လေနက်ချောက်ကြီးအပြင်ဘက်၌ သတ်ဖြတ်ခြင်း
Vol. 3 Ch. 33
လေနက်ချောက်ကြီး။
၎င်းမှာ နတ်ဆိုးပါးစပ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သေမင်းတမန်နေရာများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ထူးဆန်းသောအနက်ရောင်လေများ မှုတ်ထုတ်နေတတ်သည်။
၎င်း၏ဆယ်မိုင်ပတ်ပတ်လည်အတွင်း ဘယ်သူမှ မချဉ်းကပ်ရဲသလောက်ပင်။ အဘယ်ကြောင့်ဆိုသော် လေနက်ချောက်ကြီးဆီမှ အဆွဲခံရလျှင် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းက မလွဲမသွေပင် ဖြစ်၏။
ထို့အပြင် ကံမကောင်းမှုကြောင့် လေနက်ချောက်ကြီးထံမှ အဆွဲခံရပြီး အနက်ဆုံးနေရာသို့ ရောက်ရှိသွားပါက အသက်ရှင်ရန် မဖြစ်နိုင်သလောက်ပင်။
ယခုအချိန်တွင်။
လူခြောက်ဦးက လေနက်ချောက်ကြီး၏ အပြင်ဘက် ၌ ပျံသန်းနေကြသည်။
"ရွှစ်!"
ထူးဆန်းသောအနက်ရောင်လေက မြွေများကဲ့သို့ ကခုန်ကာ ကောင်းကင်ယံတွင် လည်ပတ်နေ၏။ ၎င်း၏ဆယ်မိုင်ပတ်ပတ်လည်တွင် လေပြင်းများတိုက်ခတ်နေပြီး မူလရာသီဥတုကိုပင် ပြောင်းလဲစေပေသည်။
"အခု မင်း ဘယ်ပြေးနိုင်ဦးမလဲဆိုတာကို ကြည့် ရအောင်"
ဖုန်းချန်သည် လမ်းဆုံးသွားသော သားကောင်ကိုကြည့်နေသော မုဆိုးတစ်ဦးကဲ့သို့ ချင်ကျီကို ကြည့်နေလေ၏။ သူ့မျက်နှာပေါ်၌ အေးစက်သော အပြုံး တစ်ခုရှိနေသည်။
လိုက်ဖမ်းနေခြင်းက နှစ်ရက်တိုင် ကြာခဲ့လေပြီ။
သူ့အမြန်နှုန်းဖြင့် လျင်မြန်စွာ လိုက်မီနိုင်သော်လည်း သူ ရည်ရွယ်ချက်ရှိရှိ အရှိန်လျှော့ခဲ့၏။
သူ ထိုကောင်စုတ်အား အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကို ဆက်လက်ပေးချင်နေခဲ့သည်။ ပြီးမှသာ ထပ်ခါထပ်ခါ ချိုးဖျက်ပစ်၍ စိတ်ပျက်အားငယ်မှုလှိုင်းလုံးထဲသို့ လုံးဝနှစ်မြှုပ်ပေးချင်ခဲ့လေ၏။
အခုတော့ သူ ကစားပေးနေခဲ့တာ လုံလောက်သွားလေပြီ။ ထိုကောင်လေးက ပြေးစရာနေရာမရှိတော့ပေ။ သူ့အသက်ကို အဆုံးသတ်ပေးရန် အချိန်တန်လေပြီ။
"ခင်ဗျားတို့ ဖုန်းမိသားစုကလူတွေ ဘာလို့ ဒီလောက်အထိ အတင်းအကျပ်လုပ်နေရတာလဲ၊ ကျုပ် ဖုန်းဟောက်ကို မသတ်ခဲ့ဘူးလို့ ပြောပြီးပြီလေ!"
ချင်ကျီက ဒေါသတကြီး ပြောနေသည်။
သူ့မျက်လုံးများက နီရဲနေ၏။ သူသည် ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏သား ဖြစ်ပါလျက်နှင့် အခုလိုမျိုး မတရားမှုအား ရင်ဆိုင်နေရသည်ကို မယုံနိုင်ဖြစ်နေသည်။
ထိုအရာက မှားယွင်းနေသော စွပ်စွဲချက် ဖြစ်၏။
သူ လက်မခံနိုင်ပေ။
"ဖုန်းဟောက်က မင်းနဲ့ပဲ ပြဿနာ ရှိခဲ့တာ၊ မင်း သူ့ကို လိုက်ဖမ်းနေတာ လူအများကြီးက မြင်ခဲ့တယ်၊ မင်း မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ"
ဖုန်းချန်က ချင်ကျီအား အပေါ်စီးကနေ ကြည့်၍ လှောင်ပြောင်နေသည်။
"ဘာလဲ သတ်ဖို့ကျ သတ္တိရှိပြီး ဝန်ခံဖို့ သတ္တိမရှိဘူးလား"
"ကျုပ်သာ လုပ်ခဲ့ရင် သေချာပေါက် ဝန်ခံမှာ၊ ဒါပေမယ့် မလုပ်ခဲ့တဲ့အတွက် အပြစ်တင်ခံမှာ မဟုတ်ဘူး!"
ချင်ကျီက ဖုန်းချန်ကို မကြောက်မရွံ့ စိုက်ကြည့်၍ မေးခွန်းထုတ်လေ၏။
"ခင်ဗျားမှာ သက်သေမရှိဘဲ ကျုပ်လုပ်တယ်ဆိုပြီး ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ"
"ဟဲ ဟဲ…"
ဖုန်းချန်က ရွှင်မြူးစွာ ရယ်မောလိုက်ပြီးနောက် အေးစက်စွာ ပြောလာသည်။
"အာသွက်လျှာသွက်ပါလား၊ ဒါပေမယ့် ငါ့ရဲ့ဖုန်းမိသားစုက မင်းကို သတ်ဖို့ သက်သေ လိုအပ်လို့လား၊ ငါက မင်း ဖြစ်တယ်လို့ ပြောရင် အဲ့ဒါ မင်းပဲ!"
ဘုန်း!
သူ့ထံမှ အားကောင်းသောအရှိန်အဝါတစ်ခု ပေါက်ထွက်လာပြီး မီးတောက်တစ်ခုကဲ့သို့ တောက်ပနေကာ စွမ်းအင်တိုးလာမှုက အများ၏ ကျောရိုးကို တုန်ယင်စေ၏။
"ဆရာ ကျွန်တော် ဘာလုပ်ရမလဲ"
ချင်ကျီ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ယခု သူ ထပ်လှုပ်ရှားရန် နေရာမရှိတော့သလို ထွက်ပေါက်လည်း မရှိတော့ပေ။
သူ ဒီနေရာမှာ သေချင်စိတ်မရှိပေ။
ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်၏ သားဖြစ်သူ၊ ကြီးမြတ်ရန် ကံကြမ္မာပါလာသော နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် သူက ဖုန်းမိသားစု၏ လက်ထဲ၌ သေဆုံး၍ မဖြစ်ပေ။ ၎င်းက အလွန်အရှက်ရစရာ ကောင်း၏။
"ရှောင်ကျီ ငါ့ရဲ့လက်ရှိခွန်အားနဲ့ သူတို့ကို ခုခံနိုင်စွမ်း မရှိဘူး၊ ဒါကြောင့်… ငါတို့ စွန့်စားရမယ်"
ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက လေးနက်စွာ ပြောလေသည်။
"ဘာကိုဆိုလိုတာလဲ ဆရာ"
ချင်ကျီလည်း သူ့စိတ်ထဲ၌ မေးလိုက်၏။
"လေနက်ချောက်ကြီး"
ဆံပင်ရွှေရောင်ပိုင်ရှင်အမျိုးသမီးက အသက်ပြင်းစွာ ရှူသွင်းလျက်...
"မင်းက နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်လေ၊ ကြီးမားတဲ့ကံကောင်းခြင်းနဲ့ မွေးဖွားလာတဲ့လူ ပြီးတော့ ငါကလည်း ပထဝီဝင်နဲ့ အစီအရင်တွေကို နားလည်တဲ့သူဖြစ်တယ်၊ ငါတို့သာ လေနက်ချောက်ကြီးထဲ ဝင်သွားရင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ရှိကောင်းရှိနိုင်တယ်"
"ကောင်းပါပြီ"
ချင်ကျီသည် သူ့ဆုံးဖြတ်ချက်ကို မဆိုင်းမတွပင် ပြတ်သားစွာ ချ၍ လေနက်ချောက်ကြီးဆီသို့ လှည့်ကာ ပျံသန်းလိုက်သည်။
"ဝှစ်!"
သူ့အမြန်နှုန်းကို တတ်နိုင်သမျှ အကုန်ထုတ်သုံး၍ လေနက်ချောက်ကြီး၏ ဆယ်မိုင်ပတ်ပတ်လည်ထဲသို့ ဝင်ရောက်ကာ အမှောင်ထုရှိရာနေရာသို့ ပျံသန်းသွားခဲ့၏။
"ထွက်ပြေးလို့ရမယ် ထင်နေလား! အဲ့ဒီလောက် မလွယ်ဘူး!"
ဖုန်းချန်က သတိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သူသည် ရွှေရောင်တောင်ပံကြီးကဲ့သို့အလား ချင်ကျီဆီသို့ ဒိုင်ဗင်ထိုးဆင်းသွားလေ၏။
"ဘန်း! ဘန်း! ဘန်း!"
မြွေပွေးများကဲ့သို့ ဝေ့ဝိုက်နေသော အနက်ရောင်လေများကို သူ တိုက်ရိုက်ချိုးဖျက်ပစ်ခဲ့သည်။ သူသည် မြစ်ကို ဖြတ်ကူးလာသော ရက်စက်သည့် နဂါးတစ်ကောင်ကဲ့သို့ မကြောက်မရွံ့ပင် ချင်ကျီဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့၏။
"သေစမ်း!"
သူ့ညာဘက်လက်ကို မြှောက်၍ ထိုးချလိုက်သည်။ ချက်ချင်းပင် မီတာတစ်ရာကျယ်သော ရွှေရောင်လက်သီးအရိပ်တစ်ခုက ဥက္ကာခဲတစ်ခုကဲ့သို့ ချင်ကျီ အပေါ်သို့ ဖိကျလာလေ၏။
"မဖြစ်ဘူး!"
ချင်ကျီသည် လက်သီးမှ ဖြာထွက်လာသော ပူလောင်နေသည့် လေနှင့် အနောက်မှ ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။ သူ့မျက်နှာက စိတ်ပျက်အားငယ်မှုဖြင့် ဖြူဖျော့သွားလေ၏။
နည်းနည်းလေးပဲ လိုတော့တယ်!
နည်းနည်းလေးပဲ!
လေနက်ချောက်ကြီးထဲသို့ ဝင်ရန် အလွန်နီးစပ်နေလေပြီ။ သို့သော်ငြား ထိုလက်သီးကို သူ မရှောင်နိုင်သလို ထိုစွမ်းအားကိုလည်း ခံနိုင်ရည်မရှိပေ။
"ရွှီး!!"
ထိုအချိန်တွင် ကြီးမားကာ မည်းနက်နေသော လေဆင်နှာမောင်းတစ်ခုက လေနက်ချောက်ကြီးထဲမှ ထွက်ပေါ်လာပြီး ချင်ကျီ၏နောက်ကျောကို တိတိကျကျ ကာဆီးလိုက်လေသည်။
"ဘုန်း!"
ရွှေရောင်လက်သီးအရိပ်သည် အနက်ရောင်လေဆင်နှာမောင်းနှင့် တိုက်မိပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲထွက်သွားကာ မီးစများ လွင့်ထွက်သွားလေ၏။
"အား!"
ချင်ကျီသည် ထိုပေါက်ကွဲမှုလှိုင်းဖြင့် တိုက်မိသွားရာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လေနက်ချောက်ကြီးထဲသို့ အော်ဟစ်ရင်း ကျသွားခဲ့သည်။
"ဘာ!"
ဖုန်းချန်လည်း ရုတ်တရက် လန့်သွားပြီးနောက် သူ့မျက်နှာက ဒေါသကြောင့် ဖြူဖျော့သွားကာ ဒေါသတကြီး ပြောလာ၏။
"မင်း နတ်ဆိုးလေ! ငါ့ရဲ့အစီအစဥ်ကို ဖျက်ဆီးရဲတယ်ပေါ့!"
သူ အနက်ရောင်လေဆင်နှာမောင်းဆီသို့ တိုက်ရိုက်တိုးဝင်သွားလိုက်သည်။ စွမ်းအင်များက သူ့ပတ်ပတ်လည်တွင် တရွေ့ရွေ့ထိုးတက်လာခဲ့ပြီး ထိုနတ်ဆိုးလေအား အပိုင်းပိုင်းဆုတ်ဖြဲရန် အသင့်ဖြစ်နေလေ၏။
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်မှ အစွမ်းထက်သူတစ်ဦးအနေဖြင့် သူသည် တောင်များ ကို အလွယ်တကူ ချိုးဖျက်နိုင်ပြီး မြစ်များကို ပိုင်းဖြတ်နိုင်လေသည်။ သာမန်ရိုးရှင်းသောနတ်ဆိုးလေကို ဘာကြောင့် ကြောက်ရမည်နည်း။
"ဝှီး ဝှီး ဝှီး!"
သို့သော်ငြား ထိုအချိန်တွင် နောက်ထပ် အနက်ရောင်လေဆင်နှာမောင်းများစွာက ချောက်နက်ကြီး၏အောက်ခြေမှ ထိုးတက်လာလေ၏။
ထိုအနက်ရောင်လေများသည် တစ်ခုနှင့်တစ်ခု တွယ်ကပ်ကာဖြင့် ပို၍ကြီးမားသော လေဆင်နှာမောင်း အဖြစ်သို့ ပေါင်းစပ်သွားကြသည်။ ၎င်းအတွင်းရှိ စွမ်းအင်လှိုင်းများက စိတ်နှလုံးများကို တုန်လှုပ်စေပေ၏။
"မိသားစုခေါင်းဆောင် အမြန်ပြန်လာပါ!"
အဝေးမှာရပ်နေသော ဖုန်းမိသားစု၏ အကြီးအကဲလေးဦးက အော်ဟစ်လာကြ၏။
ဖုန်းချန်လည်း တွန့်ဆုတ်သွားကာ အံတင်းတင်းကြိတ်လိုက်သည်။ သူ့ဒေါသကို ထုတ်ဖော် ချင်သော်လည်း ထိုနတ်ဆိုးလေက ကိုင်တွယ်ရခက်ခဲ မည့်ပုံပင်။
ထိုနတ်ဆိုးလေဖြင့် ကျိုးကြောင်းမဲ့စွာ ဆွဲငင်ခံရ၍ လေနက်ချောက်ကြီးထဲသို့ ရောက်သွားပါက ကြီးမားသောပြဿနာမှာ 'သေဆုံးခြင်း'က သေချာသလောက်ပင်။
အကောင်းအဆိုးများကို မြန်ဆန်စွာ ချိန်ဆပြီးနောက် သူ လေနက်ချောက်ကြီး၏အနားမှ ဆုတ်ခွာလိုက်လေ၏။
"မိသားစုခေါင်းဆောင် အခု ဘာလုပ်ရမလဲ"
အကြီးအကဲတစ်ဦးက မေးလေသည်။
"အဲ့ဒီကောင်က လေနက်ချောက်ကြီးထဲ ကျသွားပြီ၊ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး၊ ငါတို့ရဲ့ လက်စားချေမှုက ပြီးဆုံးပြီလို့ ယူဆရမယ်"
နောက်ထပ်အကြီးအကဲတစ်ဦးက ပြော၏။
"မသေချာဘူး၊ တချို့လူတွေဆိုရင် အသက်မရှင်နိုင်တဲ့အခြေအနေထဲ ကျသွားရင်တောင် အသက်ရှင်နိုင်ခဲ့ရုံသာမကဘူး၊ ကြီးမားတဲ့ကံကောင်းမှုကိုပါ ရရှိသွားဖူးတာတွေ ကျုပ် ကြားဖူးတယ်"
နောက်ထပ်အကြီးအကဲတစ်ဦးက ပြောလာသည်။
ဖုန်းချန်သည် ထိုအသံများကို နားထောင်ရင်း အဝေး၌ သူ့ကိုယ်သူ ကြွားလုံးထုတ်နေသကဲ့သို့ ထင်ရသော အနက်ရောင်လေဆင်နှာမောင်းကို ကြည့်ကာ ပို၍ စိတ်တိုလာလေ၏။
နောက်ဆုံးတွင် သူသည် သည်းမခံနိုင်တော့ဘဲ ကောင်းကင်သို့ ဦးတည်ကာ အော်ဟစ်လိုက်မိသည်။
"အားးးးး! ချင်ကျီ!!!"
ထိုအော်ဟစ်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ကောင်းကင်ရှိ တိမ်များကိုပင် လွင့်စင်သွားစေခဲ့၏။ ၎င်းက မည်မျှအထိ အဝေးသို့ ပျံ့နှံ့သွားသည်ကိုပင် မသိနိုင်ပေ။
"ဖြောင်း! ဖြောင်း! ဖြောင်း!"
ထိုအချိန်တွင် လက်ခုပ်တီးသံက ဆက်တိုက် ထွက်ပေါ် လာသည်။
လူငါးဦးမှာ ချက်ချင်းပင် ခေါင်းလှည့်ကာ ကြည့်မိကြ၏။ လက်ခုပ်တီးကာဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေပြီး အဖြူရောင်ဝတ်ရုံဝတ်ထားကာ တည်ကြည်ခန့်ညားသော လူပုံသဏ္ဍာန်တစ်ခုကို သူတို့ မြင်လိုက်ရသည်။
"ကောင်းလိုက်တဲ့အော်သံ!"
ချင်ချွမ်းတစ်ယောက် ပြုံးကာဖြင့် သဘောကျကြောင်း ပြောလိုက်လေ၏။
ထိုအော်ဟစ်သံနှင့်အတူ ဤလူအနည်းငယ်သာ ပျောက်ကွယ်သွားလျှင် အခြားလူများက မည်သူသတ် ခဲ့သည်ကို အလွယ်တကူ မှန်းဆနိုင်ပေလိမ့်မည်။
"မင်းက ဘယ်သူလဲ"
ဖုန်းချန်က ချင်ချွမ်းအား အေးစက်ပြင်းထန်စွာ ကြည့်နေသည်။ ထိုလူက သာမန်မဟုတ်ကြောင်းကို ခံစားမိနေ၍သာ မဟုတ်လျှင် သူ့ဘက်က စတင်တိုက်ခိုက်ပြီးသား ဖြစ်နေလိမ့်မည်။
"ကျုပ်က… ချင်ကျီရဲ့အဖေ"
ချင်ချွမ်းက ပြုံးနေလေ၏။
"ဟမ်"
ဖုန်းချန်မှာ ခေတ္တမျှ ကြောင်အသွားပြီး ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်သည်။ သူ့မျက်လုံးထဲမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး "သတ်!!"ဟု ဒေါသတကြီး အော်လိုက်လေ၏။
"ဝှစ်! ဝှစ်! ဝှစ်!"
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်ငါးဦးသည် ချင်ချွမ်းအား တစ်ပြိုင်နက်တည်းတိုက်ခိုက်လာကြသည်။ ၎င်းမှာ ခမ်းနားသောအရှိန်အဝါဖြင့် လွှမ်းခြုံနေပြီး ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေ၏။
အဝေးမှကြည့်လျှင် နေငါးစင်းက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ရွှေရောင်မီးလျှံမုန်တိုင်းတစ်ခုကို လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေသည်။
သို့သော်ငြား ချင်ချွမ်းက ထိုနေရာတွင် တိတ်ဆိတ်စွာရပ်နေလေ၏။ သူ့လက်မောင်းများကို ရင်ဘက်ပေါ်တွင် ချိတ်ထားပြီး မျက်နှာပေါ်ရှိ အပြုံးကတော့ မပြောင်းလဲပေ။
ထိုလူငါးဦး ယူဆောင်လာသော ပူပြင်းသည့်လေက သူ၏အဖြူရောင်ဝတ်ရုံကို လှုပ်ရှားစေကာ သူ၏ဆံပင်ရှည်များကို လွင့်စေလေသည်။
သို့သော်ငြား သူက တစ်လက်မမျှပင် မရွေ့ပေ။ ကျယ်ပြန့်သောပင်လယ်ကြီးထဲမှ တစ်ခုတည်းသော ကျောက်ဆောင်တစ်ခုသဖွယ်၊ သို့မဟုတ် တိမ်များတက်လာနေသည်ကို တောင်ထိပ်ပေါ်တွင် ရပ်ကြည့်နေသော ရသေ့တစ်ပါးသဖွယ် ဖြစ်နေလေ၏။
"ဘုန်း!"
"ဘုန်း! ဘုန်း! ဘုန်း!"
နောက်ဆုံးတွင် လူငါးဦး၏ တိုက်ခိုက်မှုများက သူ့အပေါ်သို့ ကျရောက်လာသည်။ အားကောင်းသောတုန်ခါမှုလှိုင်းက စက်ဝိုင်းပုံစံဖြင့် ဘေးဘက်သို့ ပျံ့နှံ့သွားပြီး မြေပြင်အလွှာတစ်ခုအား ပွတ်တိုက်ဖယ်ရှားသွားလေ၏။
သို့သော်ငြား ချင်ချွမ်းက မရွေ့မလျား ရှိနေတုန်းပင်။ရွှေရောင်အပြင်ဘောင်လေးက သူ့အား ဖုံးအုပ်ထားပေးနေသည်။ မှေးမှိန်သောအလွှာလေးတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းသည် မပျက်စီးနိုင်သော၊ မရွေ့နိုင်သော အရာတစ်ခု ဖြစ်၏။
"အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာ!"
"ဒါ… မဖြစ်နိုင်ဘူး!"
"စစ်မှန်တဲ့ပြိုင်ဘက်ကင်းပါရမီရှင်တွေကသာ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံနိုင်ကြတယ်လို့ ဆိုထားတယ်၊ မင်းက အဲ့ဒါကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နေတာလဲ!"
ဖုန်းချန်နှင့် အကြီးအကဲလေးဦး၏ မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားကာ ထိတ်လန့်နေသောအမူအရာကို ပြသနေကြသည်။ သူတို့ ထိုမြင်ကွင်းအား လက်ခံနိုင်စွမ်း မရှိကြပေ။
"ဘယ်လိုတောင် ပညာမဲ့တာလဲ"
ချင်ချွမ်းသည် မထီမဲ့မြင်ပြုစွာ ခေါင်းခါယမ်းလိုက်မိ၏။ တစ်ချိန်တည်းမှာပင် နှင်းဖြူရောင် နဂါးအရိပ် တစ်ခုက သူ့အထဲမှ ကွေ့ဝိုက်ကာ ထွက်ပေါ်လာပြီး လေနှင့်အတူ ပျံဝဲတက်လာသည်။
ဝေါင်း!!!!!
တိုက်ပွဲနဂါးက ဟိန်းဟောက်လာပြီး ၎င်းသည် ဖုန်းမိသားစုမှ လူငါးဦးစလုံး၏ ခန္ဓာကိုယ်များထဲသို့ ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်သွားလေ၏။ ထို့အပြင် နဂါးအရိပ် ဖြတ်သန်းသွားရာ နေရာတိုင်း၌ မြေပြင်က ဆက်တိုက်ပေါက်ထွက်သွားလေသည်။
"ဘန်း! ဘန်း! ဘန်း! ဘန်း! ဘန်း!"
မီးပွားများ လွင့်စင်ပြီး ကျောက်တုံးများ ပြန့်ကျဲသွားကာ အဖြူရောင်မီးခိုးများကလည်း လေထဲ၌ ပြည့်နှက်သွားလေ၏။
မကြာလိုက်ပေ၊ နဂါးအရိပ်က ချင်ချွမ်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူ့ပတ်ပတ်လည်၌ ဖုန်းမိသားစုမှ လူငါးဦး၏ ခန္ဓာကိုယ် များက နေရာမှာတင် တောင့်ခဲနေကြ၏။
"ဝှီး!"
နူးညံ့သောလေညှင်းတစ်ချက် တိုက်ခတ်သွားလေသည်။ လူငါးဦး၏ခန္ဓာကိုယ်များမှာ အံ့အားသင့်စရာကောင်းလောက်အောင် ပျက်စီးသွားပြီး ရေတွက်၍မရနိုင်သော အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲ၌ လွင့်မျောသွားလေ၏။
"သူတို့ရဲ့သိုင်းပညာစွမ်းအားတွေကြောင့် လက်ရှိမှာ မြင့်မားစွာ ရပ်တည်နေတဲ့လူတွေက တစ်နေ့နေ့မှာ အဲ့ဒီသိုင်းပညာစွမ်းအားကြောင့်ပဲ ပျက်စီးခြင်းကို ရင်ဆိုင် ရလိမ့်မယ်"
"လောကဓံက ဒီလိုပဲ၊ လူ့သဘာဝကလည်း ဒီအတိုင်းပဲ၊ မင်းတို့တွေက မကျေနပ်မှုတွေကို ပိုက်ပြီး ဒီအဆုံးသတ်နဲ့ တွေ့ဆုံခဲ့ရတယ်၊ အနာဂတ်မှာ ငါလည်း ဒီနေ့လိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရင် ငါ့မှာ ဘာပြောစရာမှ မရှိဘူး"
ချင်ချွမ်းသည် ခပ်တိုးတိုး ရေရွတ်လျက် အဝေးသို့ လျှောက်လှမ်းသွားခဲ့သည်။
**********************