ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်
Vol. 3 Ch. 40
"ဒေါင်!"
သတ္တုခတ်သံ ထွက်ပေါ်လာပြီး ချင်ကျီ၏အရှေ့၌ ပုံသဏ္ဌာန်တစ်ခု ပိတ်ရပ်လာသည်။
"အဖေ!"
ချင်ကျီလည်း အံ့အားသင့်ကာ ဝမ်းမြောက်စွာဖြင့် အော်ခေါ်လိုက်၏။
ချင်ချွမ်းက အကြီးအကဲဝူဘက်သို့ ကြည့်၍ လေးနက်စွာ ပြောနေသည်။
"အကြီးအကဲဝူ အကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်းကတပည့်တစ်ဦးကို ရိုက်နှက်တာက မသင့်တော်ပါဘူး"
"ဟမ့်! ဂိုဏ်းက အကြီးအကဲတစ်ဦးအနေနဲ့ အားနည်းသူကို အနိုင်မကျင့်သင့်တာက ဟုတ်ပါတယ်၊ ဒါပေမဲ့ အဘိုးတစ်ယောက်အနေနဲ့တော့ ကျုပ်မြေးအတွက် လက်စားချေရမှာပဲ!"
အကြီးအကဲဝူက ချင်ချွမ်းအား အေးစက်စွာ ကြည့်၍ မေးခွန်းထုတ်လာ၏။
"လာပြီးထေ့ငေါ့မနေနဲ့၊ မင်းရဲ့သားက မသန်စွမ်းဖြစ်သွားရင်လည်း မင်း လက်စားချေမှာပဲ မဟုတ်ဘူးလား"
ချင်ချွမ်း အံ့အားသင့်သွားသည်။
ပြီးမှ ခါးသီးစွာ ရယ်မော၍ ပြောလိုက်၏။
"ခင်ဗျားပြောတာမှန်တယ်၊ ဘယ်သူမဆို ဒီလို အခြေအနေကို လက်မခံနိုင်ကြဘူး"
"ဒါပေမဲ့ ဝူရှို့ရဲ့ဒဏ်ရာတွေက ပြန်မကောင်းနိုင်တဲ့အခြေအနေ မဟုတ်သေးဘူးလို့ ကျုပ် မြင်တယ်၊ သေရေးရှင်ရေးကိစ္စအထိ လုပ်စရာ မလိုပါဘူး"
"မင်းမှာ နည်းလမ်းရှိလား"
အကြီးအကဲဝူ၏ မျက်လုံးများက အံသြမှုနှင့်အတူတောက်ပလာသည်။ သူ့သဘောထားက လုံးဝပြောင်းလဲသွားလေ၏။
"မင်း ငါ့မြေးကို ကုသပေးနိုင်ရင် ဒီကိစ္စကို ငါ လျစ်လျူရှုပေးမယ် ဒါ့အပြင် မင်းအပေါ်မှာပါ ကျေးဇူးကြွေး ရှိသွားလိမ့်မယ်"
ဆုံးရှုံးသွားသောအရာကို ပြန်လည်ရရှိခြင်း၏ ဝမ်းမြောက်မှုသည် ဆုံးရှုံးခြင်းကြောင့် ရရှိသောနာကျင်မှုထက် ပိုကြီးမားသည်။
တစ်စုံတစ်ယောက်က သင်အလေးထားဆုံးလူကို သတ်သောအခါ သင် သူ့ကို မုန်းလိမ့်မည်။ သို့သော်ငြား သင့်နှလုံးသား ကွဲအက်နေချိန်မှာ သူက ထိုလူကို ပြန်ပြီးအသက်သွင်းပေးခဲ့လျှင် သင်၏အမုန်းများက ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး ကျေးဇူးတင်ခြင်းကိုသာ အဆုံးမဲ့ခံစားရလိမ့်မည်။
အကြီးအကဲဝူလည်း ထိုကဲ့သို့ခံစားနေရ၏။ ချင်ချွမ်း ထံ၌ သူ့မြေးကို ကုသပေးနိုင်မည့် နည်းလမ်းရှိပါစေ ဟု သူ မျှော်လင့်နေမိသည်။
"ကျုပ်ကို အချိန်သုံးရက်ပေးပါ၊ အဆင်ပြေသွားမှာပါ"
ချင်ချွမ်း ပြောလိုက်၏။
"ကောင်းပြီ! ဒါဆို မင်းဆီက သတင်းကောင်းကို စောင့်နေပါ့မယ်"
အကြီးအကဲဝူသည် လေးနက်စွာ ခေါင်းညိတ်လျက် သတိလစ်နေသော ဝူရှို့ကို ပွေ့ ယူကာ ရင်ပြင်ပေါ်မှ အမြန် ထွက်သွားခဲ့သည်။
"အားလုံး လူစုခွဲလိုက်ကြပါ"
ချင်ချွမ်းက ပတ်ဝန်းကျင်မှ တပည့်များကို လက်ဝှေ့ယမ်းပြလိုက်သောအခါ သူတို့လည်း ဖြည်းဖြည်းချင်း လူစုခွဲသွားကြ၏။
ထိုအချိန်၌ အပြင်ဂိုဏ်းတပည့်ဝတ်စုံဝတ်ဆင်ထားသော မောင်နှမတစ်စုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာကြသည်။
"အကြီးအကဲချင် အစ်ကိုချင်ကျီရဲ့ကိစ္စက ကျွန်တော်တို့တွေကြောင့် စဖြစ်တာပါ…ပြဿနာဖြစ် စေခဲ့မိလို့ စိတ်မကောင်းပါဘူး"
ထိုကလေးများက ခေါင်းငုံ့ထားကြ၏။ သူတို့၏ မျက်နှာများပေါ်၌ အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။ ညီမဖြစ်သူကတော့ မျက်ရည်များပင် ကျဆင်းနေလေ၏။
ချင်ကျီက ဘာမှမပြောပေ။
သူ တစ်ယောက်တည်းသာဆိုလျှင် ရက်ရောစွာလက်ဝှေ့ယမ်း၍ ကောင်မလေးအား နွေးထွေးစွာ ပြုံး ပြကာ ဘာပြဿနာမှမရှိကြောင်း ပြန်ပြောလိမ့်မည်။ သို့သော်ငြား သူ့အဖေရှိနေသဖြင့် သူ မဆင်မခြင် မလုပ်ရဲဘဲ မကြားချင်ယောင်ဆောင်နေရသည်။
"ခေါင်းမော့ကြပါ"
ချင်ချွမ်းက ထိုမောင်နှမနှစ်ယောက်ကို ညွှန်ကြားလိုက်လေ၏။
"ဟုတ်"
မောင်နှမနှစ်ယောက်က အနည်းငယ်တုန်ယင်သွားကြပြီး ဖြည်းဖြည်းချင်း ခေါင်းမော့လာကြကာ ချင်ချွမ်းအား လေးစားစွာဖြင့် ကြည့်လာကြသည်။
ထိုအခါမှ ချင်ချွမ်းလည်း သူတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အစ်ကိုကတော့ သာမန်ပင်ဖြစ်ကာ အာရုံစိုက်စရာ ဘာမှမရှိပေ။ သို့သော်ငြား ညီမကတော့… အလွန်ကို ရုပ်ဆိုးနေ၏။
သူမ၏မျက်နှာသွင်ပြင်က ကြည့်ရဆိုးနေခြင်း မဟုတ်ပေ။
သူမ၏နဖူးပေါ်၌ နက်ပြာရောင်အမှတ်တစ်ခုရှိနေသည်။ ၎င်းက ကြီးမားသော မွေးရာပါအမှတ်ကြီးဖြစ်ကာ သူမ၏ ညာမျက်လုံးကိုပင် ဖုံးအုပ်ထားပြီး ပန်ဒါမျက်လုံးကဲ့သို့ ဖြစ်နေလေ၏။
"ဒါက..."
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသော ချင်ချွမ်းပင်လျှင် မမျှော်လင့်ထားသော မြင်ကွင်းကြောင့် ခဏတာမျှ တောင့်တင်းသွားခဲ့သည်။
သို့သော်ငြား စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုရှိခြင်းကြောင့်ပင် သူ တည်ငြိမ်စွာ နေနိုင်ခဲ့ပြီး အမူအရာများစွာ မပြသခဲ့မိပေ။
သူ ထိုကောင်မလေးအား သေချာဂရုတစိုက် စစ်ဆေး လိုက်၏။
တစ်ကယ်တော့ သူမ၏မျက်နှာသွင်ပြင်က တော်တော်လေးလှသည်။ ထို့အပြင် သူမ၏မျက်လုံးများထဲ၌ ခိုင်မာသောစိတ်ခွန်အားအပြည့် ရှိနေ၏။
အမှတ်သာ မရှိခဲ့လျှင် သူမသည် အလွန်လှပသော မိန်းမလှလေးတစ်ယောက် ဖြစ်နိုင်သည်။
"ဟဲဟဲ"
သူ တိတ်တဆိတ် ရယ်လိုက်မိ၏။ ဤဇာတ်လမ်းကို သူ သိသွားလေပြီ။ ထိုအရာမှာ သူရဲကောင်းက အလှလေးအား ကယ်တင်သည့်ပုံစံမျိုး ပြောင်းလဲထားခြင်း မဟုတ်ပါလော။
ရုပ်ဆိုးသောကောင်မလေးသည် သူမ၏အလင်းရောင်လေးမှ သူမ၏ဘဝထဲ မရောက်လာခင်အထိ လူတိုင်း၏ ဖယ်ကျဥ်ခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းမှာ ထိုလူက သူမဘဝ၏ တစ်ခုတည်းသောအလင်းရောင် ဖြစ်လာခဲ့၏။
နောက်ပိုင်းတွင်မူ သူမ၏ သွေးအမျိုးအစားကို နိုးကြားစေခဲ့ခြင်း သို့မဟုတ် ကြီးမားသောအခွင့်အရေးတစ်ခုကို ရရှိကာ ပြိုင်ဘက်ကင်းလှပသော မိန်းမလှလေးအဖြစ်သို့ ပြောင်းလဲသွားသည်။
တခြားသူများ၏ အထင်သေးခြင်းက အလင်းရောင်လေး၏ ပြုမူပုံနှင့် ဆန့်ကျင်ဘက်ဖြစ်နေခြင်းကပင် သူမအား သူ့အပေါ်၌ သစ္စာစောင့်သိစေခဲ့၏။
ထိုအရာက Haremပင် မဟုတ်ပါလော။
(T/N - အများသိကြတဲ့အတိုင်း Harem ဆိုတာက လွယ်လွယ်ပြောရရင် ဇာတ်လိုက်ဆီမှာ မိန်းမတွေအများကြီးရှိတာမျိုးပါ)
"အကြီးအကဲချင် ကျွန်မ…ကျွန်မ ရှင့်ကို လန့်သွားစေတာလား"
ကောင်မလေးသည် ချင်ချွမ်းက မှင်သက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ကိုယ့်အကြောင်းကိုယ်သိစွာ ခေါင်းငုံ့သွားသည်။
"မဟုတ်ပါဘူး၊ လုံးဝမလန့်ပါဘူး"
ချင်ချွမ်းလည်း သတိပြန်ဝင်လာပြီး ပြုံးကာ ခေါင်းခါယမ်းလိုက်၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
ကောင်မလေးက တိုးတိုးလေး ပြောလာသည်။
"ကျွန်မက ရွှေ့ချင်းရိုပါ၊ ကျွန်မအစ်ကိုက ရွှေ့ချင်းဟန်"
"နာမည်ကောင်းတွေပဲ"
ချင်ချွမ်း ချီးမွမ်းလိုက်၏။ ပြီးမှသာ ထပ်ပြောလိုက်သည်။
"ကောင်းကောင်းလေ့ကျင့်ပါ...နောင်အခါမှာ အခက်အခဲ ရှိရင် ချင်ကျီကို ရှာလို့ရတယ်"
ထို့နောက် သူ တစ်ဖက်ကိုလှည့်ကာ သူ့သား၏ပုခုံးကို ပုတ်လိုက်၏။
"တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြတာက ကံကြမ္မာပဲလေ၊ သူတို့ဆီမှာ အခက်အခဲတွေရှိနေရင် မင်း ကူညီနိုင်သ၍ ကူညီပေးလိုက်"
ထို့နောက် သူ ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ဝေးလံသောကောင်းကင်ယံဆီသို့ ဦးတည်ပျံတက်သွားသည်။
"အဖေ ဘယ်သွားမလို့လဲ"
ချင်ကျီမှာ အံ့အားတကြီး လှမ်းမေးမိ၏။
"မင်း ရှုပ်ထားတဲ့ ပြဿနာကို ရှင်းဖို့"
ချင်ချွမ်း၏ ရွှတ်နောက်နောက်အပြစ်တင်သံက ကောင်းကင်ထက်ကနေ ပဲ့တင်သံထွက်လာပြီး သူ့ပုံရိပ်က ပျံသန်းပျောက်ကွယ်သွားလေသည်။
"အစ်ကိုချင်ကျီ ကျွန်မတို့ သွားလိုက်ပါဦးမယ်"
ကောင်မလေးက ရှက်ရွံ့စွာ ပြော၍ ခေါင်းအနည်းငယ်ငုံ့ကာ သူမအစ်ကိုကို ဆွဲခေါ်လျက် ထွက်ပြေးသွားလေ၏။
"နှုတ်ဆက်ပါတယ်"
ချင်ကျီ ပြန်ပြောလိုက်သည်။
တစ်ကယ်တော့ သူ ကောင်မလေးကို သိပ်ပြီးစိတ်မဝင်စားပေ။ အကြောင်းမှာ သူမက အလွန်ရုပ်ဆိုးသောကြောင့်ပင်။ မတိုင်ခင်က ကူညီခဲ့သည်မှာ တရားမျှတသောအသိစိတ်ကြောင့် ကူညီခဲ့ခြင်းပင်။
အခုလိုပြဿနာဖြစ်စေခဲ့မည်ဆိုတာကို သူ သိထားခဲ့လျှင် သူ ကြားဝင်မည်မဟုတ်ပေ။ သူ မျက်စိသာ မှိတ်ထားလိုက်မည်။
"ဒါပေမဲ့ အဖေက သူတို့ကို ဂရုစိုက်ဖို့ ငါ့ကို ပြောခဲ့တာ ဘာသဘောနဲ့လဲ၊ ငါ သိသလောက် အဖေက တခြားလူတွေကို အဲ့ဒီလောက်ကူညီတာမျိုး မရှိခဲ့ပါဘူး"
ချင်ကျီ မျက်မှောင်ကြုတ်မိ၏။
သူသည် သူ့အဖေကို အလွန်နားလည်ပေသည်။
သူ့အဖေက သူ့အပေါ်မှာ သိသိသာသာကောင်းမွန် ပြီး သူ့မေတ္တာများအားလုံးကို ကိုယ်ကျိုးမငဲ့ဘဲ ပေးလေ၏။
သို့သော်ငြား ယုတ္တိရှိရှိ ပြောရလျှင် သူ့အဖေက တကယ်တမ်း၌ အေးစက်သောလူတစ်ယောက်ဖြစ်သည်။ အမြဲတစေ အကျိုးအမြတ်ကို ဦးစားပေး ပြီး အကြောင်းရင်းမရှိဘဲ ပြင်ပလူများကို ဘယ်တော့မှ မကူညီပေ။
ထို့ကြောင့် အခုလိုအခြေအနေတွင်...
"ငါ မှတ်မိပြီ!"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏အသံက သူ့စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာလေ၏။ ထိုအသံထဲ၌ အံ့သြမှုနှင့်အတူ နက်ရှိုင်းသော လေးစားမှုများပါ ပြည့်နှက်နေသည်။
"ဘာဖြစ်လို့လဲ"
ချင်ကျီလည်း သိချင်စိတ်ကြောင့် မေးမိ၏။
"ငါ အခုမှပဲ သတိရသွားတာ၊ ကောင်မလေးရဲ့မျက်နှာ ပေါ်က အမှတ်အသားကလေ ဒဏ္ဍာရီထဲက ရှားပါးခန္ဓာကိုယ်နဲ့ တူနေတယ်!"
"အဲ့ဒီခန္ဓာကိုယ်ကို ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်လို့ ခေါ်တယ်၊ ခန္ဓာကိုယ်မနိုးထခင်မှာ ယင်စွမ်းအင်တွေက ပြင်းပြင်းထန်ထန် ဆူပွက်ပြီး လူကို ရုပ်ဆိုးစေတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ် နိုးထပြီးနောက်မှာတော့ အရမ်းလှပ လာပြီး သိုင်းကျင့်ကြံမှုမှာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီရှိလာတယ်"
"ကျစ်! ကျစ်! ကျစ်! ငါ အရင်က သတိမထားမိခဲ့ဘူး၊ ဒါပေမဲ့ မင်းအဖေကတော့ ချက်ချင်းသိသွားခဲ့တယ်… ဒါက ကွာခြားချက်ပဲ"
သူမ သက်ပြင်းချမိသည်။ ချင်ချွမ်းအပေါ်၌ သူမ၏လေးစားမှုက ပို၍ ခိုင်မာလာလေ၏။
ဘယ်မိန်းကလေးကများ အားကောင်းသူကို မနှစ်လိုဘဲရှိမည်နည်။ နောက်ဆုံးမှာတော့ သူမသည် အသက်တစ်ထောင်ကျော် ပွင့်လန်းနေသည့် အမျိုးသမီးတစ်ယောက်ပင်။
"ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်လား...ကျွန်တော့်ရဲ့ နတ်ဘုရားခန္ဓာကိုယ်နဲ့ နှိုင်းယှဥ်ရင် ဘယ်လိုနေလဲ"
ချင်ကျီ၏ပထမဆုံးဗီဇမှာ ယှဉ်ပြိုင်ရန်ပင်။
"အင်း... သာမန်အားဖြင့်တော့ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်က ပိုပြီးအားကောင်းတယ်၊ ဘာလို့လဲဆိုတော့ မင်းက ဘာအားနည်းချက်မှ မရှိဘူး၊ ဘယ်နယ်ပယ်မှာမဆို ပြည့်စုံနေတယ်"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ခဏတာမျှ စဉ်းစား၍ ပြောလာသည်။
"ဒါပေမဲ့ တစ်ကယ်တမ်းကျ ပြီးပြည့်စုံမှုဆိုတာ မရှိပါဘူး၊ ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်က တော်တော်လေးထူးဆန်းတယ်၊ သူမလိုခန္ဓာကိုယ်ရှိတဲ့ ဆရာက သင်ကြားပေးရင် သူမရဲ့အလားအလာက ကြောက်ဖို့ကောင်းလာလိမ့်မယ်"
"ငါ မှတ်မိသလောက် တစ်ခါတုန်းက ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်ပိုင်ရှင်က နတ်ဘုရားခန္ဓာကိုယ်ရှိတဲ့ ကျင့်ကြံသူနှစ်ယောက်ကို သတ်ပစ်ခဲ့ဖူးတယ်၊ အဲ့ဒီဖြစ်ရပ်က ခေတ်ကာလတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာပေါ့"
ချင်ကျီ အသက်ပြင်းပြင်းရှိုက်သွင်းမိသည်။
"မလန့်သွားနဲ့၊ ခန္ဓာကိုယ်ဆိုတာ အရာအားလုံးမဟုတ် ဘူးလေ၊ ကိုယ့်ခန္ဓာကိုယ်က ထူးခြားမှုမရှိပေမယ့်လည်း နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်တွေကို သတ်ပစ်နိုင်တဲ့ လူတွေရှိသေးတယ်"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက ပြုံးလာပြီး သူမ ၏မျက်လုံးများက တောက်ပနေလေ၏။
"တကယ်အားကောင်းတဲ့လူတွေက သူတို့ရဲ့ခန္ဓာကိုယ် ကြောင့်ကြီးပဲမဟုတ်ဘူး၊ လူအပေါ်မှာ မူတည်တယ်"
"မင်းအဖေလိုပေါ့ သူ့အတွက်ကတော့ ခန္ဓာကိုယ်ထူးခြားသည်ဖြစ်စေ မထူးခြားသည်ဖြစ်စေ ကွာခြားမှုမရှိဘူး"
"ဒီခေတ်ကာလမှာ သိုင်းအင်ပါယာအဆင့် နတ်ဘုရားခန္ဓာကိုယ်သုံးမျိုးနဲ့ တခြားအစွမ်းထက်ခန္ဓာကိုယ်တွေ ရှိတယ်၊ ဒါပေမဲ့ သူ့ရဲ့အတိတ်ဘဝကသိုင်းကျင့်ကြံမှုကို ပြန်ရရှိပြီးတဲ့နောက်မှာ မင်းအဖေက အဲ့ဒါတွေကို လျစ်လျူရှုပြီး အထက်နယ်မြေကို တန်းသွားခဲ့တယ်၊ ဒါက ဘာကိုဆိုလိုလဲ"
"ဆိုလိုတာက သူ့အတွက် နတ်ဘုရားခန္ဓာကိုယ် ဒါမှမဟုတ် သန့်စင်သောခန္ဓာကိုယ်တွေပဲဖြစ်ဖြစ် လုံလုံလောက်လောက် အားမကောင်းနေဘူးဆိုရင် သူ့အတွက် သူတို့က ကြက်တွေ၊ ခွေးတွေပဲ"
သူမ၏မျက်လုံးများမှာ လေးစားရိုသေနေသော အလင်းရောင်ဖြင့် တောက်ပနေလေ၏။ ၎င်းက စွမ်းအားနှင့်ခွန်အားကို ကိုးကွယ်ခြင်းပင်။
(T/N - 'ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်'ထဲက ပါ့ကွားကို တရုတ်သရဲကားဖြစ်ဖြစ် ဝတ္ထုဖြစ်ဖြစ် ကြည့်ဖူးတဲ့လူဆို သိလောက်မယ်ထင်တယ်၊ ပါ့ကွားမှာ သင်္ကေတရှစ်ကွက်ပါရှိပြီး အဲ့ဒီသင်္ကေတတွေက 'ယင်'နဲ့ 'ယန်'ကို အခြေခံထားပါတယ်၊ ပါ့ကွားရှစ်ကွက်ထဲမှာ ကောင်းကင်/ကောင်းကင်ဘုံ၊ မြေ၊ မိုးကြိုး၊ လေ/သစ်သား၊ ရေ၊ မီး၊ တောင်၊ ကန် တို့ပါဝင်ပြီး တစ်ခုချင်းစီက သဘာဝတရားကို ကိုယ်စားပြုထားပါတယ်)
*********************