အခန်း (၂၅၈)
Vol. 19 Ch. 258
“မရှိပါဘူး”
ရှမ့်လန်က ထပ်မေးပြန်သည်။ “ဒါဆိုရင် တစ်နှစ်လောက် လေ့ကျင့်ရုံနဲ့ ငါးနှစ်စာလောက်တတ်သွားတာမျိုးကော”
မူလန်သည် ရှမ့်လန်၏ ရင်ဘတ်ကို အသာကိုက်ကာဖြင့် ပြောလိုက်လေ၏။ “မရှိဘူး။ သိုင်းပညာအကြောင်း မပြောနဲ့တော့။ ထားလိုက်တော့။ ကျွန်မ ရှင့်ကို ဖက်ပြီးထားချင်တယ်။ နားညီးအောင် ဆူညံဆူညံ မလုပ်နဲ့”
ရှမ့်လန်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် မေးလိုက်မိပြန်သည်။ “တစ်နှစ် လေ့ကျင့်ရင် သုံးနှစ်စာလောက် တတ်ကျွမ်းမယ့်ဟာမျိုးကော”
မူလန်သည် ခေါင်းကိုမော့၏။ ပြီးနောက် ပြောလိုက်၏။ “ယောက်ျား.. ရှင် ကျွန်မရဲ့ သိုင်းပညာကို အထင်သေးနေတာလား။ ရှင်က ချောင်ယောင်းအာ ဘယ်လောက်အားကောင်းတယ်ဆိုတာ မြင်ခဲ့ပြီးတော့ ကျွန်မကို အထင်သေးနေတာလား။ ဟုတ်လား”
ရှမ့်လန်သည် ဒူးများပင် ခွေယိုင်သွားခဲ့မိ၏။ ချက်ချင်းပင် ခေါင်းကို အလျင်အမြန်ဖြင့် ခါယမ်းကာ ပြောလိုက်သည်။ “မဟုတ်သေးပါဘူး။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါလို အားနည်းတဲ့လူတစ်ယောက်က ငါ့မိန်းမရဲ့ သိုင်းပညာကို ဘယ်လိုလုပ် အထင်မြင်သေးရမှာလဲ”
အစစ်အမှန်တရားမှာတော့ ရှမ့်လန်သည် တကယ်ပဲ မစောင့်နိုင်တော့ချေ။ သူသည် သူ၏မိန်းမအား လောကကြီး တစ်ခုလုံး၏ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရန် ပြုစုပျိုးထောင်ချင်မိ၏။ သို့ပေမည့် ကြည့်ရှု ရသည်မှာ အနည်းငယ် ခက်ခဲမယ့်ပုံပေါ်သည်။
လောက၌ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ကို မွေးထုတ်ဖို့ ဆိုသည်မှာ ပြုစုပျိုးထောင်စရာ မလိုအပ်ချေ။ ဥပမာအားဖြင့် အရူးကြီးနှင့် ချောင်ယောင်းအာကဲ့သို့သော လူမျိုးပင်။
သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူသည် မူလန်ကို သိုင်းပညာများ လေ့ကျင့်ပေးကာ ချောင်ယောင်းအာကို အနိုင်ယူစေချင်မိ၏။ “မင်း ဘာလို့ဒီလောက် မောက်မာရတာလဲ။ ငါ့မိန်းမက မင်းထက်တော်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... မင်း ဘယ်အချိန်လောက် လောကရဲ့ ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာမှာလဲ။ ငါ့ရဲ့ အိမ်မက်ထဲမှာတောင် စဉ်းစားကြည့်မိတယ်။ ငါ မင်းကို ချောင်ယောင်းအာဆီကို ခေါ်သွားပြီးတော့ သူမကို လက်ညှိုးထိုးပြီး ပြောလိုက်မယ်။ သူ့ကို အနိုင်တိုက်စမ်းဆိုတော့ မင်း တစ်ခါတည်း ရှေ့ကို ပြေးသွားပြီး တစ်ချက်လောက် ရိုက်လိုက်။ အဲမိန်းမ မြေပေါ်ကျသွားမယ်။ ဘယ်လောက်ကောင်းလဲ”
မူလန်သည် ရုတ်တရက် ထထိုင်လိုက်၏။ သူမ၌လည်း ထိုကဲ့သို့သော အိမ်မက်မျိုးရှိ၏။ သူမ ကျင်းမူလန်သည် ချောင်ယောင်းအာကို အနိုင်ယူချင်၏။ အိမ်မက်ထဲပင်လျှင် တစ်ဖက်လူကို သတ်ဖြတ်ချင်စိတ်ရှိ၏။ တစ်ဖက်လူသည် တကယ်ပဲ သူ့ယောက်ျား၏ ပထမဦးဆုံးအကြိမ်ကို ရယူသွားခဲ့၏။ ယောက်ျား၏ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း သုံးမိနစ်ဆိုသည့် အရာသည် ထိုအရာနှင့် ဆက်စပ်နေသည်လားကိုပင် သူမက သံသယဝင်ခဲ့မိ၏။
‘ငါ့ယောက်ျားကို နှလုံးသားထဲမှာ အရိပ်ဆိုးကြီးဖြစ်အောင်လို့ မင်း ပြုမူခဲ့တယ်။ မဟုတ်ရင် ဒီလိုမျိုးဖြစ်မှာ မဟုတ်ဘူး’
ပြီးနောက် မူလန်သည် လေးနက်လာခဲ့သည်။ “ဆရာပြောတာတော့ အရမ်းကို အားကောင်းတဲ့ လျှို့ဝှက်အတွင်းအား ကျင့်စဉ်တစ်ခု ရှိတယ်တဲ့။ တစ်ဝက်လောက်လေ့ကျင့်လိုက်ရုံနဲ့ နှစ်ဆပိုပြီး အကျိုးထူးတယ်တဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ အဲဒါရှိရင် တစ်နှစ်လောက် လေ့ကျင့်လိုက်ရင် နှစ်နှစ်လောက် လေ့ကျင့်သလို ဖြစ်နိုင်မယ့် သိုင်းပညာနည်းစနစ်မျိုးပေါ့”
မူလန်သည် အကူအညီမဲ့သလို ဖြစ်သွားခဲ့၏။ သိုင်းပညာ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အလွန်ပင် နက်နဲပြီး ဆန်းကြယ်လွန်း၏။ သို့ပေမည့် ယောက်ျားသည် တကယ့်ကို ငတုံးတစ်ယောက်၏ လေသံမျိုးဖြင့် ပြန်လည်ကာ မေးမြန်းလျက် ရှိသည်။ သူမ မည်သို့ ဖြေရမည်နည်း။
“အင်း... တစ်နှစ်ကျင့်ရင် နှစ်နှစ်ကျင့်တာနဲ့ တူတာမျိုးဖြစ်လိမ့်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “အဲလောက်တောင် အသုံးမဝင်တာလား။ နည်းလိုက်တာ”
မူလန်က ဆွံ့အသွားခဲ့၏။ အဘယ်သို့ အမှိုက်ဖြစ်မည်နည်း။
ထိုကဲ့သို့သောအရာသည် ကောင်းကင်က ငြင်းပယ်လောက်သည့် အတွင်းအားကျင့်ကြံခြင်း နည်းစနစ်ပင် ဖြစ်၏။ ဒဏ္ဍာရီလာ လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်ပြီး သူမ၏ဆရာ ကျုံးချူးကဲ့နှင့် လီချင်းချိုးတို့ပင်လျှင် ထိုအရာကို မမြင်ခဲ့ဖူးချေ။
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... အဲဒီ အတွင်းအားကျင့်စဉ်ကို ဘယ်လိုခေါ်လဲ။ ငါ မင်းအတွက် ယူပေးမယ်။ ကောင်းကင်ပင်လယ်နန်းဆောင်မှာ ရှိလား”
မူလန်က ပြောလိုက်၏။ “ရှင်... အဲကို သွားပြီးတော့ ကျန်းယွီယင်းဆိုတဲ့ မိန်းမနဲ့ ပျော်ပါးချင်လို့ မဟုတ်လား”
“ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ငါ့ရဲ့ လှပတဲ့ရုပ်ရည်ကို အသုံးပြုပြီးတော့ သိုင်းကျမ်းတွေကို ရအောင် ယူဆောင်ရမယ် ဆိုရင်တောင် ငါ့ရဲ့ ဖြူစင်တဲ့သစ္စာတရားကိုတော့ ဘယ်တော့မှ မပျက်စီးစေရဘူးလို့ ကတိပေးပါတယ်”
မူလန်က ပြောလိုက်၏။ “ဒါက ကောင်းကင်ပင်လယ်နန်းဆောင်မှာ မဟုတ်ဘူး”
ရှမ့်လန်က မေးမြန်းလိုက်သည်။ “ဒါဆိုရင် သူ့ရဲ့နာမည်က ဘယ်လိုခေါ်လဲ”
“ငရဲလက်ထပ်ခြင်းနည်းစနစ်တဲ့” မူလန်က ပြောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ ငါ .. ဒါကို မှတ်ထားမယ်။ ကျိန်းသေပေါက် မင်းရဲ့ ၂၂ နှစ်မြောက်မွေးနေ့မှာ လက်ဆောင်ပေးမယ်”
“ပါးစပ်ပိတ်ထားစမ်း”
မူလန်က ခပ်မာမာ ပြောလိုက်၏။ “ဒီအချိန်မှာ အသက်အကြောင်းတွေ မပြောနဲ့။ ကျွန်မက ရှင်နဲ့ အသက်တူတူပဲ”
မူလန်သည် ရှမ့်လန်ထက် နှစ်နှစ်ခွဲလောက်ကြီး၏။ ထို့ကြောင့် သူမသည် အသက်အကြောင်းနားထောင်ရခြင်းကို မနှစ်သက်ချေ။ သို့ပေမည့် ဆရာလန်မှာတော့ သူ့ထက်အသက်ကြီးသည့် မိန်းမများကိုသာ နှစ်သက်၏။ ရှောင်ပင်းကဲ့သို့သော မိန်းကလေးငယ်များသည် အမြင်၌ ဆွဲဆောင်မှုရှိသည်ဆိုသော်လည်း တကယ့် တကယ်တမ်းကျ သူ့အတွက် အသုံးမဝင်ချေ။
မူလန်ကဲ့သို့သော အမျိုးသမီးများမှာတော့ ဖုံးကွယ်ထားသည့် ရတနာသိုက်တစ်ခုကဲ့သို့ပင် ဖြစ်၏။ မည်မျှ တူးရ တူးရ ပင်ပန်းသည်ဟု မခံစားရချေ။ တစ်ချက်ကလေးမှ ပင်ပန်းသည်ဟူ၍လည်း စိတ်ခံစားချက်ကို မရရှိချေ။
ရှောင်ပင်းမှာတော့ အရှုံးပေးသူ ဖြစ်၏။ ပြန်လည်တိုက်ခိုက်ရန်အတွက် စွမ်းဆောင်ရည်ပင် မရှိချေ။ သူမသည် မူလန်နှင့် မတူချေ။ မူလန်မှာတော့ အဆုံးစွန်ထိ သူနှင့်ယှဉ်ပြိုင်ကာ တိုက်ခိုက်နိုင်စွမ်းရှိသည့် လူပင် ဖြစ်၏။ အချို့သောအချိန်များတွင် သူကပင် ပြန်လည်ကာ တောင်းပန်ရ၏။
.......
ညသို့ရောက်ရှိလာချိန်မှာတော့ ရှမ့်လန်သည် သူ၏မိဘများနှင့်အတူ ညစာသွားစား၏။ ရှမ့်လန် နန်းမြို့တော်ဆီသို့ သွားမည်ကို ကြားရသည့်အချိန်မှာတော့ သူ၏မိဘများသည် အလွန်ပူပန်သွားခဲ့မိ၏။ သို့ပေမည့် တစ်ခုခုကို ပြောဆိုရန် တုံ့ဆိုင်းနေမိ၏။ အဆုံးသတ်မှာတော့ မည်သည့်စကားကိုမှ မဆိုတော့ချေ။
ရှမ့်ကျန်၏မျက်နှာထက်တွင် လက်ဝါးရာတစ်ခုရှိနေကြောင်း ရှမ့်လန်က သတိပြုမိ၏။
“ဒါ ဘယ်သူ လုပ်လိုက်တာလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။
ရှမ့်ကျန်သည် မည်သည့်စကားကိုမှ မဆိုချေ။ ခေါင်းကိုမော့ပြီး သူ၏အမေကို ကြည့်ရှုလိုက်၏။ ကျိန်းသေပေါက် သူ၏အမေ ရိုက်နှက်ခြင်းသာလျှင် ဖြစ်လိမ့်မည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “အမေ ဘာဖြစ်လို့လဲ”
သူ၏အမေက ပြောလိုက်သည်။ “မင်းရဲ့ညီငယ်က ဆင်းရဲတဲ့မိသားစုတစ်ခုကနေ ဆင်းသက်လာခဲ့တာ။ သူက အရာအားလုံးကို လုပ်ခဲ့ဖူးတယ်။ ဒါကြောင့် အနာဂတ်မှာ မိန်းမကောင်းလေး ရနိုင်ပါ့မလားလို့ ငါ စိုးရိမ်မိခဲ့တယ်။
အဆုံးသတ်မှာတော့ ခမည်းခမက်က သူ့ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အိမ်တော်ထဲက မိန်းကလေးတစ်ယောက်ပဲလေ။ သူမက တကယ့်ကို ကြင်နာတတ်တဲ့ မိန်းကလေးဖြစ်ပြီး သူ့ရဲ့အဖေကလည်း မြို့စားအိမ်တော်မှာ စာသင်ကြားပေးနေတဲ့ ကျောင်းတော်သားတစ်ယောက်ပဲ။ သူ့ရဲ့အဘိုးက မြို့စားကြီးရဲ့ အယုံကြည်ရဆုံးလူတစ်ယောက်လေ။ မင်း သူ့ကို သိမှာပေါ့”
သူ အဘယ်သို့ ဆရာအိုကြီးလင်းကို မသိဘဲနေမည်နည်း။ ဆရာအိုကြီးလင်းသည် မြို့စားအိမ်တော်၏ သစ္စာ အရှိဆုံး ကျေးကျွန်တစ်ယောက်ဖြစ်ပြီး ယခင်မြို့စားကြီး၏ မွေးစားသားတစ်ယောက်ကဲ့သို့ သတ်မှတ်ခံရသည့် လူတစ်ယောက်ဖြစ်ကာ ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးမား၏။
သူ၏ယောက္ခမကြီးသည် ဆရာအိုကြီးလင်း၏ မြေးနှင့် ရှမ့်ကျန်ကို မိတ်ဆက်ပေးခဲ့လေသည်လား။ ရှမ့်လန်သည် ဤမိန်းကလေးကို ယခင်တုန်းက မြင်ခဲ့ဖူး၏။ ကြင်နာတတ်ပြီး ရိုးရိုးကုတ်ကုတ် နေထိုင်တတ်သည့် လူမျိုးပင်။
“ပြီးတော့”
သူ၏အမေက ပြောလိုက်၏။ “ဆရာအိုကြီးလင်းကလည်း သဘောတူတယ်။ မိန်းကလေးကလည်း မင်းညီကို မြင်တော့ သဘောတူတယ်။ ဒါပေမယ့် သူ ဘာတွေတွေးနေလဲဆိုတာ ငါ မသိတော့ဘူး”
ရှမ့်ကျန်ကလည်း ဆွံ့အလျက် ရှိနေ၏။ ကျုပ်က အမေ့ရဲ့ မွေးစားသားလား။ ကျုပ် သားအရင်းပါပဲ။ ဘယ်လိုလုပ် မှိုချိုးမျှစ်ချိုး ပြောနေရတာလဲ။ ကျုပ်ကို သဘောကျတယ်ဆိုမှတော့ အဲမိန်းကလေး မျက်လုံးကန်းနေတာပဲ ဖြစ်မှာပေါ့။
သူ၏အမေက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဟုတ်တယ်။ မိန်းကလေးလင်းလို ကလေးမလေးမျိုးကို ချွေးမအဖြစ် သတ်မှတ်ရတာ ငါ့အတွက် အရမ်းကို ပျော်ဖို့ကောင်းတဲ့ အရာမျိုးပေါ့။ ပြီးတော့ မိသားစု နှစ်ခုကြားထဲမှာလည်း ပတ်သက်ဆက်နွှယ်မှုက မြန်မြန်ဆန်ဆန်နဲ့ ဖြစ်တည်လာခဲ့တယ်။ သိတယ်မလား။ ဒါပေမယ့် ဒီရှမ့်ကျန်ဆိုတဲ့ ခွေးကောင်က ဘာပြောလဲဆိုတော့ သူ မိန်းကလေးလင်းကို လက်မထပ်ချင်ဘူးတဲ့။ ရွာက မုဆိုးမလျှိုကိုပဲ လက်ထပ်ချင်တယ်တဲ့”
“ဟမ်”
ရှမ့်လန်သည် တုန်လှုပ်သွားခဲ့မိသည်။ “ညီလေး.. မင်း ဘာတွေဖြစ်နေတာလဲ။ မုဆိုးမလျှို အကြောင်းကို အခုထိတွေးနေတုန်းလား”
မိမိထက် အသက်ကြီးသည့် အမျိုးသမီးတစ်ယောက်ကို ကြိုက်နှစ်သက်နေသည်လား။ အဓိကအားဖြင့် ထိုမိန်းမသည် ရှမ့်ကျန်ထက် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ပင် ကြီး၏။ အားလုံးသောမိန်းမများသည် ချောင်ယောင်းအာကဲ့သို့ အသက်ကြီးလျှင်တောင် ကြည့်ကောင်းသည့် မိန်းမမျိုးမဟုတ်ချေ။
သူ့အမေက ပြောလိုက်၏။ “ဘာပဲပြောပြော ငါတို့ စေ့စပ်ပွဲ လုပ်ရတော့မယ်။ ဒါပေမယ့် ဒီခွေးကောင်လေးက မိန်းကလေးလင်းကို လက်မထပ်ချင်ဘူး။ မုဆိုးမလျှိုကိုပဲ လက်ထပ်ချင်တယ်ဆိုပြီး ပြောနေတယ်။ ဘယ်လိုလုပ် ငါ ဒေါသမထွက်ဘဲနေမှာလဲ။ ဒါကြောင့် အကြိမ်အနည်းငယ်လောက် ရိုက်လိုက်တာ။ ဒါတောင် မင်း ဒီကို ရောက်လာလို့။ မဟုတ်ရင် မင်းအဖေက သူ့ကို ထပ်ရိုက်အုံးမှာ”
မူလန်သည် ရှမ့်လန်အတွက် ငါးအသားကိုခွာပြီး ခွံ့ကျွေးလျက် ရှိနေ၏။ သူမသည် သူမ၏ ယောက္ခမကြီးဆီမှ ဆိုးဆိုးရွားရွား စကားလုံးများကို ကြားရချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ ရယ်မောချင်မိသည်။
ထိုအချိန်မှာပဲ သူ့အမေ၏ အကြည့်များသည် မူလန်ဆီသို့ ရောက်ရှိလာခဲ့၏။ တကယ်ပင် နှလုံးသားတစ်ခုလုံး အရည်ပျော်ကျ သွားလေခဲ့၏။ ဤကဲ့သို့ ချွေးမကောင်းတစ်ယောက်ကို ရရှိခဲ့သည်ဆိုခြင်းမှာ သူမအတွက် ကောင်းမွန်သည့်အရာတစ်ခုဖြစ်သလို သူမသားအတွက်လည်း ကောင်းချီးင်္ဂလာတစ်ခုပင် ဖြစ်၏။ တော်ဝင်ဆန်သည့် ဤချွေးမသည် ရှမ့်လန်ကို အကောင်းမွန်ဆုံး ပြုစုပေးလျက် ရှိ၏။
သူ့အမေက ပြောလိုက်သည်။ “ရှမ့်ကျန်.. မင်းရဲ့ အစ်ကိုနဲ့ မရီးတို့ ဒီမှာရှိနေတယ်။ မင်းကို ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ဒီလက်ထပ်ပွဲကို သေသေချာချာ လုပ်မယ်။ မင်း သဘောမတူဘူးဆိုရင် မင်းကို ငါ သေအောင် ရိုက်သတ်ပစ်မယ်။ ဘာပဲပြောပြော ငါ့ဆီမှာ ဒီသားတစ်ယောက် ရှိနေသေးတယ်။ မင်းမရှိတော့လည်း ကိစ္စမရှိဘူး”
ရှမ့်ကျန်သည် လည်ကုပ်တစ်ခုလုံး ပုဝင်သွားခဲ့၏။ “ဒါပေမယ့် ကျုပ်... ကျုပ် ချမ်းသာလာရင် သူမကို လက်ထပ်မယ်လို့ မုဆိုးမလျှိုကို ကတိပေးခဲ့တယ်လေ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မုဆိုးမလျှိုကရော သဘောတူလား”
ရှမ့်ကျန်သည် ဆွံ့အသွားသည်။ ပြီးနောက် ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “သဘောမတူပါဘူး”
ရှမ့်လန်က ဆွံ့အသွားမိ၏။ မုဆိုးမလျှိုပင် သဘောမတူချေ။ ဘာတွေကို စဉ်းစားတွေးတော နေသနည်း။
................
ထမင်းစားပွဲပြီးနောက် မူလန်သည် သူ၏အမေကို ခေါ်ဆောင်ကာဖြင့် အဝတ်အစားချုပ်လုပ်နည်းကို သွားရောက်ကာ သင်ယူလျက် ရှိနေ၏။ ဇာတ်လမ်းထဲတွင် ထည့်ကာရေးသားခဲ့ခြင်း မရှိသော်လည်း လွန်ခဲ့သည့် နှစ်လအတွင်း ရှမ့်လန်နှင့် မူလန်တို့သည် သူတို့၏အချိန်တစ်ဝက်လောက်ကို မြို့စားအိမ်တော်နှင့် ရှမ့်လန်၏မိဘအိမ်တွင် ကုန်ဆုံးခဲ့ကြသည်။
ရှမ့်မိသားစုသည် တကယ်ကို ပျော်ရွှင်စရာဖြစ်ခဲ့၏။ ရှမ့်လန်က ချမ်းသာလာခဲ့၏။ ထို့ကြောင့် ရှမ့်မိသားစုအတွက် ဆယ်ဧက မြေပတ်လည်တွင် ကြီးမားလွန်းသည့် အိမ်တစ်လုံးကို ဆောက်လုပ်ခဲ့၏။ ထိုထဲတွင် နန်းဆောင်များ၊ ဥယျာဉ်များ၊ ရေကန်များ ... အရာအားလုံး ပါဝင်၏။
ရှမ့်လန်သည် သူ၏ညီငယ်ကို တည်ဆောက်၍မပြီးစီးသေးသော ဥယျာဉ်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့သည်။
“ညီလေး.. ငါ့ကိုပြော၊ မင်း ဘယ်လိုထင်လဲ”
ရှမ့်လန်က ပြောလိုက်၏။ “ငါ မုဆိုးမလျှိုကို မြင်ခဲ့ဖူးတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နည်းနည်း ဝတယ်။ ခါးကလည်း ခပ်တုတ်တုတ်နဲ့။ အသားအရေကလည်း သိပ်ပြီးတော့ ကြည့်မကောင်းဘူး။ သူမက အသက်ကြီးပြီး ပုံစံအသွင်အပြင်ကလည်း ပုံမှန်ပါပဲ”
“အင်း....” ရှမ့်ကျန်သည် ပြောစရာစကားလုံးများ ပျောက်ဆုံးနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အတိတ်တုန်းက ဒီလိုမိန်းမမျိုးကို မင်းလက်ထပ်မယ်ဆိုရင် အဖေနဲ့အမေက မင်း အတွက် ထ ကတဲ့အထိ ဝမ်းသာနေမှာလေ။ ဒါပေမယ့် အခု ငါတို့မိသားစုက အရမ်းကို ချမ်းသာနေခဲ့ပြီ။ ဒီတော့ ငါတို့က မြင့်မြင့်ကို မှန်းရမယ်။ မင်းအနေနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့လိုတယ်။ ကောင်းမွန်တဲ့မိသားစုဆီမှာ မွေးဖွားလာတဲ့ မိန်းမလှလေးဆိုရင် အကောင်းဆုံးပေါ့”
သူ့အစ်ကို၏ စကားများမှန်ကန်ကြောင်းကို ရှမ့်ကျန်က သိရှိနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဆရာအိုကြီးလင်းရဲ့ မြေးမလေးက ငါမြင်ဖူးခဲ့တယ်။ သူက တကယ့်ကို အပြစ်ကင်းစင်ပြီး သန့်စင်တဲ့မိန်းကလေးတစ်ယောက်ပဲ။ ပြီးတော့ လှပပြီး ရိုးရိုးကုတ်ကုတ် နေတတ်တယ်။ ဒီလိုချွေးမကောင်းလေးက မင်းနဲ့ ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်ဘူးလား။ ဒါပေမယ့် မင်းက ဒီအရာမျိုးကို လျစ်လျူရှုပြီး မုဆိုးမလျှိုကိုပဲ လက်ထပ်ချင်တယ်ဆိုတော့ မင်းရူးသွားပြီလား”
ပိုမို၍ အရေးကြီးမားသည်မှာ မုဆိုးမလျှိုနှင့် လက်ထပ်ချင်ခြင်းသည် ရှမ့်ကျန်၏ ကိုယ်ပိုင်စိတ်ကူးပင် ဖြစ်နေ၏။ မုဆိုးမလျှိုက သဘောပင် မတူချေ။
အချိန်ခဏကြာပြီးနောက် ရှမ့်ကျန်က ပြောလိုက်၏။ “အစ်ကိုကြီး.. ကျုပ် ဒီလိုအခြေအနေမျိုးကို ရောက်လာတာ အစ်ကိုကြီးကြောင့်ပဲ။ ကျုပ်က ဘာမှကောင်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်က မိန်းကလေးလင်းနဲ့ ထိုက်တန်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူ၏ညီ ဘာကို တွေးနေသနည်းဆိုသည်ကို သူ ကောင်းကောင်း နားလည်သွား ခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မင်း မိန်းကလေးလင်းကို ကြိုက်လား”
ရှမ့်ကျန်က ပြောလိုက်သည်။ “အရမ်းလှပြီး သန့်စင်လွန်းတဲ့ မိန်းကလေးကို မကြိုက်တဲ့လူ ဘယ်လိုရှိမှာလဲ။ ဒါပေမယ့် သူ မနှစ်သက်မှာကို ကျုပ် စိုးရိမ်မိတယ်။ မြို့စားကတော် အောင်သွယ်တော် လုပ်ထားတာဆိုတော့ လင်းမိသားစု မငြင်းပယ်ရဲမှာ စိုးရတယ်။ ဒါကြောင့် မိန်းကလေးလင်းက လက်ခံလိုက်ရတယ်ဆိုရင် အားနာစရာဖြစ်မယ် မဟုတ်လား”
ရှမ့်လန်သည် သူ့ညီ၏ ဦးခေါင်းကို ဘုတ်ခနဲ ထုနှက်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကိုက ရှုံးနိမ့်နေပြီ။ မင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ရှုံးနိမ့်နေတဲ့လူပဲ”
ပြီးနောက် ရှမ့်လန်သည် သူ၏ညီငယ်ကို မြို့စားအိမ်တော်ဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး မိန်းကလေးလင်း၏ ရှေ့ဆီသို့ သွားလိုက်၏။ အနားသို့ မကပ်ခင်မှာပင် မိန်းကလေးလင်း၏ မျက်နှာသွင်ပြင်တစ်ခုလုံးက နီရဲလျက် ရှိနေ၏။ သူမသည် ခေါင်းကိုပင် မြေတွင်းတူးကာ ဖွက်ထားချင်စိတ် ပေါက်နေသည့် ပုံပင်။ သူမသည် တကယ်ကို လှပ၏။ ထို့အပြင် ရှက်ရွံ့လျက်လည်း ရှိနေသေးသည်။
“လင်းကျင်းကျင်း... မင်း ငါ့ရဲ့ညီ ရှမ့်ကျန်ကို ကြိုက်လား”
ရှမ့်လန်က မေးလိုက်၏။ “မင်းသဘောမတွေ့ဘဲ အတင်းလက်ခံလိုက်ရမှာကို ငါ့ညီက စိုးရိမ်နေတယ်။ ဒါကြောင့် သူ ငါ့အမေရဲ့ အရိုက် ခံခဲ့ရတယ်”
ရှမ့်ကျန်က ရှက်ရွံ့သွားမိ၏။ သူ သေပင်သေလိုက်ချင်သည်။ “အစ်ကိုကြီး.. ကျုပ် အရင်သွား ... သွား ... ”
ရှမ့်လန်က တစ်ဖက်လူကို ဆွဲထား၏။
လင်းကျင်းကျင်းသည် မြန်မြန်ဆန်ဆန်ပဲ ခေါင်းညိတ်ပြ၏။ ပြီးနောက် လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။ ဤမိန်းကလေးက မလိမ်ခဲ့ချေ။ သူမသည် တကယ်ပဲ ရှမ့်ကျန်ကို နှစ်သက်သည်။
အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် သူ၏အဖေသည် ပညာတတ်တစ်ယောက်ဖြစ်ပြီး သူ၏အဘိုးကလည်း ပညာတတ် တစ်ယောက်ဖြစ်၏။ မိသားစုတစ်ခုလုံးသည် ပျင်းရိစရာကောင်း၏။ စိတ်ဝင်စားစရာဟူ၍ မရှိချေ။ အထူးသဖြင့် သူ၏အဖေသည် ပိုမိုကာ ရိုးကုတ်ပြီး သန့်ရှင်းစင်ကြယ်စွာ နေထိုင်တတ်သည့် တစ်ယောက်ဖြစ်၏။
ရှမ့်ကျန်မှာတော့ အလုံးစုံလိမ်မာသည့်လူ မဟုတ်ချေ။ ထို့ကြောင့် စိတ်လှုပ်ရှားစရာကောင်း၏။ ပိုမို၍ အရေးကြီးမားသည်မှာ သမက်တော်၏ ညီငယ်ဖြစ်နေခြင်းပင်။ ဤလက်ထပ်ပွဲက ဘာမှားယွင်းနေမည်နည်း။ နောက်တစ်ရက်အတွင်းမှာပင် မိသားစုနှစ်ခုသည် အခြေအနေတစ်ခုလုံးကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်၏။ လင်းမိသားစုနှင့် ရှမ့်မိသားစုသည် တရားဝင်စေ့စပ်ပွဲကို ကျင်းပကြသည်။
နောက်တစ်ရက်မှာပဲ ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်ဆီမှ နန်းမြို့တော်ဆီသို့ ထွက်ခွာသွားခဲ့၏။ တကယ့်ကို ကြီးကြီးကျယ်ကျယ် ဝင့်ဝင့်ထည်ထည်နှင့် သွားခဲ့ခြင်းပင်။ သူ၏ အဝတ်အစားသေတ္တာများကပင်လျှင် ရထားလုံး တော်တော်များများနှင့် သယ်ယူရ၏။
ရှမ့်ဆယ့်သုံးနှင့် ရွှမ်ဝူအိမ်တော်ဆီမှ စစ်သည်တော်တစ်ဒါဇင်ကျော်တို့က လိုက်ပါလာခဲ့ကြ၏။ ဟွမ်ဖန်နှင့် ကောင်းကင်တာအိုအဖွဲ့အစည်းဆီမှ ကျွမ်းကျင်သူ ၁၉ ယောက်တို့ကလည်း လိုက်ပါလာခဲ့၏။ ထို့အပြင် မြင်းသည်တော် တစ်ရာကျော်တို့ကလည်း လိုက်ပါစောင့်ရှောက်သေးသည်။
တကယ့်ကို ဟိတ်ကြီးဟန်ကြီးနှင့် ထွက်ခွာသွားခဲ့ခြင်းပင်။
မူလန်နှင့် သူ၏အမေတို့သည် မိုင် ၃၀ တိတိ လိုက်ပါပို့ဆောင်၏။ ထိုမျှနှင့်မကျေနပ်ကြချေ။ နောက်ထပ် မိုင် ၃၀ လိုက်ပါလာ၏။ နောက်ဆုံးမှာတော့ မိုင်တစ်ရာနီးပါးခန့်ပင် ရောက်ရှိလာခဲ့၏။ ပြီးနောက်မှသာလျှင် နှမြောတသစွာနှင့် ပြန်လည် ထွက်ခွာသွားရ၏။
ဘာပဲပြောပြော မိုင်တစ်ရာဆိုသည့် ခရီးအတိုင်းအတာတိုအတွင်းတွင် လှုပ်ခါလျက်ရှိနေသောရထားလုံးတွင်း၌ ရှမ့်လန်နှင့် မူလန်တို့သည် အချစ်၏လုပ်ငန်းစဉ်ကို မပျက်မကွက် တာဝန်ထမ်းဆောင်ခဲ့ကြသေးသည်။
သုံးရက်ခန့်ကြာမြင့်ပြီးနောက် ရှမ့်လန်သည် နန်းမြို့တော်ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် တိုက်ရိုက်ဆိုသလိုပင် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံရန် နန်းတော်ဆီသို့ ဦးတည်သွားလိုက်၏။