← Chapters

နတ်ဘုရားသဖွယ်လှုပ်ရှားမှု

Vol. 3 Ch. 31

နတ်ဘုရားသဖွယ်လှုပ်ရှားမှု

Vol. 3 Ch. 31

အချိန်အတော်ကြာပြီးနောက် ချင်ကျီသည် မှင်သက်နေသော ပုံစံဖြင့် သူ့အခန်းထဲသို့ ပြန်သွားလေ၏။

တစ်ချိန်တည်းမှာပင် ချင်ချွမ်းကလည်း အရက်မူးနေသော အမူအရာဖြင့် ဧည့်ခန်းထိုင်ခုံပေါ်တွင် လှဲလျောင်းနေသည်။ သူ၏ အရက်သမားမျက်နှာပေါ်တွင် အပြုံးတစ်ခုက ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာ၏။

နောက်ထပ် ပုန်းကွယ်နေသည့် အန္တရာယ်တစ်ခုကို ဖြေရှင်းပြီးသွားလေပြီ။

ဒီနေ့ပြီးလျှင် သူ၏အပေါစားသားနှင့် လက်စွပ်ထဲရှိ လူတို့က သူ ဘာကြောင့် အသက်ငယ်ငယ်လေးဖြင့် အစွမ်းထက်နေလဲဆိုတာကို မေးခွန်းထုတ်ကြတော့မည်မဟုတ်ပေ။

ထို့အပြင်...

သူသည် ဤဘဝမှာ သိုင်းအင်ပါယာအဆင့်ထိ လေ့ကျင့်ခဲ့ပြီး ဟင်းလင်းပြင်ကို ခွဲကာ အထက်နယ်ပယ်သို့ သွားရောက်ခဲ့သည်ဟူ၍လည်း ပြောခဲ့သည်။

ထိုအရာက သူ ဒီလောက၌ အတွေ့အကြုံမရှိ ဖြစ်နေခြင်းကိုလည်း ပြီးပြည့်စုံစွာ ရှင်းပြနိုင်ခဲ့၏။ သူက ကမ္ဘာကြီးအား မမြင်ဖူးတာ မဟုတ်ပေ။ သူသည် ဒီထက် ပိုကြီးမားသောကမ္ဘာသို့ တိုက်ရိုက်သွားခဲ့တာကြောင့် ဤကမ္ဘာငယ်လေးအား လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ကစ၍ သူ မည်သည့်အင်အားကြီးအဖွဲ့အစည်း သို့မဟုတ် ကျော်ကြားသောတစ်စုံတစ်ရာကို မမှတ်မိခဲ့လျှင် သာမန်အဖြစ်အပျက်အနေဖြင့်သာ ရှိတော့မည်။

အထက်နယ်ပယ်ဆိုတာ ဘယ်လိုလဲ...သို့မဟုတ် ရှိရော ရှိရဲ့လား ဆိုသည့်မေးခွန်းက အရေးမကြီးပေ။

မည်သို့ပင်ဆိုစေကာမူ သူ မရောက်ဖူးပေ။ သူ၏ အပေါစားသား သို့မဟုတ် လက်စွပ်ထဲက လူလည်း မရောက်ဖူးပေ။ ဘယ်သူမှ မသိကြသောကြောင့် သူ စိတ်ရှိသလို ဖန်တီးပြောဆိုလိုက်ခြင်းပင်။

သူသည် နောက်ခံဇာတ်လမ်း ဖန်တီးသော နေရာ၌ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်၏။

အကယ်၍ ထိုအထက်နယ်ပယ်ဟုခေါ်သောအရာကသာ တကယ် ရှိနေခဲ့လျှင် နောင်အခါတွင် သူတို့အားလုံး အတူတူသွားကြမည်ဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းများကို သူ ဆက်လက်ဖန်တီးနိုင်သေးသည်။

"ဒါတင်မကသေးဘူး… ငါ့ရဲ့ မရှိတဲ့ မိတ်ဆွေဟောင်း ကိုလည်း အသုံးချနိုင်သေးတယ်"

သူသည် အပေါစားသားလေးအား သူ အသက်ဆယ့်ခြောက်နှစ်တွင် အသက်ကြီးကြီး မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး အသက်ဆယ့်ရှစ်နှစ်၌ အထက်နယ်ပယ်ကို သွားခဲ့၏၊ နှစ်နှစ်ကြာပြီးနောက် ပြန်လာသောအခါ ထို မိတ်ဆွေဟောင်းက ကွယ်လွန် သွားခဲ့ပြီဟု ပြောခဲ့သည်။

ထိုအရာက သူ ကြုံရာပြောခဲ့ခြင်း မဟုတ်ပေ။

သူ တွက်ချက်ထားသောစီမံကိန်းတစ်ခုသာ ဖြစ်၏။

သူသည် ထင်းယွီအဆောက်အအုံမှ သက်ဆိုင်ရာထောက်လှမ်းရေးသတင်းအချက်အလက်များကို ဝယ်ယူထားခဲ့ပြီး သေဆုံးချိန် ကိုက်ညီသော "မိတ်ဆွေဟောင်းအလောင်းအလျာ" အများအပြားကို ရွေးချယ်ထားခဲ့သည်။

ယခု သူကိုယ်တိုင်က အသက်၃၇နှစ် ဖြစ်၏။ သူ့မိတ်ဆွေဟောင်းက သူ အသက်၁၉နှစ်ခန့်တွင် သေဆုံးခဲ့ရာ ၎င်းမှာ ၁၈နှစ်ခန့် ကြာနေပြီ ဖြစ်သည်။

လွန်ခဲ့သောဆယ့်ရှစ်နှစ်က *ကျိုးယန်နယ်မြေ(နေကိုးလုံးနယ်မြေ)တွင် ကြီးမားသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ကောင်းကင်ဘုံနယ်ပယ်ရောက် ပုဂ္ဂိုလ်အများအပြား သေဆုံးခဲ့ရ၏။

( T/N - 'ကျိုး'က နံပါတ်ကိုးလို့ အဓိပ္ပာယ်ရပြီး 'ယန်'ကတော့ နေမင်းလို့ အဓိပ္ပာယ်ရတဲ့ 'ထိုက်ယန်'ထဲက ယန်ကို ယူထားတာပါ။ ကျိုးယန်နယ်မြေနဲ့ နေကိုးလုံးနယ်မြေက တူတူပါပဲနော်၊ စာထဲမှာတော့ နှစ်ခုလုံး ယှဥ်ရေးပေးသွားပါမယ်)

ထိုပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် အစွမ်းထက်ရုံသာမက သူတို့၏ သက်ဆိုင်ရာအင်အားစုများကလည်း နက်ရှိုင်းသော အုတ်မြစ်များ ရှိခဲ့သည်။

သူသည် ထိုပုဂ္ဂိုလ်များထဲမှ မည်သူ့ကိုမဆို မိတ်ဆွေဟောင်းဆိုသည့် အထောက်အထားကို အချိန်မရွေး ပေးအပ်နိုင်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ထိုလူများက သေဆုံးသွားပြီဖြစ်ရာ သူ့ကို ငြင်းခုံနိုင်မည် မဟုတ်ပေ။

ထိုလူတို့၏ မိတ်ဆွေများ၊ မိသားစုဝင်များ သို့မဟုတ် သူတို့၏မျိုးဆက်များအနေဖြင့် သူ့အား တွေ့လျှင်ပင် သူ၏ "မျိုးဆက်တူဦးလေး" ဟူသော ကိုယ်ပိုင်အထောက်အထားကို ငြင်းဆိုနိုင်ကြမည်မဟုတ်ပေ။

မင်းတို့ ငါ့ကို မသိကြဘူးလား။

ငါ့အကြောင်း မကြားဖူးကြဘူးလား။

မသိတာ မှန်တာပေါ့!

မင်းအဖေနဲ့ ငါနဲ့က တစ်နေရာတည်းမှာ အရက်တူတူသောက်ပြီး တစ်နေရာတည်းမှာပဲ အတူတူ 'ဒိုး'ပစ်ခဲ့ကြတာ၊ ဒီလိုကိစ္စတွေကို မင်းက ဘယ်လိုလုပ်သိနိုင်မှာလဲ။

ဒါဟာ တစ်ဖက်လူအား စကားမပြောနိုင်အောင် ပိတ်ပစ်လိုက်ခြင်းပင်။

သူသည် ထိုလူများကို သေသေချာချာ စုံစမ်းထားခဲ့ပြီး သူတို့ထဲမှ မည်သူမဆို သူ၏ မိတ်ဆွေဟောင်း ဖြစ်လာနိုင်သည်။

နောက်ဆုံး၌ ဘယ်သူက ထိုဂုဏ်ကျက်သရေကို ရရှိသွားမလဲဆိုသည့်အချက်မှာ သူ၏အပေါစားသားလေး က မည်သည့်မျိုးဆက်နှင့် ပထမဦးဆုံး တွေ့ဆုံမလဲ ဆိုသည့်အချက်အပေါ်မှာ မူတည်နေ၏။

သူ မည်သူ့ကိုတွေ့ သည်ဖြစ်စေ ထိုလူက သူ့မိတ်ဆွေဟောင်း ဖြစ်သွားလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက သူ၏ အပေါစားသားလေးအတွက် ပြင်ဆင်ထားသော ထောင်ချောက်ကြီးတစ်ခုပင်။

"ဒင်! အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်မှ ဖုန်းချန်က မင်းရဲ့သားအပေါ် သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်လာပါတယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' ဆိုတဲ့ နိယာမနဲ့အညီ မင်းရဲ့ သိုင်းအဆင့်ကို အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ စတုတ္ထအဆင့်ထိ မြှင့်တင်ပေးလိုက်ပါမယ်"

ထိုအချိန်၌ စနစ်၏ အချက်ပေးသံက ထွက်ပေါ်လာသည်။

ချင်ချွမ်း၏ နှုတ်ခမ်းများက ကွေးညွတ်သွားလေ၏။ ဖုန်းမိသားစုက ဖုန်းဟောက်၏ သေဆုံးမှုကို သိရှိပြီး ချင်ကျီအား တရားခံအဖြစ် ဖော်ထုတ်လိုက်နိုင်ပုံရသည်။

ထိုအရာက ပုံမှန်ပင်။

မည်သို့ပင်ဆိုစေကာမူ ချင်ကျီက ဖုန်းဟောက်အား လိုက်ဖမ်းခဲ့စဉ် လူအများအပြားက မြင်တွေ့ ခဲ့ရ၏။ ထို့ကြောင့် သူက အဓိကသံသယရှိသူ ဖြစ်နေသည်။

ချင်ကျီက လူသတ်သမားဖြစ်ကြောင်း အပြည့်အဝသက်သေပြနိုင်ခြင်း မရှိသော်လည်း ဖုန်းမိသားစု အတွက် တကယ့်လူသတ်သမားကို မရှာဖွေနိုင်သောအခါ စိတ်ပျက်အားလျော့၍ အဓိကသံသယရှိသူ ကို သတ်လိုက်ခြင်းက သူတို့အတွက် အဆန်းမဟုတ်ပေ။

"တစ်ခုခု မူမမှန်ဘူး"

ချင်ချွမ်းမှာ ရုတ်တရက်ပင် မျက်မှောင်ကြုတ်လိုက်မိ၏။ အကြောင်းမှာ ဒီတစ်ခါတွင် သူ၏သိုင်းအဆင့်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ စတုတ္ထအဆင့် အထိသာ မြင့်တက်ခဲ့သောကြောင့်ပင်။

အရင်တစ်ခေါက်တုန်းက သူ၏ အပေါစားသားမှ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ တတိယအဆင့် ရှိသည့် ဆရာဖန်ချီအား ရန်စခဲ့သောအခါ သူ့သိုင်းအဆင့်က တတိယအဆင့်ထိ တိုက်ရိုက်မြင့်တက်ခဲ့သည်။

သို့သော် ဒီတစ်ခါတွင် သူ၏ အပေါစားသားက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်မှ ဖုန်းချန်ကို စော်ကားခဲ့မိသောအခါ သူ့သိုင်းအဆင့်က စတုတ္ထအဆင့်ထိသာ မြင့်တက်ခဲ့၏။

အဆင့်တစ်ဆင့်တည်းသာ မြင့်တက်ခဲ့ခြင်းပင်။

"စနစ် မင်း ဒီလောက်အထိ တွန့်တိုစရာ လိုလို့လား"

ချင်ချွမ်း၏ နှုတ်ခမ်းများက တွန့်သွားလေသည်။ စတုတ္ထအဆင့်၊ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ပြိုင်ဘက်ကို အဆင့်ကျော်တိုက်ခိုက်၍ ချေမှုန်းရန် လုံလောက်နေသော်လည်း ဒီလောက်အထိလုပ်ရန်မှာ မလိုအပ်ပေ။

"ဒင်! လက်ခံသူ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိုင်းအဆင့် မြန်မြန်ဆန်ဆန် မြင့်တက်ခြင်းက မသင့်လျော်ပါဘူး၊ မဟုတ်ရင် အခြေခံအုတ်မြစ်က မတည်မငြိမ် ဖြစ်သွားနိုင်ပါတယ်"

"ဒင်! ဒါပေမယ့် စနစ်ရဲ့စည်းမျဉ်းတွေအရ လက်ခံသူရဲ့ သိုင်းအဆင့်က တစ်ဖက်ရန်သူနဲ့ အဆင့်တူတဲ့အထိ မတက်သွားဘူးဆိုရင် စနစ်က လျော်ကြေးပေးရပါမယ်"

"ဒင်! အမြင့်ဆုံးအဆင့် ကောင်းကင်တက်လှမ်းလျှို့ဝှက်ပညာဖြစ်တဲ့ နဂါးကိုးကောင်တိုက်ခိုက်ရေးစွမ်းအင်ကို လျော်ကြေးအဖြစ် လက်ခံရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်"

စနစ်၏အသံက ထွက်ပေါ်လာ၏။

ရုတ်ချည်းပင် ချင်ချွမ်းသည် ခန္ဓာကိုယ်အတွင်း၌ မီးတောင်ချော်ရည်ပင်လယ်တစ်ခု ဆူပွက်နေသလို ခံစားလိုက်ရပြီး ပြင်းထန်သော စွမ်းအင်များဖြင့် ပြည့်နှက်နေသလို ခံစားနေရသည်။

ငွေဖြူရောင် နဂါးပုံစံ အော်ရာကိုးခုက ထိုမီးတောင်ချော်ရည်ပင်လယ်ထဲတွင် ကူးခတ်ကစားနေကြ၏။ ၎င်းက လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်လှသည်။

ထိုနဂါးပုံစံ အော်ရာကိုးခုက ပြင်းထန်ရက်စက်ကာ လွှမ်းမိုးနိုင်စွမ်းရှိ၏။ တစ်ကြိမ် ထုတ်ဖော်လိုက်သည်နှင့် မဖျက်ဆီးနိုင်သော အရာမရှိဘူးဟု သူ ခံစားနေရသည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား"

ချင်ချွမ်းတစ်ယောက် သူ့လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ့နှလုံးသားထဲ၌ ထိုပညာအပေါ် နှစ်လိုမှုက နှိုင်းယှဉ်မရအောင် ပြည့်နှက်လာသည်။

နောက်ဆုံးမှာတော့ သူ ပြသရန်အတွက် နတ်ဘုရားပညာတစ်ခုကို ရရှိခဲ့လေပြီ။ လက်စွပ်ထဲရှိ လူအရှေ့၌ သူ မလုံလောက်သလို ခံစားနေစရာ မလိုတော့ပေ။

ယခင်တိုက်ပွဲများတွင် သူသည် အခြေခံတိုက်ခိုက်မှု များကိုသာ အမြဲသုံးခဲ့ပြီး သိုင်းပညာ သို့မဟုတ် သူ၏ ကျွမ်းကျင်မှုများကို လုံးဝ မသုံးရဲခဲ့ပေ။

အဘယ့်ကြောင့်နည်း။

အကြောင်းမှာ သူ့ထံ၌ ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦးနှင့် လိုက်ဖက်သော သိုင်းပညာ မရှိခဲ့သောကြောင့်ပင်။

သူ အဆင့်နိမ့်သိုင်းပညာကို သုံးခဲ့လျှင် လက်စွပ်ထဲက လူက တွေးလိမ့်မည်။

သူက ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ် မဟုတ်ဘူးလား။

ဘာလို့ ဒီလိုအဆင့်နိမ့်သိုင်းပညာကို သုံးနေရတာလဲ။

ပြီးတော့ သူက ကျွမ်းကျင်အောင်တောင် လေ့ကျင့်ထားပုံမရဘူး၊ ကျွမ်းကျင်မှုက အားနည်းလိုက်တာ...

တစ်ဖက်လူက ထိုကဲ့သို့ တွေးလိုက်သည်နှင့် သူ၏ ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်ပုံရိပ်က ပြိုလဲရန် ခြေတစ်လှမ်း ပိုနီးသွားလိမ့်မည်။

သူ့ပုံစံမှာ စျေးကြီးသော ကုတ်အင်္ကျီအား မတတ်နိုင် သည့် ရိုးရိုးသာမန်လူငယ်တစ်ယောက်က ဟန်ဆောင်နေသည့်အလားပင်။ ဗိုက်ကြွက်သားရှစ်ထုပ်ကိုသာ ထုတ်ပြပြီး ၎င်းထူးခြားမှုကို ပြချင်ရုံဖြစ်ကာ ကုတ်အင်္ကျီမဝယ်နိုင်တာမျိုးမဟုတ်ဟု အများအား ပြောချင်နေသကဲ့သို့ပင်။

သို့သော်ငြား သူလည်း နောက်ဆုံးမှာတော့ အသင့်အတင့်ရှိသော အဖုံးအကာတစ်ခုကို ရရှိခဲ့လေပြီ။ ယခင်တုန်းကကဲ့သို့ အဝတ်ဗလာဖြင့် ပြေးလွှားနေစရာ မလိုတော့ပေ။

အချိန်က ကုန်လွန်သွားခဲ့၏။

မကြာခင်မှာပင် ညဥ့်နက်လာလေသည်။

အချိန်ကို တွက်ချက်လိုက်ပြီးနောက် ဖုန်းမိသားစုမှ ကျွမ်းကျင်သူများသည် မနက်ဖြန်၌ လာရောက်ကြလိမ့်မည်ဟု ချင်ချွမ်း ခန့်မှန်းလိုက်၏။

သူ ညတွင်းချင်း ထွက်ပြေးရန် ပြင်ဆင်နေသည်။

သူ၏အပေါစားသားက ဖုန်းချန်ဆီမှ လာသော ဒီရေလှိုင်းကို တစ်ယောက်တည်းရင်ဆိုင်ရမှာ ဖြစ်၏။

အကြောင်းမှာ သူသာ ဖုန်းချန်ကို ချေမှုန်းလိုက်လျှင် ဖုန်းချန်၏ ဖခင်ဖြစ်သော အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နဝမအဆင့်မှ ဖုန်းလန်က သူ့ကို ပစ်မှတ်ထားလာလိမ့်မည်။

၎င်းက အနည်းငယ် အန္တရာယ်ရှိသည်။

သူ ထိုအန္တရာယ်ကို ယူရန် ဆန္ဒမရှိပေ။ အနိုင်ရရန် ၉၀ရာခိုင်နှုန်းလောက် အခွင့်အရေးရှိနေလျှင်တောင် သူ လက်ခံနိုင်စရာ မရှိသေးပေ။

၉၀ရာခိုင်နှုန်း အခွင့်အရေးဆိုသည်မှာ ဆယ်ကြိမ်၌ ကိုးကြိမ် သေတာလည်း ဖြစ်နိုင်သေး၏။

အပေါစားသားလေး၏ လုံခြုံရေးအတွက်ကတော့ သူ လုံးဝ စိတ်မပူပေ။ အမှိုက်ကောင်ဇာတ်လိုက်၏ အစစ်အမှန်ဘဝက ပိုးဟပ်တစ်ကောင်ထက်တောင် ပိုခက်ခဲသည်။

သူ ကိုယ်တိုင်သေသွားရင်တောင်မှ သူသားက အလွယ်တကူသေမှာ မဟုတ်ဘူးဆိုတာ သူ ပြောနိုင်ပေ၏။

ထို့ကြောင့် အရက်နာကျတာ သက်သာသွားပြီးနောက်မှာ သူ ချင်ကျီ၏ အိပ်ခန်းသို့ သွားလိုက်သည်။

တံခါးက မပိတ်ထားပေ။ ချင်ကျီက ကုတင်ပေါ်မှာထိုင်နေပြီး သိုင်းကျင့်ကြံနေ၏။

"ဒေါက်! ဒေါက်! ဒေါက်!"

ချင်ချွမ်း တံခါးခေါက်လိုက်သည်။

ချင်ကျီက ချက်ချင်းပင် ကျင့်ကြံရာကနေ ထလာပြီး ချင်ချွမ်းကို မြင်သောအခါ ပြုံး၍ မေး၏။

"အဖေ တစ်ခုခုလိုလို့လား"

ချင်ချွမ်းက စကားမပြောပေ။

သူ တိတ်ဆိတ်စွာပင် အထဲကို ဝင်လာပြီး ကုတင်နားမှာ ရပ်လိုက်သည်။ သူ ချင်ကျီ၏ခေါင်းကို ညင်သာစွာပုတ်၍ တီးတိုးပြောလိုက်၏။

"ရှောင်ကျီ အဖေ နောက်ထပ်အပြင်သွားရဦးမယ်"

"ဘာဖြစ်လို့လဲ"

ချင်ကျီမှာ အနည်းငယ် လန့်သွားရသည်။

သူ ဖုန်းမိသားစုအကြောင်းကို မတွေးမိခဲ့ပေ။ အကြောင်းမှာ ဖုန်းဟောက် သေသွားသည်ကို သူ မသိသလို ဖုန်းမိသားစုက သူ့ကို သတ်ချင်နေတာကိုလည်း သူ မသိပေ။

သူ သိခဲ့လျှင်တောင် ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ ဖုန်းမိသားစုက သူ့အဖေ၏ အရှေ့၌ ပုရွက်ဆိတ်သာသာပင်။

"အရင်က အဖေ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ပေးခဲ့တဲ့ ကျောက်စိမ်းအဆောင်ကို တစ်ယောက်ယောက်က ချိုးခဲ့တယ်၊ သူ ဒုက္ခရောက် နေလားဆိုတာကို သွားစစ်ဆေးသင့်တယ် မဟုတ်လား"

ချင်ချွမ်းက အလေးအနက်ထား၍ ပြောနေသည်။

"အဲ့ဒီမိတ်ဆွေဟောင်းက ဘယ်သူလဲ"

ချင်ကျီက စိုးရိမ်တကြီးမေးလေ၏။ အချိန်တိုအတွင်းမှာ သိုင်းကျင့်ကြံမှုကို အလွန်အကျွံပြန်ရယူခြင်းက အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည်ဟု အဖေ ပြောခဲ့သည်ကို သူ မှတ်မိနေတုန်းပင်။

"သူက သာမန်ထင်းခုတ်သမားလေးတစ်ယောက်ပါပဲ၊ တောင်တန်းတွေပေါ်မှာ အဖေနဲ့ တစ်ခါတွေ့ခဲ့တာ၊ သူ့စကားတွေက အဖေ့ကို အတွေးအမြင်အချို့ ပေးခဲ့တယ်၊ သေးငယ်တဲ့ကျေးဇူးကြွေးတင်ခဲ့တာပေါ့"

ချင်ချွမ်းက ပြုံး၍ ခေါင်းခါယမ်းလာသည်။

ထိုစကားကိုကြားသောအခါ ချင်ကျီလည်း စိတ်အေးသွားရ၏။ ထင်းခုတ်သမား တစ်ယောက်သာဆိုလျှင် သူ ကြုံတွေ့ရသည့်ဒုက္ခက သိပ်မပြင်းထန်လောက်ဘူးဟု သူ တွေးမိသည်။

သူ အသက်ပြင်းပြင်းရှူသွင်း၍ ပြုံးပြလိုက်၏။

"ဒါဆို သွားလိုက်ပါ အဖေ၊ ကျွန်တော့်ကို စိတ်မပူပါနဲ့၊ မင်ဟောက်မြို့မှာဆို အရမ်းလုံခြုံပါတယ်"

"အင်း"

ချင်ချွမ်း ခေါင်းညိတ်ကာ သူ့သား၏ ခေါင်းကို ပုတ်ရန် လက်လှမ်းလိုက်သည်။ ကြင်နာသောအပြုံးတစ်ခုက သူ၏ ခန့်ညားသောမျက်နှာပေါ်တွင် ပေါ်ထွက်လာလေ၏။

အလွန်လုံခြုံရုံတင် မကပေ။

အထူး လုံခြုံပေသည်။

**********************

All Chapters