တရားမျှတမှုကိုတောင်းဆိုရန် မိသားစုတပ်ခေါ်လာခြင်း
Vol. 3 Ch. 34
နှစ်ရက် ကြာပြီးနောက်...
မင်ဟောက်မြို့၌ ဆွေးနွေးမှုများစွာ ရှိခဲ့ပေ၏။
"ကြားလိုက်သေးလား...ကိစ္စကြီးတစ်ခု ဖြစ်သွားပြီကွ!"
"ဘာကိစ္စလဲ"
"ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖုန်းမိသားစုခေါင်းဆောင် ဖုန်းချန်က ဖုန်းမိသားစုအကြီးအကဲလေးဦးကိုခေါ်ပြီး ချင်ကျီကို လိုက်ဖမ်းခဲ့ကြတယ်မလား၊ သူတို့အကုန်လုံး သေသွားပြီ!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! သူတို့က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူငါးဦးနော်၊ ဘယ်လိုလုပ်ပြီး ဒီအတိုင်း သေသွားနိုင်မှာလဲ၊ ဘယ်သူကများ သတ်လိုက်တာလဲ"
"ချင်ကျီလို့ ပြောကြတယ်"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ချင်ကျီက လျှို့ဝှက်ပညာသုံးခဲ့ရင်တောင် သန့်စင်သောယန်နယ်ပယ်မှာပဲ ရှိဦးမှာ၊ သူက ဘယ်လိုလုပ်ပြီး အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က ကျွမ်းကျင်သူငါးဦးကို သတ်နိုင်မှာလဲ"
"ယုံချင်ယုံ မယုံချင်နေ... ချင်ကျီက သူတို့ကို လေနက်ချောက်ကြီးဆီ သွေးဆောင်ခေါ်သွားပြီးတော့ အဲဒီနေရာကို အသုံးချပြီး သတ်လိုက်တာလို့ ကြားတယ်"
"သက်သေရှိလား"
"သက်သေ လိုသေးလို့လား၊ ဖုန်းချန်တို့အဖွဲ့က လိုက်ဖမ်းနေတာကို လူအများကြီး မြင်ခဲ့ကြတာပဲ၊ ဖုန်းချန်က သူ မသေခင်မှာ ဒေါသတကြီးနဲ့ ချင်ကျီရဲ့နာမည်ကို အော်ခေါ်ခဲ့တာလည်း အဝေးကြီးကနေ ကြားခဲ့ရတယ်"
"ဒါဆိုရင် တကယ်ပဲ ချင်ကျီက သတ်လိုက်တာပေါ့၊ ကျစ်! ကျစ်! ကျစ်!…အောင်မြင်မှုတစ်ခုပဲ၊ နယ်မြေတစ်ခုလုံးမှာ နာမည်ကြီးသွားနိုင်တဲ့ အောင်မြင်မှုမျိုးပဲ"
"ဟားဟား အောင်မြင်မှုဆိုတာတော့ ဟုတ်တယ်၊ ဒါပေမယ့် သူ့လုပ်ရပ်က သေခြင်းတရားကို တောင်းခံနေသလို ဖြစ်နေတယ်၊ ဒီလောက်အထိ အကြီးအကျယ်ဆုံးရှုံးသွားခဲ့တာလေ...ဖုန်းမိသားစုက သူ့ကို လွှတ်ပေးမယ်ထင်လို့လား"
"ဟုတ်တယ် ဖုန်းမိသားစုရဲ့မိသားစုခေါင်းဆောင်အိုကြီးဖုန်းလန်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ နဝမအဆင့်ကို ရောက်နေပြီလို့ ကျုပ် ကြားတယ်...အရမ်းကြောက်စရာကောင်းတယ်နော်၊ အခုတော့ ချင်ကျီတင် ဒုက္ခရောက်တာ မဟုတ်ဘူး...သူ့အဖေ ချင်ချွမ်းလည်း အန္တရာယ်ရှိနိုင်တယ်"
"ဟင်း~~ အကုသိုလ်တွေပါလား"
တချို့က ပူဆွေးဝမ်းနည်းမှုဖြင့် သက်ပြင်းချနေကြသည်။
တချို့ကတော့ တစ်ပါးသူ ကံဆိုးမိုးမှောင်ကျခြင်းကို သဘောခွေ့နေကြလေ၏။
"ဘုန်း!"
ရုတ်ချည်းပင် တောက်ပသောရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားခဲ့ပြီး ပြင်းထန်သောဖိအားတစ်ခုက ပျံ့နှံ့သွားလေသည်။
"ဆရာကြီးချင်ချွမ်းပဲ!"
"သူ တကယ်ပြန်ရောက်လာခဲ့ပြီ!"
လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြ၏။ သူတို့၏အမြင်အရ ချင်ချွမ်းအနေဖြင့် အခုလိုအချိန်မျိုး ၌ မင်ဟောက်မြို့ကို ပြန်လာရန်မှာ သတ္တိများစွာ လိုအပ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဖုန်းမိသားစုသည် အင်မတန် ကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ကိုလည်း အဆင့်လိုက် ခွဲခြားထားသေး၏။
ထို့အပြင် ဖုန်းမိသားစု၏မိသားစုခေါင်းဆောင်အိုကြီး ဖုန်းလန်သည် သံသယဖြစ်စရာမလိုအောင် ကြောက်စရာအကောင်းဆုံးလူပင်။ သူ့ကို လူအနည်းငယ်သာ ရန်စရဲပေသည်။
လူပုံသဏ္ဍာန်တစ်ခုက ကောင်းကင်ယံသို့ တက်လာ၏။ ထိုလူက ပိုင်ချန်ဖြစ်သည်။
သူက ချင်ချွမ်း၏ အရှေ့ကို ပျံသန်းလာပြီး ရှက်ရွံ့စွာ ခေါင်းငုံ့၍ ပြောလာ၏။
"ညီလေးချင်… ကျုပ်အပြစ်ပါ၊ ချင်ကျီကို မကာကွယ် နိုင်ခဲ့ဘူး"
ချင်ချွမ်းက ခေါင်းခါယမ်းလာပြီး သက်ပြင်းချကာ ပြောလေသည်။
"ဒါ ခင်ဗျားရဲ့အပြစ်မဟုတ်ပါဘူး၊ ကျုပ် ခင်ဗျားကို ဒုက္ခပေးခဲ့မိလို့ ဒဏ်ရာရသွားစေခဲ့ပြီ"
"ဒဏ်ရာသေးသေးလေးပါ၊ အရေးမကြီးပါဘူး"
ပိုင်ချန်က ခါးသီးစွာ ပြုး၍ ခပ်တိုးတိုး ပြောလေ၏။
"ချင်ကျီက အခု ဘယ်လိုနေလဲဆိုတာပဲ ကျုပ် မသိတာ၊ သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"
"ဟားဟား စိတ်မပူပါနဲ့၊ အဲ့ဒီကလေးက ကံကြီးတယ်၊ လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး၊ သူ ဒီကို မပြန်လာရဲသေးတာပဲ ဖြစ်မယ်"
ချင်ချွမ်းက ပြုံး၍ နှစ်သိမ့်ပေးသည်။
"ကျုပ် မင်ဟောက်မြို့ကို ပြန်ရောက်လာတဲ့ သတင်းပျံ့နှံ့သွားတာနဲ့ သူ့အလိုလို ပြန်လာလိမ့်မယ်"
"ညီလေးချင်၊ ဖုန်းမိသားစုကိစ္စက...ခင်ဗျား တကယ်ပဲ ယုံကြည်မှုရှိတာလား"
ပိုင်ချန်က စိုးရိမ်တကြီး မေးလေ၏။
သူသည် ချင်ချွမ်းထံ၌ နက်နဲလှသော လျှို့ဝှက်ဆန်းကြယ်သည့် အော်ရာမျိုး ရှိနေသည်ဟု အမြဲခံစားခဲ့ရသည်။ ချင်ချွမ်းက ပေါ့ပါးအေးဆေးနေပုံရသော်လည်း သူ့ခွန်အားက တကယ်တမ်း၌ မည်မျှရှိနေသည်ကို သူ လုံးဝမသိပေ။
"ဟက်...ဖုန်းမိသားစုလား"
ချင်ချွမ်းက အပြုံးဖြင့် ခေါင်းခါယမ်းလာပြီး ခပ်တိုးတိုး ပြောလာသည်။
"သူတို့ရဲ့ရွေးချယ်မှုက သူတို့ရဲ့ကံကြမ္မာပဲ"
ပိုင်ချန်သည် ကျောရိုးတစ်လျှောက် အေးစက်သွားခြင်းကို ခံစားလိုက်ရ၏။
သူ့ကျောပြင်က ရုတ်ချည်းပင် ချမ်းတုန်သွားခြင်းဖြစ်သည်။
သူ အသက်ပြင်းပြင်းရှူသွင်း၍ ခါးသီးစွာ ပြုံးလိုက်မိ၏။
"ကျုပ်ကတော့ အလွန်အကျွံ စဉ်းစားမိသွားပုံရတယ်၊ ညီလေးချင်က ကျုပ် ထင်ထားတာထက်တောင် ပိုပြီးနက်နဲနေတယ်"
ချင်ချွမ်းသည် အနည်းငယ်ပြုံးလိုက်သော်လည်း ဘာစကားမှ ပြန်မပြောခဲ့ပေ။
…
နောက်တစ်နေ့ မနက်တွင်...
ကုန်းကုန်းကွကွ ပုံသဏ္ဍာန်တစ်ခုသည် ခြံဝန်းတံခါးပတ်ပတ်လည်၌ ချောင်းမြောင်းကြည့်နေပြီး တိတ်တဆိတ်ပင် အထဲသို့ ခိုးဝင်လာသည်။
"ရပ်စမ်း"
သို့သော်ငြား ခြေဖျားထောက်၍ လျှောက်လိုက်သည့် ခြေလှမ်းအနည်းငယ်တွင်ပင် တားဆီးခံလိုက်ရ၏။ သူ တောင့်တင်းသွားကာ ရှက်ရွံ့စွာ လှည့်လိုက်သည်။
"အဖေ..."
ခြံထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် အဖြူရောင်ဝတ်စုံဝတ်ထားသော ပုံသဏ္ဍာန်ကို မြင်သည့်အခါ ချင်ကျီ၏မျက်နှာပေါ်၌ ပြုံးစိစိအပြုံး တစ်ခု ပေါ်လာ၏။
"တစ်ခုခု ခိုးဖို့ ကြိုးစားနေတာလား"
ချင်ချွမ်းက စိတ်မကြည်သော လေသံဖြင့် မေးလာသည်။
"အဟမ်း…အဖေ ပြန်လာတယ်လို့ ကြားလို့ တကယ်ဟုတ် မဟုတ် လာစစ် တာပါ၊ မဟုတ်ရင် မြန်မြန်လေးပြန်ပြေးဖို့ပါ"
ချင်ကျီက သူ့ခေါင်းကို ကုတ်နေလေ၏။
"အာ...ရူးမိုက်တဲ့ကလေး"
ချင်ချွမ်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ မိုက်မဲသောသားအပေါ်၌ သူ၏ချစ်ခင်သောအမူအရာကို ပြသလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"အဖေ ပြန်လာပြီဆိုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ"
"ဟုတ်!"
ချင်ကျီက အားရပါးရ ခေါင်းညိတ်လေသည်။ ချက်ချင်းပင် ပျော်ရွှင်သွားပြီးနောက် အပြေးသွားကာ ချင်ချွမ်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။ သူ ခဏတာမျှ တိတ်ဆိတ်နေပြီးနောက်တွင် ခပ်တိုးတိုး ရှိုက်လိုက်မိသည်။
"အဖေ… အဖေနဲ့ ထပ်မတွေ့ရတော့ဘူးလို့ ကျွန်တော် ထင်ခဲ့တာ"
ချင်ချွမ်း၏ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားရ၏။
သူ အသက်ပြင်းပြင်းရှူသွင်းလျက် ညာလက်ကို မြှောက်ကာ သူ့သား၏ခေါင်းကို ထိလိုက်သည်။ သူ အားတင်းပြုံးလိုက်ကာ...
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းက ကံကောင်းခြင်းနဲ့ မွေးဖွားလာတာ၊ ဘယ်အချိန်မဆို အန္တရာယ်ကနေ လုံခြုံမှုအဖြစ် ပြောင်းလဲနိုင်တယ်"
"ပြီးတော့ မင်းတစ်ယောက်တည်း မဖြစ်ရင်တောင်…ဒီအဖေ ရှိပါသေးတယ်”
ထိုအရာက အမှန်တရား ဖြစ်၏။
ငြင်းဆန်လို့ မရပေ။ သူက တကယ်ပင် သူ့သား အတွက် ထောင်ချောက်များ ဆင်နေခြင်း ဖြစ်သည်။
သို့သော် သူ၏ထောင်ချောက်ဆင်ခြင်းက သားဖြစ်သူကို လေ့ကျင့်ပေးနေတာနှင့် ပိုတူပေ၏။
လေ့ကျင့်ရေး နှင့် တစ်ကယ့်ဘေးအန္တရာယ်ကြား ကွာခြားချက်မှာ လေ့ကျင့်ရေးသည် ယာယီနာကျင်မှု ကိုသာ ဖြစ်စေပြီး ဘေးအန္တရာယ်ကတော့ သင့်ကို အမြဲတမ်းအတွက် ဆုံးရှုံးစေမှာ ဖြစ်သည်။
သူသည် သူ့သား၏ ကြီးထွားမှုလမ်းခရီး၌ အတားအဆီးအချို့ ထပ်ထည့်ရမည်ကို စိတ်ထဲမထားပေ။
သို့သော်ငြား တစ်နေ့နေ့တွင် သူ၏ ချစ်လှစွာသောသားက သေရေးရှင်ရေးအခြေအနေကို ရင်ဆိုင်နေရပြီး တစ်ခုခုကို ကာကွယ်ချင်သော်လည်း ခွန်အားမရှိနေဘူးဆိုလျှင် သူက ချစ်လှစွာသောဖခင်အနေဖြင့် သေချာပေါက် ရှေ့ထွက်ပေးလိမ့်မည်။
"အိုး...သန့်စင်သောယန်နယ်ပယ်ကို ချိုးဖောက်နိုင်ခဲ့ပြီလား"
ချင်ချွမ်းက မျက်ခုံးပင့်သွားလေသည်။ သူသည် အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံထားသောကြောင့် စွမ်းအင်အတက်အကျများကို အာရုံခံ နိုင်စွမ်း ရှိလာ၏။
"ဟုတ်တယ် လေနက်ချောက်ကြီးမှာ ကျွန်တော် အခွင့်အလမ်းသေးသေးလေးတစ်ခု ရခဲ့တယ်"
ချင်ကျီက အနည်းငယ်ရှက်ရွံ့စွာ ပြောလာသည်။ သူ ကြွားလုံးထုတ်ချင်မိသော်လည်း အဖေဖြစ်သူထံမှ အေးစက်သောရေဖြင့် အပက်ခံရနိုင်သည်ဟု စဉ်းစားမိပြီး အနည်းငယ် ကျိုးနွံရန် ဆုံးဖြတ်လိုက်ပေ၏။
"မဆိုးဘူး"
ချင်ချွမ်းက ချီးကျူးလာပြီး သူ့ပခုံးကို ပုတ်ပေးလာသည်။
ချင်ကျီ၏ မျက်လုံးများက တောက်ပသွားလေ၏။ ရုတ်တရက်ကြီး ချီးမြှောက်ခံလိုက်ရတာကြောင့် သူ အနည်းငယ်မူးဝေသွားကာ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
"အုန်း!!!"
ထိုအချိန်တွင် ကောင်းကင်၌ ပြင်းထန်သောတုန်ခါမှု တစ်ခု ဖြစ်ပေါ်လာ၏။ ပင်လယ်နဂါးကြီးတစ်ကောင်က ဖျက်ဆီးနေသကဲ့သို့ လေနှင့်တိမ်များက လှိုင်းထန်လာလေသည်။
ချင်ချွမ်း မော့ကြည့်လိုက်၏။
မြင့်မားသောကောင်းကင်ယံတွင် အဖြူရောင်တိမ်များက မြူခိုးများကဲ့သို့ လည်ပတ်နေပြီး ကြီးမားသောအရာတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို ပံ့ပိုးပေးနေသည်။
၎င်းမှာ ခမ်းနားသော အဖြူရောင်သင်္ဘောတစ်စီး ဖြစ်ပြီး နှင်းဖြူရောင်သင်္ဘောရွက်များပေါ်တွင် "ဖုန်း"ဟူသော အနက်ရောင်စာလုံးတစ်လုံးကို ရေးထိုး ထား၏။
ထိုအချိန်၌...
စနစ်၏အသိပေးသံက ရောက်ရှိလာသည်။
"ဒင်! အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နဝမအဆင့်မှာရှိတဲ့ ဖုန်းလန်က မင်းရဲ့သားအပေါ်မှာ သတ်ဖြတ်လိုစိတ်ကို ဖော်ပြနေတယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' အခြေခံမူအရ ဖခင်ဖြစ်သူက အနိုင်ရရှိရပါမယ်၊ မင်းရဲ့သိုင်းအဆင့်ကို အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ဆဋ္ဌမအဆင့်အထိ မြှင့်တင်လိုက်ပါပြီ၊ အဆင့်တူအတွင်းမှာဆို မရှုံးနိမ့်နိုင်တော့ပါဘူး"
"ဒင်! မင်းရဲ့သိုင်းအဆင့်ကို ရန်သူနဲ့အဆင့်တူအောင် မမြှင့်တင်ပေးနိုင်သောကြောင့် စနစ်က မင်းအတွက် အန္တိမစိတ်ဝိညာဉ်ရတနာဖြစ်တဲ့ 'အကျဥ်းထောင်နှိမ်နင်းခြင်းဒယ်စောက်'ကို လျော်ကြေးပေးပါတယ်"
ချင်ချွမ်းသည် သူ့စွမ်းအားများက ချက်ချင်းဆိုသလိုပင် အဆင့်များစွာတက်လာသည်ကို ခံစားလိုက်ရကာ ကောင်းကင်ကိုကြည့်၍ အော်ဟစ်ချင်စိတ်ပင် ပေါက်လာခဲ့၏။
ဒါတင်မကသေးပေ။
အန္တိမစိတ်ဝိညာဉ်ရတနာ။
သူ၏တန်ထျန်းထဲတွင် အမည်းရောင်ဒယ်စောက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက ထူထဲကာ လေးလံလှ၏။ ခြေထောက်သုံးချောင်းနှင့် လက်ကိုင်နှစ်ခုပါရှိပြီး ရှေးခေတ်မှ ခမ်းနားသောပုံစံအတိုင်း ထွင်းထု ထားသည်။ ၎င်းက ခမ်းနားကာ အရှိန်အဝါကြီးမားလှ၏။
"အန္တိမစိတ်ဝိညာဉ်ရတနာ"
ချင်ချွမ်း၏အသက်ရှူသံက အနည်းငယ်မြန်ဆန်သွားသည်။ ၎င်းသည် ကောင်းကင်ဘုံနယ်ပယ်ထက်ပင် ပို၍အဆင့်မြင့်သော ရတနာဖြစ်သည်။ ၎င်းကို ထုတ်ပြ လိုက်လျှင် ကောင်းကင်ဘုံနယ်ပယ်မှ ကျွမ်းကျင်သူကိုပင် ကြေမွသေဆုံးစေနိုင်မည် မဟုတ်ပါလော။
သေချာသည်မှာ ၎င်းကို လူအများရှေ့၌ ထုတ်ဖော်ခွင့် မရှိကြောင်း သူ သိ၏။
လူကြီးလူကောင်းက မကောင်းမှုကို မသယ်ဆောင်ပေ။ ကျောက်စိမ်းရှိခြင်းက မနာလိုမှုအား ဖိတ်ခေါ်နိုင်ပေသည်။
တစ်ကြိမ်သာပေါက်ကြားသွားခဲ့လျှင် သူသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။ ဤရတနာအတွက် သူ့ကို သတ်ရန် မြင့်မားသောနယ်ပယ်မှ လူဘယ်လောက်များများ ရောက်လာမည်မှန်း မသိနိုင်ပေ။
ထိုအချိန်တွင် ကောင်းကင်ပေါ်ရှိ အဖြူရောင်သင်္ဘော ထံမှ တင်းမာကာ ဂရုမစိုက်ဟန်ရှိသော အသံတစ်ခုက ပဲ့တင်သံထွက်လာ၏။
"ချင်မိသားစုသားအဖ မင်းတို့တွေ ဒီအပေါ်တက်လာပြီး လာသေကြစမ်း!"
မရေမတွက်နိုင်သောလူများက မော့ကြည့်လာကြသည်။
အဖြူရောင်သင်္ဘော၏ အစွန်း၌ လူခုနစ်ဦး ပေါ်လာပြီး ခန္ဓာကိုယ်တောင့်တင်းကာ ဆံပင်အပြာရောင်ရှိသော အဘိုးကြီးတစ်ဦးက အလယ်တွင် ရှိနေလေ၏။
သူသည် ဖုန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်အိုကြီး ဖုန်းလန်ပင်။
"အိုး! ဖုန်းမိသားစုဆီက ခမ်းနားတဲ့မြင်ကွင်းပါလား၊ ဒီနေ့ မင်ဟောက်မြို့ကို ဘာအတွက် လာခဲ့တာလဲ"
ချင်ချွမ်းကလည်း ပြုံးနေရင်း ဖြည်းဖြည်းချင်း ပျံ တက်လာသည်။ အဖြူရောင်သင်္ဘောနှင့် အမြင့်တူ သည့်နေရာသို့ ရောက်သောအခါ သူ မေးလိုက်၏။
"မင်းက ချင်ချွမ်းလား"
ဖုန်းလန်က အေးစက်စွာ မေးသည်။
"ဟုတ်တယ်"
ချင်ချွမ်း ပြုံးကာ ခေါင်းညိတ်လိုက်၏။
"မင်းရဲ့သား ချင်ကျီက လှည့်စားတဲ့အတတ်ကို သုံးခဲ့တာကြောင့် ကြီးမားတဲ့ဘေးအန္တရာယ်ဖြစ်စေခဲ့ပြီး ဖုန်းမိသားစုရဲ့မိသားစုခေါင်းဆောင်နဲ့ အကြီးအကဲလေးယောက်ကို သတ်ခဲ့တယ်ဆိုတာ မင်းသိလား"
ဖုန်းလန်က အင်အားသုံး၍ မေးခွန်းထုတ်လာသည်။
"သိတယ်"
ချင်ချွမ်း ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူ့ပုံစံမှာ သား ဖြစ်သူက အတန်းထဲတွင် ဒုတိယသာ ရခဲ့၍ ၎င်းက အရေးမကြီးကြောင်း၊ နောက်တစ်ခါပိုကြိုးစားနိုင်သေးကြောင်း ပြောနေသည့်အလားပင်။
"သားကို မဆုံးမထားတာက အဖေလုပ်သူရဲ့အပြစ်ပဲ၊ မင်းရဲ့သားက ဒီလို မိဘစကားနားမထောင်တဲ့အတွက် ဖခင်ဖြစ်တဲ့ မင်းကလည်း ကောင်းမွန်တဲ့လူမဖြစ်နိုင်ဘူး"
ဖုန်းလန်က ချင်ချွမ်းအား အပေါ်စီးကနေ ကြည့်၍ အေးစက်စွာ ပြောလာသည်။
"ဒါပေမယ့် ဒီနေ့မှာ မကောင်းတဲ့လူတွေကို အပြစ်ပေး ဖို့ ငါ စိတ်မဝင်စားနေဘူး၊ မင်းက လူအများရှေ့မှာ မင်းရဲ့သားကို သတ်ပြခဲ့ရင် မင်းရဲ့သနားစရာကောင်းတဲ့အသက်ကို ငါ ချမ်းသာပေးမယ်!"
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်းမှာ အသက်ရှူမှားသွားကြလေ၏။
အလွန်ရက်စက်ပေသည်။
ချင်ချွမ်းအား သူ့သားကို လူသိရှင်ကြား သတ်စေခြင်း!
ထိုအရာက စိတ်နှလုံးကို တိုက်ရိုက်သတ်ပစ်ခြင်းဖြစ်ပြီး ဖခင်နှင့်သား၏ နှောင်ကြိုးကို ဖျက်ဆီးပစ်ခြင်းပင်။
အကယ်၍ တကယ် လုပ်ခဲ့လျှင် ချင်ချွမ်းသည် သူ့ဘဝ၌ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။
"ဟက်! ဖုန်းမိသားစုက သြဇာအာဏာကို သေချာဆုပ်ကိုင်ထားတာပဲ"
ချင်ချွမ်းက လှောင်ပြောင်လာပြီး အေးစက်နေသော အပြုံးတစ်ခုကို ပန်ဆင်ထား၏။
"ခင်ဗျားတို့ ဖုန်းမိသားစုက အရှက်သိက္ခာမရှိဘူး၊ သန့်စင်သောယန်နယ်ပယ်ကိုတောင် မရောက်သေးတဲ့ လူငယ်တစ်ဦးကို လိုက်ဖမ်းဖို့အတွက် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ကျွမ်းကျင်သူငါးဦးကို စေလွှတ်ခဲ့တယ်၊ ဒါက အားနည်းသူကို အားကြီးသူက အနိုင်ကျင့်နေတာပဲ!"
"ဘာလဲ...အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ ကျွမ်းကျင်သူငါးဦးက လူငယ်လေးတစ်ယောက်ကိုတောင် မသတ်နိုင်ဘဲ ပြန်အသတ်ခံလိုက်ရလို့ ဖုန်းမိသားစုက ဒါကို ဂုဏ်ယူစရာလို့ သတ်မှတ်ပြီး တရားမျှတစွာနဲ့ တာဝန်ယူခိုင်းဖို့ ရောက်လာကြတာလား"
"ကျုပ်သားက အခုလို အနိုင်ကျင့်ခံနေရတယ်၊ ကျုပ်က ခင်ဗျားတို့အနောက်ကို မလိုက်လာရင် ဒါက ခင်ဗျားတို့ရဲ့ကံကောင်းခြင်းပဲ၊ ဒါတောင်မှ ကျုပ်တံခါးရှေ့လာပြီး တံခါးခေါက်ရဲသေးတယ်!"
"ကျုပ် အရမ်းသိချင်ပါရဲ့...ဘယ်သူကများ ခင်ဗျားတို့ကို ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ!"
ထိုစကားများပြီးဆုံးသွားသည်နှင့် ချင်ချွမ်း၏ခန္ဓာကိုယ်ထဲမှ အစွမ်းထက်သော အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ ၎င်းက ရွှေရောင်အလင်းဖြင့် တောက်ပနေပြီး ထိုအရှိန်အဝါမှာ ကောင်းကင်ထိတိုင် ထိုးတက်သွားလေ၏။
********************