အယုတ်တမာအစစ်နဲ့ ကြောင်သူတော်အစစ်
Vol. 3 Ch. 36
မျက်တောင်တစ်ခတ်စာအတွင်းမှာပင် အချိန်သုံးရက် ကုန်လွန်သွားခဲ့သည်။
ချင်ချွမ်းက ဖုန်းလန်ကို သတ်ပစ်လိုက်သည့် သတင်း က ကျိုးယန်နယ်မြေ (နေကိုးလုံးနယ်မြေ) အတွင်း ကြီးမားသောလှုပ်ခတ်မှုတစ်ခုကို ဖြစ်စေခဲ့၏။ ၎င်းမှာ လောကကြီးအား တုန်လှုပ်စေသော တိုက်ပွဲတစ်ခုဟု ဆိုကြပေသည်။
ထိုမျှသာ မကပေ။
သူ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံ နိုင်ခဲ့ခြင်းကလည်း ကြီးမားသော ဂယက်ထခြင်းကို ဖြစ်စေခဲ့ပြီး မရေမတွက်နိုင်သော လူအပေါင်းကို မနာလိုအားကျစေခဲ့၏။
လူတိုင်းသိထားသည်မှာ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာသည် နတ်ဘုရားဝိညာဉ်ကို မွေးထုတ်ပေးနိုင်ပြီး နတ်ဘုရားဝိညာဉ်ဆိုသည်မှာ *ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်အထိ တက်လှမ်းနိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ အမှတ်အသား ဖြစ်သည်။
( T/N - ကောင်းကင်ဘုံနယ်ပယ်ကို 'ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်' လို့ ပြောင်းသုံးထားပါတယ်)
အခြားနည်းဖြင့် ပြောရလျှင် တစ်စုံတစ်ဦးက အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံ နိုင်သည်နှင့် သူ မသေသေးသရွေ့ နောက်ဆုံးမှာ ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်သို့ပင် ချိုးဖောက်နိုင်မည်ဖြစ်၏။
ကျိုးယန်နယ်မြေတစ်ခုလုံးကို ကြည့်လျှင် ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်အထိ ရောက်ရှိခဲ့သူများမှာ မည်မျှရှားပါးသနည်း။ သူတို့သည် ခြေတစ်ချက်နင်းလိုက်ရုံဖြင့် နယ်မြေတစ်ခုလုံးအား တုန်လှုပ်စေနိုင်သော ပုဂ္ဂိုလ်များ ဖြစ်သည်။
ထို့ကြောင့်။
ထိုအဖြစ်အပျက်၏ နောက်ပိုင်းရက်များတွင် နယ်မြေအတွင်းရှိ အင်အားစုများစွာသည် လက်ဆောင်ပစ္စည်းများစွာကို သယ်ဆောင်လာ၍ ချင်ချွမ်းနှင့် ခင်မင်ရင်းနှီးရန် မျှော်လင့်ကာ မင်ဟောက်မြို့သို့ အပြေးအလွှားလာရောက်ကြလေ၏။
ထိုအရာများအား ချင်ချွမ်းသည် ကြိုဆိုလက်ခံခဲ့သည်။ အခမဲ့လက်ဆောင်များအား အလဟဿဖြစ်စေလို့ မရပေ။
ထို့အပြင် ဤလက်ဆောင်လာပေးသူများကလည်း အနာဂတ်မှာ သူ့ရန်သူမဖြစ်လာနိုင်တော့ပေ။ အကြောင်းမှာ ထိုလူများက သူထက် အားနည်းကြသောကြောင့်ပင်။
အားနည်းသည့်အတွက် သူ့ကို ရန်လာစရန် မဝံ့ရဲကြပေ။ ထို့အပြင် သူကလည်း အားနည်းသူများကို အနိုင်ကျင့် ရန် စိတ်မဝင်စားပေ။ ပြဿနာရှာချင်လျှင်တောင် ဆုလာဘ်များ ရိတ်သိမ်းနိုင်ရန်အတွက် သူ့ထက် အားကောင်းသူများကိုသာ ပစ်မှတ်ထားရလိမ့်မည်။
အချိန်အတော်ကြာ လက်များပျော့ခွေသွားသည်အထိ လက်ဆောင်များစွာကို လက်ခံပြီးနောက်မှာ ချင်ချွမ်း သည် နောက်ဆုံးမှာတော့ အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များကို နှုတ်ဆက်ကာ လွှတ်လိုက်တော့၏။
"အဖေ ဒီတစ်ခေါက် ကျွန်တော်တို့ တော်တော်ချမ်းသာသွားတာပဲ"
"ဒီတစ်ခါ လာလည်တဲ့လူတွေထဲမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က အဆင့်အတန်းမြင့်တဲ့မိသားစုပေါင်း သုံးဆယ်ကျော်ပါတယ်၊ ဖုန်းမိသားစုနဲ့ အဆင့်တူတဲ့ ထိပ်တန်းအင်အားစုတွေက ငါးခု၊ ခြောက်ခုလောက် ရှိတယ်"
"သူတို့က အရမ်းရက်ရောလွန်းတယ်၊ ဒီစည်းစိမ်ဥစ္စာတွေနဲ့တင် သာမန်အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က မိသားစုတစ်ခုနဲ့တောင် ယှဥ်လို့ရနေပြီ"
ချင်ကျီက စိတ်လှုပ်ရှားစွာ ပြောနေပြီး သူ့မျက်နှာသေးသေးလေးမှာ နီမြန်းနေလေသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ဤရတနာများနှင့် အရင်းအမြစ်များစွာကို မြင်ဖူးခြင်းပင်။ သူဆင်းရဲတစ်ယောက်က ရွှေတောင်ကြီးအား မြင်လိုက်ရသည့်အလားပင်။
"မင်းရဲ့ သေးငယ်တဲ့ ရည်မှန်းချက်လေးကို ကြည့်ဦး"
ချင်ချွမ်းက သူ့ကို စောင်းငဲ့ကြည့်လာပြီး ရရှိထားသော စိတ်ဝိညာဉ်ဆေးများနှင့် ဆေးလုံးများကို ချင်ကျီထံ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်လေ၏။ သူက ဆေးဝါးများကို မှီခိုရန် မလိုအပ်ပေ။
ထိုအချင်းအရာကို မြင်သောအခါ ချင်ကျီ၏မျက်လုံးများက ချက်ချင်း တောက်ပသွားလေသည်။ သူက ငြင်းဆန်မှုမရှိသည့်အပြင် ဝမ်းသာမျက်ရည်များပင် စီးကျလာသေး၏။
သူ့အမြင်၌ သူ့အဖေ၏ ပိုက်ဆံအိတ်ကြီးမားမှုမှာ စိတ်ကူး၍ မရနိုင်ပေ။ အဖေ့၏ လက်ချောင်းများမှ အနည်းငယ် စိမ့်ထွက်လာသော အရာများအား သူ့အတွက် အာဟာရဖြည့်တင်းနိုင်ရုံလေး ပေးလာလျှင်ပင် ၎င်းက များပြားလွန်းသည်။
သူ့ဆရာကပင် အဖေ့၏ခန္ဓာကိုယ်ထဲ၌ ရတနာဘဏ္ဍာ တိုက်ကြီးတစ်ခု ရှိနေကြောင်း သံသယရှိနေလေ၏။ ယခင်က ပိတ်ဆို့ခံထားရ၍ ယခု ဖြည်းဖြည်းချင်း ပွင့်လာသင့်ပေသည်။
"အဟမ်း…ဒီလူအိုကြီးဖန်ချီက လာရောက်လည်ပတ်ပါတယ်"
ထိုအချိန်၌ အနည်းငယ်နေရခက်နေသော အသံတစ်ခု ထွက်ပေါ်လာပြီး ပြောဆိုသူက အလွန်ရှက်ရွံ့နေပုံရ၏။
ချင်ချွမ်းသည် အပြင်ကို ကြည့်လိုက်ရာ အရပ်ရှည်၍ ဆံပင်ဖြူသော အဘိုးအိုကြီးတစ်ဦးက တံခါးဝ၌ ရပ်နေသည်ကို မြင်လိုက်ရပြီး ထိုလူက အနည်းငယ် စိုးရိမ်နေပုံရသည်။
သူကတော့ ဆရာဖန်ချီပင်။
"ဝင်လာပါ"
ချင်ချွမ်းက တည်ငြိမ်စွာပင် ပြော၏။
ဆရာဖန်ချီသည် အထဲသို့ စိုးရိမ်ပူပန်စွာ ဝင်လာပြီး ခြောက်ကပ်စွာ ရယ်မောလျက်...
"ဟဲဟဲ...ကျုပ် ကျုပ် တောင်းပန်ဖို့ ရောက်လာတာပါ"
"ဆရာကြီးချင်ချွမ်းရဲ့ခွန်အားကို အရင်က မသိခဲ့မိဘူး၊ ကျေးဇူးပြုပြီး ကျုပ်ကို ဗွေမယူလိုက်ပါနဲ့"
သူသည် အနည်းငယ် စိုးရိမ်နေသော်ငြား စိတ်သက်သာရာလည်း ရနေပေသည်။ ကံကောင်းစွာပင် သူက လက်စားချေရန် အလျင်စလို မလုပ်ခဲ့ပေ။ မဟုတ်ပါက သူ၏အဆုံးသတ်က သေချာပေါက် ဖုန်းလန်ကဲ့သို့ ဖြစ်သွားလိမ့်မည်။
ချင်ချွမ်းက သူ့ကို ကြည့်၍ ဂရုမစိုက်စွာ ပြော၏။
"ခင်ဗျားရဲ့သိုင်းပညာက ပြန်ကောင်းသွားပြီလား"
"ဆရာကြီးချင်ချွမ်းက တကယ်ကို ဉာဏမျက်လုံး ပိုင်ဆိုင်ထားတာပဲ"
ဆရာဖန်ချီက လျင်မြန်စွာ ခေါင်းညိတ်၍ ခြောက်ကပ်စွာ ရယ်မောလာသည်။
"အဲ့ဒီတုန်းက ဆရာကြီးရဲ့ကရုဏာကြောင့် ကျုပ် အိမ်ပြန်ရောက်ပြီးနောက်မှာ ပဉ္စမအဆင့် ပြန်လည်သန်စွမ်းခြင်းဆေးလုံးကို ငွေအမြောက်အမြားသုံးပြီး တန်ဖိုးကြီးကြီး ဝယ်ယူခဲ့လို့ တန်ထျန်းကို ပြန်ပြီးပြုပြင်နိုင်ခဲ့ပါတယ်"
ပဉ္စမအဆင့် ပြန်လည်သန်စွမ်းခြင်းဆေးလုံး။
ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်အောက်မှ သိုင်းသမားများအနေဖြင့် မည်သည့်ဒဏ်ရာမျိုးပင် ရစေကာမူ သို့မဟုတ် လက်နှင့်ခြေထောက်များ ပြတ်တောက်နေစေကာမူ ထိုဆေးရှိလျှင် ပြန်လည်ပြုပြင်နိုင်လေ၏။
သေချာသည်မှာ ကောင်းကင်ဘုံတက်လှမ်းနယ်ပယ် အထက်မှ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက်မူ ၎င်းက အကျိုးသက်ရောက်မှုမရှိပေ။ အကြောင်းမှာ နက်ရှိုင်းလှသော သိုင်းပညာကြောင့် သွေးကြောနှင့် ဆဲလ်အမှုန် နှစ်မျိုးစလုံးက အလွန်အမင်း ရှုပ်ထွေးလာမည်ဖြစ်ပြီး ပြန်လည်ပြုပြင်ကောင်းမွန်ရန် လိုအပ်သော စွမ်းအင် များကလည်း သိသိသာသာပင် ပို၍များပြားစွာ လိုအပ်လာသောကြောင့် ဖြစ်သည်။
"ခင်ဗျား တကယ်ပဲ နောင်တရသွားပြီလား၊ အနာဂါတ်မှာ ကျုပ်ရဲ့ရန်သူ ထပ်မလုပ်တော့ဘူးလား"
ချင်ချွမ်းသည် သူ့ကို လေးနက်စွာ ကြည့်၍ မေးမိ၏။
"ကျိန်ဆိုပါတယ်!"
ဆရာဖန်ချီကလည်း တလေးတနက် ပြောလာပြီး ပြုံးရယ်ကာ သေတ္တာတစ်လုံးကို ထုတ်ပေးလာသည်။
"ဒါက ကျုပ်ရဲ့စိတ်ရင်းပါ"
ချင်ချွမ်း ကြည့်လိုက်ရာ အထဲ၌ မှိန်ဖျော့ဖျော့အပြာရောင်အလင်း ထွက်ပေါ်နေသော ပုလဲလုံးတစ်လုံး ရှိနေလေ၏။ ၎င်းမှာ နက်နဲကာ လျှို့ဝှက်ဆန်းကြယ်လှသည်။
"ဒါက ကောင်းကင်ဘုံတက်လှမ်းအဆင့် စိတ်ဝိညာဉ်ရတနာ ဖြစ်တဲ့ ကျောက်စိမ်းပင်လယ်ပုလဲပါ၊ လက်နက်တစ်ခုခုထဲ ဒါထည့်သွင်းပြီး အသက်သွင်းပေးလိုက်တာနဲ့ အံ့မခန်း မြန်ဆန်ပြီး အားကောင်းတယ်၊ ပြီးတော့ ဟန့်တားလို့လည်း မရဘူး!"
ဆရာဖန်ချီက ပြောပြလေ၏။
ချင်ချွမ်းသည်လည်း ပုလဲလုံးကို ဆုပ်ကိုင်ကာ ခေါင်းညိတ်လိုက်သည်။
"လောလောဆယ်အနေနဲ့ ကျုပ်မှာ သင့်လျော်တဲ့လက်နက် မရှိသေးဘူး...ဒါကြောင့် လက်ခံလိုက်ပါမယ်၊ ပြီးတော့ ကျုပ်တို့ကြားက အာဃာတတွေကို ပြေလည်သွားပြီလို့ မှတ်ယူကြတာပေါ့"
"ကျေးဇူးတင်ပါတယ် ဆရာကြီး!"
နောက်ဆုံးမှာတော့ ဆရာဖန်ချီလည်း သက်ပြင်းချနိုင်သွားလေပြီ။ ငွေရေးကြေးရေးအရ နာကျင်စရာကောင်းခဲ့သော်လည်း ဘေးအန္တရာယ်ကိုတော့ ငွေသုံး၍ ကာကွယ်နိုင်ခဲ့သည်။
"ကျုပ် နောက်ထပ်မေးခွန်းတစ်ခုလောက် မေးချင်သေးတယ်၊ ကျေးဇူးပြုပြီး အမှန်အတိုင်း ဖြေပါ"
ဆရာဖန်ချီကို ကြည့်၍ ချင်ချွမ်း မေးလိုက်၏။
"နောင်အခါမှာ ချင်ကျီလိုမျိုး လူငယ်တွေကို တွေ့ရင် ခင်ဗျား ဆက်ပြီး အနိုင်ကျင့်ဦးမှာလား"
ဆရာဖန်ချီမှာ ထိတ်လန့်သွားရသည်။
သူ ချင်ချွမ်းအား အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လျက် နောက်ဆုံး၌မူ အံကြိတ်ကာ ပြောလိုက်၏။
"အကျိုးအမြတ်ရှိမယ်ဆိုရင်တော့ ကျုပ် ဆက်ပြီးလုပ်ဦးမယ်လို့ ယူဆလို့ရပါတယ်"
"ခင်ဗျား လမ်းမှန်ကို မလိုက်သေးဘူးလား"
ချင်ချွမ်း ထပ်မေးလိုက်သည်။ ဆရာဖန်ချီသည် အသက်ပြင်းပြင်းရှူသွင်းလျက် ခေါင်းကိုမော့၍ ရဲရင့်စွာ ပြောလိုက်၏။
"ဆရာကြီး ခင်ဗျားအပေါ်မှာတော့ ကျုပ် မှားခဲ့ပါတယ်၊ ကျုပ် လမ်းမှန်ကို လိုက်ပြီး ခင်ဗျားရဲ့ မိသားစု ကို ထပ်ပြီး ရန်မစတော့ပါဘူး"
"ဒါပေမယ့် ဒီလောကကြီးအပေါ်မှာတော့ ကျုပ် ဘာများမှားနေခဲ့လို့လဲ၊ ဒီလောကကြီးမှာ အားကြီးသူက အားနည်းသူကို အမဲလိုက်တာက သဘာဝပါပဲ"
"ခင်ဗျားက အားကြီးတဲ့လူမလို့ ကျုပ် ခင်ဗျားကို ဦးညွှတ်တယ်...ဒါက သဘာဝပဲ၊ ဒါပေမယ့် အားနည်းတဲ့လူတွေကိုတော့ ကျုပ် ဦးညွှတ်ပေးရမယ့် အကြောင်းပြချက် မရှိဘူး"
"လူတိုင်းရဲ့ရပ်တည်ချက်တွေက ကွဲပြားကြတယ်၊ အကြောင်းပြချက် လိုအပ်လာရင် ဘယ်သူမဆို ကောင်းမွန်တဲ့ အငြင်းအခုံတွေ လုပ်နိုင်တယ်၊ ဒါပေမယ့် ပြဿနာက ဘာဖြစ်နေလဲဆိုရင် တစ်စုံတစ်ယောက်က လုံလုံလောက်လောက်အားကောင်းနေမှသာ အခြားလူတွေကလည်း သူတို့ရဲ့ အကြောင်းပြချက်တွေကို နားထောင်ဖို့ ဆန္ဒရှိကြမှာ"
"ဒါက ကျုပ်တစ်ယောက်တည်း မဟုတ်ပါဘူး၊ လူအများစုကတော့ အားနည်းသူတွေနဲ့ ဆင်ခြင်တုံတရားအကြောင်းတွေ၊ အကြောင်းပြချက်တွေ ပြောဖို့ စိတ်မဝင်စားကြဘူး၊ ဘာလို့လဲဆိုတော့ အဓိပ္ပာယ်မရှိလို့ပဲ"
"ဥပမာအားဖြင့် ကျုပ်သာ ရတနာတွေပိုက်ထားတဲ့ အားနည်းသူတစ်ယောက်နဲ့ လမ်းမှာတွေ့ရင် ကျုပ် မလု ရင်တောင်မှ တခြားလူတွေက လုကြမှာပဲ၊ နောက်ဆုံး မှာ သူ အလုယူခံရမှာပဲ ဆိုတော့ ဘာလို့ ကျုပ်က သဘောထားကြီးဟန်ဆောင်ပြီး ဒီအခွင့်အရေးကို လက်လွှတ်ခံရမှာလဲ"
"ပြီးတော့ ကျုပ်ကိုယ်တိုင်က မလုဘဲ တခြားသူတွေ လုပြီးမှ သူတို့ဆီက ပြန်လုယူမယ်ဆိုရင်တောင် တကယ်တမ်းမှာ ကွဲပြားမှုမရှိဘူးလေ"
"ဒီလိုလုပ်တာက ပိုပြီးကိုယ်ကျင့်တရားရှိတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဟန်ဆောင်နေတာပဲလေ၊ ဘာလို့လဲဆိုတော့ သူ အလုခံရမယ်ဆိုတာ သိလျက်နဲ့ ကျုပ်က သူ့ကို ကာတော့မကာကွယ်ပေးဘဲ နောက်မှ ပြန်လုယူတာဖြစ်နေလို့ပဲ"
"နောက်ဆုံးကျတော့ အားနည်းသူရဲ့ရတနာတွေက ကျုပ်လက်ထဲ ရောက်လာဖို့အရေး လမ်းလွဲနေရုံပဲလေ၊ အပြစ်ကင်းတဲ့ပုံစံကို ဟန်ဆောင်နေရင်းနဲ့ပေါ့"
"ဒီလိုအပြုအမူက လုံးဝကြောင်သူတော်ဆန်လွန်းတယ်"
"ကျုပ်ဘဝမှာ ကိုယ်ကျိုးမငဲ့ဘဲ သူများအတွက် တွေးပေးနိုင်တဲ့စိတ်မျိုး မရှိနိုင်တော့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားနေတဲ့ ကြောင်သူတော် ဖြစ်ရမယ့်အစား ပွင့်ပွင့်လင်းလင်းပဲ အယုတ်တမာ လုပ်လိုက်တာက ပိုကောင်းတယ်"
ဆရာဖန်ချီသည် စိတ်ခွန်အားမြှင့်တင်ပေးသူတစ်ယောက်အလား စိတ်အားထက်သန်စွာ ပြောနေခဲ့သည်။
သို့သော် ပြောပြီးနောက်မှာ သူ မလုံမလဲ ဖြစ်သွားရပြီး သူ့ကိုယ်သူ ရိုက်ပစ်ချင်စိတ်ပင် ပေါက်သွားခဲ့၏။
ဘယ်လိုတောင် မဆင်မခြင်ပြောမိသွားပြန်တာလဲ။
ဤကဲ့သို့ စကားများများ ပြောခဲ့ခြင်းကြောင့် တစ်ဖက်လူက မကျေမနပ် ဖြစ်သွားလျှင် ဆက်ဆံရေး က ပြန်၍ ပြတ်တောက်သွားလိမ့်မည် မဟုတ်ပါလော။
သို့သော်ငြား ချင်ချွမ်းကတော့ စိတ်မဆိုးပေ။ ထိုအစား ကျေနပ်စွာ ခေါင်းညိတ်၍ ပြောလာသည်။
"အင်း...ခင်ဗျားက ဒီအရာတွေကို တော်တော်လေး ရှင်းရှင်းလင်းလင်း သိမြင်သားပဲ"
"တကယ်ကို ကမ္ဘာလောကကြီးက ကြောင်သူတော်တွေနဲ့ ပြည့်နှက်နေတယ်၊ သူတို့တွေက လူသတ်မှု နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေလိုမျိုး ကြီးမားတဲ့အမှားတွေကိုတော့ လျစ်လျူရှုထားကြပြီး အားတောင်အားပေးလိုက်ကြသေးတယ်၊ ဒါပေမယ့် မိသားစုသေးသေးလေးတွေရဲ့ ကိစ္စတွေမှာတော့ကိုယ်ကျင့်တရားအကြောင်း ဆွေးနွေးရတာကို သဘောကျကြတယ်"
"အဆုံးမှာတော့ သူတို့ဆီမှာ ကိုယ်ကျင့်တရား နဲ့ ဖြောင့်မတ်မှုတွေက ဘယ်လောက်များများ ရှိနေလို့လဲ၊ သူတို့တွေက အမြင့်မြတ်ဆုံး ကိုယ်ကျင့်တရားရှိသူဆိုတဲ့ ဂုဏ်ကို လိုချင်နေတဲ့ ကြောင်သူတော်တွေပဲ"
"ကြောင်သူတော် မလုပ်ဘဲ ပွင့်လင်းရိုးသားတဲ့ အယုတ်တမာ လုပ်မယ်ဆိုတဲ့အချက်က ကျုပ် မင်းကို သဘောတူတဲ့ အချက်ပဲ"
မမျှော်လင့်ထားဘဲ ချီးမွမ်းခံလိုက်ရတာကြောင့် ဆရာဖန်ချီမှာ အံ့အားသင့်သွားခဲ့ရ၏။ သို့သော်ငြား ချင်ချွမ်းက ချက်ချင်းပင် ထပ်ဖြည့်ပြောလာသည်။
"ဒါပေါ့...သဘောတူတယ်ဆိုတာက ဆက်ဆံရေးထားရှိကြမယ်လို့ မဆိုလိုဘူး၊ အနာဂါတ်မှာ ကျုပ်တို့တွေ တစ်ယောက်ကိစ္စ တစ်ယောက် ဝင်မရှုပ်ကြေး"
"တစ်နေ့ ခင်ဗျားက လူငယ်လေးတစ်ယောက်ရဲ့ လက်ထဲ ကျရောက်နေခဲ့ရင်တောင် ကျုပ် ကူညီမှာ မဟုတ်ဘူး၊ အားတောင် အားပေးလိုက်ဦးမယ်"
"အဟမ်း…"
ဆရာဖန်ချီမှာ နေရခက်စွာ ရယ်မောလျက် ဘာမှပြန်မဖြေခဲ့ပေ။
မကြာခင်မှာပင် ဆရာဖန်ချီလည်း ထွက်ခွာသွားခဲ့သည်။ သူ ထွက်ခွာသွားတာကို ကြည့်နေရင်း ချင်ချွမ်း သည် တံခါး၌ တိတ်ဆိတ်စွာ ရပ်ကာ စောင့်နေခဲ့၏။
"အဖေ တစ်ယောက်ယောက် လာမှာလား"
ချင်ကျီက သိလိုစိတ်ဖြင့် မေးလာသည်။
"ရောက်နေပြီ"
ချင်ချွမ်းသည် ခေါင်းမော့လျက် နက်နဲသောအရိပ်အမြွက်ဖြင့် ပြန်ဖြေခဲ့လေ၏။
ချင်ကျီမှာ ပို၍ မေးမြန်းချင်နေသော်လည်း ကောင်းကင်ယံကို ဖြတ်ကာ ထွက်ပေါ်လာသည့် စူးရှသော အော်သံတစ်သံကို ကြားလိုက်ရသည်။ * 'ဖန်း' ငှက်တစ်ကောင်က မိုးကုတ်စက်ဝိုင်းကနေ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
( T/N - 'ဖန်း'ငှက်ဆိုတာက တရုတ်ပုံပြင်/ဒဿနတွေထဲက ထူးခြားဆန်းကြယ်တဲ့ တိရိစ္ဆာန်ဖြစ်ပြီး အကြီးမားဆုံးငှက်လို့ အဓိပ္ပာယ်ရပါတယ် )
'ဖန်း'ငှက်ကြီးသည် သူ့တောင်ပံများကို ဖြန့်လျက် မိုင်ထောင်ချီမှ လေပြင်းများကို သယ်ဆောင် လာလေသည်။
"ကိုယ်ခံပညာခုနှစ်မျိုးဂိုဏ်းက အကြီးအကဲချုပ် ကျားထျန်းဟယ်က တပည့်တွေနဲ့အတူ ဆရာကြီးချင်ချွမ်းဆီ လာရောက်လည်ပတ်ပါတယ်"
ယဉ်ကျေးသော်လည်း ထည်ဝါခံ့ညားသောအသံက မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံတစ်လျှောက် ပဲ့တင်သံထွက်သွားလေ၏။
*****************