အခန်း (၂၆၀)
Vol. 19 Ch. 260
လမ်းတစ်လျှောက်မှာတော့ ရှမ့်လန်သည် ရွှဲ့ပြည်နယ်၏ဘုရင်မင်းမြတ် မေးမြန်းလာမည့် မေးခွန်းများကို တောက်လျှောက်တွေးတောလာခဲ့၏။ ပုန်ကန်ရန် ရည်ရွယ်ချက်ရှိနေသလားဆိုသည်ကို သူ့အား စမ်းသပ်ပေလိမ့်မည်။ ထို့ကြောင့်ပင် မည်ကဲ့သို့ဖြေရမည်ဖြစ်ကြောင်း လမ်းတစ်လျှောက်လုံး စဉ်းစားထားခဲ့၏။
သူ၏ အပြုအမူ၊ စကားလုံး၊ အရာအားလုံးတို့သည် ဘုရင်မင်းမြတ်ဆီသို့ ရောက်ရှိပေလိမ့်မည်။ ပြောရမည် ဆိုလျှင် ဘုရင်မင်းမြတ်သည် ကျိန်းသေပေါက် ဒေါသထွက်နေသင့်၏။ ထို့ပြင် ရှမ့်လန်သည် ဘုရင်မင်းမြတ်၏ သမီးတော်အား တင်ပါး စွင့်ကားလွန်းကြောင်း တဏှာဆန်ဆန် ပြောဆိုခဲ့ခြင်းပင်။
“ရှမ့်လန်.. မင်းတို့မိသားစုက နုရှောင့်မြို့ကို သိမ်းဆည်းထားခဲ့ပြီဆိုတော့ နောက်ထပ်လုပ်မယ့် အစီအစဉ်က ဘာလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏။
ဤမျှ တည့်တိုးဆန်နေလေသည်လား။
ရှမ့်လန်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။ “ဘုရင်မင်းမြတ်... ကျုပ်ကို အမှန်တရားပြောစေချင်တာလား”
ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်သွား၏။ ဟုတ်ပေ၏။ သူ အမှန်တရားကို သိချင်မိ၏။ အဘယ်သို့ လိမ်စေချင်မည်နည်း။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အမှန်တရားကို ပြောချင်ပါတယ်။ ဒါပေမဲ့ အရှင်မင်းမြတ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေကို ဖယ်ပေးပါအုံး”
ပြောပြောပြီးချင်းမှာပင် ဘုရင်နင်ယွမ်ရှန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။ ‘ရှမ့်လန်... မင်းက သမက်တော်လေး တစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီးတော့ လမ်းတစ်လျှောက်မှာ မောက်မာဝင့်ကြွားစွာနဲ့ လာခဲ့ရတာလဲ။ အခု မင်းက ငါ့ရဲ့ရှေ့မှာတောင် လာပြီးမောက်မာရဲနေတာလား’
“ဒါက ဘုရင်မင်းမြတ် သိချင်သလား၊ မသိချင်သလားနဲ့ပဲ သက်ဆိုင်ပါတယ်”
ရေနက်တပ်ဖွဲ့မှ စစ်သည်များနှင့် များပြားလွန်းသည့် မိန်းမစိုးများသည် ဤနေရာ၌ မတ်မတ်ရပ်လျက် ရှိနေကြ၏။
ဘုရင်မင်းမြတ်၏ စိတ်ရှည်မှုသည် အကန့်အသတ် တစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ်ပြောပါ့မယ်။ လက်စားချေမှာပါ။ ကျုပ် ကျန်းယွမ်နယ်စားကြီး စုနန်ကို သတ်ချင်ပါတယ်”
“မင်း သတ္တိကောင်းလှချည်လား”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ရုတ်တရက် ဒေါသတကြီးဖြင့် ဆူငေါက်လိုက်၏။ “ကျန်းယွမ်နယ်စားကြီးဆိုတာ အိမ်ရှေ့စံမင်းသားရဲ့ အငယ်တန်း ကာကွယ်စောင့်ရှောက်သူတစ်ယောက်ပဲ။ မင်းသူ့ရဲ့နာမည်ကို ဒီတိုင်းခေါ်လို့ မရဘူး။ ရွှမ်ဝူက မင်းကို စည်းမျဉ်းစည်းကမ်းတွေ မသင်ပေးခဲ့ဘူးလား။ ဘယ်လိုဖြစ်ပြီး ငါ့ရှေ့မှာ ဒီလောက် မောက်မာဝင့်ကြွားနေရတာလဲ။ မင်း... ငါ အရှင်မင်းမြတ်ကိုတောင်မှ မလေးမစား ပြုမူချင်တာလား”
ရှမ့်လန်က ပြောလိုက်သည်။ “စုမိသားစုနဲ့ ကျုပ်တို့မိသားစုကြားထဲမှာ သွေးကြွေးရှိပါတယ်။ အဲဒီနေ့တုန်းက ကျုပ်ရဲ့အဖေက ချောင်ထျန်းဝေနဲ့ ဝမ်ကျားကျွန်းမှာ တိုက်ခိုက်နေတယ်။ ကျုပ်ကတော့ နုရှောင့်မြို့ကို သွားတိုက်ခိုက်နေတယ်။ အဲလိုအခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ စုကျန့်ထင်က အနောက်တိုင်းက ကျွမ်းကျင်သူ ၁၀၀ ကျော်ကို ခေါ်ဆောင်လာပြီး ကျုပ်တို့ ရွှမ်ဝူအိမ်တော်ကို ကျူးကျော်ခဲ့တယ်။
ပြီးတော့ ကျုပ်တို့မိသားစုဝင် ၁၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ ကျုပ်ရဲ့မိန်းမနဲ့ ယောက္ခမကြီး ကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့တယ်။ အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ဒီကိစ္စကို စုံစမ်းပြီး ကျုပ်တို့မိသားစုအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးပါ”
ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွားခဲ့၏။ “ဒီခွေးကောင်.. ယုတ္တိမရှိလိုက်တာ။ သူ့ကို ဆွဲထုတ်လိုက်စမ်း”
ပြီးနောက် ရှမ့်လန်သည် ကျွမ်းကျင်သူလေးယောက်တို့၏ နန်းတော်၏ အပြင်ဘက်ဆီသို့ ဆွဲထုတ်ခြင်း ခံခဲ့ရ၏။ ဘုရင်မင်းမြတ်နှင့် ပထမဦးဆုံးအကြိမ်တွေ့ဆုံခြင်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
..........
နန်းမြို့တော်ရှိ ကျင်းမိသားစုပိုင်ဆိုင်ရာ ခြံဝင်းဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ ရှောင်ပင်းသည် မည်သို့မှ မနေနိုင်တော့ချေ။ အလျင်အမြန် ပြေးထွက်လာကာဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်၏။ “ဘယ်လိုလဲ... ဘယ်လိုလဲ။ ဘုရင်မင်းမြတ်က ရှင့်ကို ရိုက်နှက်ခဲ့သေးလား”
ရှမ့်လန်က ပြောလိုက်သည်။ “မရိုက်ပါဘူး။ ဘုရင်မင်းမြတ်နဲ့ ပထမဦးဆုံးအကြိမ် တွေ့လိုက်တဲ့အချိန်မှာ မိတ်ဆွေဟောင်းတွေလို့တောင် ခံစားမိတယ်။ ငါတို့က ကောင်းကောင်းမွန်မွန် စကားပြောခဲ့တာပေါ့”
ရှောင်ပင်းက ပြောလိုက်၏။ “တကယ်ရော ဟုတ်ရဲ့လား”
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်လိုလုပ် လိမ်ပြောရမှာလဲ။ ဒါနဲ့ အစားအသောက်တွေ အဆင်သင့်ဖြစ်ပြီလား။ ငါ ဗိုက်ဆာနေပြီ”
အစားအသောက်များသည် အစောကြီးတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်၏။ မူလန်၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် သာမန်သာလျှင်ဖြစ်၏။ သို့ပေမည့် ရှောင်ပင်း၏ ချက်ပြုတ်ခြင်းစွမ်းရည်မှာတော့ တကယ့်ကို ထိပ်တန်းအဆင့်တွင်ရှိ၏။
ဤတစ်ကြိမ်တွင် သူမသည် သမက်တော်နှင့်အတူ နန်းမြို့တော်ဆီသို့ လိုက်ပါ လာခဲ့လေ၏။ သူမ၏ နှလုံးသားတစ်ခုလုံးသည် စိုးရိမ်ပူပန်လျက် ရှိနေ၏။ သို့ပေမည့် သူမသည် ပျော်ရွှင်နေမိ၏။ သမက်တော်နှင့် အတူတူ အေးအေးဆေးဆေး နေနိုင်ပြီဖြစ်၏။ သခင်မလေး ချန်ထားသည့် အကြွင်းအကျန်များကို စားနေစရာ မလိုအပ်တော့ချေ။
သမက်တော်၏ ခန္ဓာကိုယ်အားအင်သည် သာမန်သာလျှင်ဖြစ်၏။ ထို့ကြောင့် သခင်မလေးနှင့် လိင်ဆက်ဆံ ပြီးနောက် သူမနှင့် ထပ်မံပြုလုပ်ရန် စွမ်းရည်ဟူ၍ မရှိတော့ချေ။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သမက်တော်ကို သူမတစ်ယောက်တည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ။
သူမ ... ရှောင်ပင်းသည် တစ်နေ့လျှင် သုံးကြိမ်တိတိ ကြိုးစားရန် ဆုံးဖြတ်ထားခဲ့၏။ “တောင်းပန်ပါတယ် သခင်မလေး။ ဒီလို အခွင့်အရေးမျိုး ဆိုတာ ရဖို့ခက်တယ်လေ”
ညစာ စားနေသည့်တစ်လျှောက်လုံး ပင်းအာသည် သူမ၏ လှပပြီး အရည်ရွှမ်းနေသည့် မျက်လုံးများနှင့် ရှမ့်လန်ကို ကြည့်ရှုနေ၏။ ထိုမျက်လုံးထဲတွင် မျှော်လင့်ခြင်းအရိပ်အရောင်များ ပါဝင်လျက်ရှိနေသည်။
“ပင်းအာ ဒီလိုလုပ်လို့ မရဘူး။ ငါ.. ငါ့မိန်းမကို ကတိပေးထားတယ်။ ဒီလိုလုပ်လို့ မဖြစ်သေးဘူး” ရှမ့်လန်က ပြောလိုက်၏။
ပင်းအာသည် ငိုချင်သလို ဖြစ်သွားသည်။ “ဒါပေမဲ့ သခင်မလေးက မှာထားတယ်။ သမက်တော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်တဲ့။ ပြီးတော့ တခြားမိန်းမတွေရဲ့ သွေးဆောင်ခြင်းကို မခံရအောင် ကြည့်ထားရမယ်တဲ့။ ရှင်.. ခန္ဓာကိုယ်မှာ ရှိနေတဲ့ အင်အားတွေ ကုန်ခမ်းပြီး တခြားသူဆီ မသွားနိုင်ရင် အကောင်းဆုံးပဲတဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လိုလုပ် ဖြစ်မှာလဲ။ ဒီည ငါအခန်းထဲမှာ တစ်ယောက်တည်းနေချင်တယ်။ သေသေချာချာနဲ့ စဉ်းစားစရာ ရှိသေးတယ်။ မနက်ဖြန်ည မင်းငါ့ရဲ့ အခန်းထဲ လာလို့ရပြီ”
ပင်းအာသည် သမက်တော်ကို သေသေချာချာ ကြည့်ရှုလိုက်၏။ ဘာများ ကွာခြားသွားသနည်း။
ရှမ့်လန်သည် သက်ပြင်းချလိုက်၏။ ဆန္ဒကို သိက္ခာနှင့် ထိန်းရပေမည်။
သို့ပေမည့် လက်ရှိအချိန်တွင် သူသည် မူလန်ကို တကယ်ပင် လွမ်းဆွတ်လို့နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဟာလာဟင်းလင်းကဲ့သို့ပင်။ လွန်ခဲ့သည့် နှစ်လအတွင်း သူတို့ လင်မယားသည် အမြွှာကဲ့သို့ပင် နေထိုင်ခဲ့ကြသည်။ မူလန်သည် ရှမ့်လန်နှင့် မခွဲခဲ့သလို ရှမ့်လန်ကလည်း မူလန်ကို တစ်ချက်ကလေးမှ မခွဲခဲ့ချေ။
“ဒါနဲ့... ဟိုဝတုတ်ကောင် ဘယ်မှာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
ပင်းအာက ပြောလိုက်သည်။ “အင်း.. ဟုတ်တယ်။ သခင်လေး ဘယ်ရောက်နေတာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “မင်းတစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ငါ ဒီကိုရောက်နေတယ်ဆိုတာ ဝတုတ်ဆီ အကြောင်းမကြားထားဘူးလား”
ပင်းအာက ပြောလိုက်သည်။ “သမက်တော်မှ ကျွန်မကို မပြောခိုင်းတာ။ ကျွန်မက မေ့နေတာပေါ့”
“အင်း”
ရှမ့်လန်က ပြောလိုက်၏။ “မေ့နေတယ် ဟုတ်လား။ ထားလိုက်တော့။ မနက်ဖြန် ငါသူနဲ့ သွားတွေ့လိုက်မယ်။ အခု မင်းနဲ့ပြောမှ ငါသူ့ကို သတိရသွားပြီ။ သူ ကျောင်းမှာ ဘယ်လောက်ထိ အနိုင်ကျင့် နှိပ်စက်ခံနေရလဲ ငါသိချင်လာပြီ”
ပင်းအာက ပြောလိုက်သည်။ “ကျွန်မ သူ့ကို သတိတောင်မရဘူး။ ကျွန်မမျက်လုံးထဲမှာ သမက်တော် တစ်ယောက်ပဲ ရှိတယ်”
ရှမ့်လန်က ပြောလိုက်၏။ “မင်း ငါ့ကို ဒီလိုမျိုး မြှောက်ပင့်နေလည်း အလကားပဲ။ ဒီည ငါအခန်းထဲမှာ တစ်ယောက်တည်းနေမှာပဲ”
...........
နန်းတော်အတွင်းမှာတော့ ...
အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းချုံးသည် မြေပေါ်တွင် ဒူးထောက် ထိုင်လျက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သံကြိုးများနှင့် ချုပ်နှောင်ခြင်း ခံထားရ၏။ ကျန်းကျင်းက သေဆုံးသွားခဲ့ပြီဖြစ်ပြီး နုရှောင့်မြို့ကိုလည်း ဆုံးရှုံးခဲ့၏။ ထိုစဉ်က သူ၏ ဆံနွယ် တော်တော်များများတို့သည် အဖြူရောင်အဖြစ်သို့ ပြောင်းခဲ့သွား၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ဆံပင်အားလုံးနီးပါးတို့သည် အဖြူရောင်အဖြစ် ပြောင်းလဲနေလေပြီ။ သူ့ကို ကြည့်ရှုရသည်မှာ အဘိုးအို တစ်ယောက်နှင့်ဆင်တူပြီး မျှော်လင့်ချက်မှန်သမျှ မရှိတော့သည့်ပုံပင်။
“အပြစ်သား ကျန်းချုံးက ဘုရင်မင်းမြတ်ကို ဂါရဝပြုပါတယ်”
ကျန်းချုံးသည် ခက်ခက်ခဲခဲဖြင့် ဦးညွှတ်ကာ ဂါရဝပြုလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် သံကြိုးများနှင့် ရစ်ပတ်ခြင်းကို ခံထားရသည်။ ထို့ကြောင့် သူမည်မျှ ကြိုးစားကြိုးစား သူ၏ ခေါင်းသည် မြေပြင်နှင့် မထိချေ။
အကျဉ်းကျပြီးနောက် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ အကျဉ်းထောင်ဆီသို့ စေလွှတ်ခံရပြီးနောက် သူ့အား မည်သူမှ မေးမြန်းစုံစမ်းခဲ့ခြင်းမရှိချေ။ ထို့အတူ အကျင့်ပျက် ခြစားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကိုလည်း မည်သူကမှ လာရောက်ကာ စစ်ဆေးခဲ့ခြင်း မရှိချေ။
ထို့ပြင် အထူးတရားရုံးတွင် ကောင်းမွန်သည့် ဆက်ဆံမှုမျိုးကိုလည်း မခံစားရခဲ့ချေ။ အကျဉ်းထောင်တစ်ခုထဲတွင် နေထိုင်ခဲ့ရပြီး သာမန်အကျဉ်းသားများ၏ အစားအစာများကို စားသုံးခဲ့ရ၏။
နန်းမြို့တော်တွင် တာဝန်ထမ်းဆောင်နေသည့် သူ၏ ဒုတိယမြောက်သားသည် အထူးတရားရုံးဆီသို့ လာပြီး ညစဉ်ညတိုင်း ဒူးထောက်လျက် ရှိနေ၏။ ဘုရင်မင်းမြတ်၏ အမိန့်တော်မရှိသောကြောင့် သူသည် အကျဉ်းထောင်ဆီသို့ ရောက်ခဲ့သော်လည်း သူ၏အဖေနှင့် တွေ့ဆုံခွင့် မရှိချေ။ ထို့ကြောင့်ပင်လျှင် သူ၏ ဝမ်းနည်းမှု၊ ဆွေးမြေ့မှု၊ အရာအားလုံးတို့ကို ဖခင်နှင့်အတူ တူညီစွာခံစားနေသည်ဆိုသည့် အဓိပ္ပာယ်ဖြင့် အကျဉ်းထောင် အရှေ့တံခါး အပြင်ဘက်၌ ဒူးထောက်နေတတ်သည်။
ထိုအရာကို နေ့စဉ်ရက်ဆက် ဇွဲရှိရှိနှင့် ပြုလုပ်နေခဲ့သည်မှာ နှစ်လနီးပါးခန့်ပင် ကြာမြင့်ခဲ့ပြီဖြစ်၏။ သူသည် တစ်ချိန်တည်းမှာပင် ဒူးထောက်၍ အိပ်စက်ခြင်း အလုပ်ကိုပင် ပြုလုပ်နိုင်စွမ်း ရှိလာခဲ့၏။ သူ၏ ဒူးများသည်ပင် ယောင်ကိုင်းလျက် ရှိနေ၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် မည်သည့်စကားကိုမှ မဆိုချေ။
ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးသည် ရှမ့်လန်၏ ယနေ့ အပြုအမူများ၊ အားလုံးကို ထပ်တလဲလဲ ပြန်လည်ကာ ပြောဆိုလျက်ရှိနေ၏။ ရှမ့်လန် လမ်းတစ်လျှောက် ပြောခဲ့သည့်စကားလုံးများ၊ ရွှမ်ဝူဂိတ်တံခါးဆီသို့ ဝင်သည့်အချိန်တွင် ပြောဆိုသည့်စကားလုံးများ တတိယမင်းသမီး နင်ယန်နှင့် တွေ့သည့်အချိန်တွင် ပြောဆိုခဲ့သည့် စကားလုံးများ ... အားလုံးကို ပြန်လည်ကာ ပြောဆိုခဲ့သည်။
မိန်းမစိုးက ပြောလိုက်၏။ “ဘုရင်မင်းမြတ် က မေးတယ်။ ရှမ့်လန်ရဲ့ အပြုအမူက လေးနက်တာလား။ ဒါမှမဟုတ် သရုပ်ဆောင်နေတာလား”
ကျန်းချုံးက ပြောလိုက်သည်။ “အရှင်မင်းကြီး... ရှမ့်လန်ရဲ့ အမူအရာက တကယ့်ကို လေးနက်ပါတယ်။ ဒါပေမဲ့ ဟန်ဆောင်နေတာလည်း ပါပါတယ်”
မိန်းမစိုးက မေးလိုက်၏။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ သူပြောခဲ့တဲ့ စကားလုံးတိုင်းဟာ သူ့ရဲ့ စိတ်ရင်းအမှန်တွေပါပဲဘုရား။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေမှန်း သိသိကြီးနဲ့ အဲဒီစကားတွေကို ရဲရဲဝံ့ဝံ့ ထုတ်ပြောခဲ့တာဟာ ဟန်ဆောင်ခြင်း တစ်မျိုးပါပဲ။ သူ့ကိုယ်သူ ဘွင်းဘွင်းရှင်းရှင်း ပွင့်လင်းတဲ့သူတစ်ယောက်အဖြစ် အရှင်မင်းကြီး ထင်စေဖို့ ရည်ရွယ်တာပါ။”
မိန်းမစိုးက ပြောလိုက်၏။ “ညှာတာခြင်းနန်းဆောင်မှာ ဘုရင်မင်းမြတ်က သူ့ကို ဘာလုပ်မလဲလို့ မေးခဲ့တယ်။ သူက ဘာပြောလဲဆိုတော့ နယ်စားကြီးစုနန်ကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့တယ်။ အဲဒါ အမှန်ပဲလား”
ကျန်းချုံးက ပြောလိုက်သည်။ “အမှန်ပါပဲ”
မိန်းမစိုးက မေးလိုက်၏။ “ဘုရင်မင်းမြတ်က မေးတယ်။ ရှမ့်လန်က ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ယောက်လား။ သူ ပုန်ကန်မှာလား”
ကျန်းချုံးက ပြောလိုက်သည်။ “သူ့ကို လမ်းဆုံးရောက်အောင် တွန်းမပို့ရင် သူ အေးအေးဆေးဆေး နေပါလိမ့်မယ်။ သူကို လမ်းအဆုံးထိ တွန်းပို့ရင်တော့ ကျိန်းသေပေါက် ပုန်ကန်ပါလိမ့်မယ်”
ဘုရင်မင်းမြတ်၏ ချောမောသည့် မျက်နှာသွင်ပြင်တစ်ခုလုံးက အေးစက်သွားခဲ့၏။ ‘ပုန်ကန်’ ဆိုသည့်စကားလုံးကို သူ နည်းနည်းလေးမှ မကြားချင်ပေ။
မိန်းမစိုးကြီးက မေးလိုက်၏။ “ဘုရင်မင်းမြတ်က မေးတယ်။ ရှမ့်လန်ရဲ့ ရည်မှန်းချက်က ဘာလဲ”
ကျန်းချုံးက ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “စည်းစိမ်ချမ်းသာကို ခံစားဖို့ပဲ။ ဘယ်လို မတရားမှုမျိုးကိုမှ မခံရဘဲ ဘဝကို ဇိမ်ကျကျ ဖြတ်သန်းဖို့ပါ”
မိန်းမစိုးက ဆက်မေးလိုက်၏။ “ဘာကို ဆိုလိုချင်တာလဲ”
ကျန်းချုံးက ဖြေလိုက်သည်။ “တစ်စုံတစ်ယောက်က သူ့ကို စော်ကားမယ်ဆိုရင် အဲလူရဲ့ တစ်ဆွေတစ်မျိုးလုံးကို သူ သတ်ပစ်ပါလိမ့်မယ်”
ဘုရင်မင်းမြတ်သည် မည်သို့မှမနေနိုင်တော့ချေ။ ဤတစ်ကြိမ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ ဝင်ကာ မေးလိုက်၏။ “ဒါဆိုရင် သူ ဘာလို့ မင်းကို မသတ်တာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ် သူ့ကို ဘယ်တုန်းကမှ ရန်မပြုခဲ့လို့ပဲ”
ဤအရာမှာ အမှန်ပင်ဖြစ်၏။ အစမှအဆုံးအထိ ကျန်းချုံးနှင့် ရှမ့်လန်တို့သည် နိုင်ငံရေးပဋိပက္ခ လွန်ဆွဲပွဲ၌ ရှိခဲ့သည့် လူများသာဖြစ်၏။ ပုဂ္ဂိုလ်ရေးရာအငြိုးတေးဟူ၍ တစ်ချက်ကလေးမှ မရှိခဲ့ချေ။ အနိုင်ရရှိသူကို ဆုံးဖြတ်ခဲ့ပြီးနောက် သူတို့နှစ်ယောက်သည် ရယ်ရယ်မောမောနှင့် စကားပြောဆိုနိုင်စွမ်းပင် ရှိကြ၏။
ဘုရင်မင်းမြတ်သည် သူ၏လက်ထဲမှ ကြွေပန်းကန်လုံးလေးကို နှစ်ခြိုက်စွာ ပွတ်သပ်ကြည့်ရှုနေခဲ့သည်။
ဤကြွေပန်းကန်လုံးသည် အလွန်တရာ တန်ဖိုးကြီး၏။ လက်ရာမြောက်သည်မှာ ဆိုဖွယ်ရာမရှိချေ။ အဓိကမှာ ဖောက်ထွင်းမြင်ရလုနီးပါးထိ ပါးလွှာနေခြင်းပင်။ ကြွေထည်စစ်စစ်ဖြစ်သော်လည်း သာမန်မဟုတ်ဘဲ ကျောက်စိမ်း အလား ထင်မှတ်မှားရ၏။
ဤကဲ့သို့သော ပန်းကန်လုံးသည် ရွှေဒင်္ဂါးပြား ရာပေါင်းများစွာ တန်ဖိုးရှိသည်။ သို့ပေမည့် ကြွေထည်သည် ခန့်ငြားပြီး ဆွဲဆောင်မှုရှိသလောက် ညင်သာစွာတိုက်မိရုံမျှဖြင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားနိုင်၏။
ရှန်းလန်သည် ဤကြွေပန်းကန်လုံးနှင့် တူသည် အပြစ်ဆိုဖွယ်ရာမရှိအောင် ပြည့်စုံကောင်းမွန်သည်။ သို့ပေမည့် အကြမ်းမခံနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ ဘုရင်မင်းမြတ်သည် ရှမ့်လန်ဆီမှ အခြားသူများမမြင်နိုင်သည့် အရည်အသွေးကောင်းများ၊ အဖိုးတန်သည့် အရည်အသွေးများကို မြင်ခဲ့သည်။
လောကတွင် အရှားပါးဆုံးအရာမှာ အရည်အသွေးပြည့်ဝသောလူပင် မဟုတ်ပါလား။
ခေတ္တမျှ နှစ်ခြိုက်စွာ ကြည့်ရှုနေပြီးနောက် ဘုရင်မင်းမြတ်က မေးမြန်းလိုက်၏… "ကျန်းချုံး … မင်းပြောစမ်း… ငါ ရှမ့်လန်ကို သတ်သင့်သလား။"
ဤအရာကို ပြောပြီးနောက် ဘုရင်မင်းမြတ်၏ အကြည့်သည် လက်ထဲတွင် ရှိနေသည့် ခွက်ဆီသို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့သည်။
ဤအချိန်မှာတော့ ကျန်းချုံးသည် ရုတ်တရက် စဉ်းစားခြင်းတစ်ချက် မရှိဘဲ ပြောဆိုရပေမည်။ ဘုရင်မင်းမြတ်၏ အတွေးသည် တခြားသောသူများနှင့် ကွာခြား၏။ ဘုရင်မင်းမြတ် လိုချင်သည်မှာ ကျိုးကြောင်းဆီလျော်သည့် အဖြေမျိုး မဟုတ်သလို အလုံးစုံမှန်ကန်သည့် အဖြေမျိုးလည်း မဟုတ်ပေ။ နှလုံးသားထဲမှ ထွက်ပေါ်လာသည့် စကားလုံးများပင်။
ကျန်းချုံးက ပြောလိုက်၏။ “အင်း... မသတ်သင့်ပါဘူး”
ဘုရင်မင်းမြတ်က မေးလိုက်သည်။ “ဘာလို့လဲ”
ကျန်းချုံးက ပြောလိုက်၏။ “ပြောရမယ်ဆိုရင် ဒီကလေးက တကယ့်ကို ထက်မြက်တဲ့ ဓားတစ်စင်းပါပဲ။ အရှင်မင်းကြီးဆီမှာ ဒီအပြစ်သားလို တုံးနေတဲ့ဓားထက် သူ့လို ထက်မြက်တဲ့ဓားတစ်စင်း ရှိနေသင့်ပါတယ်။”
...........