ကောင်းကင်မျက်လုံးတောင်
Vol. 3 Ch. 45
ကောင်းကင်မျက်လုံးတောင်သည် မူလက ကျက်တီးမြေကြီးတစ်ခုဖြစ်ခဲ့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်က ရုတ်တရက် ပြိုကျခဲ့ပြီး ရှေးဟောင်းမြေအောက်အမွေအနှစ်ကို ထွက်ပေါ်စေခဲ့သည်။
အမွေအနှစ်ပတ်ပတ်လည်ရှိ အမှတ်အသားများကို စိစစ်လေရာ ၎င်းသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ချန်ရစ်ထားခဲ့သော ကျောက်ဂူအိမ်တော်ကြီး ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြ၏။
ထိုအမွေအနှစ်ထွက်ပေါ်ပြီးနောက်မှာ ၎င်း၏ဝင်ပေါက်က အလင်းလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရပြီး ၎င်းသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းလာလေသည်။
ပထမဆုံးရောက်ရှိလာသူများအနေဖြင့် မဝင်ရောက်နိုင်ခဲ့သည့်အတွက် အမွေအနှစ်အပြင်ဘက်တွင် လူများက ပို၍စုဝေးလာကြ၏။
အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ မိသားစုများမှ တိုက်ရိုက်မျိုးဆက်များ၊ အဓိကဂိုဏ်းကြီးများမှ ပါရမီရှင်များနှင့် သူတို့၏ ကံကြမ္မာကို စမ်းသပ်လိုသော လွတ်လပ်စွာနေထိုင်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများလည်း ပါရှိသည်။
မတူညီသောလူများက မတူညီသောအစုအဝေးများကို ဖွဲ့စည်းထားကြကာ ၎င်းတို့အနက် အစုအဝေးတစ်ခု သည် အထူးထင်ရှားလှ၏။
ထိုအစုအဝေးထဲတွင် ရွှေရောင်ပိုးထည်ဖြင့်ချုပ်လုပ်ထားသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦး ရှိသည်။ သူမ၏မျက်နှာ အသွင်အပြင်များမှာ လှပနူးညံ့နေပြီး သိမ်မွေ့ ကျက်သရေရှိသော မင်းမျိုးမင်းနွယ်အရှိန်အဝါလည်း ရှိနေပေ၏။
သူမ၏ဘေးတွင် ကျော်ကြားသောနောက်ခံရှိသည့် လူငယ်မျိုးဆက်ပါရမီရှင်များက စကားဝိုင်းပြောနေကြကာ လိုအပ်သည်ထက် ပိုပြီးရိုကျိုးနေကြသည်။ သို့သော်ငြား သူမကတော့ တစ်လျှောက်လုံး တည်ငြိမ်စွာ နေနေ၏။
"သူက မင်းသမီးချူယွင် လား"
လူအုပ်ကြီးကြားထဲမှ ချင်ကျီသည် လူအများ၏ စိတ်ဝင်စားမှုကို ခံနေရသော မိန်းကလေးအား တိတ်တဆိတ် လေ့လာနေသည်။ ခရီးမထွက်ခင်၌ သူ့အဖေနှင့် ပြောဆိုခဲ့သော စကားများက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေလေ၏။
"ရှောင်ကျီ မင်း မသွားခင်မှာ အဖေ မင်းနဲ့ ဆွေးနွေး ချင်တာ တစ်ခုရှိတယ်"
"ဆက်ပြောပါ အဖေ"
"အဖေ အရင်က ဂါရဝသွားပြုခဲ့တဲ့ သူငယ်ချင်းဟောင်းကို မှတ်မိသေးလား၊ သူ့မြေးမလေးကလည်း ကောင်းကင်မျက်လုံးတောင်က အမွေအနှစ်ဆီကို သွားနေတယ်လို့ အဖေကြားတယ်၊ အဲ့ဒီမိန်းကလေးက အမွေအနှစ်ထဲမှာ အန္တရာယ်နဲ့ ကြုံခဲ့ရင် မင်း ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်"
"အာ...အဖေက ကျွန်တော် အန္တရာယ်နဲ့ ကြုံမှာကို မစိုးရိမ်ဘူးလား"
"ဟားဟား မင်းရဲ့ရှင်သန်နိုင်စွမ်းကို အဖေ ကောင်းကောင်းသိတယ်၊ ပြီးတော့ မင်းရဲ့ဆရာလည်း ရှိနေတာပဲ၊ ဘာကိုစိုးရိမ်နေတာလဲ"
"ကောင်းပါပြီ… အဖေ့သူငယ်ချင်းဟောင်းရဲ့ မြေးမလေး နာမည်နဲ့ ဂုဏ်ပုဒ်က ဘာလဲ"
"မင်းသားနန်စံအိမ်က တော်ဝင်မင်းသမီး ချူယွင်"
ချင်ကျီသည် အတွေးထဲမှ ပြန်ရုန်းထွက်ရန် အချိန်အကြာကြီးယူခဲ့ရသည်။ ထို့နောက် သူ့နားထင်ကို ပွတ်သပ်ကာ သူ့မျက်နှာပေါ်၌ ခါးသီးသောအပြုံးတစ်ခု ပေါ်လာ၏။
သူ့မျက်နှာချင်းဆိုင်မှ မိန်းကလေးသည် လမင်းပတ်ပတ်လည်မှ ကြယ်များကဲ့သို့ ထိပ်တန်းလူငယ်များ၏ ဝိုင်းရံခြင်းကို ခံနေရသည်။ သူ့အတွက် သူမကို ချဉ်းကပ်ပြီး နှုတ်ဆက်ရန်မှာ ခက်ခဲလှ၏။
ထို့အပြင် အခုအချိန်၌ သူ ဆက်သွယ်ပြောဆိုရန် ကြိုးစားလျှင် ဟင်္သာကို တပ်မက်နေသော ဖားတစ်ကောင်ကဲ့သို့ အထင်ခံရပြီး အခြားသူများ၏ အထင်သေးခြင်းကို ခံရနိုင်သည်။
ထို့ကြောင့် သူ မသွားရန် ဆုံးဖြတ်ခဲ့ပြီး တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့၏။
"ဖတ်!"
ရုတ်တရက် သူ့ပခုံးကို လက်တစ်ဖက်က ပုတ်လာသည်။ သူ လှည့်ကြည့်လိုက်တော့ အပြာရောင်ဝတ်စုံဖြင့် ခန့်ညားနေသော လူငယ်တစ်ယောက်က သူ့ကို နောက်ပြောင်သလိုမျိုး ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ကြည့်နေတာ ရပ်တော့...မိန်းကလေးတစ်ယောက်ပဲလေ၊ အချို့မိန်းကလေးတွေက ဆွဲဆောင်မှုရှိပုံရပေမယ့် အဝတ်ချွတ်ပြီးတာနဲ့...ဘာမှထူးခြားတာမရှိဘူး"
ချင်ကျီသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျောက်ရှစ်ရှုန်း ဒီလိုပြောနေတာကို တစ်ယောက်ယောက် ကြားသွားမှာ မစိုးရိမ်ဘူးလား"
(T/N *ရှစ်ရှုန်း- စီနီယာအစ်ကို )
အပြာရောင်ဝတ်စုံနှင့်လူငယ်က ဂရုမစိုက်စွာ ရယ်မောလာပြီး ပေါ့ပေါ့ပါးပါး ပြောလေ၏။
"ကြားတော့ ဘာဖြစ်လဲ၊ ဘယ်သူက ငါ့ကို ဘာလုပ်ရဲမှာလဲ"
ထိုစကားကြောင့် ချင်ကျီ၏နှုတ်ခမ်းက တွန့်သွားရသည်။
တကယ် အမှန်ပင်။
သူ့အရှေ့မှာရှိသည့် ကျောက်ယွင်ရှန်းဟု ခေါ်သော ထိုလူသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းခေါင်းဆောင် ကျောက်ဖန်လုံ၏ တစ်ဦးတည်းသောသား ဖြစ်ပြီး ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင်လည်း ဖြစ်၏။
ထိုကဲ့သို့အဆင့်အတန်းမျိုးနှင့်ဆိုလျှင် ကျောက်ယွင်ရှန်းက တော်ဝင်ဘိုးဘေးများကို လူသိရှင်ကြား စော်ကားခြင်း မပြုသရွေ့ ဘာပြောပြော ပြဿနာမရှိနိုင်ပေ။
"ကျောက်ရှစ်ရှုံး ဒီလိုဆိုရင်တောင် ကျွန်တော်တို့တွေ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ လို သေးတယ်၊ ပြီးတော့ ခင်ဗျားက အနာဂတ်မှာ ဂိုဏ်းခေါင်းဆောင်ရဲ့ရာထူးကို အမွေဆက်ခံရမယ့်လူ"
သူတို့ဘေးမှ လူငယ်တစ်ယောက်က ဝင်ပြောလာသည်။
ဝူစန်းဟုခေါ်သော ထိုလူငယ်လေးကလည်း ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ အကြီးအကဲတစ်ဦး၏မြေး ဖြစ်ပြီး ဂိုဏ်း၏ ဂုဏ်ထူးဆောင်တပည့်များ ထဲက တစ်ဦးလည်း ဖြစ်ပေ၏။
ဂုဏ်ထူးဆောင်တပည့်များက အဓိကတပည့်များ ထက် အဆင့်မြင့်သည်။ အနိမ့်ဆုံးအနေဖြင့် သူတို့၏ခွန်အားက သန့်စင်သောယန်နယ်ပယ်မှာ ရှိရမည်ဖြစ်ကာ နောက်ခံလည်း ရှိရမည်။
"ဟားဟား ဘာဂိုဏ်းခေါင်းဆောင်ရာထူးလဲ၊ အဲ့ဒီလိုမပြောကြပါနဲ့၊ အနာဂတ်မှာ ဂိုဏ်းခေါင်းဆောင်ရာထူးကို အမွေဆက်ခံနိုင်မယ့်လူက ခွန်အားပေါ်မှာ မူတည်တယ်"
ကျောက်ယွင်ရှန်းက နှိမ့်ချစွာ ရယ်မောလေ၏။ သို့သော်ငြား သူ့ဟန်ပန်ကတော့ သိသိသာသာ ဝင့်ကြွားနေပြီး စိတ်ကောင်းဝင်နေကြောင်း ပြသနေသည်။
သူသည် ဂိုဏ်းခေါင်းဆောင်ရာထူးကို သူ့လက်ထဲမှ အရာတစ်ခုအဖြစ် အချိန်အကြာကြီးကတည်းက ယူဆထားခဲ့ပြီး ထိုအရာကလည်း သူ့အပေါ်မှာ ထားရှိသော သူ့အဖေ၏မျှော်လင့်ချက် ဖြစ်၏။
ယခု ဂိုဏ်းထဲမှ အကြီးအကဲများကလည်း သူ့ကို နှစ်သက်ကြသလို တပည့်များကလည်း နှစ်သက်ကြသည်။ သဘာဝကျစွာပင် သူက လူအများ၏ မျှော်လင့်ချက်မှန်း သိသာပေ၏။
ထိုအရာများကြောင့် သူ့နှလုံးသားထဲမှာလည်း ရည်မှန်းချက်များ ပြည့်နှက်လာရသည်။ သူသည် ယခုချက်ချင်းပင် ဂိုဏ်းခေါင်းဆောင်ပလ္လင်ပေါ်သို့ တက်ကာ သူ့ဂိုဏ်းကို အမြင့်ဆုံးဘုန်းကျက်သရေဆီသို့ ခေါ်ဆောင်သွားနိုင်ရန် စိတ်အားထက်သန်နေလေ၏။
ထိုသို့သော ခံစားချက်ကြောင့်ပင် ဂိုဏ်းထဲမှတပည့်ငယ်များအပေါ်၌ သူ သံယောဇဉ်ရှိကာ ကြင်နာစွာဆက်ဆံမိခဲ့သည်။
"ဘုန်း!"
ထိုအချိန်၌ အသံတစ်ခု မြည်လာပြီး အမွေအနှစ်ဝင်ပေါက်ရှိ အပြာရောင်အလင်းလွှာသည်လည်း အကြိမ်အနည်းငယ်ခန့် တဖျတ်ဖျတ် လင်းလက်ပြီးနောက် လုံးဝပြိုကျသွားလေ၏။
"ဟားဟား နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီ!"
"သွားကြစို့!"
"ရှစ်မေ့ ငါ ဝင်တော့မယ်"
(T/N - *ရှစ်မေ့ - ဂျူနီယာညီမလေး)
"ရှစ်ရှုန်း ဖြည်းဖြည်းသွားပါဦး"
"အမွေအနှစ်တွေက ငါ့ဟာပဲ!"
စိတ်မရှည်သောလူများက စိတ်လှုပ်ရှားလာကြပြီး အမွေအနှစ်၏ မှောင်မိုက်နေသောဝင်ပေါက်ထဲသို့ အမြန်ပင် အပြေးအလွှား သွားနေကြသည်။
"ငါတို့လည်း သွားကြစို့"
ကျောက်ယွင်ရှန်းကလည်း ပြုံး၍ ပြောလာ၏။
"ရှစ်ရှုန်းတို့ အရင်သွားနှင့်ပါ ကျွန်တော် ခဏနေမှ လိုက်လာခဲ့မယ်"
ချင်ကျီသည် မင်းသမီးချူယွင်ဘက်သို့ လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
မင်းသမီးချူယွင်ကို ကာကွယ်ပေးမည်ဟု သူ့အဖေကို ကတိပေးထားသောကြောင့် သူ သူမအား အမြဲစောင့်ကြည့်နေရမည်ဖြစ်ပြီး သူ့မျက်စိအောက်မှ ပျောက်ကွယ်သွားခွင့် ပေးလို့မရပေ။
"အမ်.."
ကျောက်ယွင်ရှန်းသည် ချင်ကျီ၏အကြည့်နောက်သို့ လိုက်ကြည့်ပြီးနောက် အဓိပ္ပာယ်ရှိသော အပြုံးတစ်ခုကို ပြသလိုက်လေ၏။
"ချင်ကျီရှစ်တိ မိန်းကလေးတွေက လှတယ်ဆိုပေမယ့် အမြဲစိုက်ကြည့်နေဖို့တော့ မလိုပါဘူး"
(T/N *ရှစ်တိ - ဂျူနီယာညီလေး)
"ကျွန်တော်…ရှစ်ရှုန်း ထင်နေသလို မဟုတ်ပါဘူး၊ တကယ်တော့ ကျွန်တော်…"
ချင်ကျီ၏မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီမြန်းသွားရကာ မည်သို့ရှင်းပြရမည်ကိုပင် မသိတော့ပေ။
"ငါနားလည်တယ်...ငါ လုံးဝနားလည်တယ်"
သူ ချင်ကျီအား မျက်ခုံးပင့်ပြ၍ အားပေးသော လေသံ ဖြင့် ပြောလိုက်၏။
"တကယ်တော့ ငါတို့လည်း အလျင်မလိုပါဘူး၊ ခဏစောင့်ရတာက ပြဿနာမရှိဘူး"
ချင်ကျီ၏ပါးစပ်မှာ အနည်းငယ်တွန့်သွားရသည်။ တစ်ဖက်လူက အထင်လွဲနေကြောင်းကို သူ သိသော်လည်း ထိုကိစ္စအား ရှင်းရှင်းလင်းလင်း ရှင်းပြရန်မှာ ခက်ခဲပေ၏။
ထို့ကြောင့် ထိုအထင်လွဲမှုအား တိတ်ဆိတ်စွာပင် အတင်းအကြပ်ခံယူလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် မင်းသမီးချူယွင်က ကြာကြာရပ်မနေခဲ့ပေ။ အရှေ့တွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးသည်နှင့် သူမသည်လည်း သူမ၏ လူများနှင့်အတူ အမွေအနှစ်အတွင်းပိုင်းသို့ ဦးဆောင်ကာ ဝင်ရောက်သွားခဲ့၏။
ချင်ကျီလည်း သူ့အဖော်နှစ်ဦးနှင့်အတူ သူမအနောက်ကို တိတ်တဆိတ်လိုက်ခဲ့သည်။
ကျောက်ယွင်ရှန်းသည် ချင်ကျီကို စည်းရုံးရန်အတွက် အစွမ်းကုန်ကြိုးစားနေခဲ့ပြီး အနောက်မှ လိုက်လာသော ဝူစန်းကမူ နှုတ်ဆိတ်နေခဲ့၏။
အတန်းလိုက် ဝင်ရောက်ခဲ့ကြသော လူများအနက် ပုံမှန်မဟုတ်သော ရုပ်ရည်များရှိသည့် လူငယ်အချို့ သည် အချင်းချင်း တိတ်ဆိတ်စွာ မျက်စပစ်နေကြသည်။ သူတို့၏မျက်လုံးထဲ၌ ဆိုးယုတ်သောအရိပ်အယောင်တစ်ခုက လက်ခနဲ ပေါ်ပေါက်သွားခဲ့၏။
အနီးကပ်စစ်ဆေးကြည့်လျှင် သူတို့၏လည်ပင်းများ၌ သဲပွင့်နှင့် ဆင်တူသော မှိန်ဖျော့ဖျော့ ငွေဖြူရောင် ပုံစံ တစ်ခု ရှိနေသည်ကို တွေ့ရလိမ့်မည်။
အလင်းမဲ့သဲ။
၎င်းသည် နေကိုးလုံးနယ်မြေတွင် အစွမ်းထက်သည့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မင်းသားနန်စံအိမ်မှ မင်းသမီးချူယွင်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် တာဝန်တစ်ခုကို လက်ခံရရှိထားကြသည်။
မူလတွင် 'အလင်းမဲ့သဲ' အဖွဲ့အစည်းသည် မင်းသားနန်စံအိမ်ကဲ့သို့ အင်အားစုများကို ရန်စရန် စိတ်မဝင်စားသောကြောင့် ထိုသို့သော တာဝန်များကို လက်မခံခဲ့ပေ။
သို့သော်ငြား လက်ရှိတာဝန်က ထူးဆန်း၏။
သရုပ်ပြရုံသက်သက်ပင်။
တစ်ရက် အမဲလိုက်ရန်ပင်ဖြစ်ကာ တကယ်သတ်ရန် မလိုပေ။
ထိုအရာက တာဝန်ကို အန္တရာယ်နည်းစေသည့်အပြင် အခက်အခဲလည်း နည်းစေကာ အားထုတ်ကြိုးပမ်းမှုမရှိဘဲ ပိုက်ဆံကို အလွယ်တကူ ရရှိနိုင်သည်။
ထို့ကြောင့် သူတို့လည်း ထိုတာဝန်ကို ယူလိုက်ကြ၏။
သို့သော်ငြား သူတို့ နားမလည်နိုင်သည်မှာ...
ဘာကြောင့်များ လျှို့ဝှက်သောအလုပ်ရှင်က လုပ်ကြံသတ်ဖြတ်သူများကို ငှားရမ်း၍ ပစ်မှတ်ကို မသတ်စေဘဲ ဒီလိုလုပ်ရသနည်း။
သူ့ရည်ရွယ်ချက်က ဘာလဲ။
သူ့ဆီမှာ ပိုက်ဆံအရမ်းပေါနေလို့ ဖြုန်းတီးဖို့များ လိုနေလို့လား။
သူတို့လည်း အဖြေမရှာနိုင်သဖြင့် ဆက်မစဉ်းစား တော့ရန် ဆုံးဖြတ်ခဲ့လေသည်။ 'အလင်းမဲ့သဲ' အဖွဲ့အစည်းသည် အကြောင်းပြချက်များကို ဘယ်တော့မှမမေးပေ။ ကိုယ့်ကျင့်သိက္ခာကိုလည်း ဂရုမစိုက်ဘဲ ပြဿနာဖြေရှင်းရန်အတွက် ပိုက်ဆံသာ ယူကြခြင်းဖြစ်၏။
အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။
အမွေအနှစ်အတွင်းတွင် အန္တရာယ်အမျိုးမျိုးက ပေါ်ပေါက်လာသလို အခွင့်အလမ်းများ ပေါ်လာ သည်နှင့် လူအပေါင်းက စတင်တိုက်ခိုက်လာကြ၏။
"အား! မြွေတစ်ကောင် ရှိတယ် အထဲဝင်လာပြီ!"
"ဘုန်း!"
"အား! ငါ့ကျောက်ကပ်!"
"မျောက်က ငါ့မက်မွန်သီးတွေ ခိုးသွားတယ်!"
"အောက်တန်းကျလိုက်တာ!"
တစ်ချိန်တည်းမှာပင် မြင်ကွင်းများက ရှုပ်ထွေးပွေလီနေသည်။
အမွေအနှစ်၏ ပိုင်ရှင်သည် အင်အားကြီးပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့သောကြောင့် သဘာဝကျစွာပင် များပြားသောစည်းစိမ်ကို ပိုင်ဆိုင်ခဲ့လေ၏။ ပြင်းထန်သောဝိုင်နံ့ရှိသည့် ကျောက်စိမ်းညဉ့်အိုးတစ်ခုတည်းနှင့်တင် လူများစွာအတွက် လုယူကြရန် လုံလောက်သည်။
သို့သော်ငြား ထိုအရာများကို အရေးမပါလှသော လူများသာ လုနေကြခြင်းပင်။ တကယ်တမ်း ဩဇာအာဏာရှိသော အင်အားစုများ၏ ပါရမီရှင်များ သည် ထိုကဲ့သို့သော အရာများကို ယှဉ်ပြိုင်လုယူရန် စိတ်မဝင်စားကြပေ။
ချင်ကျီနှင့် သူ့အဖော်များကဲ့သို့ပင်။ သူတို့သည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ဂုဏ်ထူးဆောင်တပည့်များဖြစ်ရာ သဘာဝကျစွာပင် သာမန်ပစ္စည်းများကို အထင်သေးကြ၏။
ချင်ကျီကမူ မင်းသမီးချူယွင်ကို အမြဲသတိထားကာစောင့်ကြည့်နေသည်။ သူမအပေါ် အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာပါက ချက်ချင်း ပြေးကူရန် အသင့်ရှိနေလေ၏။
အလှလေးအား ကယ်တင်သော သူရဲကောင်း အနေဖြင့် မဟုတ်ဘဲ သူ့အဖေက သူ့ကို တာဝန်ပေးခဲ့သောကြောင့်ဖြစ်ပြီး သူ့အဖေကို စိတ်ပျက်စေလို့ မဖြစ်ပေ။ ထို့ကြောင့် ဤတာဝန်ကို ပြီးပြည့်စုံစွာဖြင့် ပြီးမြောက်စေရန် လုပ်ဆောင်ရမည်။
ထိုတာဝန်နှင့် နှိုင်းယှဉ်လျှင် အမွေအနှစ်ထဲမှ အခွင့်အလမ်းများကို သူ သိပ်ပြီးစိတ်မဝင်စားပေ။ မကြာသေးခင်က သူ တာအိုလမ်းစဉ်ကို လေ့လာရန် အာရုံစူးစိုက်နေခဲ့သည်။ သူ့အဖေကသာ သူ့ကို အပြင်ထွက်ရန် တိုက်တွန်းခဲ့ခြင်း မရှိပါက သူသည် ဤတောင်ပေါ်သို့ ခြေချမည်ပင် မဟုတ်ချေ။
********************