← Chapters

အခန်း (၂၆၁)

Vol. 19 Ch. 261

အခန်း (၂၆၁)

Vol. 19 Ch. 261

ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံးတို့သည် တံခါး၏ ဘယ်ညာနှစ်ဖက်တွင် အသာစောင့်ကြပ်လျက်ရှိနေပြီး သူတို့သည် တံခါးစောင့်နတ်မင်းကြီးများကဲ့သို့ပင်။ နန်းမြို့တော်မှ ကျင်းမိသားစု၏ အိမ်တော်သည် ကြီးမားသည်တော့ မဟုတ်ချေ။ သို့ပေမည့် ဧကဒါဇင်အနည်းငယ်တော့ ကျယ်၏။ ထိုတည်နေရာသည် အချိန်အတော်ကြာ မည်သူမှမရှိဘဲ လစ်ဟင်းလျက် ရှိခဲ့၏။

ဤနေရာကို စောင့်ကြပ်ရန်အတွက် ကျေးကျွန်အိုကြီး လေးယောက်မှ ငါးယောက်နီးပါးခန့်သာလျှင် အစဉ်အမြဲ ထားနိုင်သည်။ ရုတ်တရက် ဤနေရာဆီသို့ လူပေါင်းတစ်ရာကျော် ရွှေ့ပြောင်းရောက်ရှိလာပြီးနောက် တည်နေရာ တစ်ခုလုံးက ပြည့်ကျပ်သွားခဲ့သလိုပင်။

ကျင်းမူကုန်းသည် ပထမ ဤနေရာတွင် နေထိုင်၏။ သို့ပေမည့် နောက်ပိုင်းတွင် နန်းတွင်းကျောင်း၏ အဆောင်တွင်သာ ပြောင်းရွှေ့နေထိုင်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ဤကြီးမားသည့် ခြံဝန်းကြီးထဲတွင် တစ်ယောက်တည်း နေထိုင်ဖို့ရသည်မှာ ပျင်းရိစရာကောင်းလွန်းသောကြောင့်ပင်။

ဝတုတ်သည် တကယ့်ကို သနားစရာ ကောင်းလွန်းလှ၏။ နန်းမြို့တော်သို့ ရောက်သည့်အချိန်တွင် လူတစ်ဒါဇင် ကျော်ကိုသာလျှင် ခေါ်ဆောင်သွားခဲ့၏။ သို့ပေမည့် ဆယ်ယောက်က ပြန်လာခဲ့၏။ သူ၏ အနားတွင် လူ လေး၊ ငါးယောက်မှလွဲလျှင် မည်သူမှ မရှိချေ။ ထို့ကြောင့်ပင်လျှင် နန်းတွင်းကျောင်းက ပိုမိုကာ သက်ဝင်ပြီး နေထိုင်၍ ကောင်းသည်ဟု သူ သတ်မှတ်မိ၏။

ထို့ကြောင့် နေ့စဉ် သုံးရက်မှ ငါးရက်အတွင်း ပဉ္စမမင်းသား နင်ကျန်းသည် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျင်းမူကုန်းအား သူ၏အိမ်တော်ဆီသို့ ခေါ်ဆောင်တတ်၏။ ဤအရာမှာ မင်းသား၏ အကာအကွယ်ရှိနေသည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူသည် သူ၏အကာအကွယ်ပေးမှုအောက်တွင် ရှိကြောင်းကို အားလုံးသောသူတို့အား သိသာထင်ရှားစွာ ပြသခြင်းပင် ဖြစ်၏။ တစ်စုံတစ်ခု လုပ်ချင်သည်ဆိုပါက ဖြစ်လာနိုင်သည့် အကျိုးအကြောင်းကို စဉ်းစားထားရန် လိုအပ်သည် ဆိုသောသဘောပင်။

ဟုတ်ပေ၏။ နင်ကျန်းသည် အရေးကြီးမားသည့် လူတစ်ယောက် မဟုတ်ပေ။ ဘာပဲပြောပြော ဘုရင်မင်းမြတ်၏ သားတစ်ယောက်တော့ ဖြစ်နေသေး၏။

စာကြည့်ခန်းတွင်းမှာတော့ ရှမ့်လန်သည် အစီအစဉ်အားလုံးကို သေသေချာချာ အကျဉ်းချုံးကာ ပြန်လည် သုံးသပ်နေ၏။ ပထမဦးဆုံး ဘုရင်မင်းမြတ်သည် သူ့ကို မသတ်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ သူ၏ တုန့်ပြန်မှုသည် တကယ့်ကို ပြည့်စုံလွန်းသောကြောင့်ပင်။ သူသည် သရုပ်ဆောင်နေခြင်း ဖြစ်သော်လည်း အချို့သော စကားလုံးများမှာ မှန်ကန်နေ၏။ သူ့၌ မည်သည့်ရည်မှန်းချက်မှ မရှိချေ။

သူ့ကို တခြားသူတစ်ယောက်ယောက် လာရောက်တွန်းအားမပေးပါက တစ်ချက်ကလေးမှ ပုန်ကန်လိမ့်မည် မဟုတ်ပေ။

အကယ်၍ ဘုရင်မင်းမြတ်သည်သာ ရှမ့်လန်ကို သတ်ဖြတ်ခဲ့ပါက ကျိန်းသေပေါက် ရွှမ်ဝူအိမ်တော်ကို ပုန်ကန်ရန် ခွင့်ပေးလိုက်ခြင်းနှင့် ဆင်တူပေလိမ့်မည်။ မြို့စားကြီးကျင်းကျိုးသည် ခေါင်းမာလွန်းသည့် လူတစ်ယောက်ဖြစ်ပြီး ရိုးဖြောင့်လွန်းသူလည်း ဖြစ်သည်။ ထို့အတူ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းကိုလည်း ကောင်းကောင်း သိရှိသူ ဖြစ်၏။ အညံ့ခံ အရှုံးပေးချင်စိတ် ရှိသည့်လူမျိုး မဟုတ်ပေ။

ရှမ့်လန်သာ အသတ်ခံရပါက ကျိန်းသေပေါက် မြောက်ပိုင်းရှိ ဝူပြည်နယ်ဆီ အညံ့ခံလိုက်မှာ ဖြစ်ပြီး ရွှဲ့ပြည်နယ် တစ်ခုလုံး၏ ဒုက္ခတရားကို စတင်ကာ ဖန်တီးပေးပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့၏ လုံခြုံရေးမှာ ပြဿနာ မဟုတ်ချေ။ သို့ပေမည့် အန္တရာယ်မရှိသည်မှာ လုံခြုံကာ အဆင်ပြေ ချောမွေ့နေသည် ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

တတိယမင်းသား၊ အိမ်ရှေ့စံမင်းသားနှင့် ရွှယ်မိသားစု၊ နင်မိသားစု ဤရန်သူကြီး လေးဦးတို့သည် ဘဝတစ်သက်သာလျှင် တစ်ခါတည်း ရနိုင်သည့် အခွင့်အရေးမျိုးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

ရှမ့်လန် နန်းတွင်းထဲ ဝင်ရောက်ပြီးနောက် သူ၏ယောက္ခထီးသည် ယခုထက်ပိုမိုမြင့်မားသည့် ဂုဏ်ဒြပ်ကို ရရှိပေလိမ့်မည်။

ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဘုရင်မင်းမြတ်သည် ရွှဲ့ပြည်နယ်၏ နုရှောင့်နယ်စားကြီးဆိုသော ဘွဲ့ထူးကို ပေးပေလိမ့်မည်။ ထို့အပြင် တိုင်းပြည်ကိုယ်စား နုရှောင့်မြို့တစ်ခုလုံးကို စီမံအုပ်ချုပ်ရန် တရားဝင် အမိန့်တော် ချမှတ်ရပေလိမ့်မည်။

သို့ပေမည့် နုရှောင့်နယ်စားကြီးဆိုသည်မှာ ချောင်ထျန်းဝေ ရရှိမည့်ဘွဲ့ထူး ဖြစ်၏။ ဟုတ်ပေ၏။ ဘုရင်မင်းမြတ်သည် ချောင်ထျန်းဝေကို ဘွဲ့ထူးတစ်ခု ဘယ်တော့မှ တရားဝင်ပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့သည် ချောင်ထျန်းဝေသာ သူတို့ထဲက တစ်ယောက်ယောက်နှင့် ပူးပေါင်းပြီး နန်းပလ္လင်ဆီသို့ တက်လှမ်းနိုင်ရန် ကူညီခဲ့ပါက နုရှောင့်နယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် ကျင်းကျိုးသည် ထိုကဲ့သို့သောဂုဏ်ပုဒ်ကို အဘယ့်ကြောင့် လိုချင်မည်နည်း။ သူသည် ရွှမ်ဝူနယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကိုသာ လိုချင်၏။ တစ်ချိန်တည်းမှာပဲ ဘုရင်မင်းမြတ်သည် ရွှမ်ဝူ ဆိုသည့် ဘွဲ့တံဆိပ်ကို ပြန်လည်ကာ သိမ်းဆည်းချင်စိတ်ပင် ရှိနေသည်။

မဟုတ်ပါက ရွှမ်ဝူတံခါးဆီသို့ ဖြတ်သန်းသည့် အချိန်တိုင်း ကျင်းမိသားစု၏တံခါးမှ ဖြတ်သွားရသလို ခံစားမိစေ၏။ မည်မျှ ရှက်ရွံစရာကောင်းလိမ့်သနည်း။ ထို့ကြောင့်ပင်လျှင် နုရှောင့်နယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ခြင်းက ပိုမိုကာ သင့်တော်သည့် အရာမျိုးပင်။

ကျင်းကျိုး လက်မခံပါက ဘုရင်မင်းမြတ်သည် တစ်စုံတစ်ခုကို ပြောဆိုနိုင်စွမ်း ရှိနေ၏။

‘ငါ မင်းကို နယ်စားဆိုတဲ့ ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့တယ်။ ဒါပေမဲ့ မင်းက ငြင်းပယ်တယ်ပေါ့။ ငါ့ကို ကျေးဇူးတရား မသိတတ်ဘူး ဆိုတဲ့ ပုံစံမျိုး လာလုပ်ပြမနေနဲ့’

ထို့ကြောင့်ပင်လျှင် ရွှမ်ဝူနယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကို ပေးအပ်ရန် ကိစ္စမှာ အလုံးစုံ မဖြစ်နိုင်သေးခြင်းပင်။

ဟုတ်ပေ၏။ ရွှမ်ဝူသည် နယ်စားကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ပေးခြင်း၊ မပေးခြင်းအပေါ် စိတ်ဝင်စားမှု မရှိချေ။ သူ့အတွက် နုရှောင့်မြို့ကို တရားဝင် စီမံအုပ်ချုပ်ခွင့် ပေးရုံဖြင့် အဆင်ပြေပြီ ဖြစ်၏။

သို့ပေမည့် ရှမ့်လန်က ထိုကဲ့သို့ ပြုလုပ်ချင်စိတ် မရှိချေ။ ကြိုးစားခဲ့သမျှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလား။ အဘယ့်ကြောင့်ဆိုသော် နယ်စားသမက်ဆိုသည့် အရာသည် နားထောင်ကောင်းသောကြောင့်ပင်။

ထို့အပြင် ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် နယ်စားဆိုသည်မှာ အနည်းငယ်သာလျှင် ရှိနေ၏။ ကျန်းပေနယ်စားကြီး အား ထည့်သွင်းကာ တွက်ချက်မည်ဆိုလျှင်တောင် သုံးဦးထက် မပိုချေ။ ကျန်းပေနယ်စားကြီးကို ထည့်ကာ တွက်ခြင်း မရှိလျှင် ပို၍ပင် အရေအတွက် နည်းသေးသည်။ ကျန်းပေနယ်စားကြီး မိသားစုသည် မြေပိုင်နက်အနည်းငယ်နှင့် သီးသန့်စစ်သည် အနည်းငယ်ကိုသာ ပိုင်ဆိုင်၏။

ထို့ကြောင့် ကျင်းမိသားစုသည် နယ်စားအဖြစ်သို့ တိုးမြှင့်ခြင်းခံရပါက ကျိန်းသေပေါက် စုကလန်၊ ကျုံးကလန် တို့နှင့် တူညီသည့်အဆင့်အတန်းမျိုးသို့ ရောက်ရှိလာမည်ဖြစ်ပြီး တော်ဝင်နယ်စားကြီးသုံးယောက်ထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်သည် ဤနယ်စားဆိုသည့် ဘွဲ့တံဆိပ်ကို လိုချင် တမ်းတစိတ် ရှိ၏။ ထို့အပြင် သူသည် ရွှမ်ဝူနယ်စားကြီးဆိုသည့်အရာကို ပိုမိုကာ လိုချင်သည်။

ဤကစားပွဲ၏ ခက်ခဲနိုင်မှုသည် အနည်းငယ်တော့ မြင့်မား၏။ သို့ပေမည့် အလုံးစုံသောအောင်မြင်မှုများကို ရယူမည်ဟု စိတ်ဆုံးဖြတ်ထား၏။ ရှမ့်လန်အနေနှင့် မထင်မှတ်ထားသည့် အရာမျိုးကို မဖြစ်လာခဲ့ပါက နုရှောင့်မြို့စားကြီးဟူသည့် ဘွဲ့တံဆိပ်သည် သူ၏ ယောက္ခထီးဆီသို့ ရောက်ရှိလာမှာ သေချာ၏။

ထို့ကြောင့်ပင်လျှင် ရှမ့်လန်၏ နန်းမြို့တော်ဆီသို့ ရောက်ရှိလာရသည့် ပထမဦးဆုံး တာဝန်သည် သူ၏ ယောက္ခထီးကို ကူညီပြီး ရွှမ်ဝူနယ်စားကြီးဟူသည့် ဘွဲ့တံဆိပ်ကို ရရှိရန်ပင်။

နုရှောင့်နယ်စားကြီး... ထိုအရာ လုံးဝမဟုတ်ချေ။

ဒုတိယတာဝန်မှာတော့ စုကလန်ကို ဖျက်ဆီးရန်ပင် ဖြစ်၏။ ဤတာဝန်က ပိုမိုကာ ကြီးမား၏။ ထို့အပြင် စုကလန်သည် ကြီးမားလွန်းလှသည့် အရှိန်အဝါကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်၏။ ထိပ်တန်း တော်ဝင်မျိုးနွယ်များထဲမှ တစ်ယောက်ဖြစ်သည်သာမက နယ်စားကြီးစုနန် ကိုယ်တိုင်သည် အိမ်ရှေ့စံ၏ အငယ်တန်း ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်နေပြီး စစ်သူကြီး တစ်ယောက်လည်း ဖြစ်နေသေး၏။ သူ၏ညီမသည် ဘုရင်မင်းမြတ်၏ မိဖုရား စုဖေးပင် ဖြစ်သည်။

တတိယတာဝန်မှာတော့ ပဉ္စမမင်းသား နင်ကျန်းကို ထောက်ပံ့ရန်ပင် ဖြစ်၏။ နင်ကျန်းအား မင်းကြီးဆိုသည့် ဘွဲ့တံဆိပ် ရရှိရန်ဆောင် ပြုလုပ်ပေးရန်ပင်။

နန်းတွင်းအမှုထမ်းတစ်ယောက်၏ သားဖြစ်သော နင်ကျန့်ဆိုလျှင်ပင် မင်းကြီးဆိုသည့် ဘွဲ့တံဆိပ်ကို ရရှိခဲ့ပြီး ဖြစ်၏။ သို့ပေမည့် နင်ကျန်းမှာတော့ မည်သည့် ဘွဲ့တံဆိပ်ကိုမှ ရရှိခဲ့ခြင်း မရှိသေးချေ။ မည်သို့ လုပ်ရမည်နည်း။ အလွန့်အလွန်တော့ ခက်ခဲလှချေ၏။

နင်ကျန်းသည် ဘုရင်မင်းမြတ် အမုန်းဆုံးသော သားတစ်ယောက် ဖြစ်၏။ သူ့၌ မည်သည့် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းဟူ၍မှ မရှိချေ။ ကုန်သည်သမီး တစ်ယောက်ကိုသာ လက်ထပ်ခဲ့၏။ ထို့ကြောင့် သူ့၌ မည်သည့်သြဇာအာဏာမှ မရှိဟု အဓိပ္ပာယ် သက်ရောက်၏။ သူ့ကို ထောက်ပံ့ပေးဖို့ဆိုသည်မှာ ကောင်းကင်ကို တက်လှမ်းသည်ထက်ပင် ခက်ခဲလှသည်။

သို့ပေမည့် ဆရာလန်သည် ထိုကဲ့သို့ လောက၏ ကံကြမ္မာအလှည့်အပြောင်းများကို ဖန်တီးသည့်နေရာတွင် အတော်ဆုံး ဖြစ်နေ၏။ ထို့ကြောင့် ဖြစ်အောင်လုပ်ပေးရပေမည်။

သူသည် ကျေးဇူးတရားကြောင့် နင်ကျန်းကို ထောက်ပံ့ပေးရန် ပြုလုပ်နေသည်လား။ မဟုတ်ချေ။ စုကလန်ကို ဖျက်ဆီးချင်သည်ဆိုပါက ရှမ့်လန်သည် ကျိန်းသေပေါက် ကြီးမားသည့်ထီးကြီးတစ်လက်၏ အောက်ကို ဝင်ရောက်ရန် လိုအပ်လျက် ရှိ၏။

သူသည် တတိယမင်းသားကို အားကိုးခြင်း မရှိသလို အိမ်ရှေ့စံမင်းသားကိုလည်း အားကိုးခြင်း မရှိချေ။ မည်သည့် ထီးမှ မရှိသည်ဆိုပါက သူ့အနေနှင့် သူ့ကိုယ်သူ အားကိုးရပေလိမ့်မည်။ အိမ်ရှေ့စံမင်းသားသည် မူလန်ကို စိတ်ကူးလျက် ရှိနေ၏။ ထို့ကြောင့် ရှမ့်လန်သည် တစ်ဖက်လူနှင့် သေဆုံးသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

တတိယမင်းသား၏ နောက်ခံမှာတော့ ရွှယ်ကလန် ဖြစ်နေ၏။ ရွှယ်ကလန်သည် သူနှင့် သေမျိုးရန်သူများ ဖြစ်၏။ စုကလန် သို့မဟုတ် ရွှယ်ကလန် ... မည်သည့်အရာကို ဖျက်ဆီးသည်မဆို သူ့အနေနှင့် ပဉ္စမမင်းသား နင်ကျန်း၏ အကာအကွယ်ကို လိုအပ်လျက် ရှိနေ၏။ ထို့ကြောင့် ဒုတိယနှင့် တတိယ မဟာဗျူဟာများသည် ကျိန်းသေပေါက် ဖန်တီးပြုလုပ်ခဲ့ပြီး ဖြစ်၏။

ယနေ့အချိန်မှာတော့ နန်းတော်၏အတွင်း ဘုရင်မင်းမြတ်၏ရှေ့၌ ရှမ့်လန်သည် တိုက်ရိုက်ဆိုသလိုပဲ စုနန်ကို သတ်ဖြတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့၏။ ထိုနေရာတွင် မိန်းမစိုးပေါင်းမြောက်များစွာ တည်ရှိနေခဲ့သည်။

သူ ဤမျှ မောက်မာနေသည်လား။ မဟုတ်ပေ။ ကျိန်းသေပေါက် မဟုတ်ပေ။ သတင်းစကားသည် ကျိန်းသေပေါက် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားပေလိမ့်မည်။ စုနန်က ထိုအကြောင်းကို ကောင်းကောင်း သိသွားပေလိမ့်မည်။ အိမ်ရှေ့စံမင်းသားကလည်း သိမည်ဖြစ်ပြီး တတိယမင်းသားကလည်း ထိုအရာကို သိပေလိမ့်မည်။ ရှမ့်လန်၏ အပြုအမူသည် စုနန်ကို သူ သတ်ဖြတ်မည်ဖြစ်ကြောင်း အားလုံးသောသူတို့ကို လိုက်လံပြောဆိုခဲ့ခြင်းနှင့် ဆင်တူ၏။

‘အားလုံး လမ်းကို ဖယ်ထား။ ကျုပ်တို့ ကျင်းမိသားစုက စုကလန်နှင့် တိုက်ခိုက်တော့မယ်’ ထိုအဓိပ္ပာယ်ပင် ဖြစ်သည်။

ဝင်ရောက် ရှုပ်ထွေးချင်သူများသည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်ကာ ကြည့်ရှုရန်သာ ရှိ၏။ ဝင်ကာရှုပ်သည်ဆိုပါက ကျားများနှင့်ယှဉ်တွဲကာ တိုက်ခိုက်ရပေလိမ့်မည်။

နန်းပလ္လင်လုပွဲတွင် စုကလန်အနေနှင့် ဘေးတစ်ဖက်ဆီမှ မနေနိုင်ခဲ့ချေ။ ထို့အတူ ကျင်းမိသားစုကလည်း ဘေးတစ်ဖက်၌ နေထိုင်နေလိမ့်မည် မဟုတ်ချေ။ ဤတော်ဝင်မိသားစု နှစ်ခုတိုက်ခိုက်ခြင်းသည် တတိယ မင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့အတွက် ကောင်းမွန်သည့်အရာပင် ဖြစ်လာပေလိမ့်မည်။

စုကလန်သည် ဓားသွေးပြီး ရှမ့်လန်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ထို့အပြင် အချို့သောသူများသည် ထိုအခြေအနေကို အခွင့်အရေးယူပြီး အကျိုးအမြတ်ရရှိရန် ကြိုးစားလာနိုင်၏။

ရှမ့်လန်သည် ဘောပင်ကို ထုတ်ယူပြီး အချိန်ခဏကြာ တွေးတောလိုက်၏။ ပြီးနောက် အဖြူရောင် စာရွက်ပေါ်တွင် နာမည်အချို့ကို ရေးသားလိုက်၏။ ပထမဦးဆုံး သူ့အနေနှင့် နန်းမြို့တော်တွင် မိတ်ဖက်တစ်ခုကို ရှာဖွေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ တတိယမင်းသမီးနင်ယန်ပင်။

ဟုတ်ပေ၏။ အလွန်ကြီးမားသည့် တင်နှင့် ပေါင်လုံးများကို ပိုင်ဆိုင်သည်ဆိုပြီး ရှမ့်လန့် ထုတ်ဖော်ပြောခဲ့သော တတိယမင်းသမီး မုဆိုးမနင်ယန်ပင် ဖြစ်၏။ ဟုတ်ပေ၏။ သူမသည် အစစ်အမှန် မုဆိုးမတော့ မဟုတ်ချေ။ သူမ၌ ယောကျ်ားရှိ၏။ သို့ပေမည့် ယောက်ျားနှင့် ကွဲလို့နေပြီး မုဆိုးမဖြစ်သွားကြောင်း လူသိရှင်ကြား ကိုယ်တိုင် ကြေညာခဲ့သူဖြစ်သည်။

ထိုအရာသည် သူမ၏ယောကျ်ားကို သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကျိန်စာတိုက်ခဲ့ခြင်းပင်။ လက်ရှိအခြေအနေတွင် သူတို့ လင်မယားသည် မည်သို့မှ အတူနေရန် မဖြစ်နိုင်တော့ချေ။ ကွဲသွားသော မှန်တစ်ချပ်ကို ပြန်လည် ပြင်ဆင်ဖို့ဆိုသည်မှာ အလွန်ခက်ခဲလှ၏။

ဘုရင်မင်းမြတ်သည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သူမအပေါ်တွင်လည်း အားနာလျက် ရှိနေ၏။ သူ့ကြောင့် သူ၏သမီးသည် ဤကဲ့သို့ ခံစားရသည်ဟု စိတ်ခံစားချက် ရှိ၏။ သူ ပေးစားခဲ့သောကြောင့်ပင်။

ထို့ကြောင့်ပင်လျှင် တတိယ မင်းသမီးနင်ယန်သည် နန်းမြို့တော်ထဲတွင် တကယ့်ကို ပြဿနာရှာသူ - ပြဿနာအိုး - ကွိုင်ထုတ်ဖြစ်လာခဲ့၏။ သူမကို ရန်ပြုရဲသည့်လူဟူ၍ အနည်းငယ်သာလျှင် ရှိ၏။

ရှမ့်လန်သည် သေသေချာချာ စဉ်းစားပြီးနောက် သူမအား မဟာမိတ်ဖွဲ့ရန် ရွေးချယ်ခဲ့၏။ ထို့ကြောင့် မင်းသမီးနင်ယန်နှင့် လမ်းမှာတွေ့သည့်အချိန်တွင် တင်ကကြီးပြီး ပေါင်က ထွားသည်ဟု အားလုံးကြားအောင် ပြောဆိုခဲ့ခြင်း ဖြစ်၏။ ဤသို့ပြောဆိုခြင်းမှာ မကြောက်လန့်၍ မဟုတ်ချေ။ တော်ရုံ ပြောဆိုလျှင် မထိရောက်မည် စိုးသောကြောင့် ဤသို့ရင့်ရင့်သီးသီး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နောင်ခါလာ၊ နောင်ခါဈေးပင်။

ဤစကားသည် လိင်ပိုင်းဆိုင်ရာ စော်ကားသည့်စကားများပင်။ မင်းသမီးနင်ယန်၏ နားဆီသို့ ထိုသတင်းက မကြာခင် ပေါက်ရောက်သွားမည်ဟု သူက ယုံကြည်မိ၏။ သူမ၏ သည်းညည်းမခံနိုင်သည့် စိတ်ဆန္ဒအရဆိုလျှင် ထိုစကားကို မည်သို့ သည်းခံမည်နည်း။ ကျိန်းသေပေါက် သူ၏တံခါး လာခေါက်ပေလိမ့်မည်။

သို့ပေမည့် လက်ရှိအခြေအနေတွင် မည်သည့်အရာမှ မဖြစ်နိုင်သေးချေ။ မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်သည် သူမကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိနေ၏။ သူသည် ထိုအရာကို အချိန်အတော်ကြာတည်းက ပြင်ဆင်ထားခဲ့သည်ဖြစ်ပြီး သူ့၌ နည်းလမ်းပေါင်းများစွာလည်း ရှိ၏။

ဟုတ်ပေ၏။ ထိုအရာကို ချရေးထားရုံနှင့် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

ချောင်ယောင်းအာသည် ရိုးရှင်းလွန်းသည်။ ထို့ကြောင့် အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်လမ်းတွဲကို အသုံးပြုကာဖြင့် သူမနားရောက်အောင် ကြိုးစားနိုင်သည်။ သို့ပေမည့် မင်းသမီးနင်ယန်မှာတော့ ထိုသို့ မဟုတ်ခဲ့ချေ။ ချောင်ယောင်းအာကဲ့သို့ ဇာတ်လမ်းဝတ္ထုများကို နားထောင်သည့် ဝါသနာမျိုးလည်း သူမ၌ မရှိချေ။

မင်းသမီး နင်ယန်၏ ဝါသနာများမှာ များပြားလွန်း၏။ ကံဆိုးစွာဖြင့် သူမက အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းပင်။ မဟုတ်ပါက ဆောင်ကြာမြိုင်သို့ပင် သွားမည့်လူစားမျိုး ဖြစ်၏။ ဟုတ်ပေ၏။ အချက်အလက်အားဖြင့် ဆောင်ကြာမြိုင်သို့လည် သွားခဲ့ဖူး၏။ ထိပ်တန်း အမျိုးသမီး ကချေသည် နှစ်ယောက်တို့၏ ဧည့်ခံမှုကိုပင် သွားရောက်ကာ စမ်းသပ်ခဲ့ဖူး၏။

ထို့ကြောင့် ရှမ့်လန်သည် မည်ကဲ့သို့ လှည့်စားရမည်ကို အသည်းအသန် စဉ်းစားခဲ့ရသည်။ တစ်ဖက် မိန်းကလေးအား သူ့အပေါ် ကျသွားအောင် ပြောရမည်လား။ သူမနှင့် အိပ်နိုင်ရန် ကြိုးစားရမည်လား။ မဖြစ်နိုင်ချေ။

ထို့အပြင် မင်းသမီးနင်ယန်၏ ဘဝဖြတ်သန်းပုံသည် ရှုပ်ထွေးပြီး ကြမ်းတမ်းလွန်းသည်ဆိုလျှင်တောင်မှ သူမ၏ လိင်နှင့်ပတ်သက်သော ဘဝဖြတ်သန်းမှုမှာတော့ ရိုးရှင်းလွန်းသည်။ အနည်းဆုံးအားဖြင့် သူမသည် မည်သည့် ယောကျ်ားနှင့်မှ ရှုပ်ထွေးခဲ့ခြင်း မရှိချေ။

ဤအမျိုးသမီးကို မည်သို့ ဖော်ညွှန်းရမည်နည်း။ ပထမဦးဆုံး - ရင်သားကြီးပြီး ဦးနှောက်မရှိသူ ဟု ညွှန်းဆိုရပေမည်။ ဒုတိယ - အလွန်အားကောင်းသည့် သိုင်းပညာကို ပိုင်ဆိုင်၏။ တတိယ- ကြမ်းတမ်းရိုင်းစိုင်းပြီး ကျိုးကြောင်း ဆီလျော်မှု မရှိသူ။ စတုတ္ထ - ယောကျ်ားလျှာတစ်ယောက်ကဲ့သို့ပင်။

ချောင်ယောင်းအာသည် ရဲတင်းသည့်ပုံ ပေါ်၏။ သို့ပေမည့် အနှစ်သာရမှာတော့ သူမသည် မိန်းမ တစ်ယောက်သာလျှင် ဖြစ်လေ၏။ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။

သို့ပေမည့် မင်းသမီးနင်ယန်မှာတော့ ရူးသွပ်နေသည့် အမျိုးသမီးတစ်ယောက်နှင့် ဆင်တူ၏။ ထို့အပြင် မိန်းကလေးချင်း ချစ်နှစ်သက်သည့် လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားရ၏။ သို့ပေမည့် ထိုကဲ့သို့လည်း မဟုတ်ချေ။ သူမက ပျော်ရွှင်မှုကိုခုံမင်ပြီး စိတ်လှုပ်ရှားမှုအတွက် အရာအားလုံးကို ပြုလုပ်မည့် လူမျိုးပင်။ ထို့ကြောင့် ဤအမျိုးသမီး၏ဘဝ၊ ဤအမျိုးသမီး၏ နေထိုင်ပုံသည် တကယ့်ကို ရှုပ်ထွေးလွန်းသည်။ ဤကဲ့သို့သော လူမျိုးအတွက် အသင့်တော်ဆုံးမှာ စစ်မှန်သည့် မိတ်ဆွေသူငယ်ချင်းတစ်ဦး ရှိရန်ပင်။

ရှမ့်လန်သည် ပထမဆုံး သူမ၏ ဦးခေါင်းထဲရောက်အောင် ပြုလုပ်ဖို့လိုသည်။ ထို့အပြင် ထိုသို့ရောက်အောင်လည်း ခက်ခဲသည်။ ထို့ကြောင့် သူမကို လိင်ပိုင်းဆိုင်ရာပြောဆို စော်ကားပြီး ဒေါသထွက် ရိုင်းစိုင်းလာအောင် လုပ်ရပေမည်။ မိန်းကလေးများသည် ရိုင်းစိုင်းသည့်အချိန်မျိုးတွင် ထိန်းချုပ်ရန် ပို၍ လွယ်ကူသည် မဟုတ်ပါလား။

သူ့အနေနှင့် သတိအပြည့်ထားရန်တော့ လိုအပ်၏။ တစ်ဖက်လူနှင့် အိပ်စက်ရန် မလိုအပ်ချေ။ ထို့အပြင် တစ်ဖက်လူနှင့် ကျိန်းသေပေါက် အိပ်စက်၍လည်း မဖြစ်နိုင်ချေ။ အိပ်စက်သည်ဆိုပါက သဘာဝ လောကကြီး၏ အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။

လက်ရှိ နင်ကျန်းသည် အားနည်းလျက် ရှိနေသေး၏။ ရှမ့်လန်၏ ထီး ဖြစ်လာရန် လုံလောက်သော စွမ်းဆောင်ရည်မျိုး မရှိသေးချေ။ ဤအမျိုးသမီးကိုသာ ထိန်းချုပ်နိုင်ခဲ့ပါက ရှမ့်လန်သည် တစ်ဝက်လောက် ကြိုးစားရုံနှင့် နှစ်ဆပိုမိုကာ ထူးခြားသည့် အကျိုးကျေးဇူးကို ရပေလိမ့်မည်။

ဥပမာအားဖြင့် အိမ်ရှေ့စံမင်းသားနေရာအတွက် လျိုလီ ကြိုးစားချိန်တွင် သူ့အား အကြီးမားဆုံးသော ကူညီသူက မည်သူဖြစ်သနည်း။ အကြီးဆုံးမင်းသား လျိုပိုင်ပင် ဖြစ်၏။ ဤမင်းသမီး နင်ယန်သည် လျိုပိုင်လောက် ထူးခြားသူ မဟုတ်သလို လျိုပိုင်လို ကျိုးကြောင်းဆီလျော်သူလည်း မဟုတ်ပေ။ (တရုတ်သမိုင်းထဲမှ လူများ - ဘာသာပြန်သူ)

ထိုသို့ဆိုလျှင်တောင်မှ အလွန်လည်း အသုံးဝင်လှလေ၏။

ရှမ့်လန်သည် စာကြည့်ခန်းထဲတွင် သေသေချာချာ စောင့်ဆိုင်းလျက် ရှိနေ၏။ မင်းသမီးအား ယနေ့ ပါးစပ်ဖြင့် စော်ကားပြောဆိုခဲ့၏။ အဘယ့်ကြောင့် သူ့ကို လာရောက် မသတ်ပစ်သေးသနည်း။

‘မြန်မြန်လာစမ်းပါ။ ကျုပ်ကို လာသတ်လိုက်စမ်းပါ’

............

All Chapters