ပြဿနာရှာခြင်းအနုပညာ
Vol. 3 Ch. 39
မျက်တောင်တစ်ခတ်စာအတွင်းမှာပင် အချိန်တစ်လခွဲ ကုန်လွန်သွားခဲ့သည်။
ချင်ချွမ်း နှင့် သူ့သားလည်း ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၌ ငြိမ်းချမ်းစွာ နေထိုင်နေကြ၏။ အရာအားလုံးက ချောမွေ့စွာရှိနေပြီး တွေးထားသလိုမျိုး ပဋိပက္ခများ မပေါ်လာခဲ့ပေ။
သေချာတာကတော့ ချင်ချွမ်းသည် အပေါစားသားလေး၏ ပြဿနာရှာတတ်သော သဘာဝအရ အချိန်မရွေး တစ်ခုခုဖြစ်နိုင်သည်ဆိုတာကို သိထားသည်။
ဘာမှမဖြစ်သေးခြင်းမှာ သူ၏ အကြီးအကဲရာထူးက ပြဿနာအများစုကို ကာကွယ်ပေးထားသောကြောင့် ဖြစ်နိုင်ပေ၏။
သာမန်အခြေအနေများတွင် ဇာတ်လိုက်များအတွက် ကနဦးပဋိပက္ခများသည် နောက်ခံမရှိခြင်း၊ ဇာတ်ပို့လူဆိုးများ၏ ရန်စခြင်းနှင့် လှောင်ပြောင်ခံရခြင်းများကနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြီးမှသာ မျက်နှာဖြတ်ရိုက်သော တန်ပြန်တိုက်ခိုက်မှုကြောင့် ပဋိပက္ခက ပို၍ကြီးထွားလာလိမ့်မည်။
သို့သော်ငြား အခုကျတော့ သူ၏အပေါစားသားလေးသည် အကြီးအကဲဖြစ်သော ဖခင်ကို ပိုင်ဆိုင်ထားသည့်အတွက် ဇာတ်ပို့လူဆိုးများအနေဖြင့် ထွန်းတောက်ရန် အခွင့်အရေး မရရှိနိုင်ခဲ့ပေ။
သို့သော်…
ဇာတ်လိုက်ဆိုသည်မှာ မုန်းတီးမှုများကို ဆွဲဆောင်နိုင်သော မွေးရာပါသံလိုက် တစ်ခုပင်။ ယခု ဘာမှမဖြစ်သော်လည်း အပေါစားသားလေးက ဂိုဏ်းထဲ၌ ဆက်ဆံရေးကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
လူပေါင်းများစွာက အပေါစားသားလေးကို မုန်းနှင့်နေပြီးသား ဖြစ်နိုင်သည်။ သို့သော် သူတို့အနေဖြင့် ပေါက်ကွဲရန်အတွက် လုံလောက်စွာ ဒေါသမထွက်သေးခြင်း ဖြစ်လိမ့်မည်။
ဤသို့ဆိုလျှင် အပေါစားသားလေးက ဘာကြောင့်များ အားကောင်းသူများကို ဖန်တီး၍ ရန်စခြင်း မပြုရသနည်း။
ဥပမာအားဖြင့် အကြီးအကဲတစ်ဦးကို မျက်နှာချင်းဆိုင် စော်ကားခြင်း၊ ဂိုဏ်းခေါင်းဆောင်ကို ရန်စခြင်း၊ အကြီးအကဲချုပ်ကို ကျောက်ခဲနှင့် ပစ်ခြင်း သို့မဟုတ် ဘိုးဘွားရုပ်တုများကို ဘောင်းဘီချွတ်၍ သေးနှင့်ပက်ခြင်း။
အကြောင်းရင်းမှာ ၎င်းက အလုပ်မဖြစ်သောကြောင့်ပင်။
ပထမဦးဆုံးအနေဖြင့် အပေါစားသားလေး၌ သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်စံနှုန်းများ ရှိ၏။ ထိုကဲ့သို့ သိသိသာသာပင် အကျိုးသင့်အကြောင်းသင့်မရှိသောအရာများကို လုပ်မည်မဟုတ်ပေ။ သူ့ကို အတင်းအကျပ်လုပ်ခိုင်းလျှင်တောင် သူ့သား၏မျက်လုံးထဲ၌ သူ့ပုံရိပ်က ကျဆင်းသွားနိုင်သည်။
ဒုတိယအနေဖြင့် သားဖြစ်သူက ပြဿနာရှာခဲ့လျှင်တောင် သူက ဘေးကနေ ရပ်တည်ပေးလို့ မရပေ။ လူအများ၏ဒေါသကို နှိုးဆွပြီးနောက်မှာ ဂိုဏ်းထဲမှ အဘိုးအိုကြီးများက သူ့ကို ဖိနှိပ်လာလိမ့်မည်။
စနစ်ကလည်း သူ့ကို တစ်ဂိုဏ်းလုံးဖြေရှင်းနိုင်အောင် သိပ်မကူညီနိုင်ပေ။
သူတို့ကသာ သားဖြစ်သူကို ပစ်မှတ်ထားခဲ့လျှင်တော့ သူ ပိုပြီးအားကောင်းလာလိမ့်မည်။ သို့သော်ငြား သူတို့က ပစ်မှတ်မထားဘဲ တိုက်ရိုက်စီရင်ဆုံးဖြတ်ခဲ့မည်ဆိုလျှင် ဘယ်လိုလုပ်မည်နည်း။
ရှေးလူများပြောခဲ့ကြသကဲ့သို့ ကလေးကို မသင်ပြခဲ့သည့်အတွက် ဖခင်ဖြစ်သူမှာ အပြစ်ရှိလေ၏။
၎င်းမှာ သင့်ကလေးက ဘေးအိမ်မှ ဦးလေးဝမ်၏ သစ်သီးကို ခိုးယူခဲ့၍ သူက သင့်ကလေးကို ရိုက်ခဲ့လျှင် "သူက ကလေးပဲ ရှိပါသေးတယ်"ဟု မင်း ဘက်က ပြန်ပြောရင်း ဦးလေးဝမ်အား ဒေါသပိုထွက်စေလိမ့်မည်။ ဒါဆိုလျှင် မင်းကလည်း ဦးလေးဝမ်ကို တန်ပြန်တိုက်ခိုက်နိုင်မည့် စွမ်းအား ရရှိလိမ့်မည်။
သို့သော်ငြား ပြဿနာမှာ...
ဦးလေးဝမ်က သင့်ကလေးကို ရိုက်မည့်အစား သူတို့က ကလေးကို လက်ပူးလက်ကြပ်ဖမ်း၍ မင်းဆီခေါ်လာ ကာ လျော်ကြေးပေးရန် တောင်းဆိုလိမ့်မည်။
ထိုအခါကျ မင်း ဘာလုပ်မည်နည်း။
မင်းက ဆက်ပြီးတော့ တန်ပြန်တိုက်ခိုက်နိုင်ဦးမှာတဲ့လား။
မရပေ။
အကြောင်းမှာ မင်းရဲ့အမှား ဖြစ်သောကြောင့်ပင်။
ထိုမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်ပါ။
ချင်ကျီကို အကြီးအကဲအချို့က သူ့ဆီ ခေါ်ဆောင်လာပြီး ကောင်းကင်ဘုံတက်လှမ်းနယ်ပယ်မှ အကြီးအကဲချုပ်ကလည်း မေးခွန်းထုတ်လာလိမ့်မည်။
"မင်း ဘာလို့ မင်းရဲ့သားကို ဒီလို အကျိုးသင့်အကြောင်းသင့်မဟုတ်တဲ့ အရာတွေ လုပ်ခွင့်ပြုထားတာလဲ"
သူ ဘယ်လို တုံ့ပြန်သင့်သနည်း။
သူ ငြင်းဆိုကာ သူ့သားတစ်ယောက်တည်းက လုပ်တာဖြစ်ပြီး သူနှင့် ဘာမှမဆိုင်ဟု ပြောလိုက်လျှင် သူ့သားစိတ်ထဲရှိ သူ့ပုံရိပ်က လုံးဝပျက်စီးသွားလိမ့်မည်။
သို့သော်ငြား သူသည် ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်တစ်ယောက်၏ စိတ်ဓာတ်ကို ထုတ်ဖော်လျက် မာနကြီးစွာဖြင့် "ငါ ချင်*မိုက ငါ လုပ်ချင်တာ လုပ်မယ်၊ မင်းတို့ကို ဘာလို့ ရှင်းပြရမှာလဲ" ဟု ပြောခဲ့လျှင်လည်း သူ ချက်ချင်း ထိုးကြိတ်ခံရမှာ သေချာသည်။ ပိုတောင်ဆိုးရွာနိုင်သေး၏။
(T/N - *'မို' - ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတတ်ကြတဲ့လူတွေက စကားပြောတဲ့အခါမှာ ဟိတ်ကြီးဟန်ကြီးထည့်ပြောတဲ့ စကားသံပါ၊ 'မုန်'နဲ့ 'မို'ကြားထဲက အသံဆိုပေမယ့် 'မို'လို့ပဲ ဘာသာပြန်ပေးထားပါတယ်)
အချုပ်အားဖြင့်
ပြဿနာပေါ်လာလျှင်တောင် သူ တက်ကြွစွာဖြင့် လောင်စာထည့်ပေးလို့မဖြစ်ပေ။ အကျည်းတန်လွန်းသည့် လုပ်ရပ်မျိုး မလုပ်ရပေ။ ထိုအစား သူ့သိုင်းအဆင့် တိုးမြင့်ပုံ၏နိယာမကို လိုက်နာသင့်သည်။
ထောင်ချောက်ဖြစ်စေ၊ တမင်ရန်စခြင်းဖြစ်စေ၊ လူဆိုး ဘက်ကသာ အရင်ရန်စပြီး သူ့သားကို တိုက်ခိုက်ရမည်။
ထိုမှသာလျှင် သူ၏ ကိုယ်ကျင့်သိက္ခာအဆင့်အတန်းမှာ မလျော့သွားဘဲ သူ့သားဘက်ကနေ ရပ်တည်ပေးနိုင်မှာဖြစ်ပြီး စွပ်စွဲချက်များကြောင့် စကားပြန်မပြောနိုင်ခြင်းကိုလည်း ရှောင်ရှားနိုင်ပေလိမ့်မည်။
ဤလောက၌ အကြောင်းပြချက်များက သိပ်အရေးမပါပေ။ သို့သော်ငြား လူအများကတော့ ကျိုးကြောင်းခိုင်လုံမှုအကြောင်း ဆွေးနွေးရန် နှစ်သက်ကြ၏။
အဓိက ကတော့…ထိုကဲ့သို့ ပြောဆိုရန်အတွက်ပင်။
မှန်ကန်သောအချက်အလက်များက သိပ်အရေးမကြီးပေ။
မင်းရဲ့ငြင်းပယ်မှုက အကျိုးသင့်အကြောင်းသင့်ရှိပြီး ယုံကြည်ချက်အပြည့်ရှိနေပါက မင်းမှာ အကြောင်းပြချက်ရှိနေလေပြီ။
"အကြီးအကဲချင် မကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားပြီ...ချင်ကျီက ပြဿနာရှာလိုက်တယ်!"
ထိုအချိန်၌ စိုးရိမ်နေသောအသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ချွမ်း လှည့်ကြည့်လိုက်ရာ ထွားကြိုင်းသောလူငယ်တစ်ယောက်က ပြင်းပြင်းထန်ထန်အသက်ရှူ နေသည်ကို တွေ့လိုက်ရ၏။
ချင်ချွမ်း မှတ်မိပေသည်။ ထိုလူက ဂိုဏ်းထဲ၌ ချင်ကျီတစ်ယောက် ခင်မင်ရင်းနှီးခဲ့သော မိတ်ဆွေအသစ်ဖြစ်ပြီး အကြီးအကဲတစ်ဦး၏မြေးဖြစ်သော 'နျိုမန်' ပင်။
"ဘာဖြစ်တာလဲ"
ချင်ချွမ်း တည်ငြိမ်စွာ မေးလိုက်၏။
"အကြီးအကဲချင် ချင်ကျီက အကြီးအကဲဝူရဲ့မြေး ဝူရှို့ရဲ့နံရိုးတချို့ကို ချိုးလိုက်တယ်၊ ပြီးတော့ သူ့တန်ထျန်းကလည်း ပျက်စီးသွားဖို့ များတယ်"
နျိုမန်က ထိတ်လန့်နေသော ပုံစံဖြင့် ပြောလာသည်။
"သူတို့ ဘာကြောင့် တိုက်ကြတာလဲ"
ချင်ချွမ်းကမူ အဘိုးကြီးတစ်ဦးကဲ့သို့ တည်ငြိမ်နေတုန်းပင်။
"ဝူရှို့ရဲ့နောက်လိုက်တွေက ဂိုဏ်းထဲကို အခုမှဝင်လာတဲ့ အငယ်နှစ်ယောက်ကို ဒုက္ခပေးချင်ခဲ့ကြပုံရတယ်၊ ချင်ကျီက သူတို့ကို သင်ခန်းစာပေးလိုက်တယ်"
"ဝူရှို့ကြားတော့ ချင်ကျီဆီက ရှင်းပြချက် တောင်းဖို့ လာခဲ့တယ်၊ ကြည့်ရတာ ချင်ကျီကို တောင်းပန်စေချင်တဲ့ပုံပဲ၊ ဒါပေမယ့် ချင်ကျီက သူ့ကို ကြီးကြပ်မှုညံ့ဖျင်းလို့ဆိုပြီး ဒေါသတကြီးဆူပူလိုက်တယ်၊ အပေါ်က ကွေ့ကောက်ပြီးသွားနေလို့ အောက်ကပါ လိုက်စောင်းနေတာဆိုပြီး ပြောခဲ့တယ်… ပြီးတော့ သူတို့ တိုက်ခိုက်ကြတော့တာပဲ"
နျိုမန်က သတိထားလျက် ပြောပြလာသည်။
ထိုစကားများကို ကြားသောအခါ ချင်ချွမ်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ သူ့သားက ဇာတ်လိုက် ပီသပေသည်။ ပြဿနာရှာသည့်နေရာမှာ အမြင့်ဆုံးနေရာ၌ ရပ်တည်နေလေ၏။
ဇာတ်လိုက်များဆိုသည်မှာ ထိုကဲ့သို့ပင်။
သူတို့ စတင်လုပ်ဆောင်ခဲ့သည့်ရည်ရွယ်ချက်က တရားမျှတမှုဆိုသည့်အချက်၌ အမြစ်တွယ်နေသ၍ နောက်ပိုင်း ဘာပဲလုပ်ပါစေ သူတို့က လူဆိုးများ၏ သားကောင်ဖြစ်လာလိမ့်မည်။
နောက်ဆုံးတွင် သင့်မိသားစုက အမြစ်ဖြုတ်ခံရပြီး ခြေရာလက်ရာများအားလုံးက ရှင်းပစ်ခံရလျှင်တောင် ပွဲကြည့်သူများကတော့ လက်ခုပ်တီး၍ အားပေးနေဦးမှာပင်။ အကြောင်းမှာ လူအများအတွက် သင့်ကို ဖယ်ရှားခြင်းသည် မကောင်းမှုကို ဖယ်ရှားလိုက်ခြင်းနှင့် တူသောကြောင့်ပင်။
တကယ်တမ်း၌ တရားမျှတမှုအလံကို မှားယွင်းစွာအသုံးချပြီး ကျိုးကြောင်းမသင့်သော လုပ်ရပ်များဖြင့် သူတို့၏အကြမ်းဖက်မှုများကို ထုတ်ဖော်နေသော လူ အပေါင်းက ဘယ်လောက်ထိများပြားနေလဲဆိုတာ ဘယ်သူက သိနိုင်မည်နည်း။
ဆိုက်ဘာအနိုင်ကျင့်မှုနှင့် ထပ်တူပင် မဟုတ်ပါလော။
နှလုံးသားမည်းနက်ပြီး ဆန္ဒချုပ်တည်းထားရသောလူများသည် သူတို့၏ဒေါသများအား ထုတ်ဖော်ရန် နေရာမရှိပေ။ ထို့ကြောင့် အွန်လိုင်းပေါ်မှ တစ်စုံတစ်ယောက်၏ ကောလာဟလတစ်ခုခုကို ဖမ်းဆုပ်၍ ထိုလူအား ရက်ရက်စက်စက်တိုက်ခိုက်ကာ ဘယ်တော့မှ ပြန်ပြီး နာလန်မထူနိုင်အောင် လုပ်ရင်း သူတို့ရင်တွင်းမှ မကျေနပ်ချက်များကို ဖွင့်ထုတ်လာကြသည်။ ၎င်းက ကုလားမနိုင်ရခိုင်မဲခြင်းပင်။
နောက်ဆုံးတွင် မှန်သည်၊မှားသည် မသိရသောအရာ တစ်ခုကြောင့် တစ်စုံတစ်ယောက်ကို အဆောက်အဦးပေါ်က ခုန်ချ၍ မိမိကိုယ်ကိုသတ်သေရန်အထိ တွန်းအားပေးနိုင်ခဲ့၏။ ဒါတောင်မှ ထိုလူ့အမှိုက်များက သူတို့ကိုယ်သူတို့ ဖြောင့်မတ်မှန်ကန်သည်ဟု ခံစားနေကြတုန်းပင်။
"လူ့သဘာဝက အရမ်းအကျည်းတန်တယ်"
"ငါလည်း အကျည်းတန်တာပါပဲ"
ချင်ချွမ်းသည် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး ရယ်လိုက်ပြီးမှ ထရပ်လိုက်သည်။
"သူတို့ ဘယ်မှာလဲ၊ ငါ့ကိုခေါ်သွားပါ"
"ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"
နျိုမန်က လှည့်၍ ပြေးထွက်သွားလေ၏။
…
ဖြစ်ပွားရာ ရင်ပြင်ပေါ်တွင်...
လူအုပ်ကြီးက ဝိုင်း၍ကြည့်ရှုနေကြသည်။ သို့သော်ငြား ဘယ်သူကမှ မချဉ်းကပ်ရဲကြဘဲ ရင်ပြင် ၏ အစွန်အဖျားမှာ ရပ်နေကြပြီး စက်ဝိုင်းကြီးတစ်ခုကဲ့သို့ ဝိုင်းဖွဲ့ထားလေ၏။
ရင်ပြင်၏အလယ်၌ လူနှစ်ယောက် ရှိနေသည်။
တစ်ယောက်က ခန့်ညားသောလူငယ်တစ်ဦးဖြစ်ပြီး ဝမ်းဗိုက်ကို ဖိလျက် မြေပြင်ပေါ်၌ ကွေးကွေးလေး လဲလျောင်းနေ၏။ သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးစီးများကလည်း သူ့နဖူးပေါ်ကနေ စီးကျနေသည်။ သို့သော်ငြား သူသည် အံကြိတ်လျက် အော်ဟစ်ရန်ငြင်းဆန်နေလေ၏။
နောက်တစ်ယောက်ကတော့ ချင်ကျီပင်။ သူက အနည်းငယ်သော အကွာအဝေး၌ ရပ်နေပြီး ဘာဖြစ်သွားမှန်း မသိသေးပုံရသည်။
တစ်လခွဲလောက် ခက်ခက်ခဲခဲကျင့်ကြံပြီးနောက် သူ ဒီလောက်အထိ အားကောင်းလာလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ထို့ကြောင့် မသိစိတ်မှအလိုလိုပင် ခွန်အားကို အများကြီးသုံးလိုက်မိ၏။
အခုတော့ ဒုက္ခရောက်နေလေပြီ။
သူ ပြေးလို့လည်းမရပေ။ အကြောင်းမှာ သူသာ ပြေး လိုက်လျှင် ငကြောက်ကောင် ဖြစ်သွားရုံသာမက အပြစ်ရှိ၍ ထွက်ပြေးသွားသူအလား အထင်ခံရလိမ့်မည်။ ၎င်းက လက်ခံနိုင်စရာ မရှိပေ။
သို့သော်ငြား အခုလို စောင့်ဆိုင်းနေရခြင်းကလည်း စိတ်ဒုက္ခရောက်ရပေသည်။ အကြောင်းမှာ တစ်ဖက်လူ၏အုပ်ထိန်းသူက မကြာခင် ရောက်လာတော့မည်။
ဒီလိုလူမျိုးကို ရိုက်နှက်ပြီးနောက် သူ့အကြီးအကဲ ရောက်လာသောအခါ သူ ဘယ်လိုရှင်းပြရမည်နည်း။
တရားမျှတစေရန်အတွက် ဒီတစ်ခါမှာ သူ ရိုက်မိတာ နည်းနည်းပြင်းထန်သွားခဲ့၏။ ထို့ကြောင့် သူ့အသိတရားက အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။
အပြစ်ရှိသလိုခံစားနေရသောအခါတွင် အားနည်းသည့်အဘိုးကြီးတစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင် ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်။
"ရှို့အာ!"
ထိုအချိန်၌ သက်ကြီးရွယ်အိုတစ်ဦး၏အသံ ထွက်ပေါ် လာပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကလည်း လျင်မြန်စွာပင် လမ်းဖွင့်ပေးလေ၏။
အကောင်းစားဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ဦးက အမြန်လျှောက်လာပြီး ဒူးထောက်ကာဖြင့် လူငယ်၏ခေါင်းကို သူ့ဒူးပေါ်မှာ တင်လိုက်လေသည်။
"အဘိုး…"
ဝူရှို့လည်း တင်းတင်းကြိတ်ထားတဲ့ သွားများကို ဖြေလျှော့လိုက်လေ၏။ သူ့အသံက တုန်ယင်နေပြီး စကားပြောလိုက်ခြင်းက ကျိုးပဲ့နေသောနံရိုးများကို ပိုဆိုးရွားစေပုံရပြီး နာကျင်မှုကြောင့် ထပ်ငိုလိုက်ရပြန်သည်။
"မြန်မြန်... ဒီတတိယအဆင့်အရိုးဆက်ဆေးလုံးကို သောက်လိုက်!"
အကြီးအကဲဝူသည် နို့နှစ်ရောင်ဆေးလုံးတစ်လုံးကို ထုတ်ကာ မတွန့်ဆုတ်စွာပင် သူ့မြေး၏ပါးစပ်ထဲသို့ ထည့်လိုက်လေ၏။
ဆေးလုံးကို မျိုချလိုက်ပြီးနောက် ဝူရှို့၏မျက်နှာအသားအရောင်က ရုတ်တရက် နီမြန်းလာပြီး သူ့ ခန္ဓာကိုယ်မှာ ဝက်ရူးပြန်နေသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါလာသည်။
ပြင်းထန်မြန်ဆန်သော အသံများက သူ့ရင်ဘတ်ထဲကနေ ထွက်ပေါ်လာလေ၏။ ကျိုးပဲ့နေသောနံရိုးများက လျင်မြန်စွာ ပြန်ဆက်နေသည့်ပုံပင်။
ခဏအကြာ၌ တုန်ခါနေခြင်းက ရပ်တန့်သွားသည်။ ဝူရှို့သည် မြေပြင်ပေါ်၌ မောပန်းစွာ လဲလျောင်းနေပြီး ပြင်းထန်စွာ အသက်ရှူသွင်းနေလေ၏။ သူ့မျက်လုံးများမှာ အနည်းငယ် အသက်မဲ့နေသည်။
အကြီးအကဲဝူသည် ထိုမြင်ကွင်းကို မြင်သောအခါမှသက်ပြင်းချလိုက်မိ၏။
မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ သူ့အသက်ကိုကယ်တင်နိုင်ခဲ့လေပြီ။
ထို့နောက် သူ့မြေးကို မြေပြင်ပေါ်မှာ လဲလျောင်းစေပြီး ချင်ကျီကို လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ၏ အနည်းငယ် အရေတွန့်နေသော မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး ချင်ကျီကို အေးစက်စွာ မေးလေ၏။
"ဒီကိစ္စကို မင်း ဘယ်လိုရှင်းပြမလဲ"
ထိုအကြည့်အောက်၌ ချင်ကျီ၏ခန္ဓာကိုယ်က ချက်ချင်းပင် တောင့်တင်းသွားသည်။ အကြီးအကဲဝူ၏အကြည့်က ခန္ဓာကိုယ်ပေါ်ရှိ အပေါက်တိုင်းအား အပ်ဖြင့် ထိုးဆွနေသည့်အလားပင်။
"ကျွန်တော်… ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူး"
ချင်ကျီတစ်ယောက် အားလျော့စွာ ပြန်ပြောမိ၏။
သူ့အဖေက ပြိုင်ဘက်ကင်းစွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း သူ ယုံကြည်ချက်သိပ်မရှိသေးပေ။ အဆုံးမှာတော့ သူသည် ဝူရှို့၏တန်ထျန်းအား ဖျက်ဆီးမိခဲ့သည်ပင်။
"သူ့တန်ထျန်းကို ဖျက်ဆီးပြီး သူ့အနာဂတ်ကို ထိခိုက်အောင်လုပ်ခဲ့ပြီးမှ မင်းဘက်က တောင်းပန်ရုံနဲ့ ကျေအေးလို့ရမယ်ထင်နေလား"
အကြီးအကဲဝူက အေးစက်စွာ ပြောလာသည်။
"ဒါဆို… အကြီးအကဲက ဘာလိုချင်တာလဲ"
ချင်ကျီသည် အံကြိတ်၍ တောင့်တင်းစွာ မေးလိုက်၏။
"ဘာမှပြန်မလိုချင်ဘူး...မျက်လုံးအစား မျက်လုံးပဲပေါ့!"
အကြီးအကဲဝူ၏မျက်လုံးထဲမှ ပြင်းထန်ရက်စက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သူ၏ အရေတွန့်နေသော ညာလက်ကို မြှောက်ကာ ချင်ကျီ၏ ဝမ်းဗိုက်ကို ညွှန်လိုက်လေသည်။
ဝှစ်!
အေးစက်သောအလင်းတန်းတစ်ခုက လေတိုးသံနှင့်အတူ ထွက်ပေါ်လာပြီး ထက်ရှသောအသွားတစ်ခု (ဓားသွား၊ လှံသွားကဲ့သို့ ) ဖြစ်သွားခဲ့၏။ ထိုအသွား၏စွမ်းအားမှာ ရိုးရိုးရှင်းရှင်း ဖျက်ဆီးလို့မရနိုင်ပေ။
၎င်းသာ ချင်ကျီကို ထိမှန်ခဲ့လျှင် သေချာပေါက် တန်ထျန်းက ပျက်စီးသွားလိမ့်မည်။
**************