← Chapters

ငရဲကြာပန်းနီနှင့် *Jiejiejie

Vol. 3 Ch. 41

ငရဲကြာပန်းနီနှင့် *Jiejiejie

Vol. 3 Ch. 41

(T/N - Jiejiejie '桀桀桀' ဆိုတာက ကျောချမ်းစရာကောင်းတဲ့ နတ်ဆိုးရယ်သံ၊ မကောင်းဆိုးဝါးရယ်သံပါ ရိုးရိုးရယ်မောသံ မဟုတ်တော့ မြန်မာမှုမပြုဘဲ ဒီအတိုင်း Jiejiejieလို့ပဲ သုံးထားပါတယ် )

ဝှစ်!

ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကျယ်ပြောသော တိမ်ဖြူများကို ပိုင်းဖြတ်ကာ အဆုံးမရှိ ဖွာလန်ကျဲသွားစေလေသည်။

သူကတော့ ချင်ချွမ်းပင်။

သူသည် ဆရာဖန်ချီအား ရှာဖွေရန် သွားနေခြင်းဖြစ်၏။ အကြောင်းမှာ ထိုလူ့ထံ၌ တန်ထျန်းကို ပြုပြင် ပေးနိုင်သော ပဉ္စမအဆင့်ဆေးလုံးတစ်ခုဖြစ်သည့်ပြန်လည်သန်စွမ်းခြင်းဆေးလုံး ရှိနေသောကြောင့်ဖြစ်သည်။

သူသည် ဝူရှို့၏တန်ထျန်းကို ပြုပြင်ပေးမည်ဟု ကတိပေးခဲ့ပြီး ထိုကတိကို တည်ရမည်။ မဟုတ်ပါက အခြေအနေ မကောင်းနိုင်ပေ။

တိတိကျကျပြောရလျှင် ဝူရှို့က သူ့လက်ပါးစေများ အား အပြင်ဂိုဏ်းတပည့်များကို အနိုင်ကျင့်ရန် ခွင့်ပြု ခဲ့ခြင်းသည် ဝူရှိူ့၏ မူလအမှား ဖြစ်၏။ သို့သော်ငြား ဂိုဏ်းဘက်မှကြည့်လျှင် ထိုကဲ့သို့ သေးငယ်သည့် ကိစ္စ အတွက် ပါရမီရှင်တစ်ဦးအား မသန်မစွမ်း ဖြစ်စေခဲ့ခြင်းသည် ချင်ကျီ၏အမှားပင်။

ဘယ်တစ်ဦးတစ်ယောက်မှ အထက်ကနေ မဟန့်တားလာသောအခါ ရာထူးသြဇာအာဏာက အကြောင်းပြချက်များထက် သာလွန်သွားလိမ့်မည်ပင်။ မင်းသား က သာမန်လူအား သတ်လိုက်လျှင်ပင် ကွပ်မျက်ခြင်း မခံရသည်နှင့် များစွာ ဆင်တူပေသည်။

ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ ဂိုဏ်းရှိ အထက်အရာရှိများက ဝူရှို့ဘက်ကနေ သေချာပေါက်ရပ်တည်ကြလိမ့်မည်။ ချင်ကျီ နှင့် သူကသာ ရှင်းပြချက် ပေးရလိမ့်မည်။

တရားရုံးထိရောက်ပြီး လျော်ကြေးပေးရန် အတင်းအကျပ် စေခိုင်းခံရမည့်အစား ပဋိပက္ခကို သီးသန့်ဖြေရှင်းလိုက်ခြင်းက ပိုကောင်း၏။ ထိုသို့ဆိုလျှင် သူ့သိက္ခာအချို့ကိုလည်း ထိန်းသိမ်းထားနိုင်လိမ့်မည်။

ပြိုင်ဘက်ကင်းအင်အားကြီးပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူသည် သူ့ပုံရိပ်ကို အမြဲတစေ ထိန်းသိမ်းထားရလိမ့်မည်။ သူ့သားအရှေ့၌ မျက်နှာပျက်လို့မရပေ။

ထိုအကျိုးရလဒ်အပြင်ကို စိတ်ခံစားမှုအရလည်း သူသည် အကြီးအကဲဝူနှင့် သေ-ရှင် ရန်ငြိုး မရှိလိုပေ။ အကြောင်းမှာ အကြီးအကဲဝူသည် သိသာစွာပင် အကျိုးသင့်အကြောင်းသင့်ရှိ၏။ သူ့ထံ၌ အနိုင်ကျင့်လိုသော သဘောထားမရှိဘဲ ညှိနှိုင်းရန်အတွက် အခွင့်အရေးချန်ထားပေးခဲ့သည်။

တစ်ဖက်လူကသာ ညှိနှိုင်းရန် ဆန္ဒရှိလျှင် သူသည်လည်း ကိစ္စအားလုံးကို အဆုံးစွန်ထိရောက်အောင် တွန်းပို့လိုခြင်းမရှိပေ။ နှစ်ဖက်စလုံးက တစ်လှမ်းစီဆုတ်၍ ကိစ္စကို အဆုံးသတ်နိုင်ပေ၏။

သို့သော်ငြား တစ်ဖက်လူကသာ ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူ၍ အလျော့ပေးလိုခြင်း မရှိလျှင် သူကလည်း ထိုလူ လုံးဝပျက်စီးသည်အထိ လက်တုံ့ပြန် မည်ဖြစ်သည်။

"ဒီပြန်လည်သန်စွမ်းခြင်းဆေးလုံးက အဖိုးမဖြတ်နိုင် တဲ့ဆေးလုံးဆိုတာတော့ သေချာတယ်၊ ဆရာဖန်ချီနဲ့ ကုန်သွယ်ဖို့ ငါ ဘာကိုသုံးရမလဲ၊ ဘာမှပြန်မပေးဘဲ အဲ့တာသွားတောင်းတာက မကောင်းဘူး"

ချင်ချွမ်းက မျက်မှောင်ကြုတ်ရင်း တွေးတောနေလေ၏။

သူနှင့် ဆရာဖန်ချီက ပြန်လည်သင့်မြတ်ပြီးလေပြီ။ ဆရာဖန်ချီက သူ့ကို ကျောက်စိမ်းပင်လယ်ပုလဲ တစ်လုံးလည်း ပေးခဲ့သည်။ သူ ထပ်ပြီး တောင်းဆိုလျှင် မသင့်တော်တော့ပေ။

လူတစ်ယောက်အနေဖြင့် အခြေခံရှိရမည့် အရှက်တရားကို ထိန်းသိမ်းရန်မှာ အရေးကြီးပေ၏။ တစ်ဖက်လူထံ၌ သူ့ကို ပေးဆပ်နေရန် တာဝန်မရှိပေ။

"ဒါမှမဟုတ်… ငါ ဒီတစ်ခါရခဲ့တဲ့ နတ်ဘုရားပညာရပ်ကို လဲလှယ်ဖို့ သုံးသင့်လား"

သူ့မျက်လုံးများက ရုတ်ချည်း တောက်ပသွားလေသည်။

မတိုင်ခင်က အကြီးအကဲဝူသည် သူ့မြေးက မသန်မစွမ်း ဖြစ်သွားသည်ကို မြင်သောအခါ သူ့စိတ်ထဲ၌ ဒေါသကြီးမားစွာ ပြည့်နှက်သွားပြီး ချင်ကျီအပေါ်၌ ခဏတာမျှ မုန်းတီးသွားခဲ့၏။

ထိုအချိန်အတောအတွင်းမှာ သူ၏ သိုင်းအဆင့်ကလည်း အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ အဋ္ဌမအဆင့်သို့ တိုးမြင့်သွားခဲ့ပြီး နစ်နာကြေးအဖြစ် တိုက်စစ်ဆင်သောနတ်ဘုရားပညာရပ်တစ်ခုကို ရရှိခဲ့သည်။

"ငရဲကြာပန်းနီ"

၎င်းသည် မီးနတ်ဘုရားပညာရပ်တစ်ခုဖြစ်၏။ ကြာပန်းနီ ပေါ်ပေါက်လာသည်နှင့် ကောင်းကင်ကို မီးတောက်စေပြီး ပင်လယ်ကို ဆူပွက်စေကာ မိုင်ပေါင်းများစွာ လောင်ကျွမ်းနေသော မြေပြင်အား ချက်ချင်း ဖန်တီးပေးနိုင်လေသည်။

ယုတ္တိရှိရှိပြောရလျှင် ထိုအဆင့်ရှိသော နတ်ဘုရားပညာရပ်အား ပဉ္စမအဆင့်ပြန်လည်သန်စွမ်းခြင်းဆေးလုံးနှင့် လဲလှယ်ခြင်းသည် ဆုံးရှုံးမှုတစ်ခုပင်။

သို့သော်ငြား ဘာမှမပေးဘဲ သူများပစ္စည်း သွားယူလို့လည်း မဖြစ်ပေ။

နတ်ဘုရားပညာရပ်လျှို့ဝှက်ကျမ်းများကို သူ တခြားသူများထံ ရောင်းချနိုင်ပြီး သူကတော့ မိတ္တူတစ်စောင်ကို ထိန်းသိမ်းထားနိုင်ပေ၏။ ထို့အပြင် လူအများကြီးကိုလည်း တစ်ချိန်တည်း ရောင်းချနိုင်သေးသည်။

သူ့ဘက်က ရင်းနှီးမြှုပ်နှံခြင်းမရှိဘဲ အမြတ်အစွန်းများစွာ ရရှိမည်ပင်။

"ဘုန်း!!"

မြေမျက်နှာပြင်က ရုတ်ချည်းတုန်ယင်လာပြီး ပြင်းထန်သောအသံများ ထွက်ပေါ်လာလေ၏။ ဖုန်မှုန့်လုံးကြီးများက တုန်ခါမှုလှိုင်းနှင့်အတူ အပေါ်သို့ ထိုးတက်လာသည်။

ချင်ချွမ်းလည်း တုန်လှုပ်သွားရ၏။

သူ အောက်ကို ငုံ့ကြည့်လိုက်ရာ ကျက်တီးတောင် တစ်ခုက ပြိုကျနေပြီး မြေပြင်က နစ်ဝင်သွားသည်ကို မြင်လိုက်ရသည်။

"စီး!!!!!!"

အနက်ရောင်နတ်ဆိုးစွမ်းအင်များက ပြိုကျသွားသော မြေပြင်ပေါ်မှ ပန်းထွက်လာပြီး ရေထဲကျသွားသည့် မှင်များကဲ့သို့ ပြန့်ကျဲသွားလေ၏။

"Jiejiejie....နှစ်ပေါင်းနှစ်ထောင်ကျော် စည်းပိတ်ခံထားရပြီးတဲ့နောက်မှာ ငါ အဘိုးကြီးက နောက်ဆုံးမှာတော့ နေရောင်ကို ပြန်မြင်ခဲ့ရပြီ!"

ကြက်သီးထစရာကောင်းသော ယုတ်မာသည့် ရယ်မောသံတစ်ခုက ထွက်ပေါ်လာသည်။ ထိုအရာသည် မြေအောက်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ယောက်၏ ပြန်လည်နိုးထလာခြင်းကို ညွှန်ပြနေလေ၏။

"သောက်ကျိုးနည်း"

ချင်ချွမ်းသည် သူ့လက်များကို တွန့်ဆုတ်ခြင်းမရှိဘဲကောင်းကင်ထက်သို့ မြှောက်လိုက်သည်။ ထို့နောက် ရေတွက်၍မရနိုင်သော သွေးနီရောင်အလင်းတန်းများကို စုစည်းလိုက်ရာ တောက်ပသောကြာပန်းနီတစ်ခု ဖြစ်ပေါ်လာလေ၏။

ကြာပန်းနီ၌ ပွင့်ချပ်သုံးဆယ့်နှစ်ခုရှိပြီး တောက်ပကာ လှပနေသည်။ ပြင်းထန်သော အပူရှိန်က လေထုကို ပုံပျက်စေလေ၏။ ကြာပန်းနီ၏ဗဟိုတွင် အနီရောင်မီးလျှံတစ်ခုအား မွေးထုတ်နေသကဲ့သို့ ရှိပြီး ၎င်းမှာ နေမင်းကြီးအလား အပူရှိန်ပြင်းထန်နေလေသည်။

"သွား!"

ချင်ချွမ်းသည် ကြာပန်းနီအား ပြိုကျသွားသော မြေအောက်ထဲသို့ မတွန့်မဆုတ် ပစ်ချလိုက်လေ၏။

"ကောင်းကင်ကို အုပ်စိုးသောနဂါး"

ငရဲကြာပန်းနီ ပေါက်ကွဲရန်အထိ မစောင့်ဘဲ သူ နဂါးကိုးကောင်တိုက်ခိုက်ရေးစွမ်းအင်ကို တစ်ခါတည်း ထုတ်ဖော်လိုက်သည်။ နဂါးဖြူအရိပ်ကိုးခုက သူ့ ပတ်ပတ်လည်၌ သူတို့၏ အမြီးများကို ပတ်လျက် ကောင်းကင်ထက်သို့ လျင်မြန်စွာပျံသန်းသွားပြီး အဝေးသို့ ပျောက်ကွယ်သွားလေ၏။

သူ အဝေးသို့ ပျံသန်းသွားပြီးနောက်မှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခုက အနောက်မှ ထွက်ပေါ်လာပြီး ပူလောင်သော တုန်ခါမှုလှိုင်းကြီးက ပြင်းပြင်းထန်ထန် ပြန့်ကျဲသွားလေ၏။

ချင်ချွမ်း အနောက်ကို လှည့်ကြည့်လိုက်သည်။

အဝေးနေရာမှ ထိုမြေပြင်သည် ရုတ်ချည်း မြင့်တက် လာပြီး အနီရောင်မီးလျှံနေမင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ ၎င်း၏သက်ရောက်မှုကြောင့် မိုးကုတ်စက်ဝိုင်းပေါ်တွင် အနီရောင်ကမ္ဘာလုံးကြီးတစ်ဝက် စိုက်ထူထားသကဲ့သို့ ဖြစ်နေသည်။

"ဘယ်သူလဲ!!!"

ဒေါသများပြည့်နှက်နေပြီး မကောင်းဆိုးဝါးဆန်သော အသံတစ်ခုက ထွက်ပေါ်လာပြီး ကြမ်းတမ်းရက်စက်မှု များဖြင့် ပြည့်နှက်နေလေ၏။

ချင်ချွမ်းမှာ ဆက်ပြီး ထွက်ပြေးရန်ပင် မဝံ့မရဲ ဖြစ်နေရသည်။

ထို နတ်ဆိုးရယ်သံ 'Jiejiejie' ရယ်မောသံကို နားထောင်ရုံဖြင့် အန္တိမအဆင့် စွမ်းအားကို မပိုင်ဆိုင်ထားဘဲ ထိုကဲ့သို့သော ရယ်မောသံမျိုးကို ထုတ်နိုင်မည် မဟုတ်မှန်း ခန့်မှန့်လို့ရပေ၏။

ထို့အပြင် နှစ်ပေါင်းနှစ်ထောင် စည်းခတ်ခံထားရသည်ဟု ပြောဆိုလာခြင်းကို ကြည့်လျှင် အန္တိမအဆင့် ဖြစ်နိုင်သည်။ အကြောင်းမှာ ကောင်းကင်တက်လှမ်းနယ်ပယ်မှ သိုင်းကျင့်ကြံသူတစ်ဦး၏ သက်တမ်း သည် နှစ်ပေါင်းရာဂဏန်းသာ ရှိ၏။

ထို့ကြောင့် နတ်ဆိုးအိုကြီး၏ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး သူ လက်ရှိယှဉ်ပြိုင် နိုင်သော အဆင့်ထက် များစွာကျော်လွန်နေလေသည်။

သူ ရန်မစရဲသောကြောင့် ထိုအတိုင်းထားခဲ့ရန်သာ ဆုံးဖြတ်ခဲ့၏။ ကမ္ဘာကြီးက ကျယ်ပြောလှသည်။ တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ဆုံရန်မှာ မလွယ်ကူလှပေ။

"အင်း...ဒီ ငရဲကြာပန်းနီနတ်ဘုရားပညာရပ်က ဖျက်ဆီးနိုင်စွမ်း ကြီးမားတယ်၊ ပြန်ရောက်တဲ့အခါကျရင် ငါ့သား ချင်ကျီကို သင်ပေးလို့ရတယ်"

ချင်ချွမ်းတစ်ယောက် သူ့မေးစေ့ကို ပွတ်သပ်လျက် အတွေးဝင်သွားတော့သည်။

ဤကာလတစ်လျှောက်လုံး သူ့သားကိုနတ်ဘုရားပညာရပ်များ မသင်ပေးရသေးပေ။ ထိုအရာမှာ ဖခင်တစ်ဦးအနေဖြင့် သူ့တာဝန်ကို ဆိုးရွားစွာ ပျက်ကွက်နေခြင်းဖြစ်၏။

သူ ပြန်ဖြည့်စွက်ပေးရမည်။

…

ညနေခင်းတွင် ချင်ချွမ်းသည် သူ့ရည်မှန်းထားရာနေရာ သို့ ရောက်ရှိလာလေသည်။

အင်ပါယာမြို့တော်။

၎င်းသည် နေကိုးလုံးနယ်မြေ၏ အကြီးဆုံးနှင့် အကြွယ်ဝဆုံးမြို့တော်ဖြစ်ပြီး နယ်မြေ၏ အလယ်ဗဟိုဧရိယာကို အင်ပါယာမြို့တော်အဖြစ် သတ်မှတ်ထားကာ ပြင်ပရန်သူများကို ခြိမ်းခြောက်နိုင်သော အင်အားစုများပြားစွာ ရှိလေ၏။

အင်ပါယာမြို့တော်အတွင်း၌ ပျံသန်းခြင်းကို တားမြစ် ထားလေသည်။ ထို့ကြောင့် ချင်ချွမ်းသည် မြို့တံခါး အပြင်ဘက်တွင်သာ ဆင်းသက်၍ အထဲသို့ လမ်းလျှောက်ဝင်လာခဲ့၏။

မြို့တံခါး၌ လူအများအပြားက ဝင်ထွက်သွားလာနေကြသည်။ သို့သော်ငြား အရာအားလုံးက စည်းစနစ်ကျပြီး တွန်းထိုးနေခြင်း သို့မဟုတ် ရှုပ်ထွေးနေသော ခံစားချက်မျိုးကို မရရှိစေပေ။

မြို့တံခါး၏ ဘေးနှစ်ဖက်တွင် ရွှေချပ်ဝတ်များဝတ်ဆင်ထားသော လက်နက်ကိုင်အစောင့်ရာပေါင်းများစွာသည် အလှဆင်ထားသောပစ္စည်းများသဖွယ် ခိုင်မြဲစွာ မတ်မတ်ရပ်နေကြ၏။

"အင်ပါယာမြို့တော်က တကယ် ထူးခြားတာပဲ"

ချင်ချွမ်းလည်း ချီးမွမ်းမိပေသည်။

ဤနေရာတွင် ဝင်ကြေးမရှိသလို စည်းမျဥ်းများကို ပြင်းပြင်ထန်ထန် စောင့်ကြပ်လမ်းညွှန်နေသည့်လူများလည်း မရှိပေ။ သို့သော်ငြား အရပ်မျက်နှာအားလုံးမှ ဧည့်သည်များကို ကြိုဆိုနိုင်သည့် ခမ်းနားသော အရှိန်အဝါကတော့ ရှိနေလေ၏။

၎င်းမှာ နေကိုးလုံးနယ်မြေ၏ အဓိကမြို့တော်ဖြစ်သော အင်ပါယာမြို့တော်ပင်။

မြို့ထဲသို့ ရောက်ရှိသောအခါ ချင်ချွမ်းသည် ပိုပြီးစိတ်လှုပ်ရှားလာသလို ခံစားလိုက်ရသည်။ သေချာတာကတော့ သူသည် ထိုအရာများကို ခံနိုင်ရည်ရှိနေလေပြီ။ သူ့ခွန်အားတိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီး က သူ့အတွက် ပိုပြီး သေးငယ်လာသကဲ့သို့ ထင်ရ၏။

ဥပမာအားဖြင့် ယခင်က လပေါင်းများစွာကြာမြင့်လိမ့်မည်ဖြစ်သော ဤခရီးသည် ယခု တစ်ရက်သာကြာမြင့်လေသည်။ တစ်ချိန်က ကြီးမားသည်ဟု ယူဆခဲ့သော တောင်များကို ယခု လက်သီးတစ်ချက်ဖြင့် ချေမှုန်းနိုင်သကဲ့သို့ပင်။

"မြေခွဲနတ်ဆိုးဝက်ဝံရဲ့ သားရေချပ်ဝတ်တန်ဆာနော်...ဖြတ်ရင်းသွားရင်း လက်လွတ်မခံလိုက်ပါနဲ့!"

"လာကြည့်ပါဦး၊ ကျွန်မသမီးရဲ့သကြားလုံးပျော့တွေကို စားပြီးရင် နဂါးနဲ့ ကျားတွေလိုမျိုး ခွန်အားပြည့်ဝ လာလိမ့်မယ်!"

"လူငယ်လေး မင်းဆီမှာ ထူးခြားတဲ့ အရိုးဖွဲ့စည်းပုံ ရှိ တယ်၊ ဒါ သိုင်းကျင့်ကြံဖို့အတွက် အသင့်တော်ဆုံးပဲ၊ ဒီလို မပြည့်စုံတဲ့ နေဓားကျမ်းက စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ကျတယ်"

"စားသောက်ပြီး ငွေမရှင်းဘဲ ပြေးရဲတယ်လား!! သူ့ကို အဝတ်ချွတ်ပြီး အပြင်ကို နှင်ထုတ်လိုက်စမ်း!"

"ဆရာကြီးယန် ကျေးဇူးပြုပြီး အပေါ်ထပ်ကို ကြွပါ၊ ကျွန်တော့်ဆရာက ဝိုင်နဲ့စားစရာတွေ ပြင်ပြီး စောင့်နေတာ အတော်ကြာပါပြီ"

ထိုကဲ့သို့ ကျယ်ပြောကာ နယ်နိမိတ်မဲ့သော မြို့တော်ကြီးသည် မရေတွက်နိုင်သော ဘဝပေါင်းများစွာ၏ ဝမ်းသာခြင်းနှင့် ဝမ်းနည်းခြင်းများကို ပိုင်ဆိုင်ထားပြီး ဘဝပုံပြင်အမျိုးမျိုးလည်း ထိုထဲမှ ထွက်ပေါ်နေလေ၏။

ချင်ချွမ်းကတော့ လမ်းသွားလမ်းလာတစ်ဦးပင်ဖြစ်ကာ သူသည် ဆရာဖန်ချီအား ရှာဖွေရန်ပင် ရည်ရွယ်ထားလေသည်။

ခဏတာ မေးမြန်းပြီးနောက်မှာ သူ ဆရာဖန်ချီ၏ နေအိမ်ကို ရှာတွေ့ခဲ့၏။ ၎င်းမှာ ခမ်းနားသော စံအိမ်ကြီးတစ်ခု ဖြစ်သည်။

မြေရှားပါးသော အင်ပါယာမြို့တော်၌ ဤကဲ့သို့ စံအိမ်ကြီးတစ်ခု ပိုင်ဆိုင်ခြင်းမှာ အဘိုးကြီးဖန်ချီ၏ စည်းစိမ်ဥစ္စာ ကြွယ်ဝမှုကို ဖော်ပြနေလေ၏။

"မင်း ဘယ်သူလဲ၊ ဘာလိုချင်လို့လဲ"

တံခါးစောင့်နှစ်ဦးက မူလဒန်နယ်ပယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး ချင်ချွမ်းကို ပျင်းရိစွာ မေးမြန်းလာကြသည်။

"ဝုန်း!!"

ချင်ချွမ်းသည် ဘာမှမပြောဘဲ ဖိအားကိုသာ တစ်ခါတည်း ထုတ်ဖော်လိုက်၏။

"ဒုန်း! ဒုန်း!"

သူတို့၏မျက်နှာအမူအရာများက သိသိသာသာပြောင်းလဲသွားပြီး အော်ဟစ်ရန် အချိန်မရလိုက်ခင်မှာပင် ဒူးများက မြေကြီးပေါ်သို့ ဆောင့်ကျကာ ကြမ်းပြင် ကိုပင် ကွဲအက်သွားစေလေသည်။

"ဘယ်သူ… ဘယ်သူလဲ"

သူတို့၏မျက်နှာများမှာ နာကျင်မှုကြောင့် ဖြူဖျော့နေလေ၏။ သို့သော်ငြား သူတို့၏ သဘောထားက လေးစားမှုရှိလာပြီး အနည်းငယ် ထိတ်လန့်နေကြသည်။

သူတို့က ခက်ခဲသောပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ကြောင်း သတိဝင်သွားခဲ့ကြ၏။

အကြောင်းမှာ သာမန်လူတစ်ဦးသည် ဆရာဖန်ချီ၏ တံခါးဝရှေ့၌ ပေါ်ပေါ်ထင်ထင် မလုပ်ရဲသလို၊ လုပ်ရဲသော လူကလည်း သေချာပေါက် သာမန်မဟုတ်ပေ။

"ချင်ချွမ်းက လာလည်ကြောင်း အကြောင်းကြားလိုက်ပါ"

ချင်ချွမ်းလည်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်! ဟုတ်! ဟုတ်!"

နှစ်ယောက်စလုံးက ပြာပြာသလဲ ထရပ်လာကြပြီး တစ်ယောက်ကမူ ထိတ်လန့်တကြားဖြင့် စံအိမ်ကြီးအတွင်းသို့ ပြေးဝင်သွားလေ၏။

မကြာခင်မှာပင် ဆရာဖန်ချီသည် အဆင့်မြင့်အဂ္ဂိရတ်ဆရာဝတ်ရုံကို ဝတ်ဆင်လျက် ထွက်လာသည်။ သူက နွေးထွေးစွာပြုံးနေပြီး ဧည့်ဝတ်ကျေပွန် သောပုံစံကို ပေါ်လွင်စွာ ပြသနေလေ၏။

"ဟားဟားဟား! ဆရာချင်ချွမ်း ဘယ်လေကများ ခင်ဗျားကို ဒီရောက်စေလာတာလဲ၊ ကျုပ် တော်တော်လေး ဝမ်းသာမိပါတယ်!"

*******************

All Chapters