ပဉ္စမအဆင့်ဆေးဖော်စပ်နည်းများကို မှတ်ပုံတင်ခြင်း
Vol. 3 Ch. 42
ချင်ချွမ်းအပေါ်၌ ဆရာဖန်ချီ၏ လေးစားကြည်ညိုမှု သည် မင်ဟောက်မြို့စားပိုင်ချန်က ချင်ချွမ်းအပေါ် ထားသော လေးစားမှုနှင့် ဆင်တူပေသည်။
အဓိကအကြောင်းရင်းမှာ ချင်ချွမ်း၏ လျှို့ဝှက်နက်နဲမှုကြောင့်ပင်။
ယခင်က ချင်ချွမ်းသည် အရေးမပါသော မိသားစုငယ်လေးတစ်ခု၏ မိသားစုခေါင်းဆောင်သာ ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ထင်ပေါ်ခြင်း မရှိခဲ့ပေ။
ဒါဆိုလျှင် သူက ရုတ်တရက်ကြီး ဘယ်လိုလုပ် အားကောင်းလာခဲ့သနည်း။ မည်သည့်လက္ခဏာမှ မပြဘဲနှင့် မနေ့တစ်နေ့ကမှ အားနည်းသူတစ်ဦးဖြစ်ခဲ့သူသည် ယခုလက်ရှိတွင်မူ နားမလည်နိုင်သော လူတစ်ဦး ဖြစ်လာခဲ့၏။
ထိုသို့သော ထူးဆန်းမှုက လူအများ၏ကျောရိုးကို အေးစက်စေပေသည်။ မသိရှိနိုင်၊ မခန့်မှန်းနိုင်သော အရာများက အကြောက်ရဆုံးပင်။
၎င်းမှာ နက်ရှိုင်းကာ မှောင်မိုက်သော ရေအိုင်တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ပင်။ ရေအောက်မှ မည်သည့်အရာ ထွက်ပေါ်လာမည်ကို မသိရသောကြောင့် ကြောက်ရွံ့မှုကို ခံစားရပေ၏။
ထို့ကြောင့် သူတို့သည် မတိုင်ခင်က ပြန်လည်သင့်မြတ် ခဲ့ပြီးပြီဖြစ်သော်လည်း ချင်ချွမ်းနှင့် ထပ်မံတွေ့လိုက်ရသောအခါ ဆရာဖန်ချီ၏နှလုံးခုန်နှုန်းက မြန်သွားခဲ့သည်။
ထို့ကြောင့် သူ ပြုံးကာ နှုတ်ဆက်ခဲ့ပေ၏။
"ကျုပ် ဒီနေ့ရောက်လာတဲ့ အဓိကအကြောင်းရင်းကတော့ တစ်ခုလောက်တောင်းဆိုဖို့ လာတာပါ"
ချင်ချွမ်းလည်း ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ပြောပါ...ကျုပ် တတ်စွမ်းနိုင်တဲ့အထဲမှာ ရှိနေသရွေ့ကူညီပေးဖို့ ငြင်းဆန်မှာ မဟုတ်ပါဘူး"
ဆရာဖန်ချီသည် အံ့အားသင့်သွားရပြီးနောက် ရယ်မောကာဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်၏။ သူ့နှလုံးသားထဲ၌ အောင့်သွားသလို ခံစားရသော်လည်း ထိုကဲ့သို့ မဝံ့မရဲဖြစ်နေခြင်းကို မပြသရဲပေ။
"ဒါဆို ကျုပ် တည့်တိုးပဲပြောပါမယ်၊ နောက်ဆုံးတစ်ကြိမ်က ခင်ဗျားရဲ့တန်ထျန်း ပြန်ကောင်းမွန်ဖို့ သုံးခဲ့တဲ့ ပြန်လည်သန်စွမ်းခြင်းဆေးလုံးတစ်လုံးလောက် လိုချင်ပါတယ်"
ချင်ချွမ်း ပြောလိုက်သည်။
"ဒါက..."
ဆရာဖန်ချီ၏မျက်နှာက တောင့်တင်းသွားလေ၏။ သူ ခါးသက်စွာ ပြုံးလျက် ပြောလိုက်သည်။
"ဒီ ပြန်လည်သန်စွမ်းခြင်းဆေးလုံးက တော်တော်လေး ရဖို့ခက်တယ်"
"ကျုပ် အလကား မယူပါဘူး"
ချင်ချွမ်း ပြောလိုက်၏။
"အဲ့ဒီလိုသဘောမျိုး ဆိုလိုတာ မဟုတ်ပါဘူး၊ ကျုပ်ဆီမှာ မရှိလို့ပါ"
ဆရာဖန်ချီက ကူကယ်ရာမဲ့စွာ ပြောလာသည်။
"နောက်ဆုံးတစ်လုံးကို ဘယ်လိုရခဲ့တာလဲ"
ချင်ချွမ်းက ဆက်မေးလေ၏။
"နောက်ဆုံးတစ်လုံးကို ကျုပ် နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ အဂ္ဂိရတ်ဆရာဂုဏ်ပြုရမှတ်တွေနဲ့ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းမှာ လဲလှယ်ခဲ့တာပါ"
ဆရာဖန်ချီက သက်ပြင်းချကာ...
"ကျုပ်က ပဉ္စမအဆင့်အဂ္ဂိရတ်ဆရာတစ်ဦးဖြစ်ပေမယ့် ပြန်လည်သန်စွမ်းခြင်းဆေးလုံးရဲ့ ဆေးဖော်စပ်နည်းကို မပိုင်ဆိုင်ဘူး၊ အဲ့ဒီဆေးဖော်စပ်နည်းက အဖိုးမဖြတ်နိုင်လွန်းလို့ ကျုပ်တို့ရဲ့ နေကိုးလုံးနယ်မြေ၊ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းက ကြိုက်သလိုသုံးခွင့်မပြုထားဘူး"
"နေကိုးလုံးနယ်မြေ၊ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းရဲ့ ဌာနချုပ်မှာ ပြန်လည်သန်စွမ်းခြင်းဆေးလုံးတစ်ချို့ ရှိ တယ်၊ ဒါပေမယ့် အဂ္ဂိရတ်ဆရာဂုဏ်ပြုရမှတ်တွေနဲ့ပဲလဲလှယ်နိုင်တယ်"
"ရိုးရိုးသားသားပြောရရင် ကျုပ် စုဆောင်းထားခဲ့တဲ့ ဂုဏ်ပြုရမှတ်အများစုက နောက်ဆုံးတစ်ကြိမ် ပြန်လည်သန်စွမ်းခြင်းဆေးလုံးကို လဲလှယ်တုန်းက ကုန်သွားခဲ့တယ်၊ အခု ဒုတိယတစ်လုံးအတွက် အမှတ်က မလုံလောက်တော့ဘူး"
ထိုရှင်းပြချက်ကို ကြားသောအခါ ချင်ချွမ်း မေးလိုက်သည်။
"ဂုဏ်ပြုရမှတ်တွေနဲ့ပဲ လဲလို့ ရတာလား"
"ဟုတ်တယ် နောက်ပြီး ဒီလိုဆေးလုံးတွေရဲ့ အရေအတွက်က ကန့်သတ်ထားသေးတယ်၊ သူတို့က အပြင်ကိုပေါက်ကြားခွင့်မပြုထားဘူးလေ"
ဆရာဖန်ချီက ပြောပြလေ၏။
"အဂ္ဂိရတ်ဆရာဂုဏ်ပြုရမှတ်တွေကရော ဘယ်လိုရ နိုင်တာလဲ"
ချင်ချွမ်း မေးလိုက်သည်။
"အဂ္ဂိရတ်ဆရာတစ်ယောက်ဆိုရင်တော့ သူ ဖော်စပ် ထားတဲ့ ဆေးလုံးတွေကို အဂ္ဂိရတ်ဆရာအဖွဲ့အစည်းကို တင်ပြပြီး ဂုဏ်ပြုရမှတ်တွေ ရရှိနိုင်တယ်၊ ပြီးတော့ အဂ္ဂိရတ်ဆရာစာမေးပွဲကို အောင်မြင်ပြီး အဆင့်မြှင့်တင်ရင်လည်း အောင်မြင်တဲ့အကြိမ်တိုင်းမှာ ဂုဏ်ပြုရမှတ်တွေ ရရှိတယ်"
"အရေးအကြီးဆုံးကတော့ ဆေးဖော်စပ်နည်းပဲ"
"ဆေးဖော်စပ်နည်းတစ်ခုကို မှတ်ပုံတင်ရင်လည်း သူ့ရဲ့တန်ဖိုးအပေါ်မှာ မူတည်ပြီး ဂုဏ်ပြုရမှတ်ပမာဏအမျိုးမျိုး ရရှိနိုင်တယ်၊ ပြီးတော့ အဲ့ဒီဆေးဖော်စပ်နည်းကို အသုံးပြုချင်တဲ့ အခြားအဂ္ဂိရတ်ဆရာတွေကလည်း ပိုင်ရှင်ကို ဂုဏ်ပြုရမှတ်တွေ ပေးဆောင်ရသေးတယ်"
ဆရာဖန်ချီ၏မျက်နှာပေါ်တွင် မာန်မာနအရိပ်အယောင်တစ်ခု ပြသနေပြီး သူ့မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလာသည်။
"ကျုပ်ရဲ့တစ်သက်တာမှာ ဆေးဖော်စပ်နည်းလေးမျိုး ကို သုတေသနလုပ်ခဲ့တယ်၊ အမြင့်ဆုံးကတော့ တတိယအဆင့်ပဲ"
"ဒါပေမယ့် ကျုပ်ကို အမြတ်အစွန်းအများဆုံးပေးခဲ့တာကတော့ အဆင့်တစ်ဆေးဖော်စပ်နည်းပဲ၊ အဲ့တာက ဈေးကွက်ဖြန့်ဖြူးရေးကောင်းတော့ တော်တော်လေးသုံးကြတယ်"
"နှစ်စဉ်နှစ်တိုင်းမှာ အဂ္ဂိရတ်ဆရာတွေက အဲ့ဒီဆေးဖော်စပ်နည်းကို အသုံးပြုဖို့ လျှောက်ထားကြတယ်၊ ပြီးတော့ သူတို့ ဖန်တီးတဲ့ ဆေးလုံးအားလုံးကနေရတဲ့ ဝင်ငွေရဲ့တစ်ဝက်ကို ကျုပ်ကိုပေးရတယ်၊ အဲ့ဒါတွေကို ဂုဏ်ပြုရမှတ်တွေအဖြစ်နဲ့ ပြန်ပြောင်းပေးတယ်"
"အဂ္ဂိရတ်ဆရာအဖွဲ့အစည်းကိုယ်တိုင်က ဂုဏ်ပြုရမှတ်တွေရဲ့၂၀%ကို ဖြတ်ပေမယ့်လည်း ကျန်ရှိတဲ့ရမှတ်က အများကြီးပါပဲ"
ထိုစကားကို ကြားသောအခါ ချင်ချွမ်း၏မျက်နှာပေါ်၌ ထူးဆန်းသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။ထိုအဆင့်တစ်ဆေးဖော်စပ်နည်းက ဒီလူအိုကြီး၏ နာမည်ကြီးဆေးဖော်စပ်နည်း ဖြစ်နိုင်၏။ သူ မတိုင်ခင်ကလည်း ထိုဆေးကို ကြားဖူးသည်။
တကယ်ကိုပင်...အလွန်အားကောင်းလွန်း၏။
"အဂ္ဂိရတ်ဆရာ မဟုတ်ရင်တောင် ဆေးဖော်စပ်နည်းကို မှတ်ပုံတင်လို့ ရလား"
ချင်ချွမ်း မေးလိုက်သည်။
"ဟားဟားဟား အဂ္ဂိရတ်ဆရာ မဟုတ်ရင် ဆေးဖော်စပ်နည်းကို ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ၊ အဂ္ဂိရတ်ပညာက မလွယ်ဘူးလေ...ဟားဟားဟား!"
ဆရာဖန်ချီသည် ရယ်စရာတစ်ခုခု ကြားလိုက်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောနေ၏။ သို့သော်ငြား သူ့စိတ် ထဲ၌ သတိပေးခံနေရသည်။
အလေးအနက်ထားစမ်း မဟုတ်ရင် ဒုက္ခရောက်လိမ့်မယ်!
ထို့ကြောင့် သူ လျင်မြန်စွာပင် ပါးစပ်ပိတ်၍ စိတ်ရင်းမှန်စွာ ဖြေကြားလိုက်၏။
"တကယ်တော့ မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး၊ ခင်ဗျားလက်ထဲမှာ ဆေးဖော်စပ်နည်း ရှိနေသရွေ့အဲ့တာကလည်း မှတ်ပုံမတင်ရသေးသရွေ့ ရပါတယ်"
"တစ်ခါတုန်းက ကံကောင်းတဲ့လူတစ်ယောက်က သင်္ချိုင်းဂူကို ဖောက်ရင်း နဝမအဆင့် ဆေးဖော်စပ်နည်းကို တွေ့ရှိခဲ့လို့ အဲ့တာကို မှတ်ပုံတင်ပြီးနောက်မှာအဂ္ဂိရတ်ဆရာအဖွဲ့အစည်းခွဲတစ်ခုရဲ့ ဥက္ကဌဖြစ်လာတယ်လို့ ပြောကြတယ်"
"အဲ့ဒီလူက သိသိသာသာကို အဂ္ဂိရတ်ပညာ မရဘူး"
"ဒါပေမယ့် သူ့ဆီမှာ ဂုဏ်ပြုရမှတ်တွေအများကြီးပိုင်ဆိုင်ထားတော့ အဖွဲ့အစည်းထဲက အဂ္ဂိရတ်ဆရာအားလုံးကို ကျော်တက်သွားခဲ့တယ်"
ချင်ချွမ်းလည်း အနည်းငယ် ထိတ်လန့်သွားသည်။ သူ မေးလိုက်မိ၏။
"ဘယ်သူကမှ သူ့ဆေးဖော်စပ်နည်းကို မလုကြဘူးလား၊ ဥပမာအားဖြင့် လွှဲပြောင်းဖို့ အတင်းအကျပ်ခိုင်း တာမျိုးပေါ့...ဆေးဖော်စပ်နည်းတွေကို အမွေဆက်ခံ နိုင်ပြီး လွှဲပြောင်းနိုင်တယ်လို့ ကျုပ် ကြားဖူးတယ်"
"အင်း...သူ့ကို ဘယ်သူလို့ ထင်လို့လဲ"
ဆရာဖန်ချီက သက်ပြင်းချကာ...
"နဝမအဆင့် ဆေးဖော်စပ်နည်းရှိတဲ့ သင်္ချိုင်းဂူက သာမန်သင်္ချိုင်းဂူ မဟုတ်ဘူးလေ ပြီးတော့ အဲ့ဒီလိုသင်္ချိုင်းဂူကို ဖောက်နိုင်တဲ့လူကလည်း သာမန်လူ တစ်ယောက် မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား"
"အဲ့ဒီလူက… ရက်စက်တယ်"
ဆရာဖန်ချီ၏မျက်လုံးများထဲတွင် လေးစားကြည်ညိုသော အရိပ်အယောင်ကို ပြသနေပြီး ထပ်ပြောရန် မရဲတော့သကဲ့သို့ အထူးလျှို့ဝှက်နေလေ၏။
ချင်ချွမ်းလည်း ချက်ချင်းပင် နားလည်သွားသည်။
သူ ခဏတာ စဉ်းစား၍ မေးလိုက်၏။
"ကျုပ် ပဉ္စမအဆင့်ဆေးဖော်စပ်နည်းတစ်ခုကို မှတ်ပုံတင်ရင် ဆုလာဘ်အဖြစ် ချီးမြှင့်တဲ့ ဂုဏ်ပြုရမှတ်တွေက ပြန်လည်သန်စွမ်းခြင်းဆေးလုံးအတွက် လုံလောက်မှာလား"
"အင်း… သိပ်တော့မလုံလောက်ပေမယ့် ခင်ဗျားရဲ့ဆေးဖော်စပ်နည်းကို တစ်စုံတစ်ယောက်က အသုံးပြု ရင်တော့ ပဉ္စမအဆင့် ဆေးဖော်စပ်နည်းရဲ့တန်ဖိုးနဲ့ဆိုရင် လအနည်းငယ်အတွင်းမှာ ဂုဏ်ပြုရမှတ်တွေ လုံလုံလောက်လောက် ရရှိသင့်တယ်"
ဆရာဖန်ချီသည် အလေးအနက်ထားကာ ဖြေကြားနေပြီး ရုတ်ချည်းပင် သူ့မျက်လုံးများက ပြူးကျယ်သွားလေသည်။
"မဖြစ်နိုင်တာ!"
"ဟုတ်တယ်၊ ကျုပ်ဆီမှာ ဆေးဖော်စပ်နည်းတချို့ ရှိတယ်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောလာ၏။
ဆရာဖန်ချီမှာ အသက်ပြင်းစွာ ရှူသွင်းလိုက်မိသည်။ ပဉ္စမအဆင့်ဆေးဖော်စပ်နည်းတစ်ခုသည် ဆေးမဖော်စပ်နိုင်သူတစ်ဦး၏ လက်ထဲ၌ ပေါ်လာခဲ့၏။
ဒါက ဘယ်လိုတောင် ကံကောင်းတာလဲ။
ထိုကဲ့သို့ တွေးရင်း သူ့မျက်လုံးများက တောက်ပသွားကာ မြှောက်ပင့်၍ မေးလိုက်သည်။
"ဆရာချင်ချွမ်း ခင်ဗျားရဲ့ဆေးဖော်စပ်နည်းတွေက ဘယ်ကရခဲ့တာလဲ"
"သင်္ချိုင်းဂူဖောက်ရာကနေ"
ချင်ချွမ်းက ဂရုမစိုက်စွာ ပြန်ပြောလေ၏။ တကယ်တမ်းတွင် ထိုဆေးဖော်စပ်နည်းအား သူ့သား၏ လျှို့ဝှက်နက်နဲသောဆရာက ပေးခဲ့ခြင်းဖြစ်ပြီး သူ့သားမှတဆင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သူ ထိုကဲ့သို့ ပြောမည် မဟုတ်ပေ။ ထို့ကြောင့် ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသော လိမ်လည်မှု တစ်ခုကို ဖန်တီးခဲ့ပေ၏။
သူ မသိခဲ့သည်မှာ သူ၏ ထိုစကားတစ်ကြောင်းကြောင့် စစ်မှန်သော အဂ္ဂိရတ်ဆရာတစ်ဦးသည် သင်္ချိုင်းဂူဖောက်ခြင်းလမ်းစဉ်ကို လိုက်လျှောက်ခဲ့ခြင်းပင်။
…
အဂ္ဂိရတ်ဆရာများအဖွဲ့အစည်း။
၎င်းသည် ရှေးခေတ်ရောမ၏ ဗိသုကာလက်ရာပုံစံနှင့် ဆင်တူသည့် ခမ်းနားကြီးကျယ်သော အဆောက်အအုံ ဖြစ်ပြီး ပန်းပွင့်အဖူးနှင့် တူသည့် ကြီးမားသော ခေါင်မိုးဝိုင်းကြီးတစ်ခုကလည်း အထက်တွင် ရှိနေလေသည်။
အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းထံ၌ ပိုက်ဆံမရှားပေ။ သူတို့၏ဘဏ္ဍာရေးအင်အားသည် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့်ပင် ယှဉ်ပြိုင်နိုင်လေ၏။
စည်းစိမ်ဥစ္စာ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် ထိုအဆောက်အအုံအား ညဘက်တွင်ပင် တောက်ပစွာမီးထွန်းပေးထားဆဲဖြစ်ပြီး ရွှေရောင်အလင်းဖြင့် လင်းထိန်နေလေသည်။
"ဘာ! ပဉ္စမအဆင့်ဆေးဖော်စပ်နည်းသုံးမျိုးလား!"
ခမ်းနားသော ရုံးခန်းတွင်မူ အဂ္ဂိရတ်ဆရာဝတ်ရုံ ဝတ်ဆင်ထားပြီး မုတ်ဆိတ်ဖြူကို ပိုင်ဆိုင်ထားကာ နဖူးပေါ်၌ အနီရောင်အစက်လေး ရှိသည့် အဘိုးအိုကြီးတစ်ဦးက ရုတ်ချည်း ထရပ်လိုက်လေ၏။
သူက ချင်ချွမ်းအား မယုံနိုင်စွာ ကြည့်နေပြီး ကောင်တာပေါ်ရှိ ဆေးဖော်စပ်နည်းသုံးမျိုးကိုလည်း ကြည့်နေသည်။ ဆေးဖော်စပ်နည်းသုံးမျိုး၌ ပါဝင်သောပစ္စည်းများမှာ ရှုပ်ထွေးလှပြီး လုပ်ဆောင်ရမည့်အဆင့်များမှာလည်း ရှုပ်ထွေးနက်နဲလှ၏။ သူ အချိန်ကြာမြင့်စွာ မှင်သက်သွားပြီးနောက် အသက်ပြင်းပြင်းရှူသွင်းကာ မေးလိုက်သည်။
"ဒီဆေးဖော်စပ်နည်းတွေကို ဘယ်ကရခဲ့တာလဲ"
"ခင်ဗျားတို့က အဲ့ဒါကိုရော စိတ်ဝင်စားကြတာလား"
ချင်ချွမ်းက ပြန်မေးလေ၏။
"အာ… ဟားဟား၊ တောင်းပန်ပါတယ်"
အဘိုးကြီးက ခါးသက်သက် ရယ်မောကာ ခေါင်းခါယမ်းလာသည်။ ထို့နောက် အလေးအနက်ထားသော အမူအရာကို ပြသလျက် သူ့ဘေးမှ ဆရာဖန်ချီကို ပြောလိုက်၏။
"ဖန်ချီ အင်ပါယာမြို့တော်က ပဉ္စမအဆင့်နဲ့အထက် အဂ္ဂိရတ်ဆရာတွေအားလုံးကို ဒီဆေးဖော်စပ်နည်းတွေ လာစမ်းသပ်ဖို့ အကြောင်းကြားလိုက်"
"ပြီးတော့ ဒီဆေးဖော်စပ်နည်းတွေမှာ ဖော်ပြထားတဲ့ ဆေးပင်တွေအတွက်လည်း ပွဲစားဌာနကို ကုန်ကျစရိတ် စိတ်ပူစရာမလိုဘဲ နှစ်နာရီအတွင်း ဆေးပင်အားလုံးစုဆောင်းထားဖို့ ညွှန်ကြားလိုက်ပါ"
"ဟုတ်ကဲ့!"
ဆရာဖန်ချီက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လေ၏။ စစ်မှန်သောအဂ္ဂိရတ်ဆရာများသည် အသစ်စက်စက်ဆေးဖော်စပ်နည်းများအတွက် မျှော်လင့်ချက်များကို အမြဲတစေ ထိန်းသိမ်းထားလေသည်။
ထိုညတွင် အင်ပါယာမြို့တော်က လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။
ကျော်ကြားသော်လည်း သီးသန့်နေထိုင်သော အဂ္ဂိရတ်ဆရာများသည် အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသို့ ညလုံးပေါက် ခရီးနှင်လာကြသည်။
အဖွဲ့အစည်း၏ ပွဲစားအဖွဲ့များသည်လည်း မြို့ထဲမှ ဆေးဆိုင်များနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းများကို ကျိုင်းကောင်အုပ်ကြီးသဖွယ် သွားလာနေကြ၏။
ကုန်ကျစရိတ်ကို ဈေးဆစ်ရန် အချိန်မရှိသော အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသည် ပါဝင်သောဆေးပင်များအတွက် ဈေးနှုန်းညှိနှိုင်းခြင်းကိုပင် မလုပ်နေတော့ပေ။
မြို့ရိုးပေါ်တွင်မူ နဂါးဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက မှန်ဘီလူးကဲ့သို့သော မျက်လုံးများဖြင့် မြို့တံခါးမှ မြင်ကွင်းများကို စူးစမ်းလေ့လာနေသည်။
"အဲ့ဒီအဘိုးအိုကြီးတွေက တော်ဝင်မိသားစုရဲ့ဌာနတွေမှာ ဘာတွေလုပ်နေကြတာလဲ"
နဂါးဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့မေးစေ့ကို ပွတ်သပ်လျက် အတွေးဝင်နေလေ၏။
"အရှင် သူတို့ရဲ့သြဇာလွှမ်းမိုးနိုင်မှုက စစ်မှန်ပေမယ့် အကြွင်းမဲ့အာဏာကတော့ ကျွန်တော်မျိုးတို့ရဲ့ လက်ထဲမှာ ရှိနေတုန်းပါပဲ"
"မှန်တယ် ဒါပေမယ့် အဲ့ဒီအဖွဲ့အစည်းတွေနဲ့ အဓိကဂိုဏ်းကြီးခြောက်ခုက လူတွေက အလွယ်တကူသိမ်းသွင်းလို့ရတဲ့လူတွေ မဟုတ်ဘူး"
"အဓိကမိသားစုတွေက ဒီအရေးကိစ္စတစ်ခုလုံးအတွက် စိတ်မရှည်တော့မှာကို စိုးရိမ်မိတယ်"
ထိုကဲ့သို့ ပြောလိုက်ရာ သူ့လေသံထဲ၌ စိုးရိမ်မှုများက အတိုင်းသား ထင်ရှားနေလေ၏။
************************