခွင့်အာဏာကို ကျော်လွန်ကာဖြင့် ကျင်းရှိယန်အား နုရှောင့်မြို့၏ မြို့တော်ဝန်ဘွဲ့ထူး ပေးအပ်ခဲ့၏။ ထိုအရာမှာ ရွှမ်ဝူအိမ်တော်၏ အောက်ခြေစည်းမျဉ်းကို စိန်ခေါ်ခဲ့ခြင်းပင် ဖြစ်၏။
ထို့အပြင် ရှမ့်လန်ကို နန်းမြို့တော်ဆီသို့ ဆင့်ခေါ်ခဲ့၏။ ထိုအရာသည် တစ်စုံတစ်ယောက်ကို ဝါးမျိုရန် စဉ်းစားနေသည်ဆိုသောပုံပင်။ အတိုချုပ်ပြောရမည်ဆိုလျှင် ဘုရင်မင်းမြတ် ဘာလုပ်မည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်က ကျားတစ်ကောင်နဲ့ တူတယ်။ ကျုပ်တို့ကတော့ အရင်တုန်းက လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်လို့ရတဲ့ သမင်တစ်ကောင်လိုပဲပေါ့။ ဒါပေမယ့် ပင်လယ်ပြင်ထဲ ဝင်ရောက်ပြီးနောက်မှာ အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားခဲ့တယ်။ သေးငယ်တဲ့ သမင်တစ်ကောင်က ကြီးမားတဲ့ ပင်လယ်မြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကျားကတော့ ပင်လယ်ထဲထိ လိုက်မလာနိုင်ဘူးလေ။ ကျုပ်တို့ကိုလည်း သတ်လို့မရဘူး။ ဒါဆိုရင် သူ ဘာလုပ်မလဲ”
ရွှမ်ဝူမြို့စားကြီးက ပြောလိုက်သည်။ “ပင်လယ်ပြင်အနားမှာ စောင့်ပြီး ပင်လယ်ပြင်ထဲ လိုက်ဝင်မယ့် ဝတခြားသမင်တွေကို သတ်ပစ်မှာပေါ့။ သူ့ရဲ့သတ်ဖြတ်လိုခြင်းဆန္ဒကို ကောင်းကင်ယံအထိ လွှင့်တင်ပြီး အားလုံးသိအောင် ပြရမှာပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “မှန်တယ်။ သေချာတာပေါ့။ ထန်မိသားစုက ဘုရင်မင်းမြတ်ရဲ့ အပြစ်ဒဏ်ကို ခံနေရတယ်။ ဘုရင်မင်းမြတ်က သူတို့ကို လုံးဝမမုန်းဘူး။ ဒါပေမယ့် တခြားတော်ဝင်မျိုးနွယ်အကုန်လုံးကို သတိပေးတဲ့ နမူနာအဖြစ် ထန်လွမ်ကို နှစ်ပိုင်းပိုင်းပြီး သတ်ပစ်တယ်။
ထန်မိသားစုကိုလည်း နှစ်ပိုင်းခွဲခဲ့တယ်။ တစ်ပိုင်းကို သတ်ဖြတ်ပစ်ခဲ့ပြီး တစ်ပိုင်းကိုတော့ ကျေးကျွန်တွေအဖြစ် ပြုလုပ်ခဲ့တယ်။ ဒါက မျောက်ကို သတိပေးချင်လို့ ကြက်သတ်တဲ့ သဘောပဲ။ ဒီအချိန်မှာ သူ အမုန်းဆုံးလူက ကျုပ် မဟုတ်ဘူး။ ကျန်းချုံးပဲ။
ပြောရမယ်ဆိုရင် ကျန်းချုံးကို သူက အထင်ကြီးထားခဲ့တယ်။ အစိုးရသစ်ရဲ့ ဓားသွားတစ်ခုလိုမျိုး သတ်မှတ်ထားခဲ့တယ်။ နုကျန့်စီရင်စုရဲ့ အောင်ပွဲပြီးသွားရင် ယန်ကျိုးစီရင်စုရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ဖို့တောင် သူက စဉ်းစားထားခဲ့တယ်။
ဘုရင်မင်းမြတ်က ကျန်းချုံးကို တကယ့်ကို မြင့်မြင့်မားမား တွေးတောထားခဲ့ပြီးတော့ တကယ်လည်း အားကိုးခဲ့ တယ်။ ဒါကြောင့်ပဲ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲတဲ့ နေရာနှစ်ခုဆီ သူ့ကို တာဝန်ချထားပေးခဲ့တာပေါ့။ တုံ့ကျန်းမြို့နဲ့ နုကျန့်စီရင်စု နှစ်ခု .... ”
သူက ယန်ကျိုးစီရင်စုမှာ ကျန်းချုံးကို ကောင်းကောင်းလေ့ကျင့်ပေးပြီး နန်းတွင်းရဲ့ တကယ့် အထင်ကရ တည်နေရာဆီ ခေါ်ချင်တယ်။ ဒီအတောအတွင်း ကျန်းချုံးရဲ့ သစ္စာတရားကို သူ လိုချင်တယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ ကျန်းချုံးက နုကျန့်စီရင်စုမှာတင် ရှုံးနိမ့်ခဲ့ရတယ်။
ကျုပ်တို့ရဲ့ မျက်လုံးထဲမှာ ကျန်းချုံးက အရမ်းကို အားကောင်းတယ်။ သူက လေ့ကျိုးကျွန်းစုရဲ့ တစ်ဝက်လောက် ကိုတောင် ပြန်ပြီး သိမ်းဆည်းသွားနိုင်ခဲ့တယ်။ သူက အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ခဲ့ပြီး ကာကွယ်သင့်တဲ့အရာအားလုံးကို ကာကွယ်ထားနိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင် ဒါ ရှုံးနိမ့်မှုတစ်ခုလို့ သုံးသပ်လို့ မရဘူး။
ဒါပေမယ့် ဘုရင်မင်းမြတ်ရဲ့ မျက်လုံးထဲမှာတော့ ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲ။ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်စရာမလိုဘူး။ ရလဒ်ကိုပဲ ကြည့်တယ်။ ကျန်းချုံး ရှုံးနိမ့်ပြီးတဲ့နောက်မှာ အစိုးရသစ်က ကြီးကြီးမားမား တန်ပြန်မှုကို ခံခဲ့ရတယ်။ ဘုရင်မင်းမြတ် သိက္ခာကျခဲ့တယ်။ ဘုရင်မင်းမြတ်က ကျန်းချုံးကို ချက်ချင်း သတ်ချင်တယ်။ ဒါပေမယ့် သူ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ဖို့လည်း လိုသေးတယ်။
ဒါကြောင့် ကျန်းချုံးကို ရေနက်တပ်ဖွဲ့ရဲ့ အထူးတရားရုံးမှာ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးထားခဲ့တာပေါ့။ တစ်ဖက်လူကို ဘာမှမလုပ်ဘူး။ သတ်ဖြတ်ဖို့လည်း မလုပ်သေးဘူး။ ပြီးတော့ လွှတ်လည်း လွှတ်မပေးဘူး။ သူ့ကို လူမြင်ကွင်းကနေ ခဏ သိမ်းဆည်းထားခဲ့တယ်။
အခု အစိုးရသစ်ရဲ့မူဝါဒက ဆိုင်းငံ့ထားသလို ဖြစ်သွားပြီ။ ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကလည်း ပင်လယ်ပြင်တစ်ခုလုံးမှာ ဘုရင်ဖြစ်တော့မယ်။ ဒါဆိုရင် ဘုရင်မင်းမြတ်အတွက် ဘာက အရေးကြီးဆုံးဖြစ်လဲ။ ဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာနဲ့ မျက်နှာပဲ။
ဒါကြောင့် သူက ဂုဏ်သိက္ခာအတွက် သွေးတွေ မြစ်လိုစီးအောင် အားလုံးကို သတ်ဖြတ်ချင်တယ်။ လူတွေအားလုံး ကြောက်လန့်တကြား တုန်ယင်သွားတဲ့အထိ သူက လုပ်ပြချင်တယ်။ အခု သူက ကျားတစ်ကောင်လိုပဲ။ သူ့ရဲ့ အသိုက်ကို ပြန်လာလမ်းမှာ ရှိရှိသမျှလူတွေအကုန်လုံးက သူ့ကို ဒူးထောက်ပြီး ခစားတာမျိုးကို လိုချင်တယ်။ ဘာအသံမှ ထွက်နေတာမျိုး သူ မလိုချင်ဘူး။
ပြီးတော့ သူ တစ်စုံတစ်ခုကို သတ်ဖြတ်ချင်တယ်၊ တိုက်ခိုက်ချင်တယ်ဆိုရင် ကြင်နာတတ်တဲ့ မေတ္တာတရားနဲ့ လေးနက်မှုကို ပြသတတ်တယ်။ ဒါပေမဲ့ သူ ပျော့ပျော့ပျောင်းပျောင်း လိုက်လျောညီထွေ ဆက်ဆံနေပြီ ဆိုရင်တော့ ဒါ ကျိန်းသေတယ်။ သူ တကယ် သတ်ဖြတ်တော့မှာပဲ။ ကျုပ် နန်းမြို့တော်ကို ဝင်သွားပြီဆိုရင် အဖေရဲ့ နယ်စားဘွဲ့တံဆိပ် ချီးမြှင့်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်”
ရှမ့်လန်၏ ထိုသုံးသပ်မှုကို ကြားသည့်အချိန်မှာတော့ ရွှမ်ဝူနှင့် တခြားသောသူများသည် အံ့ချီးနပမ်းဖြစ်လို့နေ၏။ မူလအားဖြင့် သူတို့သည် ဘုရင်မင်းမြတ်၏ လက်ရှိပြုမူဆောင်ရွက်မှုများကို ကြည့်ရှုပြီး မည်သည့်အရာကို အစကောက်ရမည်မှန်းပင် သေသေချာချာ မသိရှိကြချေ။ ဘုရင်မင်းမြတ် ဘာလုပ်နေသည်ဆိုသည်ကို သူတို့ မသိရှိကြချေ။ သူတို့၏ နားလည်နိုင်မှုအထက်တွင် တည်ရှိနေသည် မဟုတ်ပါလား။
ရွှမ်ဝူသည် ဝူပြည်နယ်နှင့် ဆက်စပ်လျက် ရှိနေသည်ဆိုသော သတင်းအချက်အလက်ကိုပင် အပြင်ဘက်သို့ တမင် ထုတ်ဖော်ရန် စဉ်းစားခဲ့မိ၏။ သို့ပေမည့် ဤအရာအားလုံးတို့သည် ကျင်းမိသားစုအပေါ် ဘုရင်မင်းမြတ်၏ ရူးသွပ်သည့် စမ်းသပ်မှုတစ်ခု ဖြစ်လို့နေခဲ့၏။ ရှမ့်လန်၏ သုံးသပ်မှုကို ကြားရသည့်အချိန်မှာတော့ အခြေအနေတစ်ခုလုံးက ရှင်းလင်းသွားခဲ့၏။
“ပြီးတော့ ဘုရင်မင်းမြတ်က ကျုပ်ကို နန်းမြို့တော်ဆီကို မဆင့်ခေါ်ဘူးဆိုရင်တောင် ကျုပ် အဲကို သွားရအုံးမှာပဲ”
ရှမ့်လန်သည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “စုကျန့်ထင်က ကျုပ်တို့အိမ်ထဲ ခိုးဝင်ပြီး ကျုပ်တို့ရဲ့ လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ရုံတင်မကဘူး၊ ကျုပ်ရဲ့အမေနဲ့ မူလန်ကိုပါ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်။
ဒီကိစ္စကို ကျုပ် လက်စားမချေဘူးဆိုရင် အနာဂတ်မှာ ကျုပ်ရဲ့မျက်နှာကို တခြားသောသူတွေရှေ့ ဘယ်လိုပြရမှာလဲ။ စုမိသားစုကို သုတ်သင်ရှင်းလင်း မပစ်နိုင်ဘူးဆိုရင် မူလန်ယောက်ျားဖြစ်ဖို့ ကျုပ်က မထိုက်တန်ဘူး။ ပြီးတော့ ကျုပ်ယောက္ခမကြီးရဲ့ သမက်တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး”
ဤစကားစုသည် စုဖေ့ဖေ့၏ နှလုံးသားတစ်ခုလုံးကို ပျော်ရွှင်သွားစေခဲ့၏။ “သတ်.. သူတို့အားလုံးကို သတ်စမ်း”
အစဉ်အမြဲ ချိုသာစွာနေထိုင်ခဲ့သည့် ယောက္ခမကြီးသည် လက်ရှိအခြေအနေမှာတော့ ရုတ်တရက်ထကာဖြင့် တင်းမာခက်ထန်စွာ ပြောဆိုလိုက်သည်။ တကယ်တမ်းပြောရမည်ဆိုလျှင် သူမ၏ စိတ်ဆုံးဖြတ်ထားမှုသည် ရွှမ်ဝူကျင်းကျိုးထက်ပင် ပိုမိုကာ ရဲရင့်တင်းမာ ပြတ်သားလျက် ရှိနေသည်။
ရွှမ်ဝူက ပြောလိုက်၏။ “လန်အာ... တကယ်လို့ ဘုရင်မင်းမြတ်က ငါ့ကို စမ်းသပ်ချင်တယ်ဆိုရင် ဘာလို့ ငါ့ကို ခေါ်မတွေ့ရတာလဲ။ ဒါက ပိုပြီးတော့ တိုက်ရိုက်ဆန်ပြီး ယုတ္တိကျတယ် မဟုတ်လား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. အဖေက ဘယ်လိုလူစားမျိုးလဲဆိုတာ ဘုရင်မင်းမြတ်က အတိအကျ သိတာပေါ့။ ဒါပေမဲ့ ကျုပ် ဘယ်လိုလူစားမျိုးလဲဆိုတာကိုတော့ ဘုရင်မင်းမြတ် မသိဘူးလေ။ ဒါကြောင့် ကျုပ်တို့မိသားစု ပုန်ကန်မလား၊ မပုန်ကန်ဘူးလားဆိုတာ သူ အတည်ပြုချင်တယ်”
ဤစကားစုထက် ပိုမိုကာ မှန်ကန်သည့်အရာဟူ၍ ရှိတော့မည် မဟုတ်ချေ။ ဘုရင်မင်းမြတ်သည် ရွှမ်ဝူ၏ အမူအကျင့်ကို ရှင်းရှင်းလင်းလင်း သိရှိသည်သာမက အားလုံးသောသူတို့ကလည်း ရွှမ်ဝူအကြောင်းကို သိရှိကြ၏။
ရွှမ်ဝူ၏ ဖမ်းဆီးခြင်းကိုခံရသည့် ထန်လွမ်ပင်လျှင် သူ၏အသက်လုံခြုံရေးကို တစ်ချက်ကလေးမှ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်ဝူသာ လွှတ်ပေးမည်ဟု ကတိပေးခဲ့ပါက ကျိန်းသေပေါက် အသက်ရှင်လျက် ထွက်ခွာသွားရပေမည် ဖြစ်သောကြောင့်ပင်။ ရန်သူသည်ပင်လျှင် ရွှမ်ဝူကို အလုံးစုံ ယုံကြည်သည်။
ဤကဲ့သို့ အမူအကျင့်နှင့် သူ၏ယောက္ခထီး ရှိနေခြင်းအတွက် ရှမ့်လန်သည် ဂုဏ်ယူရမည်လား၊ အကူအညီမဲ့သလို စိတ်ပျက်လက်ပျက် ဖြစ်ရမည်လားပင် မသိတော့ချေ။
အကယ်၍ ရှမ့်လန်သာဆိုပါက ဘာတစ်ခုမှ ခန့်မှန်း၍ ရလိမ့်မည် မဟုတ်ချေ။ ဤလူနှစ်ယောက်၏ကြား အမူအကျင့်တွင် တစ်ယောက်သည် အပေါင်းလက္ခဏာ ဆောင်၍ တစ်ယောက်သည် အနုတ်လက္ခဏာ ဆောင်လျက် ရှိနေ၏။ ဤကဲ့သို့ ယောက္ခထီးနှင့် သမက်တို့သည် အဘယ်ကြောင့် အတူယှဉ်တွဲကာ နေထိုင်နေနိုင်သနည်း ဆိုသည်မှာ ရှင်းပြ၍မရနိုင်သည့် မေတ္တာတရားကြောင့်သာ ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျင်းမိသားစုက ပုန်ကန်တာပဲဖြစ်ဖြစ်၊ မပုန်ကန်တာပဲဖြစ်ဖြစ် အဓိကသော့ချက်က ကျုပ်အပေါ်မှာ မူတည်နေတယ်။ ဒါက အဖေ့ဆီမှာ မူတည်နေတာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒရှိလားဆိုတာကို ဘုရင်မင်းမြတ်က ဆင့်ခေါ်ပြီးတော့ ကြည့်မယ်။ အင်း... တကယ်လို့ ကျုပ်တို့သာ အောင်မြင်အောင် ပြုလုပ်နိုင်မယ်ဆိုရင် ကျင်းမိသားစုက ဒီထက်ပိုပြီးတော့ တိုးချဲ့နိုင်လိမ့်မယ်”
စုဖေ့ဖေ့က ပြောလိုက်သည်။ “ဒါဆိုရင် ဘုရင်မင်းမြတ်က အနည်းငယ်တော့ စိတ်ပျက်သွားမှာပေါ့။ ပုန်ကန်ရတဲ့ကိစ္စက ပျင်းစရာပဲ။ ငါမကြိုက်ဘူး။ ပြီးတော့ လန်အာလည်း ကြိုက်မှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အဲလိုတော့လည်း မဟုတ်ဘူး။ လောကကြီးမှာ ကျုပ်နေထိုင်ရတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိတယ်။ တစ်ခုက ပျော်ပျော်ရွှင်ရွှင်၊ ချမ်းချမ်းသာသာနဲ့ နေထိုင်ဖို့ပဲ။ ဒုတိယကတော့ လောကကြီးမှာ ရန်သူ မရှိဖို့ပဲ”
ဤစကားစုသည် တကယ်ကို ရိုးရှင်းပုံပေါ်၏။ လောကကြီးထဲတွင် ရန်သူမရှိခြင်း - ဤအတွက် ဖြေရှင်းနည်းနှစ်ခု ရှိသည်။
တစ်ခုမှာ အမြင်ကျယ်ပြီး ပေါင်းသင်းဆက်ဆံမှုကောင်းစွာဖြင့် မည်သို့သောသူမျိုးကိုမှ ရန်သူအဖြစ် မသတ်မှတ်တော့ဘဲ ချစ်ခင်ရင်းနှီးစွာ နေထိုင်မည်ဟူသည့် အဓိပ္ပာယ်ပင်။
တခြားသောတစ်ခုမှာတော့ မိမိကိုလာရောက်ကာ ရန်စသည့် လူများအားလုံးကို ရန်သူဟူ၍ မရှိတော့သည်အထိ သတ်ဖြတ်ပစ်မည်ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဆရာလန်၏အခြေအနေသည် ဒုတိယအမျိုးအစားပင် ဖြစ်၏။
.........
ခြံဝန်း၏အတွင်းမှာတော့ နေ့ခင်းဘက်ကြီး ဖြစ်သော်လည်း ရှမ့်လန်နှင့် မူလန်တို့သည် အချစ်စစ်ပွဲကို ဆင်နွှဲလျက် ရှိ၏။ “မိန်းမ.. စိတ်မပူနဲ့။ ငါ ဒီတစ်ကြိမ် နန်းမြို့တော်ကို သွားရင် မင်းအပေါ် မဖောက်ပြန်ပါဘူး။ မင်း ငါ့ရဲ့ အမူအကျင့်တွေကို ယုံကြည်သင့်တယ်။ မင်း ကျန်းချွင်းဟွာကို တွေ့တယ်မလား။ အဲဒီမိန်းမ ဘယ်လောက်လှပြီး ဆွဲဆောင်မှုရှိလဲဆိုတာ သူငါ့ကို အဲလိုမျိုး ဆွဲဆောင်ခဲ့သေးတယ်။ ဒါပေမယ့် ငါ သူ့ကို တစ်ချက်လေးမှ မဖောက်ပြန်ခဲ့ဘူး။
ပြီးတော့ မင်း ရှစ်ချင်းချင်းကို ကြည့်။ အဲဒီမိန်းမဆိုရင် အရှက်မရှိဘူး။ ငါ့ကို နည်းလမ်းပေါင်းများစွာနဲ့ လှေပေါ်မှာ ဆွဲဆောင်ခဲ့တယ်။ ငါ တစ်ချက်ကလေးမှ သူ့ကို မျက်နှာသာမပေးခဲ့ဘူး။ အဆုံးသတ်မှာတော့ သူ ငါ့ဆီကနေ ပိုက်ဆံတောင် ချေးခဲ့သေးတယ်။ ဒါပေမယ့် ငါ မချေးခဲ့ဘူးလေ။ ငါ့ဆီက ချေးမရတော့ မင်းဆီက ချေးသွားတယ်မလား”
ရှစ်ချင်းချင်းသည် ထိုစကားကို မကြားချေ။ ကြားသည်ဆိုပါက ကျိန်းသေပေါက် ရှမ့်လန်ကို တုတ်နှင့် ရိုက်သတ်မှာ သေချာသည်။ ရှမ့်လန်သည် သူ၏ ဖြူစင်သည့် သစ္စာတရားနှင့် ပတ်သက်၍ ကျိန်ဆိုလျက် ရှိနေသည်။
ပြီးနောက် သူသည် အချစ်ခရီးလမ်းကို ဆက်လက်ကာ လှမ်းလျှောက်လျက် ရှိ၏။ ခန္ဓာကိုယ်တွင် ရှိနေသည့် အားများ ကုန်ခမ်းသွားလုမတတ် ကြိုးစားခဲ့ခြင်းပင်။
ဆရာလန်ပြောသည်မှာလည်း အမှန်ပင် ဖြစ်၏။ သူအနေနှင့် တခြားသောသူများနှင့် ဖောက်ပြန်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။ ဖောက်ပြန်စရာပင် စိတ်မကျန်တော့လောက်အောင် သူ၏ အားအင်များက ကုန်ဆုံးနေပြီ မဟုတ်ပါလား။
မူလန်မှာတော့ အများကြီး စဉ်းစားမနေခဲ့ချေ။ ရှမ့်လန်တစ်ယောက် သူမ၏ဘေးမှ ထွက်ခွာသွားမည့် အချိန်များကို တွေးရင်း အဆင်မပြေသလို ခံစားနေခဲ့၏။ ငယ်ရွယ်သူများ၏ စိတ်ခံစားချက်ပင်။ အချိန်အတိုင်းအတာ တိုတွင်းသာ ရှိသည်ဆိုသော်လည်း သူတို့နှစ်ယောက်တို့သည် အတူတူအိပ်၊ အတူတူ စားကာဖြင့် အတူတူ လုပ်စရာရှိသည်များကို လုပ်ခဲ့ကြ၏။ တစ်ရက်ကလေးမှပင် ခွဲခွာခဲ့ခြင်း မရှိချေ။
ယောက်ျား၏ဘေးနားနေထိုင်ရခြင်းသည် အလုံးစုံသော ယုံကြည်ချက်များကို ရရှိခဲ့၏။ ပျော်ရွှင်စရာလည်း ကောင်းသလို ယောက်ျား၏ ညစ်ညမ်းသည့် စကားလုံးများကို နားထောင်ရခြင်းကလည်း ရင်ဖိုစရာ ကောင်းသည်ဟု သူမ ခံစားမိ၏။ ထို့အပြင် ယောက်ျား၏ ကိုယ်သင်းနံ့သည် သူမ၏ စိတ်အခြေအနေတစ်ခုလုံးကို ငြိမ်းချမ်းစေခဲ့၏။
သူမအနေနှင့် နန်းမြို့တော်ဆီသို့ လိုက်ချင်သည်ဟူသော စကားကို ပြောဆိုချင်၏။ သို့ပေမည့် သေသေချာချာ တွေးကြည့်ပြီးသည့်နောက် ထိုအရာက မဖြစ်နိုင်ချေ။ သူမ၌ ကြီးမားလွန်းသည့် တာဝန်ဝတ္တရားရှိ၏။ သူမ၏အဖေနှင့် ကျင်းရှိယန်တို့သည် နုရှောင့်မြို့ထဲတွင် တစ်နှစ်ပတ်လုံး နေထိုင်လျက်ရှိ၏။ ရွှမ်ဝူအိမ်တော် တစ်ခုလုံး၏ အကာအကွယ်သည် သူမ၏လက်ထဲသို့ ရောက်ရှိနေသည်။
ဤအချိန်မှာတော့ မူလန်သည် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းမူကုန်းကို သတ်ဖြတ်ချင်စိတ်ပင် ပေါက်နေ၏။ “ဘာမှ မကောင်းတဲ့ကောင်... နင်သာ နည်းနည်းလေးပိုပြီး အသုံးဝင်မယ်ဆိုရင် ငါ ငါ့ယောက်ျားနဲ့ အေးအေးဆေးဆေး နေနိုင်တယ်”
ရှမ့်လန်က သာမန်ပင် ပြောလိုက်သည်။ “မိန်းမ.. နှစ်ဝက်လောက် လေ့ကျင့်ပြီးတဲ့နောက်မှာ တစ်ခါတည်း သိုင်းဆရာကြီးတစ်ယောက် ဖြစ်လာနိုင်တဲ့ အထူးသိုင်းကျမ်းဆိုတာမျိုး ရှိလား”
မူလန်သည် ထိုအရာကို မကြားချင်ပေ။ သူမ၏ စိတ်ထဲတွင် ရှမ့်လန်နှင့်အတူ နေထိုင်ချင်ခြင်းသာလျှင်ရှိ၏။
“မရှိဘူး”
ရှမ့်လန်က မေးလိုက်သည်။ “နိုင်းယင်သိုင်းကျမ်းတို့၊ နိုင်းယင်နတ်ဘုရားအတတ်ပညာတို့၊ ချီစုပ်ယူခြင်း တော်ဝင်နည်းစနစ်တို့ အဲဒါမျိုးတွေလေ ... ရှိလား”
“မရှိဘူး”
ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး မရှိရတာလဲ။ လောကကြီးမှာ သိုင်းပညာကို လေ့ကျင့်ရတာ ဘာကြောင့်လဲ။ သိုင်းပညာရှင်ကြီးဖြစ်လာဖို့ သိုင်းပညာတစ်ခုချင်းစီကို ဆယ်နှစ်ကျော်လောက် လေ့ကျင့်ရတယ်ဆိုမှတော့ ဘာဖြစ်လာတော့မှာလဲ။
မဟုတ်သေးဘူး။ တစ်ခါ လေ့ကျင့်လိုက်တာနဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ထိ တစ်ခါတည်း ကျွမ်းကျင်သွားတဲ့ သိုင်းကျမ်းမျိုးရှိရင် ဘယ်လောက်ကောင်းမလဲ။ သိုင်းပညာကို အကြာကြီးလေ့ကျင့်ရတာ အရမ်းပျင်းဖို့ ကောင်းတယ်”
မူလန်က ဆွံ့အသွားခဲ့၏။ သူမယောက်ျား၏ ပေါက်ကရလေးဆယ် ပြောစကားများကို သူမက အတိုင်းသား နားထောင်နေရ၏။ ရှမ့်လန် နောက်ဆုံးအကြိမ်က သိုင်းပညာလေ့ကျင့်ရန် တောင်းဆိုခဲ့သည်ကိုပင် သူမ မှတ်မိနေခဲ့၏။ နာရီဝက်လောက် လေ့ကျင့်သည်ကိုပင် ပင်ပန်းသည်ဟုဆိုကာ မကျင့်တော့ချေ။ ဤကဲ့သို့သောလူနှင့် သိုင်းပညာအကြောင်း ဆွေးနွေးရသည်မှာ အဓိပ္ပာယ်မရှိချေ။
“အင်း.. တစ်နှစ်လေ့ကျင့်လိုက်ရုံနဲ့ ၁၀ နှစ်စာလောက် တတ်ကျွမ်းနိုင်တဲ့ သိုင်းပညာမျိုးကော မရှိဘူးလား” ရှမ့်လန်က မေးမြန်းလိုက်၏။