← Chapters

သူက ဘယ်သူ့ထက်မဆို ပိုခံစားရတယ်

Vol. 3 Ch. 38

သူက ဘယ်သူ့ထက်မဆို ပိုခံစားရတယ်

Vol. 3 Ch. 38

နေကိုးလုံးနယ်မြေ၏ အဓိကဂိုဏ်းကြီးခြောက်ခုထဲမှ တစ်ခု ဖြစ်သော ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသည် နှစ်ပေါင်းသုံးထောင်ကျော်ကြာအောင် တည်ရှိခဲ့ပြီး နက်ရှိုင်းသောအုတ်မြစ်နှင့် အားကောင်းသောပုဂ္ဂိုလ်များစွာ ရှိလေ၏။

ယနေ့တွင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း တည်ရှိရာ တောင်ကြီးများအား မီးပုံးများ၊ ပန်းခက်များဖြင့် အလှဆင်ထားလေသည်။ ဗုံသံများက ဆက်တိုက်မြည်ဟည်းနေပြီး ပွဲတော်အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

"ဟားဟားဟား ဂိုဏ်းထဲမှာ အကြီးအကဲတစ်ယောက် ထပ်ရောက်ပြန်ပြီ၊ ကျုပ်တို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့အုတ်မြစ်က ပိုခိုင်ခံ့သွားပြီ!"

"ဟုတ်တယ် အဲ့ဒီအကြီးအကဲချင်ချွမ်းက အသက်လေးဆယ်တောင် မပြည့်သေးဘဲ အသစ်တစ်ဖန်မွေးဖွားခြင်းရွှေခန္ဓာကို ရရှိခဲ့တယ်လို့ ကြားမိတယ်၊ ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်ကို ချိုးဖောက်ဖို့က နီးကပ်နေပြီ မဟုတ်လား"

"ဒါပေမယ့် အဲ့ဒါက ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ"

"အင်း~ စဉ်းစားကြည့်ရင်တော့ ဂိုဏ်းထဲမှာ အကြီးအကဲတစ်ယောက် ရောက်သည်ဖြစ်စေ၊ ဆုံးရှုံး သည်ဖြစ်စေ ဂိုဏ်းရဲ့အခြေအနေကို သက်ရောက်မှုမရှိ သလို ကျုပ်တို့ရဲ့အခွင့်အရေးတွေလည်း မပြောင်းသွားဘူး၊ အဲ့ဒီအကြီးအကဲချင်ကလည်း ငါတို့ကို အနီရောင်စာအိတ်တွေ ဝေပေးမှာ မဟုတ်ဘူး"

"ဒါဆိုရင်… ကျုပ်တို့ ဘာအတွက် ပျော်နေကြတာလဲ"

"မေးခွန်းတွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ၊ ပျော်ကြဖို့ ပြောလာရင် ပျော်လိုက်ရုံပဲပေါ့! ဟိုကိုသွား! အင်း ဟုတ်တယ်...ပြုံးနေ ပြုံးနေ၊ မင်းလည်း ဗုံတီးလေကွာ..."

ထိုကဲ့သို့မြင်ကွင်းများက နေရာတိုင်းမှာ ရှိနေလေသည်။

"ဘုန်း!"

"နန်ဟွားဓားဂိုဏ်းက ဂုဏ်ပြုရန် ကြွရောက်လာပါတယ်!"

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဆီမှ စူးရှသော အသံတစ်ခု ပဲ့တင်သံထွက်ပေါ်လာပြီး ဓားပုံသဏ္ဍာန်အလင်းတန်းတစ်ခုက အနောက်မြောက်ကနေ လေကို ခွင်း၍ ထိုးဖောက်ရောက်ရှိလာလေ၏။

"ပေရွှယ်ဓားဂိုဏ်းက ဂုဏ်ပြုရန် ကြွရောက်လာပါတယ်!"

နောက်တစ်နေရာကနေ ဓားအလင်းတန်းတစ်ခု ပျံသန်းလာသည်။

ဆက်တိုက်ဖြစ်ပျက်မှုများကဲ့သို့ ကောင်းကင်ယံထက် အရပ်မျက်နှာအသီးသီးကနေ လူပုံသဏ္ဍာန်များ ထွက်ပေါ်လာကြပြီး အတူတကွ စုဝေးလာကြ၏။

"ချွေ့ရီဓားဂိုဏ်းက ဂုဏ်ပြုရန် ကြွရောက်လာပါတယ်"

"လေနှင့်မိုးကြိုးချိုင့်ဝှမ်းက ဂုဏ်ပြုရန် ကြွရောက်လာပါတယ်"

"မင်းသားရဲ့စံအိမ်က ဂုဏ်ပြုရန် ကြွရောက်လာပါတယ်!"

"မင်းသားရဲ့စံအိမ်က ဂုဏ်ပြုရန် ကြွရောက်လာပါတယ်!"

"အင်ပါယာမြို့တော်၊ ချူမိသားစုက ဂုဏ်ပြုရန် ကြွရောက်လာပါတယ်"

အခမ်းအနားက တစ်နေ့လုံး ကြာမြင့်ခဲ့လေ၏။

နေကိုးလုံးနယ်မြေအတွင်းရှိ ထိပ်တန်းအင်အားစုများ အားလုံးက လာရောက်ခဲ့ကြသည်။ အဓိကဂိုဏ်းကြီးငါးခုမှ အဆင့်မြင့်ကျင့်ကြံသူများ သာမက ထိပ်တန်းအဆင့်မြင့်သော မိသားစုပေါင်းများစွာနှင့် တော်ဝင်မိသားစုကပင် နန်းတွင်းအမှုထမ်းတစ်ဦးကို စေလွှတ်ခဲ့၏။

မီးခိုးရောင်ဆံပင်၊ ချောမွတ်သော မေးစေ့နှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမစိုးချုပ်က လူတိုင်း၏ လေးစားမှုကို ခံယူခဲ့ရသည်။

သူက ဧကရာဇ်၏ အယုံကြည်ရဆုံးလက်အောက်ခံ တစ်ယောက် ဖြစ်နေခြင်းကြောင့်သာမက သူ၏ ခွန်အားကလည်း အစွမ်းထက်သောကြောင့် ဖြစ်၏။

ထိုမိန်းမစိုးချုပ်သည် နှစ်ပေါင်းများစွာကတည်းက ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်၊ ပဉ္စမအဆင့်သို့ရောက်ရှိနေခဲ့ပြီး ယခုဆိုလျှင် သူ၏ ဉာဏ်အလင်းအား မခန့်မှန်းနိုင်ကြတော့ပေ။

ချင်ချွမ်းကို အံ့အားသင့်စေသည်မှာ...

ဤဂုဏ်ပြုပွဲတော်အတွင်း၌ မတော်တဆဖြစ်ရပ်တစ်ခုလေးမှ မဖြစ်ခဲ့ပေ။ မည်သူတစ်ဦးတစ်ယောက်ကမှလည်း ပြဿနာရှာရန် သို့မဟုတ် သူ့ကို တားဆီးရန် မထွက်လာကြပေ။

ဂိုဏ်းခေါင်းဆောင်မှသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း ၏ အကြီးအကဲများအထိ အားလုံးက သူ့ကို အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြပြီး ဧည့်သည်များကလည်း ယဉ်ကျေးခဲ့ကြသည်။

အိမ်ရှင်က ရက်ရောပြီး သင့်လျော်စွာပြုမူခဲ့၏။

ဧည့်သည်များကလည်း ယဉ်ကျေးကာ သိမ်မွေ့လှသည်။

ဒါ....

အဖွင့်က မှားနေလေပြီ။

သူ အနည်းငယ်နှမြောသလို ခံစားနေရ၏။ အကြောင်းမှာ ဝတ္ထုများတွင် သာမန်အားဖြင့် အခုလိုအဖြစ်အပျက်များကို အခန်းပေါင်းများစွာကြာအောင် ချဲ့ရေးနိုင်သော်လည်း သူကတော့ အစွမ်းပြရန်ပင် အခွင့်အရေး မရရှိခဲ့ပေ။

"ဖြစ်နိုင်တာက ငါက ကံကြမ္မာရဲ့ ရွေးချယ်ခံရသူ မဟုတ်လို့လား...ဒါကြောင့် ဒီလိုမျိုး အထူးအလေးပေးမှုကို မရနိုင်တာလား"

ချင်ချွမ်းသည် ချောက်ကမ်းပါးအနီးရှိ ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး နေဝင်ချိန်ကို ကြည့်နေခဲ့၏။ သူ့မျက်နှာ ပေါ်၌ မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခု ရှိနေလေသည်။

ထိုအချိန်၌ ချင်ကျီ၏စိတ်လှုပ်ရှားနေသောအသံက အနောက်ကနေ ထွက်ပေါ်လာလေ၏။

"အဖေ ဒီကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက တကယ် ရက်ရောတာပဲ၊ ကျွန်တော်တို့ကို ဒီလိုမျိုး ကြီးမားတဲ့တောင်ကြီးကို ပေးခဲ့တဲ့အပြင် စံအိမ်နဲ့ အစေခံတွေလည်း ပါတယ်!"

ချင်ချွမ်းက လှည့်ကြည့်လာသည်။

ချင်ကျီက သူ့ဆီသို့ လျှောက်လာနေသည်ကို တွေ့ လိုက်ရ၏။ ချင်ကျီ၏ အနောက်တွင် ခမ်းနားကာ အရှိန်အဝါကြီးမားသော စံအိမ်ကြီးတစ်ခု ရှိနေသည်။ ညနေဆည်းဆာအောက်တွင် ထိုစံအိမ်ကြီးက ရွှေရောင်နန်းတော်ကြီးကဲ့သို့ ဖြစ်နေပြီး ချင်ကျီအတွက် အကြီးမြတ်ဆုံးနောက်ခံကြီးအလား ပြောင်းလဲသွားလေ၏။

"တောင်တစ်လုံးနဲ့ စံအိမ်ကြီးတစ်ခုတည်းနဲ့တင် မင်းက ဒီလောက်တောင် စိတ်လှုပ်ရှားနေတာ၊ ဒါက မင်းရဲ့ ရည်မှန်းချက် သေးငယ်ကြောင်း ပြသနေတာပဲ"

ချင်ချွမ်းက မကျေမနပ်ပြောလာပြီး ရယ်မောနေသည်။

တကယ်တော့...

သူကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။

သို့သော်ငြား သူ့ပုံရိပ်ကို ထိန်းသိမ်းရန်လိုအပ်သည်။

ပြိုင်ဘက်ကင်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အနေနှင့် ခမ်းနားသောမြင်ကွင်းများကို မမြင်ဖူးဘဲ မနေပေ။ ဤကဲ့သို့ သေးငယ်သည့် အရာလောက်က အရေးမပါပေ။

ဘယ်လိုအမူအရာမျိုး ပြထားရမလဲဆိုတာကို မမေးလေနှင့်။ သင့်နှာခေါင်းအား ကောင်းကင်ထိရောက်အောင် မြှောက်ထားခြင်းက မှန်ပေ၏။ အချိန်တိုင်းအခါတိုင်း ကိစ္စမှန်သမျှကို လျစ်လျူရှုစွာနေထိုင်းခြင်းက ပြိုင်ဘက်ကင်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ သဘောထားပင်။

ချင်ကျီက လျှောက်လာပြီး ချင်ချွမ်း၏ဘေးမှာ ဝင်ထိုင်လာသည်။ သူက မိုးကုတ်စက်ဝိုင်းမှ နီရဲနေသော နေဝင်ချိန်ကို ကြည့်လျက် မေးလေ၏။

"အဖေ အမေနဲ့အဖေ့ရဲ့ဇာတ်လမ်းကို ပြောပြပါလား"

သူ့အသံက အလွန်တိုးလွန်း၏။ မေးနေသလို ရှိသော်လည်း အိပ်မက်ယောင်နေသကဲ့သို့ပင်။ သူ၏စိတ်ခံစားမှုက အနည်းငယ် ခံစားလွယ်နေသည်။

ချင်ချွမ်း၏မျက်နှာက အနည်းငယ် ခက်ထန်သွားပြီး ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသော အမူအရာတစ်ခု ပေါ်လွင်လာ၏။

"ဟက်! ဒီလိုကိစ္စမျိုးတွေက ဘာပြောစရာ ရှိမှာလဲ"

"ရင်ဖိုစရာကောင်းမှာတော့ သေချာတယ်"

ချင်ကျီက ခေါင်းမော့၍ ချင်ချွမ်းကို ကြည့်လာသည်။

ချင်ချွမ်းက နှုတ်ခမ်းတင်းတင်းစေ့၍ ဝေးကွာလှသော နေဝင်ချိန်ကို ပြန်ကြည့်နေ၏။ ရွှေရောင်ဝင်းဝါနေသော ညနေဆည်းဆာကြောင့် လင်းနေသော ပါးပြင် ပေါ်တွင် ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်နေသော အရိပ်အယောင်များက ထပ်မံထွက်ပေါ်လာပြန်သည်။

"ယောက်ျားတစ်ယောက်က ကိုယ့်ဇနီးကိုတောင် မကာကွယ်နိုင်တာ တကယ် ရင်ဖိုစရာကောင်းပါတယ်… အရမ်း ရင်ဖိုစရာကောင်းတယ်!"

သူ့အသံက အနည်းငယ်တုန်ယင်သွားပြီး နောက်ဆုံးမှာတော့ မူမမှန်သော ဒေါသသံတောင် ပါဝင်လာပြီး ရုတ်ချည်း ထရပ်လိုက်လေ၏။

"ဘန်း!"

သူ ခြေထောက်ကို ဆောင့်နင်းလိုက်ရာ အောက်က ကျောက်ဆောင်ကြီးသည် ချက်ချင်းပင် အက်ကွဲသွားပြီး အပိုင်းအစများ ကွဲထွက်သွားလေသည်။

ထို့နောက်မှသာ သူ၏ဝတ်ရုံလက်ရှည်ကို ဝှေ့ယမ်းလျက် တစ်ဖက်ကိုလှည့်ကာ စံအိမ်ကြီးဆီသို့ လျှောက်သွားလေ၏။ သူ၏အရိပ်ပုံသဏ္ဌာန်မှာ ညှိုးငယ်ကာ အဖော်မဲ့လှသည်။

"အဖေ..."

အမြဲတမ်းတည်ငြိမ်နေသော သူ့အဖေက ဒီလောက်ထိ တုန်လှုပ်လာလိမ့်မည်ဟု မထင်မှတ်ထားတာကြောင့် ချင်ကျီသည် အဖေ့၏ပုံရိပ်အား ငေးကြည့်နေမိ၏။

ထို့အပြင် သူ သတိပြုမိခဲ့သည်။ သူ့ကို ကျောခိုင်းသွားသော အဖေ့၏ပခုံးများက အနည်းငယ် တုန်ယင်နေသည့်ပုံပင်။

သူ…ရှိုက်ကြီးတငင် ငိုနေတာလား။

ချင်ကျီသည် ခဏတာမျှ ဘာပြောရမှန်း မသိခဲ့ပေ။ သူ့အဖေအနောက်ကို လိုက်၍လည်း မနှစ်သိမ့်ရဲခဲ့ပေ။

သူ၏ပင်ကိုအသိစိတ်အရ ခံစားမိသည်မှာ အဖေ့၏နာကျင်မှုအား သူ ထိမိသွားပြီဖြစ်၏။

ထိုကဲ့သို့ မိုးကောင်းကင်ထိလုနီးပါး ခွန်အားမြင့်မားပြီး ဖျက်ဆီး၍ မရနိုင်သော ထိုလူတွင် တကယ်တမ်း၌ သူကိုယ်တိုင်ပင် မထိရဲသော အမာရွတ်တစ်ခု ရှိနေသည်။

"သူက မင်းရဲ့အမေကို တကယ်ချစ်ရှာတာပဲ..."

ထိုအချိန်၌ တိုးညင်းသောအသံနှင့်အတူ သက်ပြင်းချ သံတစ်ခု ထွက်ပေါ်လာ၏။

ချင်ကျီ ခေါင်းလှည့်လိုက်ရာ သူ့အနောက်၌ ရွှေရောင်ဆံပင်ဖြင့် လှပနေသော အမျိုးသမီးတစ်ဦးက ရပ်နေသည်ကို တွေ့လိုက်ရသည်။ ညနေဆည်းဆာ၏ ရောင်ပြန်ဟပ်မှုက သူမ၏ ပုံသဏ္ဌာန်အား ဝိုင်းရံထားကာ သူမ၏အလှက တစ်ကယ့်လက်တွေ့မဟုတ်သလိုမျိုး ကြည့်ရှုသူအား ခံစားရစေ၏။

"ဆရာ!"

ချင်ကျီသည် မထိန်းနိုင်တော့ဘဲ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။ ထို့နောက် သူ့မျက်ရည်များက မထိန်းနိုင်မသိမ်းနိုင် စီးကျလာ၏။

"ကျွန်တော် တမင်လုပ်လိုက်တာ မဟုတ်ပါဘူး၊ ကျွန်တော် တကယ်ကို တမင်လုပ်တာ မဟုတ်ဘူး၊ အမေ့အကြောင်း ပြောလိုက်တာနဲ့ အဖေ့ကို ဒီလောက်ထိ နာကျင်စေမယ်မှန်း မသိခဲ့ဘူး…"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ချင်ကျီ၏ခေါင်း ကို ညင်သာစွာ ပုတ်ပေးလာသည်။ သူမ နူးညံ့စွာ နှစ်သိမ့်ပေးလိုက်၏။

"တကယ်တော့ မင်းအနေနဲ့ ဘာမှမမှားပါဘူး၊ သားတစ်ယောက်အနေနဲ့ အမေဖြစ်သူရဲ့အကြောင်းကို သိပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့်..."

သူမ စကားပြောနေခြင်းကို ခေတ္တ ရပ်လိုက်သည်။ သူမ၏မျက်နှာပေါ်၌ ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာလေ၏။

"မင်းအဖေက မင်းရဲ့အမေကို သိပ်ချစ်ရှာတယ်ထင်တယ်..."

"သိုင်းကျင့်ကြံမှုက ပိုပြီးအဆင့်မြင့်လာလေလေ၊ အချစ်မှာ ကျရှုံးဖို့က ပိုပြီးခက်လေလေပဲ၊ ဒါပေမယ့် တစ်ကြိမ် ချစ်ကျွမ်းဝင်သွားပြီဆိုရင်တော့ နက်နက်ရှိုင်းရှိုင်းဖြစ်သွားတယ်၊ ကိုယ့်အသက်ထက်တောင် ပိုပြီးအလေးအနက်ထားလာကြတယ်"

"ဒီနှစ်တွေထဲ မင်းအဖေရဲ့နှလုံးသားထဲမှာ ညှင်းပန်းနှိပ်စက်မှုတွေကို စဥ်ဆက်မပြတ် ခံစားနေခဲ့ရမှာ သေချာတယ်၊ အပြင်ပန်းမှာတော့ သူက တခြားလူတွေနဲ့ မကွာဘူးလို့ ထင်ရပေမယ့် သူ့နှလုံးသားကတော့… ဘယ်သူ့ထက်မဆို ပိုပြီးခံစားနေရတယ်"

သူမ ပြောနေရင်း သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိ၏။

သူမ၏နှာခေါင်းကလည်း အကြောင်းပြချက်မရှိဘဲ နာကျင်လာသလို ခံစားရသည်။ မျက်ရည်များ ထွက်တော့မည့်အတိုင်းပင်။

လွန်လေပြီးသော အချိန်ကအတိုင်းပင်။ မိန်းမငယ်လေးဘဝတုန်းက သူမ လေးစားရသော ပုဂ္ဂိုလ် တစ်ဦး သေဆုံးသွားသည့်အကြောင်းကို ကြားခဲ့ရစဥ်၌ သူမလည်း မထိန်းနိုင်ဘဲ မျက်ရည်ကျခဲ့ရ၏။ နောက်ဆုံးမှာ သူမအခန်းထဲကို ပြန်ပြေး၍ စောင်အောက်မှာ ပုန်းကာ ရှိုက်ကြီးတငင်ငိုခဲ့ရသည်။

"အား!"

ချင်ကျီက သူ့ဘေးမှ ကျောက်တုံးကို လက်သီးဖြင့် ထိုးလိုက်ရာ သူ့လက်သီးက ကျောက်တုံးထဲသို့ နစ်ဝင်သွားလေ၏။ ထို့နောက် သူ အံကြိတ်ကာ မေးလိုက်သည်။

"အဖေ မခံစားရအောင် ကျွန်တော် ဘာလုပ်ပေးရမလဲ"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက နှုတ်ခမ်းတင်းတင်းစေ့၍ သက်ပြင်းချ၏။

"မင်းအမေကို ကယ်တင်ပြီး မင်းအဖေနဲ့ အမေကို ပြန်ပေါင်းထုပ်ခိုင်းမှသာ ရနိုင်လိမ့်မယ်"

"ဒါပေမယ့် မင်းအဖေတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အရာကို အောင်မြင်ဖို့ဆိုတာက အရမ်းခက်ခဲတယ်၊ ကောင်းကင်ဘုံကို တက်တာထက်တောင် ပိုခက်ဦးမယ်"

"ကျွန်တော် မကြောက်ဘူး! ကျွန်တော့်မှာ နတ်ဘုရားခန္ဓာကိုယ်ရှိတဲ့အတွက် ကျွန်တော့်အလားအလာက အကန့်အသတ်မရှိဘူး၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ပေးဆပ်ဖို့ ဆန္ဒရှိသရွေ့ သေချာပေါက် လုပ်နိုင်လိမ့်မယ်!"

ချင်ကျီက လက်သီးတင်းတင်းဆုပ်လာသည်။ သူ့မျက်လုံးများမှာ မီးတောက်လောင်နေသကဲ့သို့ စူးရဲတောက်ပနေ၏။

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူမတောင် သတိမထားမိလိုက်ဘဲ ချင်ကျီ၏အကြည့်ကို ရှောင်မိကာ ပြောလိုက်သည်။

"ကောင်းပြီ ဆရာတစ်ယောက်အနေနဲ့…မင်းကို ယုံကြည်တယ်"

သူမ စိတ်ထဲ၌ သက်ပြင်းချမိ၏။

ဤကလေးသည် သူ ရင်ဆိုင်ရမည့်ရန်သူက ဘယ်သူဆိုတာကို မသိသေးပေ။ ထိုလူကတောင် မလုပ်နိုင်ခဲ့သောအရာမျိုးကို နတ်ဘုရားခန္ဓာကိုယ်က ဘယ်လိုလုပ် လုပ်ဆောင်နိုင်မည်နည်း။

ဘုရားမှ လုပ်နိုင်လိမ့်မည်။

သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ သူမအနေဖြင့် တတ်နိုင်သမျှ အရာအားလုံးကို သုံး၍ သူ့ကို သင်ကြားပေးရမည်။ သူ့ကို တတ်နိုင်သမျှ အားကောင်းလာစေရမည်။

"ဒီနည်းလမ်းကို သုံးဖို့ အချိန်ရောက်ပြီနဲ့ တူတယ်၊ ဒါပေမယ့်...အဲ့ဒီနည်းလမ်းက ကျင့်ကြံရတာ နာကျင်လွန်းတော့ ရှောင်ကျီတစ်ယောက် ခံနိုင်ရည်ရှိမရှိ ငါ မသိဘူး"

***********************

All Chapters