← Chapters

အဖေက ငါ့အတွက် အကုန်လုပ်ပေးခဲ့တာ

Vol. 3 Ch. 37

အဖေက ငါ့အတွက် အကုန်လုပ်ပေးခဲ့တာ

Vol. 3 Ch. 37

ထိုအသံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်သံထွက်လာသောကြောင့် မင်ဟောက်မြို့ရှိ များပြားစွာသော လူအပေါင်းက မော့ကြည့်လာကြပြီး လေးစားသော အမူအရာများကို ပြသလာခဲ့ကြသည်။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း!"

"နေကိုးလုံးနယ်မြေရဲ့အဓိကဂိုဏ်းကြီးခြောက်ခုထဲက တစ်ခု၊ နှစ်ပေါင်းသုံးထောင်ကျော်ကြာ ရှိလာတဲ့အမွေအနှစ်တွေနဲ့ လုံးဝအကောင်ကြီးပဲလေ"

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ အကြီးအကဲချုပ် ကိုယ်တိုင် လာရောက်တာဆိုတော့ သူတို့က ဆရာကြီးချင်ချွမ်းကို ခေါ်ယူချင်နေတာများလား"

"ဖြစ်နိုင်ခြေများတယ်၊ ဆရာကြီးချင်ချွမ်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ နဝမအဆင့်နဲ့ ရင်ဆိုင်နိုင်တယ်၊ ပြီးတော့ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကိုတောင် ကျင့်ကြံ ထားတယ်လေ၊ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘယ်သူကများ မခေါ်ချင်ဘဲ နေမလဲ"

"ဒါဆို တော်ဝင်မိသားစုနဲ့ ကျန်တဲ့ အဓိကဂိုဏ်းကြီးငါးခုက ဘာလို့ မလှုပ်ရှားကြတာလဲ"

"ဟဲဟဲ မင်းမသိသေးဘူး ထင်တယ်၊ တော်ဝင်မိသားစု နဲ့ အဓိကဂိုဏ်းကြီးခြောက်ခုကြားမှာ သဘောတူညီချက်တစ်ခု ရှိတယ်"

"တော်ဝင်မိသားစုနဲ့ ဆက်စပ်နေတဲ့ လူငယ်တွေ၊ ဥပမာ အားဖြင့် မင်းသားလေးပါးရဲ့စံအိမ်လေးခု၊ ဒေသဆိုင်ရာတပ်မတော်ငါးခုရဲ့ စစ်သူကြီးငါးဦး၊ မြို့စားကြီးသုံးဦး၊ အမတ်ကြီးကိုးဦးနဲ့ မြို့အရှင်သုံးဆယ့်ခြောက်ဦးတို့ရဲ့သားသမီးတွေက အဓိကဂိုဏ်းကြီးခြောက်ခုထဲကို ဝင်လို့ မရဘူး"

"ပြီးတော့ အဓိကဂိုဏ်းကြီးခြောက်ခုကြားမှာ အာဏာသက်ရောက်တဲ့ နယ်မြေခွဲခြားမှုတွေ ရှိတယ်၊ သူတို့အနေနဲ့ ဘာပဲလုပ်လုပ် ဒီနယ်နိမိတ်တွေကို လုံးဝ ကျော်လို့ရဘူး"

"ငါတို့ရဲ့မင်ဟောက်မြို့ တည်ရှိတဲ့နေရာက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့အာဏာစက်အောက်မှာ ဖြစ်နေတယ်၊ တခြားအင်အားကြီးအင်အားစုတွေ အနေနဲ့ ဝင်ရောက်စွက်ဖက်လို့မရဘူး"

လူအုပ်ကြီးထဲ၌ နိုင်ငံရေးကို နားလည်သူများက မရှားပေ။ သူတို့အနေဖြင့် နာမည်မရှိ သို့မဟုတ် ကျော်ကြားမှုမရှိကာ ဇာတ်ရံအဖြစ်တောင် မပါဝင်ထားကြသော်လည်း ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးကို တိတ်တဆိတ် ရှင်းပြနေကြသည်။

ထိုအချိန်၌ 'ဖန်း'ငှက်ကြီးသည် ချင်ချွမ်း၏ ခြံဝန်းထဲသို့ ဆင်းသက်လာလေ၏။

"ဝှီး!!"

'ဖန်း'ငှက်မှ ဆင်းသက်လာသောအချိန်တွင် ကြီးမားသော ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည့် အရှိန်ကြောင့် လေပြင်းတစ်ချက်ကို လှုံ့ဆော်မိကာ ခြံဝန်းတစ်ခုလုံးမှ ဖုန်မှုန့် များက လွင့်စဉ်သွားခဲ့သည်။

"အကြီးအကဲချင်ချွမ်းကို ဂါရဝပြုပါတယ်"

"အကြီးအကဲချင်ချွမ်းကို ဂါရဝပြုပါတယ်"

ခန့်ညားလှပသော လူငယ်အရွယ် ယောက်ျားလေး နှင့် မိန်းကလေး ဒါဇင်အနည်းငယ်သည် 'ဖန်း'ငှက်၏ ကျောပေါ်ကနေ ခုန်ဆင်းလာပြီး ဒူးတစ်ဖက်ထောက် ၍ လေးစားစွာ ခေါ်လာကြ၏။

အဖြူရောင်ဝတ်ရုံ ဝတ်ထားသော သက်ကြီးရွယ်အို တစ်ဦးကလည်း မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ ထိုလူက အရပ်ရှည်ကာ ခန္ဓာကိုယ်တောင့်တင်း၏။ အထူးသဖြင့် နှင်းဖြူရောင်ဆံပင်၏အလယ်တွင် ချည်နှောင်ထားသော အနီရောင်ကျစ်ဆံမြီးသေးသေးလေးက မျက်စိပသာဒ ရှိလှသည်။

"ကျုပ်က ကျားထျန်းဟယ်လို့ အမည်ရပြီးကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့အကြီးအကဲချုပ်ပါ၊ ကျုပ်တို့ရဲ့နှောင့်ယှက်မှုကို ခွင့်လွှတ်ပေးပါဦး...ညီအစ်ကိုချင်ချွမ်းက အပြစ်မမြင်ဘူးလို့ မျှော်လင့်ပါတယ်"

အကြီးအကဲက အပြုံးဖြင့် ပြောလာ၏။

သူက ပြုံးနေသော်လည်း သူ့ထံ၌ အရိပ်အမြွက်မပါရှိသော အော်ရာတစ်ခု ရှိနေသောကြောင့် လူအများအား အနည်းငယ်ဖိနှိပ်ခံနေရသလို ခံစားရစေသည်။

၎င်းက ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်၏ အော်ရာပင်။

"ဧည့်သည်တွေကို ကြိုဆိုပါတယ်၊ အထဲကို ဝင်ကြပါဦး"

ချင်ချွမ်းသည် အနည်းငယ် ကိုင်းလျက် ဖိတ်ခေါ်မှုပြသသောလက်ဟန်ကို လုပ်လိုက်၏။ ထို့နောက် ချင်ကျီကို ပြောလိုက်သည်။

"ရှောင်ကျီ လက်ဖက်ရည်ဖျော်လိုက်ပါဦး"

"ဟုတ်!"

ချင်ကျီက ပျော်ရွှင်စွာ ပြောပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွား၏။

"ဟားဟား...သူက ချင်ကျီပဲကိုး၊ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ သန့်စင်သောယန်နယ်ပယ်ကို ချိုးဖောက်နိုင်ခဲ့တယ်၊ တကယ်ကို ထူးခြားတဲ့လူငယ်လေးပဲ"

ကျားထျန်းဟယ်က သူ့မုတ်ဆိတ်မွေးကို ညာလက်ဖြင့် ပွတ်သပ်လျက် အံ့သြစွာပြောလေသည်။

"ကံကောင်းသွားလို့ပါ"

ချင်ချွမ်းက နှိမ့်ချစွာ ပြန်ဖြေသော်လည်း သူ၏ ချစ်လှစွာသောသားကို တစ်စုံတစ်ယောက်က ချီးမွမ်းလာသောကြောင့် ကျေနပ်အားရမှုကို ခံစားနေရ၏။

"ညီအစ်ကိုချင်ချွမ်း...တကယ်တော့ ကျုပ် ဒီတစ်ခေါက်လာရတဲ့ အဓိကရည်ရွယ်ချက်က ခင်ဗျားကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲကို ဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ၊ ဘယ်လိုထင်လဲ"

ကျားထျန်းဟယ်က ပွင့်ပွင့်လင်းလင်း ပြောဆိုလာသည်။

ချင်ချွမ်းက ခဏတာမျှ စဉ်းစား၍ မေးလေ၏။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ဝင်ရင် ကျုပ်အတွက် ဘာအကျိုးကျေးဇူးတွေများ ရမလဲဆိုတာ သိချင်ပါတယ်"

"ဟားဟားဟား! သေချာပေါက် အကျိုးကျေးဇူးတွေ ရှိတာပေါ့!"

ကျားထျန်းဟယ်က ရယ်မောလာသည်။ သူသည် အနည်းငယ်မျှပင် စိတ်ဆိုးခြင်းမရှိဘဲ ချင်ချွမ်း၏ ပွင့်လင်းမှုအား ချီးကျူးနေပုံရ၏။

သူက မတွန့်ဆုတ်ဘဲ ဆက်ပြောလေသည်။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက နှစ်ပေါင်းသုံးထောင်ကျော်အမွေအနှစ်တွေနဲ့ သာမန်ထက်ကျော်လွန် တဲ့ နက်နဲမှုတွေကို ပိုင်ဆိုင်ထားတယ်၊ ကျုပ်တို့နဲ့ပူးပေါင်းမယ်ဆိုရင် အရင်းအမြစ်အများကြီးကို ရရှိ လိမ့်မယ်၊ အဲ့ဒါက ခင်ဗျား စိတ်ကူးထားတာထက် အများကြီး သာပါလိမ့်မယ်"

"ကျုပ်က အရင်းအမြစ်တွေကို သိပ်မလိုအပ်ဘူး"

ချင်ချွမ်းက တည်ငြိမ်စွာ ခေါင်းခါယမ်း၏။ သူ့သိုင်းပညာမှာ *မလှုပ်မယှက်ရှိနေသောအရာဖြစ်သောကြောင့် အရင်းအမြစ်များကို ဘာကြောင့်လိုအပ်မည်နည်း။ ထို့အပြင် သူ၏ချစ်လှစွာသောသားလေးမှာလည်း အရင်းအမြစ်များ ပေါကြွယ်ဝနေသောကြောင့် သူတို့ထံ၌ အရင်းအမြစ်မရှားပေ။

(T/N - *သိုင်းအဆင့်က ကြိုးစားအားထုတ်မှုကြောင့် တိုးတက်နေတာမျိုးမဟုတ်ဘဲ ပြင်ပအရာပေါ်မှာ မှီခိုနေရတာမျိုးကို ဆိုလိုပါတယ်၊ စနစ်က အဆင့်တိုးပေးမှ ချင်ချွမ်းရဲ့သိုင်းအဆင့်က တိုးမြင့်နိုင်တာမျိုးပေါ့)

"အာ..."

ကျားထျန်းဟယ်မှာ အံ့အားသင့်သွားရသည်။ အရင်းအမြစ်မလိုဘူးဟု တစ်ယောက်ယောက်က ပြောလာမည့်အဖြစ်ကို သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူ ကိုယ်တိုင်ပင် ထိုကဲ့သို့စကားမျိုး မပြောရဲပေ။

သို့သော်ငြား သူက အတွေ့အကြုံများပြီး လိမ္မာပါးနပ် သော ပုဂ္ဂိုလ်ဖြစ်၍ လျင်မြန်စွာပင် လိုက်လျောညီထွေဖြစ်စေကာ ပြောလိုက်၏။

"ကျုပ်တို့ရဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ ရှေးဟောင်းသိုင်းကျမ်းပေါင်းများစွာနဲ့ ကျုပ်တို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဉာဏ်အလင်းတွေလည်း ရှိတယ်၊ ဒါတွေက ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်ကို ပိုပြီးတော့ စောစောစီးစီး ချိုးဖောက်နိုင်ဖို့ ကူညီပေးနိုင်တယ်"

ချင်ချွမ်းသည် ခဏတာမျှ စဉ်းစားပြီးနောက် ရည်ရွယ်ချက်ရှိရှိပင် သက်ပြင်းချကာ လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်သည်။

"သိုင်းအဆင့်မြှင့်တင်တာက ကျုပ်အတွက် စိန်ခေါ်မှု မဟုတ်သလောက်ပဲ"

ဖတ်!

ထိုစကားလုံးများက မကျိုးနွံတတ်သော ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်မှ ကျွမ်းကျင်သူအား ချက်ချင်းပင် သွေးအန်လုနီးပါး ဖြစ်စေခဲ့၏။

သို့သော်ငြား သူ စဉ်းစားကြည့်မိသောအခါ…ဤလူသည် အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ကျင့်ကြံထားပြီးပြီဖြစ်သောကြောင့် ထိုစကားက တကယ် မှန်နိုင်သည်ကို သူ သဘောပေါက်သွားခဲ့သည်။

သူ အသက်ပြင်းပြင်းရှူသွင်းကာ လေးနက်သောလေသံဖြင့် ပြောလိုက်၏။

"ညီအစ်ကိုချင်ချွမ်း ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်ကို ချိုးဖောက်ဖို့က ခင်ဗျားအတွက် ပြဿနာတစ်ခု မဟုတ်နိုင်ပေမယ့် သိုင်းအဆင့် တိုးတက်လာတာနဲ့အမျှ ပိုပြီးခက်ခဲလာမယ်ဆိုတာကို သတိပြုထားရမယ်၊ ခြေလှမ်းတိုင်းက စိန်ခေါ်မှုတစ်ခုပဲ"

"လူပေါင်းမြောက်များစွာက ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်ကို ချိုးဖောက်ပြီးနောက်မှာ ဆက်ပြီး တိုးတက်လာဖို့ မတတ်နိုင်ကြတော့ဘဲ အိုမင်းပြီး သေဆုံးတဲ့အထိ ပထမအဆင့်မှာပဲ ပိတ်မိနေကြတယ်"

"ဒါပေမယ့် ကျုပ်တို့ရဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာတော့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ထိုးထွင်းသိမြင်မှုတွေနဲ့ အတွေ့အကြုံတွေက ခင်ဗျားကို အမှားတွေ ရှောင်ရှားနိုင်အောင် သေချာပေါက် ကူညီပေးနိုင်ပါတယ်"

ထိုစကားကို ကြားသောအခါ ချင်ချွမ်းက အတွေးလွန်သွားလေသည်။

သူ ဟန်ဆောင်နေခြင်းပင်။

တကယ်တော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲသို့ ဝင်ရန် ဆုံးဖြတ်ထားသည်မှာ ကြာလှပြီဖြစ်၏။ အကြောင်းမှာ ပါရမီရှင်များ ပြည့်နှက်နေသောနေရာများက သူ့သား ပြဿနာရှာရန်အတွက် အကောင်းဆုံးပတ်ဝန်းကျင်များဖြစ်သောကြောင့်ပင်။

သို့သော်ငြား သူ အလျင်စလို သဘောတူလို့ မရပေ။ ဈေးထဲ၌ ဈေးဆစ်ခြင်းကဲ့သို့၊ မလိုဘူးဆိုရင်တောင် နည်းနည်းပါးပါးတော့ ဈေးဆစ်ရမည်။ ဒါက ထိုသဘောတရားအတိုင်းပင်။

အချိန်အတော်ကြာပြီးနောက် သူ အသက်ပြင်းပြင်းရှူသွင်းကာ လေးနက်စွာ မေးလိုက်၏။

"ကျုပ် ဂိုဏ်းထဲဝင်မယ်ဆိုရင် ခင်ဗျားတို့က ဘာရာထူးပေးမှာလဲ"

"အာဏာရှိ အကြီးအကဲရာထူးပါ ဘယ်လိုသဘောရလဲ"

ကျားထျန်းဟယ်က ပြောသည်။

"ကျုပ်တို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တတိယအကြီးအကဲက အသက်ကြီးလာတော့ သူ့ဒဏ်ရာဟောင်းကြောင့် ခြောက်လလောက် အနားယူနေရတာ၊ သူ့ရာထူးက လစ်လပ်နေတယ်၊ ခင်ဗျား ဝင်လာရင် ဒီ ရာထူးကို တိုက်ရိုက်ယူလို့ရတယ်"

"ကျုပ် အဲ့ဒီရာထူးကို မလိုချင်ဘူး"

ချင်ချွမ်း ပြုံးကာ ခေါင်းခါယမ်းလိုက်၏။

"အာဏာရှိအကြီးအကဲ ဖြစ်ရမယ့်အစား ဘာမှလုပ်စရာမလိုတဲ့ အကြီးအကဲတစ်ယောက် ဖြစ်ရတာကို ပိုကြိုက်တယ်"

"ပြီးတော့ ကျုပ် မတိုင်ခင်က ပြောခဲ့သလိုပဲ၊ ကျုပ်က အရင်းအမြစ် သိပ်မလိုအပ်ဘူး၊ ပြီးတော့ အကျိုးအမြတ်အတွက်လည်း အာဏာကို အသုံးချစရာ မလိုအပ်ဘူး၊ ကိုင်တွယ်စရာ ဘာမှမရှိဘဲ ဂိုဏ်းကိစ္စတွေ မပါဝင်ရဘူးဆိုရင် ကျင့်ကြံရေးမှာ ပိုပြီးအာရုံစိုက်လို့ရတယ်"

ကျားထျန်းဟယ်မှာ စစချင်း၌ အံ့အားသင့်သွားခဲ့ရပြီး ပြီးမှသာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

တတိယအကြီးအကဲရာထူးကို ကမ်းလှမ်းရခြင်းမှာ ပါဝင်ပတ်သက်နေသော အကျိုးစီးပွားများ၏ ရှုပ်ထွေးမှုကြောင့်ဖြစ်ပြီး ဖိအားက သိသိသာသာရှိခဲ့၏။

ယခု ချင်ချွမ်း၏ ဆန္ဒအလျောက်ငြင်းပယ်မှုက သူ့အား ကြိုးစားအားထုတ်မှုအနည်းငယ်လေးနှင့် အများကြီး ရလိုက်သလို ခံစားလိုက်ရသည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ခင်ဗျားကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တစ်ဦးတည်းသော ဂုဏ်ထူးဆောင်အကြီးအကဲဖြစ်စေဖို့ ဆုံးဖြတ်လိုက်ပါ့မယ်"

"ဂုဏ်ထူးဆောင်အကြီးအကဲမှာ တရားဝင်အာဏာ မရှိ ပေမယ့် တခြားအကြီးအကဲတွေလို အဆင့်အတန်းမျိုးနဲ့ အကျိုးကျေးဇူးတွေကို ထပ်တူ ရရှိပါလိမ့်မယ်"

သူက အားရပါးရ ရယ်မောလျက် ပြောလာခဲ့၏။

"ကျုပ်မှာ နောက်ထပ်အခြေအနေတစ်ခု ရှိတယ်"

ချင်ချွမ်း ထပ်ပြောလိုက်သည်။

"ဘာအခြေအနေလဲ"

ကျားထျန်းဟယ်သည် စိတ်အခြေအနေကောင်းနေသောကြောင့် အလွန်စိတ်ရှည်နေလေ၏။

"ကျုပ်သား ချင်ကျီကိုလည်း ဂုဏ်ထူးဆောင်တပည့် တိုက်ရိုက် ဖြစ်ခွင့်ပေးပါ၊ ဒီလိုအဆင့်အတန်းကြောင့် သူလည်း ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးတွေအားလုံး ခံစားခွင့်ရမယ်"

ချင်ချွမ်းက ပြတ်သားစွာ ပြောလာသည်။

"ဒါက..."

ကျားထျန်းဟယ်က ခဏတာမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်လာလေ၏။

"သားအပေါ် ဖခင်တစ်ယောက်ရဲ့မေတ္တာကို ကျုပ် နားလည်နိုင်ပါတယ်၊ ကျုပ် သဘောတူတယ်"

"ကောင်းပါပြီ...ကျုပ် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲကို ဝင်ပါ့မယ်"

ချင်ချွမ်း ပြုံးကာ သဘောတူလိုက်တော့သည်။

"ကြိုဆိုပါတယ်"

ကျားထျန်းဟယ်ကလည်း ဝမ်းသာအားရစွာဖြင့် ရယ်မောနေလေ၏။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းနှင့် အတူပါလာသော တပည့်များကလည်း ဂုဏ်ပြုပေးကြသည်။

"အကြီးအကဲချင်ချွမ်းကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ ကြိုဆိုပါတယ်"

"အကြီးအကဲချင်ချွမ်းကို ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ ကြိုဆိုပါတယ်"

သူတို့၏အသံများက ကျယ်လောင်နေပြီး မင်ဟောက်မြို့၏ တစ်ဝက်လောက်ကို ပဲ့တင်သံများထွက်စေကာ များစွာသော လူအပေါင်းကို တုန်လှုပ်စေခဲ့ပြီး ရိုသေလေးစားမှုဖြစ်စေခဲ့၏။

သူတို့၏မျက်လုံးများထဲတွင် ချင်ချွမ်းသည် မတိုင်ခင်ကပင် အလွန်အမင်းအားကောင်းနေပြီးသားဖြစ်သည်။ ယခုဆိုလျှင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အကြီးအကဲရာထူးကို ရရှိသွားပြန်လေပြီ။

၎င်းက ကျားကို အတောင်ပံတပ်ပေးလိုက်သည့်အလားပင်။

နေကိုးလုံးနယ်မြေအတွင်း အရေးပါသောပုဂ္ဂိုလ်တစ်ဦး၏ အားကောင်းလာတော့မည့်အခိုက်အတန့်ကို မြင်တွေ့လိုက်ရသည့် မျက်မြင်သက်သေများအလား သူတို့ ခံစားနေရ၏။

"ညီအစ်ကိုချင်ချွမ်း တခြား ဘာမှမရှိတော့ရင် ကျုပ် ခဏတာအတွက် နှုတ်ဆက်လိုက်ပါဦးမယ်၊ သုံးရက် ကြာရင် ဂိုဏ်းက ခင်ဗျားအတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုကို ကျင်းပပေးပါလိမ့်မယ်၊ ပြီးတော့ လူပေါင်းများစွာ တက်ရောက်ကြမှာဆိုတော့ ခင်ဗျား လာရောက်မယ်လို့ မျှော်လင့်ပါတယ်"

အချိန်အနည်းငယ်ကြာပြီးနောက် ကျားထျန်းဟယ်က အကြံပြုစကား ပြောဆိုလာသည်။

"ကောင်းပြီ"

ချင်ချွမ်းက ခေါင်းညိတ်၏။

"သုံးရက်ကြာရင် တွေ့ပါမယ်"

ကျားထျန်းဟယ်က ထိုသို့ပြောလိုက်ပြီးနောက် 'ဖန်း'ငှက်၏ ကျောပေါ်သို့ ခုန်တက်သွားသည်။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ တပည့်ပေါင်း ဒါဇင် အနည်းငယ်ကလည်း လိုက်ပါသွားခဲ့ကြ၏။

'ဖန်း'ငှက်က လေနှင့်အတူ မြန်ဆန်စွာပင် အမြင့်သို့ တက်သွားခဲ့ပြီး ကောင်းကင်ယံထက်၌ ပျောက်ကွယ်သွားလေသည်။

ထိုအခါမှ ချင်ကျီကလည်း လက်ဖက်ရည်ဗန်းကို ကိုင် လျက် ထွက်ပေါ်လာ၏။

"အဖေ ဒီလက်ဖက်ရည်ကို..."

ချင်ကျီက တွန့်ဆုတ်စွာ စကားစပြောလာသည်။

"ရှောင်ကျီ ဒီနေ့ကစပြီး အဖေတို့တွေ အချိန်ခဏလောက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ နေကြမယ်"

ချင်ချွမ်း ပြောလိုက်၏။

"အဖေ ဘာလို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်တာလဲ"

ချင်ကျီသည် အနည်းငယ်မျှ ဇဝေဇဝါဖြစ်သွားသောကြောင့် မေးမိသည်။

"ဟားဟား...*လူတွေက မြင့်ရာကို သွားကြပေမယ့် ရေ တွေကတော့ နိမ့်ရာကို စီးဆင်းတယ်၊ ငါ့သားလည်း အနည်းဆုံးတော့ လောကကြီးကို မြင်နိုင်အောင် ကြည့်သင့်တယ်"

(T/N - လူတွေက အဆင့်အတန်း၊ ငွေ၊ အောင်မြင်မှု စတဲ့အရာတွေကို မြင့်မြင့်မားမားမျှော်မှန်းတတ်ကြပေမယ့် ရေကတော့ သဘာဝအတိုင်း နိမ့်ရာကိုသာ စီးဆင်းတယ်၊ လူသဘောသဘာဝနဲ့ သဘာဝတရားကို နှိုင်းယှဥ်ဖော်ပြတဲ့စကားပါ)

ချင်ချွမ်းက ပြုံးနေ၏။

"မင်ဟောက်မြို့ထဲမှာ မင်း ကြည့်စရာ ဘာမှသိပ်မရှိ ပေမယ့် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကတော့ တစ်ကယ် အထင်ကြီးစရာကောင်းပါတယ်"

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို ပြောင်းနေရင် မင်းရဲ့ ကြီးထွားမှုအတွက် ပိုပြီးအကျိုးရှိတယ်"

********************

All Chapters