← Chapters

အခန်း (၂၅၉)

Vol. 19 Ch. 259

အခန်း (၂၅၉)

Vol. 19 Ch. 259

“လမ်းတစ်လျှောက်မှာ သူ့ရဲ့ အခြေအနေက ဘယ်လိုရှိလဲ” ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။

မိန်းမစိုးက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “တကယ့်ကို ဟိတ်ကြီးဟန်ကြီးနဲ့ လာခဲ့တာပါ”

ဘုရင်မင်းမြတ်က မည်သည့်စကားကိုမှ မဆိုချေ။ ဆဋ္ဌမမင်းသား နင်ကျင်းက ဝင်ကာ မေးလိုက်၏။ “ဘယ်လိုမျိုး လာခဲ့တာလဲ”

မိန်းမစိုးက ပြောလိုက်သည်။ “သူက အဆင့်နိမ့်တဲ့ သမက်တော်လေးတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ကို ကြည့်ရတာ တကယ် အဆင့်မြင့်နန်းတွင်းအရာရှိကြီး တစ်ယောက်လိုမျိုး လာခဲ့တာပဲ။ သူ့ကို စောင့်ရှောက်ဖို့ သက်တော်စောင့် မြင်းသည်တော် ၁၀၀ ကျော် လိုက်ပါလာခဲ့တယ်။

ပြီးတော့ သူက ရောက်တဲ့ စီရင်စုရဲ့ မြို့တိုင်း၊ မြို့တိုင်းမှာ အရာရှိရိပ်သာရဲ့အကောင်းဆုံးခြံဝင်းကို ငှားပြီးနေတယ်။ အဆင့်အတန်းမမြင့်တဲ့ အရာရှိတွေ ရှိတယ်ဆိုရင် သူ့ရဲ့တပ်သားတွေ စေလွှတ်ပြီး အခန်းထဲကနေ မောင်းထုတ်ပစ်ခဲ့သေးတယ်”

ဤအရာသည် တကယ့်ကို မောက်မာလွန်းလှချေ၏။ အစစ်အမှန် တော်ဝင်မျိုးနွယ်များ၏ ဆက်ခံသူတစ်ယောက် ပင်လျှင် ထိုကဲ့သို့ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် တော်ဝင်မျိုးနွယ်ဟောင်းများ၏ ဆက်ခံသူများသည် သိုသိုသိပ်သိပ်ဖြင့်နေထိုင်တတ်ကြသည့် လူများဖြစ်၏။ ဤကဲ့သို့ မောက်မာဝင့်ကြွားစွာဖြင့် နေထိုင်ခြင်းကို မဝင့်ရဲကြချေ။

မိန်းမစိုးကြီးက ပြောလိုက်၏။ “ကျုပ်တို့ နန်းမြို့တော်ထဲကို ဝင်လာတဲ့အချိန်မှာ ကျုပ် သူ့ရဲ့အမူအရာ၊ မျက်နှာသွင်ပြင်ကို သေသေချာချာ ကြည့်ရှုခဲ့တယ်။ လောကရဲ့အားအကောင်းဆုံး မြို့ကြီးဆီ ရောက်လာတဲ့ အချိန် သူဘယ်လောက်ထိ တုန်လှုပ်ခြောက်ခြားနေမလဲဆိုတာကို သိချင်လို့။ ဒါပေမဲ့ သူက နှုတ်ခမ်း မဲ့လိုက်တယ်။ ကြည့်ရတာ နန်းမြို့တော်ကိုတောင် အထင်အမြင်သေးနေတဲ့ပုံပဲ”

ဆဋ္ဌမမင်းသားနင်ကျင်းက ပြောလိုက်သည် “ကျုပ်တို့ရဲ့နန်းမြို့တော်ဆိုတာ ကောင်းကင်ဘုံလိုပဲ။ တကယ့်ကို ခမ်းနားကြီးကျယ်လွန်းတဲ့အရာ မဟုတ်လား။ သာမန်တော်ဝင်မျိုးနွယ်တွေဆိုရင်တောင်မှ နန်းမြို့တော်ရောက်ရင် အံ့အားတကြီးနဲ့ ပါးစပ်အဟောင်းသား ဖြစ်ကြတယ်။ ဒီလို တောကြိုအုံကြားက လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး နန်းမြို့တော်ကို အထင်မြင်သေးနေရတာလဲ။ တကယ့်ကို စိတ်ဝင်စားစရာပဲ”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် မည်သည့်စကားကိုမှ မဆိုချေ။

မိန်းမစိုးက ဆက်လက်ကာပြောလိုက်သည်။ “ကျုပ် သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရွှမ်ဝူဂိတ်တံခါးဆီ ခေါ်သွား သေးတယ်။ ဒါပေမဲ့ သူက အဲဒီဂိတ်တံခါးကြီးကို မော့ကြည့်ပြီး ပြောခဲ့တယ်။ ‘ဪ ငါ့အိမ်ရောက်လာပြီပေါ့။ အခု ငါ့အိမ်ကိုရောက်နေပြီပေါ့’ ဆိုပြီး ပြောခဲ့တယ်။

ဘုရင်မင်းမြတ်.... ဒီခွေးကောင်လေးက တကယ့်ကို ယဉ်ကျေးမှု နားမလည်တဲ့လူမျိုးပါပဲ။ ရွှမ်ဝူဂိတ်တံခါးဆီကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ သူက သူ့အိမ်ကို ရောက်လာတယ်လို့တောင်မှ ပြောရဲနေတယ်။ ဘယ်လောက်ထိ ဆိုးယုတ်လိုက်တဲ့ကောင်လဲ”

ဘုရင်မင်းမြတ်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် အနည်းငယ် လှုပ်ခါသွားခဲ့၏။ သူသည် စိတ်ထဲတွင် သူ၏ ဘိုးဘေးများကို ကျိန်ဆဲနေမိ၏။ အဘယ်သို့ ရွှမ်ဝူဆိုသည့် ဘွဲ့တံဆိပ်ကို လွယ်လွယ်ကူကူနှင့် ပေးအပ်ခဲ့ရသနည်း။ တခြားသော နိုင်ငံများကို ကြည့်ပါက ရွှမ်ဝူဆိုသည့်နာမည်နှင့် ဘွဲ့ထူးပိုင်ဆိုင်သည့် မြို့စား၊ နယ်စား .. မည်သူရှိသနည်း။

သို့ပေမည့် ပထမဦးဆုံးသော ဘုရင်မင်းမြတ်သည် သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် စာပေပညာနှင့် စကားလုံးအဓိပ္ပာယ်များအား သေသေချာချာ နားလည်ခြင်း မရှိခဲ့ချေ။ တစ်ဖက်လူအား ချက်ချင်းဆိုသလို ရွှမ်ဝူဆိုသည့် ဘွဲ့တံဆိပ်အား ပေးအပ်ခဲ့၏။ ထိုဘုရင်မင်းမြတ်၏ နောက်ပိုင်းမျိုးဆက်များသည် ထိုဘွဲ့ထူးကို ပြောင်းလဲရန် ကြိုးစားခဲ့သည်ဆိုလျှင်တောင်မှ မအောင်မြင်ခဲ့ကြချေ။

မိန်းမစိုးက ပြောဆိုလိုက်၏။ “ပြီးတော့ ပိုပြီးဆိုးတဲ့အရာ ရှိသေးတယ်။ ရွှမ်ဝူဂိတ်တံခါးကနေ ဖြတ်လာပြီးတဲ့နောက်မှာ ကျုပ်တို့ တတိယမင်းသမီးနဲ့ ဆုံခဲ့တယ်”

ပထမမင်းသမီးနင်လော့သည် ယခုနှစ်တွင် အသက် ၂၈ နှစ်ပြည့်ပြီဖြစ်၏။ သူမသည် တောင်ပိုင်းနိုင်ငံ၏ မင်းသားကျင်းနှင့် လက်ထပ်ခဲ့သည်။

ဒုတိယမင်းသမီး နင်ဟန်မှာတော့ အသက် ၂၆ နှစ်ရှိပြီဖြစ်၏။ သူမသည် လွန်ခဲ့သည့် ၁၀ နှစ်တုန်းက ရွှဲ့ပြည်နယ်တွင် အလှပဆုံးသော နံပါတ်တစ် မိန်းကလေးတစ်ယောက် အဖြစ် လူသိများ ထင်ရှားခဲ့၏။ သို့ပေမည့် ယခုအချိန်၌ အားလုံးသောသူတို့၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာကို ထွက်သွားကြောင်း မည်သူမှ မသိခဲ့ကြချေ။

ဟုတ်ပေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ သခင်နောက်ဆီသို့ သူမက လိုက်ပါသွားခဲ့ပြီး တခြားသော ပင်လယ်ပြင်၏ လောကတစ်ခြမ်းဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ မင်းသမီး၏ စေ့စပ်ထားသည့် အမျိုးသားသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။

ထိုအရာသည် ဘုရင်မင်းမြတ်၏ နှလုံးသားတစ်ခုလုံးကို နာကျင်စေခဲ့၏။ နင်ဟန်သည် သူ၏ ချစ်မြတ်နိုးရဆုံး သမီးတော်ဖြစ်သည် မဟုတ်ပါလား။

တတိယမင်းသမီး နင်ယန်မှာတော့ ယခုနှစ်တွင် အသက် ၂၄ နှစ်ပြည့်မည်ဖြစ်ပြီး အစောကြီးတည်းက လက်ထပ် ပြီးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် သူမ၏ အမူအကျင့်နှင့် စိတ်နေစိတ်ထားသည် ကြမ်းတမ်းလွန်းလှ၏။ သူမယောကျာ်း၏ မိသားစုနှင့် အဆင်မပြေချေ။ ထို့ကြောင့် တစ်နှစ်ပတ်လုံး ရွှဲ့နိုင်ငံတော်တွင်သာ နေထိုင်ပြီး မောက်မာကာ မိမိ လုပ်ချင်ရာကို လုပ်တတ်သူ ဖြစ်သည်။ သူမကို ရန်စသည့် မည်သူ့ကိုမဆို ဒုက္ခပေးတတ်၏။

“သူက ဘယ်လိုပြောလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။

မိန်းမစိုးက ပြောလိုက်၏။ “ဒီတတိယမင်းသမီးကို မြင်းလုပ်စီးရင် ကောင်းမှာပဲလို့ ပြောတယ်”

“ဘာ .. အဲကလေးမက ဘာလို့ အဲကို ရောက်နေတာလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။

မိန်းမစိုးကြီးက ပြောလိုက်၏။ “တတိယ... တတိယမင်းသမီးက မြင်းလာစီးတာပါ”

ပြောရမည်ဆိုလျှင် လမ်းပေါ်တွင် မြင်းပြိုင်ခြင်းဆိုသည်မှာ အန္တရာယ်များလွန်းသောအရာ ဖြစ်သည်။ အပြစ်ကင်းစင်သည့် လမ်းသွားလမ်းလာများကို ထိခိုက်နိုင်သည်မဟုတ်ပါလား။

သို့ပေမည့် အစစ်အမှန်တရားမှာတော့ ထိုသို့ မဟုတ်ခဲ့ချေ။ ရွှမ်ဝူဂိတ်တံခါးဆီမှ ထွက်သည်ဆိုပါက အလွန်ကြီးမားလှသည့် လမ်းကျယ်ကြီးကို တွေ့ရပေမည်။ ၉၀ မီတာနီးပါးခန့် ကျယ်သော လမ်းကြီးပင်ဖြစ်၏။

ထို့ကြောင့် ၉၀ မီတာ၏ အလယ် ၆၀ မီတာခန့်သည် အလွန်ရှင်းလင်းလျက်ရှိနေ၏။ မည်သူမှ ထိုနေရာသို့ တက်ကာ လမ်းလျှောက်ခြင်း မရှိချေ။ မည်သူက အားအားယားယား ဤမျှကျယ်သည့် လမ်းကြီး၏ လမ်းလယ်ခေါင်သို့ တက်ကာလမ်းလျှောက်မည်နည်း။

ထို့ပြင် ထိုလမ်းအလယ်နေရာအား တော်ဝင်မျိုးနွယ်များသာ အသုံးပြုရန် ခွင့်ပြုထား၏။ သာမန်လူများ သို့မဟုတ် အရာရှိအရာခံများ အားလုံးတို့သည် ထိုလမ်းကြီး၏ ဘေးနှစ်ဖက်နှစ်ချက်ဆီ၌သာ လမ်းလျှောက်ကြရသည်။ ထို့ကြောင့် တတိယမင်းသမီး နင်ယန်အနေနှင့် မည်မျှမြင်းကို ကြမ်းကြမ်းတမ်းတမ်း စီးနင်းသည်မဆို သာမန်လူများကို ထိခိုက်မိလိမ့်မည် မဟုတ်ချေ။

“အဓိပ္ပာယ်မရှိတာ”

ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်သည်။။ သို့ပေမည့် ဘာမှ ဆက်လက်ကာ ပြောဆိုခြင်း မရှိတော့ချေ။

မိန်းမစိုးကြီးက ပြောလိုက်သည်။ “အရှင်မင်းသမီးရဲ့ မြင်းကို မြင်တဲ့အချိန်မှာ ကျုပ်တို့က ချက်ချင်း ဘေးတစ်ဖက်ကိုဆင်းပြီး ဒူးထောက်ထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ရှမ့်လန်က ရထားလုံးပေါ်က မဆင်းတဲ့အပြင် ခပ်တည်တည်နဲ့ ထိုင်ခဲ့တယ်။ ပြတင်းတံခါးကိုဖွင့်ပြီး အရှင်မင်းသမီးရဲ့ ခန္ဓာကိုယ်ကို စိမ်ပြေနပြေ ကြည့်ရှုခဲ့တယ်။ ပြီးတော့ မှတ်ချက်တောင် ပေးခဲ့သေးတယ်”

ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။ “သူ ဘာမှတ်ချက်ပေးတာလဲ”

မိန်းမစိုးကြီးက ပြောလိုက်သည်။ “ကျုပ် ဒီစကားကို ထုတ်ပြီး မပြောရဲပါဘူး။ ဒါအရမ်းကို လွန်လွန်းတယ်”

“ပြောသာ ပြောပါ” ဘုရင်မင်းမြတ်က ခွင့်ပြုလိုက်၏။

မိန်းမစိုးက တွန့်ဆုတ်၊ တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။ “ ‘နှိမ့်တုံမြင့်တုံ တင်ပဆုံ အပျိုစင်စစ် ဖြစ်ရမယ်။ အခု တင်က ကားပြီး ကြီးတယ်ဆိုပေမဲ့ ယမ်းနေတယ်ဆိုတော့ ဒါ အပျိုမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် တင်က ကြီးပြီး ပေါင်တံကလည်း ကြီးတယ်။ တကယ့်ကို မြင်းစီးချင်စရာပဲ’ အဲလိုပြောခဲ့ပါတယ်။”

ဘုရင်မင်းမြတ်၏ မျက်နှာတစ်ခုလုံး ပျက်ရွင်းသွား၏။

နင်ကျင်းသည် ဒေါသတကြီးဖြင့် ထအော်လိုက်သည်။ “သေလမ်းရှာနေတာပဲ။ ဘယ်လိုဖြစ်ပြီးတော့ တတိယအစ်မကိုတောင်မှ ဒီလိုပြောရဲရတာလဲ။ ဒီကောင် သေလမ်းရှာနေတာပဲ”

မိန်းမစိုးသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်နေ၏။ “ပြီးတော့ ဘာဆိုလိုတာလဲ မသိတဲ့ အကြောင်းအရာ တစ်ခုကိုလည်း ပြောခဲ့သေးတယ်။ အဲဒါ ဘာလဲ ကျုပ် နားမလည်ဘူး”

နင်ကျင်းက ဝင်မေးလိုက်သည် “ပြောစမ်း”

မိန်းမစိုးက ပြောလိုက်၏။ “မျော့ ဘာဆိုလားပဲ”

ဤစကားစုသည် နားလည်ရန် လွယ်ကူသည့်အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ဤအကြောင်းအရာ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဘုရင်မင်းမြတ်က ကောင်းကောင်းသိရှိသည်။

“ဟား ဟား ဟား ဟား”

ဘုရင်မင်းမြတ်သည် မျက်နှာတစ်ခုလုံး တင်းမာခက်ထန်သွားသည်။ ပြီးနောက် ဒေါသတကြီးနှင့် ထပင် ရယ်လိုက်မိ၏။ “သူက တကယ့်ကို သေရမှာ မကြောက်တဲ့ လူတစ်ယောက်လား”

နင်ကျင်းက ပြောလိုက်သည်။ “အဖေ... ဘာပဲပြောပြော သူက နင်ကလန်ကို လေးစားမှုမရှိတဲ့ လူတစ်ယောက်ပဲ။ အလုံးစုံ လေးစားမှုကင်းမဲ့ပြီး မိုက်ရိုင်းလွန်းတယ်”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “သူဘယ်ရောက်နေလဲ”

မိန်းမစိုးက ပြောလိုက်သည်။ “သူက ညှာတာခြင်းနန်းဆောင်မှာ အရှင်မင်းကြီးနဲ့ တွေ့ဖို့ စောင့်နေပါတယ်”

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “သူ လေးလေးစားစားနဲ့ စောင့်နေတာရော ဟုတ်ရဲ့လား”

မိန်းမစိုးကြီးက ပြောလိုက်သည်။ “သာမန်လူတွေ၊ တကယ့် အရာရှိအရာခံတွေဆိုတောင်မှ ဘုရင်မင်းမြတ်ရဲ့ ဆင့်ခေါ်မှုကို ခံရတဲ့အချိန်မှာ ဒူးထောက်ပြီး အဲမှာ စောင့်မျှော်ကြတယ်။ ဒါပေမဲ့ သူက ထိုင်ခုံ တစ်လုံး တောင်းပြီး အေးအေးဆေးဆေး ထိုင်နေတယ်။ ပြီးတော့ ရေနွေးတောင် တောင်းသောက်လိုက်သေးတယ်။ သူ့အမေအိမ် ရောက်နေတယ် ထင်နေလား မသိဘူး။ တကယ့်ကို ရိုင်းပြတဲ့ အပြုအမူပဲ။”

ဘုရင်မင်းမြတ်၏ အမူအရာသည် ပိုမိုကာ ပျက်ယွင်းလာခဲ့၏။ “ဒါဆိုလည်း သူ့ကို စောင့်ခိုင်းထားလိုက်”

...

ရွှဲ့ပြည်နယ်နန်းတွင်းအတွင်းရှိ ညှာတာခြင်းနန်းဆောင် ...။

မိန်းမစိုးသည် ဒေါသတကြီးဖြင့် အံကို ကြိတ်လျက်ရှိနေ၏။ သာမန် အရာရှိအရာခံများ လာသည့်အချိန်တွင် သူသည် ရွှေဒင်္ဂါးများ လက်ဆောင်ရရှိတတ်၏။ တစ်ဖက်လူ မည်သည့်နေရာတွင် ဒူးထောက်ရမည် ဖြစ်ကြောင်း ညွှန်ပြခြင်းအားဖြင့် လာဘ်လာဘ ရရှိခြင်းပင်။

ညှာတာခြင်းနန်းဆောင်တွင် ရှိနေသည့် ရွှေအုတ်ခဲများတို့သည် အလွန်မာကြာေ၏။ ထိုအုပ်များထဲမှ အုတ်သုံးခုသည် ဟောင်းလောင်းပေါက် ဖြစ်၏။ ဘုရင်မင်းမြတ်ကို ဂါရဝပြုသည့်အချိန်တွင် ခေါင်းနှင့်မြေပြင် ထိ၍ ဉီးတိုက်ရာ၌ မည်သည့်အသံ မထွက်လျှင် ရိုသေလေးစားမှု ကင်းမဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်၏။ ထို့ကြောင့်ပင် ဟောင်းလောင်းပေါက် ဖြစ်နေသည့် ရွှေအုတ်ခဲကို ဉီးတိုက်မှ အသံထွက်ပေလိမ့်မည်။

ထိုရွှေအုတ်ခဲကလည်း နေရာအမျိုးမျိုး ပြောင်းထားတတ်သည်။ နေရာသိရန်အတွက် ညှာတာခြင်းနန်းဆောင်တွင် အလုပ်အကျွေးပြုသည့် ဤမိန်းမစိုးကို လာဘ်ထိုးရသည်။

ယနေ့ တော်ဝင်မျိုးနွယ်တစ်ခု၏ သမက်တော်ရောက်လာမည်ကို ကြားသိတော့ ထိုမိန်းမစိုးသည် ငွေညှစ်ရန် စဉ်းစားထားသည်။ သို့ပေမည့် ဦးတိုက်ရန်မဆိုနှင့် ဒူးပင်မထောက်ခဲ့ချေ။ ထိုင်ခုံတစ်လုံး တောင်းပြီး အသာပင် ထိုင်လျက်ရှိနေသည်။ ရေနွေးတောင်းသောက်ရုံသာမက ကွာစေ့ပင် တောင်းခဲ့သေးသည်။ သောက်မြင့်ကပ်၍ ကွာစေ့ ကုန်နေသည်ဟု နှုတ်လှန်ထိုးခဲ့မိ၏။

မိန်းမစိုးသည် တစ်ဖက်လူကို ကျိန်းသေပေါက် ဆူငေါက်ချင်၏။ သို့သော်ငြား ဒူးထောက်၍ စောင့်ရန် ပြောလိုက်မိသေးသည်။

“ဒူးထောက်ချင်တာလား။ ဘုရင်မင်းမြတ်တောင်မလာသေးဘူး။ ခု ဒူးထောက်ခိုင်းတယ်ဆိုတော့ ခင်ဗျားကို ဒူးထောက်စေချင်တာ ဖြစ်မယ်။ ခင်ဗျားက ဘုရင်မင်းမြတ်နဲ့ ခြေရာ တိုင်းချင်ပုံပေါ်တယ်။ ဟုတ်လား” ရှမ့်လန်က နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် နှုတ်လှန်ထိုးခဲ့၏။

ရုတ်တရက် မိန်းမစိုးက ဆွံ့အသွားခဲ့သည်။ ‘ချီးထဲမှ.. သေလမ်းရှာမိတာပဲ။”

ဤသို့နှင့်ပင် ရှမ့်လန်သည် ညှာတာခြင်းနန်းဆောင်ထဲတွင် အသာထိုင်ပြီး စောင့်မျှော်လျက်ရှိနေ၏။ နေဝင်မိုးချုပ် .... ညသို့ရောက်သွားခဲ့၏။ သူသည် ထိုနေရာတွင် အိပ်လိုက်၊ ဆာလောင်လိုက်၊ အအေးဒဏ်ခံလိုက်နှင့် နေထိုင်နေရ၏။ ဤအရာသည် ဘုရင်မင်းမြတ်၏ စိတ်စေသနာကို ပြသခြင်းဖြစ်သည်။

နောက်ပိုင်း သူ လက်ဖက်ရည်တောင်းချိန်တွင် မည်သူကမှ ဂရုမစိုက်တော့ချေ။ သူ မုန့်တစ်ခုခုကို တောင်းသည့်အချိန်တိုင်းတွင်လည်း မည်သူကမှ ဂရုမစိုက်တော့ချေ။ ညှာတာခြင်းနန်းဆောင်ထဲတွင် တစ်ညလုံး ကုန်ဆုံးရတော့မည်ဟု ရှမ့်လန်က တွေးတောနေစဉ်မှာပဲ အပြင်မှ မိန်းမစိုးအားလုံးသည် ဒူးထောက်ကာ ထိုင်ချလိုက်ကြ၏။

“ဂါရဝပြုပါတယ် အရှင်မင်းမြတ်”

ရှမ့်လန်က ရုတ်တရက် ထရပ်လိုက်၏။ ပြီးနောက် ချက်ချင်းပဲ ဒူးထောက်ထိုင်လိုက်၏။ ဝိညာဉ်ကူးပြောင်း လာခဲ့ပြီးနောက် မည်သို့သောသူမျိုးကိုမှ လွယ်လွယ်ကူကူနှင့် ဒူးထောက်ချင်စိတ် မရှိခဲ့ချေ။ ပုံမှန်အားဖြင့် ရှမ့်လန်သည် မည်သူ့ကိုမှ ဒူးထောက်ရန် စိတ်ဆန္ဒ မရှိပေ။ သူ၏ ဒူးသည် တန်ဖိုးကြီးလွန်းသောကြောင့် မဟုတ်ချေ။ အရေးအကြောင်းအခြေအနေမျိုးတွင် သူ၏မိန်းမရှေ့တွင်ပင် သူ ဒူးထောက်ချင်စိတ် ရှိ၏။ ဘုရင်မင်းမြတ်လောက်ကိုတော့ အထူးပြောနေစရာပင် လိုမည် မထင်ချေ။

ရောမရောက်လျှင် ရောမလို ကျင့်ရမည် မဟုတ်ပါလား။ ဒူးမထောက်ပါက ကျိန်းသေပေါက် သေဆုံးသွားနိုင်၏။ သူသည် ဝိညာဉ်ကူးပြောင်း ရောက်ရှိလာရုံလောက်နှင့် ဒူးခိုင်နေသည့် လူမျိုး မဟုတ်ချေ။

“ကျောင်းသား ရှမ့်လန်က အရှင်မင်းမြတ်ကို လေးလေးစားစားနဲ့ ဂါရဝပြုပါတယ်”

ရှမ့်လန်သည် မြေပေါ်တွင် နဖူးကို အသာတင်ကာ ထားလိုက်၏။ ဤအရာက ဦးတိုက်ကာ ကန်တော့ခြင်း ဟုတ်လား၊ မဟုတ်လား သူသေသေချာချာ မသိရှိချေ။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အထဲသို့ လျှောက်ဝင်လာခဲ့ပြီး အသာထိုင်ချလိုက်၏။ “ခေါင်းကို မော့ပါ”

ရှမ့်လန်က ခေါင်းကိုမော့လိုက်၏။ ပြီးနောက် သူ ရုတ်တရက် တွန့်ကနဲ ဖြစ်သွားသည်။

‘ချီးထဲမှ.. ဒီဘုရင်မင်းမြတ်က အဲလောက်တောင် ကြည့်ကောင်းတာလား။ ဒီလူက ကျိန်းသေပေါက် ထိပ်တန်း ချောမောတဲ့ လူတစ်ယောက်ပဲ။ ပြီးတော့ ကြည့်ရတာ ကြင်နာတတ်တဲ့ပုံစံမျိုးလည်း မပေါ်ဘူး။ ဇိမ်ကျတဲ့ဘဝမှာ မွေးဖွားလာခဲ့ပြီး သပ်ရပ်ခန့်ညားတဲ့ အခြေအနေမျိုးနဲ့ နေထိုင်ခဲ့ရတာကြောင့်ပဲဖြစ်မယ်’

ထို့ပြင် တစ်ဖက်လူသည် ရွှေရောင်နဂါးဝတ်စုံကို ဝတ်မထားခဲ့ချေ။ ရွှဲ့ပြည်နယ်၏ နဂါးဝတ်စုံဆိုသည်မှာ လက်လေးချောင်း ရွှေနဂါးဖြစ်၏။ တော်ဝင်ရင်အင်ပါယာ၏ အင်ပါယာမှာတော့ လက်ငါးချောင်း ရွှေနဂါးကို ဆင်မြန်းတတ်၏။

တစ်ဖက်လူသည် အမဲရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး အနီးကပ် သေသေချာချာ ကြည့်ရှုမည် ဆိုပါက ထိုအရာပေါ်တွင် ခပ်ရေးရေး ရေးသားထားခဲ့သော လက်လေးချောင်း ရွှေရွှေနဂါးကို မြင်ရပေမည်။ သို့ပေမည့် ဤအရာသည် ခပ်ဝါးဝါးသာဖြစ်ပြီး ဘဏ်ငွေချလံများတွင် တွေ့ရတတ်သည့် ရေစာကဲ့သို့ပင် ဆင်တူသည်။

‘အံ့အားသင့်စရာပဲ။ ဒါက သိုသိုသိပ်သိပ်နဲ့ နေထိုင်တယ်ဆိုပေမဲ့ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါမျိုး ပဲ’

ဆရာလန်သည် ချက်ချင်းပဲ သူ၏ ဝတ်စုံပေါ်တွင် ရွှေရောင်နန်းမျှင်များကို အသုံးပြုကာဖြင့် နဂါးရုပ်များ ရေးထိုးချင်စိတ် ပေါက်သွား၏။ သို့ပေမည့် ရှမ့်လန်သည် ထိုအရာကို စိတ်ထဲတွင် တွက်ချက်လျက် ရှိနေခြင်းပင်။

အနည်းဆုံး ဘုရင်မင်းမြတ်၏ ဝတ်စုံသည် ရွှေဒင်္ဂါး ၁၀၀၀ ကျော် ကုန်ကျမှာဖြစ်၏။ ရွှေကြိုးမျှင် တစ်ခုချင်းစီတိုင်းသည် သေသေချာချာ ရက်လုပ်ထားသည့်အရာမျိုး ဖြစ်၏။ ခြေလေးချောင်း ရွှေနဂါးကြီး၏ မျက်လုံးများသည် တကယ့်ကို တောက်ပလျက်ရှိနေပြီး အကောင်းမွန်ဆုံးသော ပတ္တမြားများကို ထည့်သွင်းကာ အသုံးပြုထားခြင်း ဖြစ်ပေလိမ့်မည်။

နဂါးအကြေးခွံများကိုလည်း ကျောက်မျက်ရတနာများ စီခြယ်ထား၏။ ကျောက်မျက်ရတနာများသည် တကယ့်ကို မာကြောလွန်းလှချေ၏။ အဘယ်သို့ ထိုနေရာကို ချည်ထိုးရသနည်း။ ရှမ့်လန်သည် ထိုကဲ့သို့သောအရာများကို ပြုလုပ်ရန် စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။

‘စာအုပ်၏ မျက်နှာဖုံးကို ကြည့်ပြီးတော့ အထဲကစာကို သုံးသပ်လို့ မရနိုင်ဘူး။ ဒီလိုပဲ ဒီဘုရင်မင်းမြတ်ရဲ့ ဟန်ပန်အမူအရာကို ကြည့်ရှုပြီး သူ့ရဲ့စိတ် ဘယ်လိုရှိတယ်ဆိုတာ သုံးသပ်ဖို့ခက်ခဲတယ်။ သူက ဘယ်လိုလူမျိုးနဲ့ တူလဲ။ ကဗျာပေါင်း ၁၀၀၀ ကျော်ကို စပ်ဆိုနိုင်စွမ်းရှိတဲ့ အဘိုးအို တစ်ယောက်နဲ့ ဆင်တူတယ်။ အဲလောက် ရင့်ကျက်တယ်။ ဒါပေမဲ့ ရွှမ်ဝူမြို့စားကြီးထက် ပိုမို ငယ်ရွယ်တဲ့ပုံပဲ’

သို့ပေမည့် ငယ်ရွယ်သည့်ပုံပန်းသွင်ပြင်မျိုး ပေါ်သည်ဆိုသော်လည်း အသက်သည် ၃၀ နီးပါးခန့် ရှိနေလောက်ပြီ ဖြစ်၏။

‘ချီးထဲမှ... ဘယ်လိုဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ဂရုစိုက်ထားရတာလဲ။ နေ့စဉ်နေ့တိုင်း နှင်းဆီပန်းတွေနဲ့တောင် ရေချိုးတာလား’

All Chapters