ဖန်ချီ၏ သင်္ချိုင်းဂူဖောင်းခြင်း ခရီးစဥ်
Vol. 3 Ch. 43
ဒုတိယနေ့၊ မနက်စောစောတွင်။
တစ်ညလုံးစမ်းသပ်ပြီးနောက်မှာ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းသည် ထိုဆေးဖော်စပ်နည်းသုံးမျိုးက စစ်မှန်သော ပဉ္စမအဆင့်ဆေးဖော်စပ်နည်းများဖြစ်ကြောင်း နောက်ဆုံး၌ အတည်ပြုခဲ့လေသည်။
ထိုဆေးဖော်စပ်နည်းသုံးမျိုးမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ချိုးဖောက်ခြင်းဆေးလုံး၊ ယန်ဆေးလုံး နှင့် သက်တမ်းရှည်ဆေးလုံးများ ဖြစ်ကြပြီး အားလုံး က အလွန်စွမ်းအားကြီးလေ၏။
၎င်းတို့အနက် ယန်ဆေးလုံးသည် အထူးပင် ကောင်းမွန်သည်။ ဖော်စပ်ပြီးသည်နှင့် ဆရာဖန်ချီ၏ ရင်သားဖွံ့ဖြိုးခြင်းဆေးလုံးထက် ပိုပြီး လူကြိုက်များလာကြမည်မှာ အသေအချာပင်။
ဤလောကကြီးတွင် သိုင်းပညာကသာ ကြီးစိုးလေ၏။ အမျိုးသားအများစုက အားကောင်းပြီး သန်မာ ကြသည်။ သို့သော်ကြား သူတို့၏ခန္ဓာကိုယ်က မည်မျှ ပင် အားကောင်းစေကာမူ သိသာထင်ရှားလှသော အားနည်းချက်တစ်ခုက အမြဲတစေရှိနေလေ၏။
ယန်ဆေးလုံးက ထိုကဲ့သို့သော အားနည်းချက်ကို ဖြေရှင်းပေးနိုင်ပြီး အားနည်းချက်ကို အားသာချက်အဖြစ် ပြောင်းလဲပေးနိုင်သည်။
"ဟားဟားဟား ဆရာချင် ဂုဏ်ပြုပါတယ်၊ ဆေးဖော်စပ်နည်းသုံးမျိုးစလုံးက ချို့ယွင်းချက်မရှိဘူး၊ ပြီးတော့ သူတို့ရဲ့အကျိုးသက်ရောက်မှုတွေကလည်း မယုံနိုင်စရာကောင်းလောက်အောင် အသုံးကျတယ်"
နဖူးပေါ်တွင် အနီစက်ရှိသော အဘိုးကြီးတဖြင့်လည်း နေကိုးလုံးနယ်မြေ၊ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်း၏ ဥက္ကဌက ပြုံး၍ ပြောလာလေ၏။
"ကျုပ်က ဆရာ ဖြစ်သွားပြီလား"
ချင်ချွမ်းတစ်ယောက် ကြက်သေသေသွားလေသည်။ ထိုဥက္ကဌသုံးနှုန်းလိုက်သော 'ဆရာ'ဆိုသည်မှာ သာမန်ဆရာအခေါ်အဝေါ်မဟုတ်ဘဲ အဂ္ဂိရတ်ဆရာများကို ခေါ်ဝေါ်သောအသုံးအနှုန်းဖြစ်သောကြောင့်ပင်။
"ဟားဟားဟား ဆရာချင် ခင်ဗျားက အဂ္ဂိရတ်ပညာကို မကျင့်ကြံထားပေမယ့်လည်း အဂ္ဂိရတ်ပညာနယ်ပယ် အပေါ်မှာ ခင်ဗျားရဲ့ပံ့ပိုးပေးမှုတွေက ဆရာသခင်ဘွဲ့ကို ခံယူဖို့ ထိုက်တန်ပါတယ်"
သူ့ဘေးမှ ပဉ္စမအဆင့်ဆေးဆရာတစ်ဦးကလည်း ပြုံး၍ ပြောလာသည်။
"တကယ်ပါ တကယ်၊ ဒီဆေးဖော်စပ်နည်းသုံးမျိုးစလုံးက အရမ်းအသုံးဝင်တယ်၊ ဒီဆေးလုံးတွေ ပျံ့နှံ့သွားတာနဲ့ ကျုပ်တို့ အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းရဲ့ ဩဇာအာဏာက ပိုပြီးတိုးပွားလာမှာဖြစ်ပြီး အဂ္ဂိရတ်ဆရာအားလုံးရဲ့အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်လိမ့်မယ်!"
"ဆရာချင် သိပ်တော်တဲ့ အောင်မြင်မှုပါပဲ"
"ဆရာချင် ဒီဆေးဖော်စပ်နည်းသုံးမျိုးနည်းနဲ့တင် နှစ်အနည်းငယ်အတွင်း ခင်ဗျားက အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် နယ်မြေတစ်ခုလုံးမှာတောင် အချမ်းသာဆုံး ဖြစ်လာနိုင်တယ်"
ပတ်ဝန်းကျင်ရှိ အဂ္ဂိရတ်ဆရာများသည် ဆက်တိုက်ချီးမွမ်းပြောဆိုကြပြီး ပဉ္စမအဆင့်ဆေးဖော်စပ်နည်းသုံးမျိုးရှိသော ပုဂ္ဂိုလ်တစ်ဦးအား လေးစားစွာကြည့်လျက် ခေါင်းညိတ်နေကြသည်။
အထူးသဖြင့် ထိုဆေးဖော်စပ်နည်းသုံးမျိုးမှာ အလွန်လူကြိုက်များပေ၏။ သူတို့၏နာမည်ကို ကြား ရုံနှင့်တင် အံ့မခန်းအကျိုးသက်ရောက်မှုများ ရှိသည်ဆိုတာကို သိနိုင်သည်။
"ခင်ဗျားတို့က ကျုပ်ကို အရမ်းမြှောက်ပင့်နေကြတာပဲ၊ ဒါက ကံကောင်းသွားလို့ပါ"
ချင်ချွမ်းက နှိမ့်ချစွာပင် ပြန်ပြောလေ၏။
တခြားလူများကလည်း ပြုံးနေကြသည်။ သို့သော်ငြား လူတစ်ယောက်ကတော့ ချင်ချွမ်း၏စကားများကို အလေးအနက်ထားကာ သူ့လက်သီးများကို လျှို့ဝှက်စွာဆုပ်နေလေ၏။
ထိုလူကတော့ ဆရာဖန်ချီပင်။
သူ့သူငယ်အိမ်များက ကျဥ်းမြောင်းသွားကာ စဥ်းလဲသောပုံစံက ပေါ်လွင်နေလေသည်။ သူ သူ့ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။ သူ၏ဗိုက်ပူပူက အဖြူရောင် အဂ္ဂိရတ်ဆရာဝတ်ရုံကို ဆန့်တန်းစေကာ ဝတုတ်တုတ်ကြွက်အိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်စေသည်။
သူ့စိတ်ထဲ၌ ခပ်တိုးတိုး ရေရွတ်မိ၏။
"အင်ပါယာမြို့တော်ရဲ့အရှေ့တောင်ဘက်မိုင်သုံးရာ မှာ ခမ်းနားကြီးကျယ်တဲ့ သင်္ချိုင်းဂူတစ်ခု ရှိတယ်၊ တော်တော်လေးလည်း ထူးခြားပုံရတယ်…"
...
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း။
ချင်ကျီက ဝူရှို့အား မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့သော ကိစ္စသည် ဂိုဏ်းအတွင်း၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အထက်လူကြီး၏ အာရုံစူးစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
အဆင့်မြင့်အစည်းအဝေးတစ်ခုတွင် အချို့သောအကြီးအကဲများသည် ချင်ကျီကို အရင်ဆုံးဖမ်းဆီးထားကာ နောက်ထပ်ညွှန်ကြားချက်များကို စောင့်ဆိုင်း သင့်ကြောင်း အဆိုပြုခဲ့ကြသည်။
သို့သော်ငြား သူတို့ကို အကြီးအကဲဝူက တားမြစ်ခဲ့လေ၏။ သူသည် ချင်ချွမ်းနှင့် သူ့ကြား၌ သဘောတူညီချက်ရှိကြောင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး ချင်ကျီကို ယာယီထိန်းသိမ်းထားရန် မသင့်တော် ကြောင်း ပြောခဲ့သည်။
အဓိကပုဂ္ဂိုလ်က ထိုသို့ ပြောလာသောကြောင့် အခြားအကြီးအကဲများမှာလည်း သဘာဝကျစွာပင် ဆက်ပြောစရာမရှိတော့ဘဲ ထိုကိစ္စကို ရွှေ့ဆိုင်းခဲ့ကြ၏။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင်။
ချင်ချွမ်း ထွက်ခွာပြီးနောက် တတိယနေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ဆည်းဆာအချိန်ကြောင့် ကောင်းကင်ကြီးမှာ အနီရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေလေသည်။
"သုံးရက်ပြည့်ခါနီးနေပြီ၊ ဒါပေမဲ့ ချင်ချွမ်းက ပြန်မရောက်လာသေးဘူး၊ သူ ကတိဖျက်ချင်နေတာများလား"
အကြီးအကဲဝူသည် သူ့တောင်ထိပ်ပေါ်တွင် ရပ်လျက် အဝေးမှ မိုးကုတ်စက်ဝိုင်းကို ငေးကြည့်ကာ မျက်မှောင်ကြုတ်နေလေ၏။
"ဒါပေမယ့် ချင်ကျီက ဂိုဏ််ထဲမှာ ရှိနေတုန်းပဲ၊ သူ ငါ့ကို လှည့်စားတာက အဓိပ္ပာယ်မရှိဘူး"
ချင်ချွမ်းက သူ့ကို လှည့်စားမည်မဟုတ်ကြောင်း အခြေခံအားဖြင့် သူ ယုံကြည်ထားလေသည်။
သို့သော်ငြား သူ စိုးရိမ်နေတုန်းပင်။
ချင်ချွမ်းကလည်း ခရီးလမ်း၌ မတော်တဆဖြစ်နိုင်ပေ၏။
ယခင်က ယုံကြည်မှုအပြည့်ရှိခဲ့သော်လည်း တန်ထျန်းကို ကုသနိုင်မည့်ဆေးအား ရှာမတွေ့တော့တာလည်း ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် သူ့မြေးက ဘာဖြစ်သွားမည်နည်း။
သူ့မြေးသာ ပြန်လည်ကောင်းမွန်လာနိုင်ခြင်း မရှိပါက ချင်ကျီကို မသန်မစွမ်းဖြစ်အောင် သူ လုပ်ခဲ့လျှင်ပင် ဘာမှဖြေရှင်းနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူ့ဒေါသကလည်း ယခုအချိန်၌ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ ဂိုဏ်းအကြီးအကဲ တစ်ဦးအနေဖြင့် လူငယ်တစ်ဦးကို တိုက်ခိုက်ရန်မှာ မသင့်တော်ပေ။
"ဝှစ်!"
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက တိမ်များကို ထိုးဖောက်လျက် သူ့အရှေ့တည့်တည့်သို့ ကျဆင်းလာသည်။
"အောင်မြင်ခဲ့လား!"
အကြီးအကဲဝူမှာ စိတ်လှုပ်တရှား မေးမိ၏။
"ကျုပ်ရဲ့တာဝန်ကို မပျက်ကွက်ခဲ့ပါဘူး"
ချင်ချွမ်းလည်း ပြုံးကာ ပြန်ပြောလိုက်သည်။ ထို့နောက် မှိန်ဖျော့ဖျော့အဖြူရောင်အလင်းကို ထုတ်လွှတ်နေသော ဆေးလုံးတစ်လုံးအား အကြီးအကဲဝူထံသို့ ပစ်ပေးလိုက်၏။
"ဂရုစိုက်!"
အကြီးအကဲဝူမှာ လန့်ဖြတ်သွားပြီး ဆေးလုံးကို သူ့လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက် အာလူးပူပူတစ်လုံးကို ကိုင်ထားရသကဲ့သို့ အကြိမ်အနည်းငယ် ဟိုဘက်ဒီဘက်ပစ်ပြီးမှ လုံခြုံစွာဖမ်းဆုပ်လိုက်လေ၏။
"တာအိုပုံစံငါးခု၊ ဒါက ပဉ္စမအဆင့်ဆေးလုံးပဲ! ပြဿနာမရှိတဲ့ပုံပဲဆိုတော့...ငါ အရင်သွားနှင့်တော့မယ်၊ ဒီည အရက်သောက်ကြရအောင်!"
အကြီးအကဲဝူသည် ဆေးလုံးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ရယ်မောလျက် မဝေးသော စံအိမ်ကြီးသို့ အမြန် ပြေးသွားလေသည်။
ချင်ချွမ်းလည်း ပြုံးကာ ခေါင်းခါယမ်းမိ၏။ ထို့နောက် တစ်ဖက်ကိုလှည့်၍ သူ့တောင်ရှိရာသို့ ပျံသန်းသွားလိုက်သည်။
သူ ဆင်းသက်ပြီးသည်နှင့် ချင်ကျီက ပြေးလာ၏။
"အဖေ နောက်ဆုံးတော့ ပြန်လာပြီ!"
ချင်ကျီက ပျော်ရွှင်စွာ အော်ဟစ်နေသည်။
"ဘာဖြစ်လို့ ဒီလောက်တောင် ပျော်နေတာလဲ"
ချင်ချွမ်းလည်း ပြုံးကာ မေးလိုက်၏။
"ဆရာက ကျွန်တော့်ကို အစွမ်းထက်ကျင့်စဉ်တစ်ခု သင်ပေးထားတယ်၊ ကျွန်တော့်ရဲ့အလားအလာတွေက ပြန်ပြီးအသက်ဝင်လာတယ်၊ သိုင်းအဆင့်တိုးတက်မှုနှုန်းကလည်း အရင်ကထက် အများကြီး မြန်ဆန်သွားတယ်!"
ချင်ကျီက စိတ်လှုပ်ရှားစွာ ပြောပြလာသည်။
"အိုး...သန့်စင်သောယန်နယ်ပယ်၊ ပဉ္စမအဆင့်လား"
ချင်ချွမ်း မျက်ခုံးပင့်လိုက်မိ၏။ ဒီကောင်လေးက တကယ် အရှိန်ရနေပုံရသည်။
"ဟဲဟဲ ဒါ့အပြင် ကျွန်တော့်ရဲ့သွေးကြောတွေကလည်း ကျယ်ပြန့်လာတယ်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့ ခွန်အား လည်း တိုးလာလို့ အဆင့်တူထဲမှာဆိုရင် ကျွန်တော့်ရဲ့တိုက်ခိုက်ရေးစွမ်းအားက ပိုပြီးကောင်းတယ်"
ချင်ကျီက အပြုံးဖြင့် ပြောပြလေ၏။
"မဆိုးဘူး"
ချင်ချွမ်းသည် သူ့သားကို ချီးကျူးလိုက်ပြီးမှ ပြောလိုက်သည်။
"မင်းဆရာရဲ့ဆေးဖော်စပ်နည်းတွေက ဒီတစ်ခါမှာ အများကြီးအထောက်အကူ ဖြစ်သွားခဲ့တယ်၊ မင်းရဲ့ဆရာကို အဖေ့ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး"
ချင်ကျီက ခေတ္တ ရပ်တန့်သွားလေ၏။ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးနှင့် စိတ်ချင်းဆက်သွယ်နေသကဲ့သို့ သူ့မျက်လုံးများက ရီဝေနေသည်။ ထို့နောက် အပြုံးဖြင့် လက်ဝှေ့ယမ်းကာ...
"ဆရာက ကျေးဇူးတင်စရာမလိုပါဘူးတဲ့...ဒါက သူ လုပ်ပေးသင့်တာလို့ ပြောတယ်"
"ကောင်းပါပြီ၊ သူပြောတာ မှန်တယ်၊ မိသားစု အချင်းချင်းတွေပဲဆိုတော့ အရမ်းယဥ်ကျေးနေစရာ မလိုပါဘူး"
ချင်ချွမ်းသည် ထိုကဲ့သို့ ပေါ့ပါးစွာ ပြော၍ စံအိမ်ဆီသို့ လျှောက်သွားလိုက်သည်။
ချင်ကျီကလည်း ခေါင်းညိတ်ကာ သူ့အဖေနောက်မှ လိုက်ရန် ပြင်လိုက်၏။
သို့သော်ကြား သူ့ဘယ်ဘက်လက်၌ စိုစွတ်နေသည်ကို ခံစားလိုက်ရကာ သူ့လက်ကို မြှောက်၍ အနက်ရောင်လက်စွပ်ကို ကြည့်လိုက်မိသည်။ ထိုထဲမှ ရေစက်များ ကျနေသည်ကို သူ သတိပြုမိသွားလေ၏။
"ဟမ်...ငါ့လက်စွပ်က ဘယ်တုန်းက ရေစိုသွားတာလဲ"
သူ လက်စွပ်ကို သုတ်လိုက်ပြီးမှ အနောက်ကနေ လိုက်သွားလိုက်သည်။
လက်စွပ်အတွင်းတွင် ရွှေရောင်ဆံပင်နှင့်အမျိုးသမီး သည် 'မိသားစုအချင်းချင်းပဲ' ဟူသော စကားစု၌ နှစ်မြှုပ်နေကာ သူမ၏မျက်နှာက အနည်းငယ် နီရဲနေလေ၏။ သူမ၏မျက်လုံးများက တွေဝေနေပြီး အချိန်အတော်ကြာသည်အထိ ထိုဖြစ်စဥ်ထဲမှ ရုန်းမထွက်နိုင် ဖြစ်နေလေသည်။
…
ညရောက်သောအခါ ချင်ချွမ်း၏စံအိမ်ကြီးသည် မီးရောင်များဖြင့် တောက်ပနေလေ၏။
အဓိကခန်းမထဲတွင် ဒူးခေါင်းအမြင့်လောက်ရှိသော စားပွဲငယ်တစ်လုံး ရှိနေပြီး ချင်ချွမ်းနှင့် အကြီးအကဲဝူတို့ကမူ ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်လျက် မျက်နှာချင်းဆိုင် ရှိနေကြသည်။ အရက်ကောင်းကောင်းတစ်အိုးနှင့် ပယင်းရောင်မြေပဲတစ်ပန်းကန်ကလည်း စားပွဲပေါ်တွင် ရှိနေလေ၏။
သူတို့နှစ်ဦးစလုံးက ပျော်ရွှင်စွာ သောက်စားရင်း စကားပြောနေကြသည်။ မျိုးဆက်ချင်း ခြားနားသော်လည်း သူတို့နှစ်ယောက်ကြား၌ ချစ်ကြည်ရင်းနှီးမှုကို ခံစားရပေ၏။
အချိန်အတော်ကြာပြီးနောက် သူတို့၏ခွက်များကို ချလိုက်ကြသည်။
အကြီးအကဲဝူက ပြုံး၍ ပြောလာ၏။
"ညီလေးချင်ချွမ်း ဘာပဲဖြစ်ဖြစ် ငါ့မြေးရဲ့တန်ထျန်း ပြန်ကောင်းလာတာက မင်းကြောင့်ပါပဲ၊ ဒီ ကျေးဇူးကို သတိရနေပါ့မယ်၊ နောက်ဆို မင်း လိုအပ်တာ တစ်ခုခုရှိရင် ငါ့ကို ပြောပါ"
"ဟားဟား ကျေးဇူးရယ်လို့ မဟုတ်ပါဘူး၊ ချင်ကျီက သူ့ကို ထိခိုက်စေခဲ့တာပဲလေ"
ချင်ချွမ်းက ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။
"ဖြစ်ပြီးတာတွေက ပြီးသွားပါပြီ"
အကြီးအကဲဝူကလည်း ခေါင်းခါယမ်းလျက် ပြောလာ၏။
"သူက အားနည်းသူတွေကို သူ့ရဲ့လက်ပါးစေတွေအနိုင်ကျင့်နိုင်အောင် ခွင့်ပြုခဲ့တဲ့ အပြစ်ကြောင့် ထိခိုက်ခဲ့တာပဲ၊ ဒါဟာ အပြစ်ခံယူထိုက်ပါတယ်၊ ဒါပေမယ့် မင်းဘက်က အခုလို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ"
ချင်ချွမ်း ပြုံးလိုက်သည်။ သူက အလွန်နှိမ့်ချစွာပြုမူနေခြင်း မရှိပေ။ တစ်စုံတစ်ယောက်က သင့်ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်လာသောအခါ အနည်းငယ် နှိမ့်ချစွာပြုမူခြင်းက လုံလောက်ပေ၏။ အလွန်နှိမ့်ချနေပါက အဓိပ္ပာယ်မရှိ ဖြစ်သွားလိမ့်မည်။
သူ ခဏတာ စဉ်းစားလိုက်သည်။ အချိန်အကြာကြီးကတည်းက သူ သိချင်ခဲ့သော အတွင်းသတင်းများကို မေးမြန်းရန်အတွက် ဤအခွင့်အရေးကို အသုံးချရန် ဆုံးဖြတ်လိုက်လေ၏။
"အစ်ကိုဝူ ခင်ဗျားတို့မိသားစုက မျိုးဆက်အလိုက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့တပည့်တွေ ဖြစ်ခဲ့ကြတယ်လို့ ကျုပ် ကြားဖူးနားဝရှိထားတယ်၊ ဒါဆို ဂိုဏ်းရဲ့အကြောင်းတွေ အများကြီးသိမှာပဲ၊ ဟုတ်တယ်မလား"
အကြီးအကဲဝူသည် အံ့အားသင့်သွားရပြီး သတိထားနေသော အရိပ်အယောင်ကို အလိုလိုပြသမိသွားသည်။ သို့သော်ငြား သူ့အမူအရာက ဖြည်းဖြည်းချင်းပြေလျော့သွားခဲ့၏။
"အင်း...အဟုတ်ပဲ၊ မင်း သိချင်တာ ဘာမဆိုမေးလိုက်၊ ဒီနေ့ ငါ သိထားသမျှအားလုံးကို ပြောပြမယ်"
***************