← Chapters

နယ်မြေ၏ရေများနက်ရှိုင်းမှု

Vol. 3 Ch. 44

နယ်မြေ၏ရေများနက်ရှိုင်းမှု

Vol. 3 Ch. 44

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကို အစွမ်းထက်ပုဂ္ဂိုလ်ကြီးခုနစ်ဦးက ပူးပေါင်းတည်ထောင်ခဲ့လို့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းလို့ ခေါ်တယ်လို့ ပြောကြတယ်၊ ဒါက အမှန်ပဲလားဆိုတာ သိချင်ပါတယ်"

ချင်ချွမ်းက စတင်မေးလိုက်သည်။

အကြီးအကဲဝူသည် ခဏတာတွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ကာ...

"မှန်တယ် ကျုပ်တို့ရဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာ ဆရာဘိုးဘေးကြီးခုနစ်ဦးရှိတယ်"

"အဲ့ဒီပုဂ္ဂိုလ်ကြီးခုနစ်ဦးရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ဇာစ်မြစ်တွေကို သိလား"

ချင်ချွမ်းက ဆက်လက်မေးမြန်း၏။

"အဲ့ဒါကိုတော့ မသိဘူး"

အကြီးအကဲဝူက မျက်မှောင်ကြုတ်၍ ဆက်ပြောလာသည်။

"တကယ်တော့ ကျုပ်တို့တွေလည်း ဆရာဘိုးဘေးကြီးခုနစ်ယောက်ရဲ့အကြောင်းကို နည်းနည်းပဲသိတယ်၊ ဘာလို့လဲဆိုတော့ အချက်အလက် နည်းနည်းလောက်ပဲ လက်ဆင့်ကမ်းပေးခဲ့ကြလို့"

"သူတို့က ကိုယ်ခံပညာခုနစ်မျိုး၊ သိုင်းပညာကျင့်စဉ်တွေနဲ့ များပြားတဲ့အမွေအနှစ်တွေကို ချန်ထား ခဲ့ကြပေမယ့် ဂိုဏ်းကို ဦးဆောင်ပြီး ဖွံ့ဖြိုးစေခဲ့တာတော့ မရှိဘူး"

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ဖွံ့ဖြိုးတိုးတက်မှုက ဆရာဘိုးဘေးကြီးတွေရဲ့တပည့်တွေကနေ စတင်ခဲ့တာ၊ အဲ့ဒီဆရာဘိုးဘေးကြီးတွေရဲ့ တပည့်တွေက ထူးချွန်တဲ့ပါရမီရှင်တွေဖြစ်ပြီး ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ကြတာကြောင့် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက တဖြည်းဖြည်း ကြွယ်ဝတိုးတက်လာခဲ့တာပေါ့"

"ဆရာဘိုးဘေးကြီးခုနစ်ဦးကတော့ ဂိုဏ်းက မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေတဲ့အခါ ပျောက်ကွယ်သွားခဲ့တဲ့ပုံရတယ်"

"လူတွေကတော့ သူတို့တွေက တိတ်တဆိတ် ကျင့်ကြံနေကြတယ်လို့ ထင်ကြေးပေးကြတယ်၊ အခု နှစ်ပေါင်းသုံးထောင်ကျော်တောင် ကြာသွားပြီဆိုတော့ သူတို့ မရှိတော့တာ ဖြစ်နိုင်တယ်…"

ချင်ချွမ်းက ခဏတာမျှ စဉ်းစားကာ...

"သူတို့ အသက်ရှင်နေသေးတာလည်း ဖြစ်နိုင်ပါတယ်၊ အန္တိမအဆင့်ကို ရောက်ရှိတဲ့ သိုင်းပညာရှင်တစ်ဦးက နှစ်ပေါင်းထောင်ချီ အသက်ရှင်နိုင်တယ်လို့ ကျုပ် ကြားဖူးတယ်"

"ဟဲဟဲ ဖြစ်နိုင်ပါတယ်လေ"

အကြီးအကဲဝူက ရယ်မော၍ ခေါင်းခါယမ်းလာသည်။ သို့သော်ငြား စိတ်ထဲမှာတော့ မျှော်လင့်ချက် မထားပေ။ ၎င်းအား ချိုမြိန်သည့် စိတ်ကူးယဉ်အဖြစ်သာ ယူဆထားလေ၏။

သိုင်းကျင့်ကြံခြင်းက ဘယ်လိုလုပ် ဒီလောက် လွယ်မည်နည်း။

သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းပါရမီရှင်ပေါင်းများစွာ ထွက်ပေါ်ခဲ့ကြသော်လည်း အချိန်၏စမ်းသပ်ခြင်းကို တကယ် ခံနိုင်ရည်ရှိသူမှာ ဘယ်နှစ်ဦး ရှိသနည်း။

လူအများစုအတွက် သူတို့၏ကျင့်ကြံမှုက တစ်နေရာ မှာ ရပ်တန့်နေကြပြီး သူတို့ မသိလိုက်ခင်မှာပင် မြေကြီးထဲ မြှုပ်နှံခံလိုက်ရသည်။

ချင်ချွမ်းသည် ဝိုင်တစ်ခွက်သောက်၍ ဆက်လက်ပြော လိုက်၏။

"အခု ကျုပ်က ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်နေပေမယ့် ဂိုဏ်းရဲ့အခြေခံအုတ်မြစ် တွေအကြောင်းကိုတော့ သိပ်မသိသေးဘူး၊ အစ်ကိုဝူပဲ ပြောပြပေးလို့ရလား"

အကြီးအကဲဝူက ပုံမှန်အတိုင်းပင် ခဏတာမျှတွန့်ဆုတ်သွားပြီးမှ ပြောလာသည်။

"မင်းလည်း ဂိုဏ်းအကြီးအကဲတစ်ယောက် ဖြစ်တာကြောင့် ပြောပြလို့မရတာမျိုး မရှိပါဘူး"

"လက်ရှိ ကိုယ်ခံပညာခုနစ်ဂိုဏ်းမှာ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်တစ်ရာကျော် ရှိပြီး ပေါ်ပေါ်ထင်ထင်နေတဲ့သူရော ပုန်းကွယ်နေတဲ့လူတွေပါ ပေါင်းရင် ကောင်းကင်တက်လှမ်းနယ်ပယ်က အယောက်နှစ်ဆယ်ကျော် ရှိတယ်၊ ကောင်းကင်တက်လှမ်းနယ်ပယ်၊ နှောင်းပိုင်းအဆင့်က ဆရာဘိုးဘေးကြီးတချို့တောင် ရှိသေးတယ်"

ထိုစကားကို ကြားသောအခါ ချင်ချွမ်း၏ နှလုံးခုန်နှုန်း က မြန်ဆန်သွားလေသည်။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ခမ်းနားကြီးကျယ်မှုက သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေလေ၏။ သူ အသက်ပြင်းပြင်းရှူသွင်းကာ မေးမိသည်။

"ဘယ်လိုလုပ်ပြီး အဲဒီလောက်များနေတာလဲ"

"ဒါက ပုံမှန် မဟုတ်ဘူးမလား"

အကြီးအကဲဝူက သူ့ကို ငဲ့ကြည့်လာပြီး ပြောလေ၏။

"ဂိုဏ်းက နှစ်ပေါင်းသုံးထောင်ကျော် တည်တံ့လာခဲ့တာ၊ ဘယ်လိုလုပ်ပြီး နက်ရှိုင်းမှု မရှိဘဲ နေပါ့မလဲ"

"ဂိုဏ်းတစ်ခုကို ကြည့်လိုက်ရင် လူငယ်မျိုးဆက်သစ်တပည့်ထောင်ပေါင်းများစွာနဲ့အတူ သက်ကြီးပိုင်းအရွယ်က အင်အားကြီးပုဂ္ဂိုလ်ရာပေါင်းများစွာ ရှိတယ်"

"ဒါပေမယ့် စဉ်းစားကြည့်လိုက်လေ၊ အဲ့ဒီသက်ကြီးပိုင်းအရွယ်က အင်အားကြီးပုဂ္ဂိုလ်တွေကလည်း တစ်ချိန်တုန်းက လူငယ်မျိုးဆက်သစ်တပည့်တွေ ဖြစ်ခဲ့ကြတာပဲ၊ အဲ့ဒီခေတ်ကလူတွေအားလုံး ဘယ်ရောက်ကုန်ပြီလဲ"

"အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့တဲ့လူတွေ ရှိ ပြီး ဂိုဏ်းထဲကနေ ထွက်ခွာသွားကြတဲ့လူတွေလည်း ရှိတယ်၊ ဆိုတော့ ကျန်ရှိတဲ့လူတွေက နည်းနည်းလေးပဲ ကျန်ခဲ့မှာလား...မဟုတ်ဘူးပေါ့"

"ဒါ့အပြင် သိုင်းကျင့်ကြံသူတွေရဲ့သက်တမ်းက ယေဘုယျအားဖြင့်တော့ ရှည်လျားကြတယ်၊ ဒါကြောင့် မျိုးဆက်ပေါင်းများစွာက အတူယှဉ်တွဲနေထိုင် ကြပြီး အရေအတွက်တွေက ပိုများလာတာပဲ"

"ကျုပ်ကိုပဲ ဥပမာပြမယ်၊ မင်းက ကျုပ်အိမ်မှာ ကျုပ်နဲ့ ကျုပ်မြေးပဲ ရှိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တစ်ကယ်တော့ အဲ့ဒီလိုမဟုတ်ဘူး၊ ကျုပ်ရဲ့သားနဲ့ချွေးမအပြင် အဖေနဲ့ အဘိုးတောင် အသက်ရှင်နေဆဲပဲ၊ ပြီးတော့ သူတို့ရဲ့ခွန်အားကလည်း အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ထက် မလျော့ဘူး"

ထိုတစ်ချက်၌ အကြီးအကဲဝူသည် လျှို့ဝှက်နက်နဲစွာဖြင့် ပြောလာသည်။

"ဒါကြောင့်… ဘယ်အင်အားစုမဆို သူတို့ပေါ်ပေါ်ထင်ထင်ပြထားတဲ့ ခွန်အားက ရေခဲတောင်ထိပ်လောက်ပဲ ရှိတယ်"

ချင်ချွမ်းတစ်ယောက် အသက်ပြင်းပြင်းရှူသွင်းလိုက်မိ၏။

ထို့နောက် သူ မေးလိုက်သည်။

"အခြားအဓိကဂိုဏ်းကြီးငါးခု နဲ့ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ မိသားစုတွေကလည်း အဲ့ဒီလိုပဲ လား"

"တစ်ခုချင်းစီကတော့ အခြေအနေချင်းမတူကြဘူး၊ သူတို့ရဲ့ခွန်အားက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းနဲ့ မယှဉ်နိုင်ပေမယ့် နိမ့်လည်းမနိမ့်ဘူး"

အကြီးအကဲဝူက စဉ်းစားဟန်ဖြင့် ပြောပြလေ၏။

"တော်ဝင်မိသားစုကရော"

ချင်ချွမ်း မေးလိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် အကြီးအကဲဝူ၏ အမူအရာ က လေးနက်သွားကာ တိုးတိုးလေး ပြောပြခဲ့၏။

"တော်ဝင်မိသားစုကတော့… ကြောက်ဖို့ကောင်းတယ်၊ သူတို့ရဲ့အခြေခံအုတ်မြစ်ကိုပဲ ထည့်သွင်းစဉ်းစားရင်တောင် အဓိကဂိုဏ်းကြီးခြောက်ခုလုံး ပေါင်းတာထက် ပိုပြီးအားကောင်းနိုင်တယ်"

"အဲ့ဒီလောက်တောင် အားကောင်းတာလား"

ချင်ချွမ်းလည်း အံ့အားသင့်သွားရသည်။

သူသည် ကျိုးယန်နယ်မြေ (နေကိုးလုံးနယ်မြေ) နှင့် တော်ဝင်မိသားစုကို လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားခဲ့၏။ သူတို့သည် မြို့အရှင်များနှင့်အတူ အဓိကမြို့ကြီးသုံးဆယ်ခြောက်မြို့ကို အုပ်ချုပ်နေကြသည်။

"တော်ဝင်မိသားစုက နယ်မြေတစ်ခုလုံးရဲ့အုပ်စိုးရှင် ဖြစ်ပြီး နယ်မြေရဲ့အရင်းအမြစ် ငါးပုံတစ်ပုံကို သိမ်းပိုက်ထားတယ်၊ သူတို့ အားကောင်းတယ်လို့ မင်း ထင်လား"

အကြီးအကဲဝူက ခါးသက်စွာ ပြုံးလျက် ပြော၏။

"ဒါပေမယ့် တကယ့်ပြဿနာက အရင်းအမြစ်ကိစ္စ မဟုတ်ဘူး၊ တော်ဝင်မိသားစုထဲမှာ ရှိနေတာပဲ"

"တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်က တကယ်တော့ 'ယန်' ဖြစ်တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်က သူတို့က သူတို့ရဲ့မိသားစုခွန်အားနဲ့ ဒီနယ်မြေကို တည်ထောင်ခဲ့ကြတယ်၊ ဒါက ဘာကိုဆိုလိုတာလဲ မင်း သိလား"

"သူတို့မိသားစုရဲ့ ခွန်အားနဲ့တင် ယခင်က ရှိနှင့်ပြီးသား အဓိကဂိုဏ်းကြီးခြောက်ခုနဲ့ အခြားမင်းမျိုးမင်းနွယ်မိသားစုတွေကို နှိမ်နင်းခဲ့တယ်လို့ ဆိုလိုတယ်"

"အခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်ဦး၊ ယန်မိသားစုက နယ်မြေတည်ထောင်တဲ့အချိန်မှာ သူတို့က အန္တိမနယ်ပယ်က အင်အားကြီးပုဂ္ဂိုလ်သုံးဦးကို စေလွှတ်ခဲ့တယ်"

"အန္တိမနယ်ပယ်ဆိုတာ ဒီကသိုင်းကျင့်ကြံသူတွေအားလုံးကို မျိုးသုဉ်းစေနိုင်တဲ့အဆင့်ပဲ၊ ဒါတောင် သူတို့မှာ သုံးဦး ရှိတယ်၊ ပိုတောင်ရှိရင်ရှိနေဦးမယ်"

"အခု နှစ်ပေါင်းနှစ်ထောင်ကျော် ကြာလာပြီ၊ ယန်မိသားစုက များပြားတဲ့အရင်းအမြစ်တွေရယ်၊ မျိုးဆက်ပေါင်းများစွာရဲ့ကျွမ်းကျင်သူတွေ စုဆောင်း ထားတဲ့ ကျင့်ကြံခြင်း အတွေ့အကြုံတွေနဲ့ ဉာဏ်အလင်းတွေကို ပိုင်ဆိုင်ထားတယ်၊ သူတို့က ကျွမ်းကျင်သူတွေ ဘယ်နှစ်ယောက်တောင်မှ မွေးထုတ်ထားလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ"

ချင်ချွမ်းသည် အကြီးအကဲဝူ၏ လေးလံသောစိတ်ကို သတိပြုမိသဖြင့် အပြုံးဖြင့် ပြောလိုက်သည်။

"ကျင့်ကြံသူတွေ အများကြီးရှိနိုင်ပေမယ့် သေဆုံးခဲ့တဲ့လူတွေလည်း အများကြီး ရှိပါတယ်၊ နှစ်ပေါင်းနှစ်ထောင် ဂျုံစိုက်ထားရင်တောင် လယ်ကွင်းမှာ ကျန် ခဲ့တာက ဒီနှစ်အတွင်း သီးထားတဲ့ သီးနှံတွေပဲ ဖြစ်နိုင်တယ်"

အကြီးအကဲဝူက ချင်ချွမ်းကို ငဲ့ကြည့်ကာ ခါးသက်စွာ ပြုံး၍ ပြော၏။

"ဟဲဟဲ အကျိုးသင့်အကြောင်းသင့်တော့ရှိသားပဲ၊ အဲ့ဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ထိုတွက်ချက်မှုက မမှန်ကန်ဘူးဆိုတာကို သူ သိသည်။ သို့သော်ငြား ချင်ချွမ်းက သူ့ကို နှစ်သိမ့်ပေးရန် ကြိုးစားနေသည်ဆိုတာကို သိသဖြင့် သူ ပြန်လည်ချေပခြင်း မပြုခဲ့ပေ။

ချင်ချွမ်း ပြုံးလိုက်၏။ ထို့နောက် သူ့အမူအရာက တဖြည်းဖြည်း လေးနက်သွားသည်။

"တော်ဝင်မိသားစုက အဓိကဂိုဏ်းကြီးခြောက်ခုကို တိုက်ခိုက်လိမ့်မယ်လို့ ခင်ဗျား ထင်လား"

"အစွန်းရောက်ကိစ္စတွေ မဖြစ်ပွားချင်ရင်တော့ မလုပ် သင့်ဘူး"

အကြီးအကဲဝူက ပြုံးကာ ခေါင်းခါယမ်းလေ၏။

"တော်ဝင်မိသားစုက တောင်သူလယ်သမားတွေ ဖြစ် မယ်ဆိုရင် ကျိုးယန်နယ်မြေက သူတို့ရဲ့စိုက်ပျိုးမြေပဲ"

"ဘယ်တောင်သူလယ်သမားကမှ သူတို့ရဲ့မြေကို မပျက်စီးစေချင်ဘူး၊ အင်အားစုများစွာ ရှိနေတာကပဲ နယ်မြေတစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းပေးနေတာလေ၊ အင်အားကြီးပုဂ္ဂိုလ်တွေ များလေ အရင်းအမြစ်တွေနဲ့ ရတနာတွေ ထုတ်လုပ်နိုင်စွမ်းက ပိုမြင့်လေပဲ"

"ပြီးတော့ ကျုပ် အရင်က ပြောခဲ့သလိုပဲ...နယ်မြေတစ်ခုလုံးရဲ့ အရင်းအမြစ် ငါးပုံတစ်ပုံနီးပါးလောက်က တော်ဝင်မိသားစုရဲ့အိတ်ထဲကို ရောက်သွားတာလေ"

"ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့စကားနဲ့ပြောရမယ်ဆိုရင် အခု ထင်ပေါ်ကျော်ကြားနေတဲ့ ဂိုဏ်းအင်အားစုတွေက တကယ်တမ်းကျ တော်ဝင်မိသားစု အတွက် အလုပ်လုပ်နေကြတာပဲ"

ချင်ချွမ်းက ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ သူ သိချင်သောအရာအားလုံးကို မေးမြန်းပြီးလေပြီ။

ကျိုးယန်နယ်မြေ၏နက်ရှိုင်းမှုက အလွန်ကြီးမား၏။ယခု အကြီးအကဲဝူ ထုတ်ဖော်ပြောဆိုလာသည့် အချက်များက မမျှော်လင့်ထားစွာပင် သူ့အတွက် ပျော်ရွှင်စရာများ ဖြစ်ခဲ့ပေသည်။

နက်ရှိုင်းသောရေက ကောင်းမွန်၏။

နက်ရှိုင်းသောရေက အာဟာရဖြစ်စေသည်။

…

အချိန်က ကုန်လွန်သွားကာ တစ်လ ကုန်ဆုံးသွားခဲ့၏။

ထိုအချိန်အတွင်း ချင်ကျီက သူ့အဖေကို စိတ်လှုပ်ရှားစွာ ပြောခဲ့ခြင်းမှာ သူ့သိုင်းပညာသည် သန့်စင်သောယန်နယ်ပယ်၊ သတ္တမအဆင့်သို့ ချိုးဖောက်ခဲ့ပြီး နဝမအဆင့်ကိုပင် လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်ခဲ့သည်ဟူ၍ပင်။

သို့သော်ငြား ချင်ချွမ်းကတော့ စိတ်မလှုပ်ရှားခဲ့ပေ။အကြောင်းမှာ သူကတော့ ဘာတိုးတက်မှုမှ မရှိခဲ့သောကြောင့်ပင်။

သူ၏သိုင်းကျင့်ကြံခြင်းပါရမီသည် တော်တော်လေးကို သာမန်ဖြစ်နေကြောင်း သူ သဘောပေါက်ခဲ့သည်။ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ အဋ္ဌမအဆင့်သို့ ရောက်ရှိခြင်းမှာ သူ၏အလားအလာကန့်သတ်ချက် ကိုပင် ကျော်လွန်နေခဲ့၏။

သူ၏သိုင်းအဆင့်ကို စနစ်ဖြင့် အတင်းအကျပ်မြှင့်တင် ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဘိလပ်မြေလောင်းသကဲ့သို့ခိုင်ခံ့နေပြီး နေရာအတည်ကျသည်နှင့် မပျက်စီးနိုင်တော့ပေ။ သို့သော်ငြား ကိုယ့်ဘာသာကိုယ်ဆက်လက်တိုးတက်နိုင်ခြင်း မရှိတော့ဘဲ ဘိလပ်မြေဖို့၍ဖြင့်သာ အားကောင်းလာနိုင်ပေ၏။

စနစ်က သူ၏ဘိလပ်မြေ ဖြစ်သည်။

ဝူရှို့နှင့် ဖြစ်ပွားခဲ့သောကိစ္စပြီးကတည်းက ချင်ကျီက ပို၍နာခံလာပြီး ကိစ္စများကို အလျင်စလို မလုပ်ဆောင် တော့ဘဲ ကိုင်တွယ်ခဲ့၏။

ထို့ကြောင့် ဤတစ်လလုံးလုံးမှာ ချင်ကျီသည် ပြဿနာမရှာခဲ့ပေ။

ချင်ချွမ်းအတွက်ကတော့ အားလပ်ရက်ရသလိုပင်။ သူ့သားက ပြဿနာ မရှာမည်ကို သူ လုံးဝစိတ်မပူခဲ့ပေ။

ကံကြမ္မာရဲ့သားတော်က ပြဿနာတွေကို ရှောင်ရှားနိုင်မယ်လို့ ထင်နေတာလား။

နောင်ဘဝမှသာ ဖြစ်နိုင်လိမ့်မည်။

နောက်ဆုံး၌ စိတ်လှုပ်ရှားစရာကောင်းသော သတင်းတစ်ခု ရောက်ရှိလာသည်။ ကောင်းကင်မျက်လုံးတောင်တွင် အင်အားကြီးပုဂ္ဂိုလ်များ၏ အမွေအနှစ်များ ထွက်ပေါ်လာခဲ့ပြီး နယ်မြေတစ်ခုလုံးမှ ပါရမီရှင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့လေ၏။

ထိုအချိန်တွင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းလည်း ပွက်လောရိုက်နေခဲ့သည်။ လူငယ်မျိုးဆက်ပါရမီရှင်ပေါင်းများစွာက သူတို့၏ကံကြမ္မာကို စမ်းသပ်ရန် စိတ်အားထက်သန်နေကြ၏။

အမွေအနှစ်များနှင့် အခွင့်အလမ်းများအတွက်သာမက ရွယ်တူများဖြင့် ယှဉ်ပြိုင်ရန်နှင့် ကျော်ကြားမှုကို တည်ဆောက်ရန်အတွက်လည်း ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို စုံစမ်းပြီးနောက်မှာ ချင်ချွမ်းသည် ချင်ကျီကို ခရီးထွက်ခွာခွင့်ပြုရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်၏။

သူ ဇာတ်ညွှန်းကို စီစဉ်ပြီးလေပြီ။

***********************

All Chapters