ဒီနေ့ည သခင်လေးကိုဖျော်ဖြေပေးလိုက်
Vol. 4 Ch. 49
“မျက်နှာနက်ကျား… မင်းသတ္တိရှိရင် ငါ့ဆီက ပိုက်ဆံလာယူလှည့်….”
“ချန်မိသားစု ကလေးတွေနဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်နေတယ်… မင်းဘာလုပ်တာလဲ….”
ချက်ချင်းဆိုသလိုပဲ….
ခန်းမထဲမှာရှိသည့်လူတိုင်း အလွန်ကြောက်လန့်သွားကြသည်။
ကြောက်လွန်းသည့်လူအချို့ဆိုရင် အော်တောင် အော်ဟစ်လိုက်ကြ၏။
“အား…. သရဲ….”
အမျိုးသမီးမိသားစုဝင်တွေအားလုံး ဖြူဖျော့သွားကြပြီး အပြင်ကို ထိတ်ထိတ်ပျာပျာနှင့် ပြေးကုန်ကြ၏။
အမျိုးသားအဖွဲ့ဝင်တွေလည်း ထိတ်လန့်ကုန်ကြ၏။
မျက်နှာနက်လည်း ကြောက်လန့်ပြီး တုန်ယင်နေခဲ့သည်။ သူ၏ အလွန်ဝသည့် မျက်နှာက ထိမ်းမရသိမ်းမရ တုန်ယင်နေပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
“သရဲခြောက်တာလား….”
ချန်းစီလင်နှင့် လျိုချီမင်းတို့ သာအမိသာ ပျော်ရွင်စွာနှင့် ခေါင်းတလားဆီကို ပြေးသွားကြ၏။
ချန်းယုချို မျက်လုံးတွေ ဖြည်းညင်းစွာ ပွင့်လာတာကို မြင်သည့်အခါ သူတို့က ပျော်ရွင်စွာ အော်ပြောလိုက်ကြသည်။
“အဖေ….”
“ယောက်ျား….”
ထိုမှသာလျှင် လူတိုင်း စိတ်အေးသွားခဲ့ ကြသည်။
သူတို့က ဝိုင်းအုံလာပြီး အသက်ပြန်ရှင်လာသည့် ချန်းယုချိုကို ကြည့်ကာ အံ့သြတုန်လှုပ်နေကြသည်။
“မိသားစုခေါင်းဆောင် တကယ်ပဲ အသက်ပြန်ရှင်လာပြီ…..”
“ဒီ နံပါတ် ၁ အရိပ်စောင့်က တကယ်ပဲ အသက်ပြန်ရှင်အောင် လုပ်နိုင်တာပဲ….”
“နတ်ဆေးဆရာ, တကယ် နတ်ဆေးဆရာပဲ…..”
ယဲ့ချင်းရွယ်၏ လှပသည့်မျက်နှာကလည်း အံ့သြတုန်လှုပ်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
“နံပါတ် ၁ အရိပ်စောင့်က နတ်ဆေးဆရာလည်း ဖြစ်သေးတာလား…”
“နေပါအုန်း… သူ တကယ်ပဲ မသေမျိုးဆေးကျမ်းက တစ်ခုခု သင်ယူနိုင်ခဲ့တာလား….”
“မဖြစ်နိုင်တာ… ဘယ်သူမှ အဲ့ဒီဆေးစာအုပ်ကို နာမလည်နိုင်ဘူးလေ…”
သို့ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နံပါတ် ၁ အရိပ်စောင့်၏ အံ့ဖွယ်ဆေးပညာက အစစ်အမှန်ပဲ ဖြစ်သည်။
သူမက ကျူးဂျန်ရှန်ကို တစ်ချက်ကြည့်လိုက်ပြီး လေးလေးနက်နက် စဥ်းစားနေခဲ့သည်။
လူတိုင်း၏အကူအညီနှင့် ချန်းယုချို မိသားစုခေါင်းဆောင် ထိုင်ခုံမှာ ထိုင်လိုက်၏။
သူက မျက်နှာနက်ကျားကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းက စာချုပ်လိုချင်တာလား….”
သူက ပါးစပ်ကိုဖွင့်ပြီး သွားတုတစ်ချောင်းကို အားနှင့် ဆွဲထုတ်လိုက်၏။
သွားတုက အပေါက်ဖြစ်နေပြီး အထဲ၌ စာရွက်သေးသေးလေး လိပ်ထည့်ထားခဲ့သည်။
စာရွက်ဖွင့်လိုက်သည့်အခါ ထိုအရာက မျက်နှာနက်ကျား လက်မှတ်ထိုးထားသည့် စာချုပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
“ငါမင်းကို အကြွေး ၁၀ သိန်း ပြန်ပေးတုန်းက မင်းကိုယ်တိုင် ဒီစာချုပ်ကို ရေးခဲ့တာလေ။ မင်းမှတ်မိတယ် မလား….”
ချန်းယုချို အော်ပြောလိုက်၏။
ချန်မိသားစုဝင်တွေ နားလည်သွားကြသည်။
သူတို့ ချန်းယုချိုကို ပြန်သယ်လာတုန်းက စာချုပ်မတွေ့တာ မအံ့သြတော့ပေ။
လက်စသတ်တော့ သူက မျက်နှာနက်ကျား အစီအစဥ်ကို ကြိုတင်သိနေတာပဲဖြစ်သည်။ ထို့ကြောင့် စာချုပ်ကို ထိုကဲ့သို့ လျို့ဝှက်နေရာမှာ သိမ်းဆည်းထားခဲ့တာဖြစ်သည်။
သူ့အကြံအစီ ပေါ်သွားသည့်အခါ မျက်နှာနက်ကျား ထွက်ပြေးသွားခဲ့သည်။
ဝန်းရံခံရလျှင် ချန်မိသားစုမှ လွတ်မြောက် တော့မည်မဟုတ်ပေ။
ကိစ္စတွေပြီးသွားပြီဟု လူတိုင်းတွေးနေစဥ်မှာပဲ ချန်းယုချို ရုတ်တရက် အော်ပြောလိုက်၏။
“ချန်းဝူဂျီ, ဒီကိုလာခဲ့စမ်း…..”
လူတိုင်း လှည့်ကြည့်လိုက်သည်။
ချန်မိသားစု၏ အမြဲတစေ ဂုဏ်ယူရသည့် နတ်ဆေးဆရာက လူအုပ်ထဲ၌ ခိုးချောင်းခိုးဝှက်ထွက်သွားဖို့ပြင်နေခဲ့သည်။
ချန်းယုချို မျက်လုံးတွေက အမုန်းတရားတွေနှင့် ပြည့်နှက်နေခဲ့သည်။
“မျက်နှာနက်ကျား ငါကိုဒဏ်ရာရအောင် လုပ်တာ ငါမမုန်းဘူး။ ဒါက ငါညံ့လို့ဖြစ်ရတာ…. ငါလက်ခံနိုင်တယ်…”
“ဒါပေမယ့် မင်း…. မင်းက ချန်းမိသားစု ကျွေးတာကိုလည်းစားသေးတယ်…. အပြင်လူနဲ့ပေါင်းပြီးလည်း ငါ့ကို လုပ်ကြံသေးတယ်….”
“မင်းက ကျေးဇူးကန်းတဲ့ သစ္စာဖောက်ပဲ…. သူ့ကို ကြိုးနဲ့တုတ်ပြီး နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရိုက်နှက်စစ်ဆေးကြ…..”
ဘာ?....
ချန်မိသားစုဝင်တွေ အံ့သြတုန်လှုပ်သွားကြသည်။
လက်စသတ်တော့ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး ချန်းယုချို အခြေအနေ ပိုဆိုးလာတာ ချန်းဝူဂျီကြောင့် ဖြစ်နေခဲ့သည်။
လူငယ်မိသားစုဝင်များစွာက ချန်းဝူဂျီကို ဝိုင်းချုပ်လိုက်ကြသည်။
ချန်းဝူဂျီ အသနားခံလိုက်၏။
“မိသားစုခေါင်းဆောင် , ငါ့အသက်ကို ချမ်းသာပေးပါ…. ငါတွန်းအားပေးခံရတာ ပါ….”
ဘန်း!
ချန်းယုချို စာပွဲကို ဒေါသတကြီးရိုက်ချလိုက်သည်။
“ဆင်ခြေတွေပေးမနေနဲ့….”
“ဒါဆိုရင် ဒီလူငယ်ဆရာလေး ငါ့သွေးကြောစမ်းသပ်မယ်ဆိုတုန်းက မင်းဘာကြောင့်တားတာလဲ….”
ဘာ?....
ချန်းဝူဂျီ ဂျန်ဖန်းကို ပေါက်ပြားနှင့် မည်သို့ဟန့်ထားသည့်ကို ချန်းမိသားစုဝင်တွေ မှတ်မိသွားခဲ့သည်။ သူတို့က သူ့အား ရန်သူတော်ကြီးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။
ထို့ပြင် သူ့ဦးဆောင်မှုဖြင့် ချန်မိသားစုဝင်တွေ ဂျန်ဖန်းကို မောင်းထုတ်ခဲ့ကြ၏။
သူတို့က အလွန်ဒေါသထွက်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။
ကံကောင်းလို့သာမဟုတ်ရင် သူတို့က သူတို့မိသားစုခေါင်းဆောင်ကို သတ်သည့် ကြံရာပါတွေ ဖြစ်တော့မည်ပဲဖြစ်သည်။
ဒေါသထွက်နေသည့်မိသားစုဝင်တွေက တုတ်တွေကောက်ကာ ချန်းဝူဂျီအား သေတဲ့အထိ ရိုက်နှက်ကြတော့၏။
ချန်းဝူဂျီနာကျင်စွာအော်ဟစ်နေခဲ့သည်။ အချက်ရေအနည်းငယ် ရိုက်ပြီးနောက် သူက သွေးတွေထွက်ကာ သေတော့မည်ပဲ ဖြစ်သည်။
ရုတ်တရက်….
မြားတစ်ချောင်းက သူ့နောက်ကျောကို ထိမှန်ပြီး နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။
ရှင်းလင်းစွာပဲ, တစ်စုံတစ်ယောက်က သူဖော်ကောင်လုပ်မည်စိုး၍ နှုတ်ပိတ်လိုက်တာပဲဖြစ်သည်။
ဖရိုဖရဲအခြေအနေအတွင်းမှာ ထိုအရာလုပ်လိုက်သူကို မည်သူမှ မမြင်လိုက်ကြပေ။
ထိုအရာကြောင့် ချန်းယုချို စိုးရိမ်ဒေါသ ထွက်သွားကာ သွေးအန်လိုက်ရ၏။
ဂျန်ဖန်း အကူအညီမဲ့စွာ ပြောလိုက်သည်။
“ခေါင်းဆောင်ချန်, ကြိုးကိုင်းသူရှာဖို့ ရှာဖို့က ခဏနေလို့ရပါတယ်။ အခုချိန်မှာ မင်း အားပြန်ပြည့်ဖို့လိုတယ်….”
ချန်းမိသားစုဝင်တွေ ဂရုမစိုက်ပဲ မနေရဲပေ။
သူတို့က ချက်ချင်းပဲ ချင်းယုချိုကို သူ့အခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဂျန်ဖန်း သူ့သွေးခုန်နှုန်းကို နောက်တစ်ကြိမ်စမ်းသပ်လိုက်ပြီး ဆေးညွှန်းတစ်ခုပြောင်းပေးလိုက်၏။
ခဏကြာပြီးနောက်…..
ဆေးတစ်ပန်းကန်နှင့်အတူ ချန်းယုချို ပါးစပ်အပြည့် အနက်ရောင်သွေးများစွာ အန်လိုက်ရ၏။ သူက ချက်ချင်းပဲ နေလို့ထိုင်လို့ ပိုကောင်းလာခဲ့သည်။
“ကျေးဇူးတင်ပါတယ်… နတ်ဆေးဆရာ၊ မင်းက ငါ့နဲ့ ငါ့ချန်မိသားစုကို ကယ်လိုက်တာပဲ….”
ချန်းယုချို အိပ်ယာထဲမှ ကြိုးစားထပြီး ဂျန်ဖန်းကို အရိုအသေပေးဖို့ ပြင်လိုက်၏။
ဂျန်ဖန်း လက်ဝှေ့ယမ်းလိုက်သည်။
“ဒီလို လုပ်ဖို့ မလိုပါဘူး….”
“ဒီဆေးညွှန်းအတိုင်း တစ်လလောက် သောက်လိုက်ပါ…. မင်းရဲ့ဒဏ်ရာဟောင်း အများစု သက်သာလာပါလိမ့်မယ်….”
“ငါ့မှာအခြားလုပ်စရာတွေရှိသေးလို့ ပြန်လိုက်အုန်းမယ်….”
ထိုအရာကိုကြားသည့်အခါ….
ချန်းယုချို အလျှင်အမြန်ပြောလိုက်သည်။
“နတ်ဆေးဆရာ, ခဏနေပါအုန်း….”
“စီလင်, ဘဏ္ဍာတိုက်ထဲက ငွေပြား ၁၀ သိန်း မြန်မြန်သွားယူကြီ…”
ချန်းစီလင် တွေဝေနေခြင်းမရှိပဲ ခေါင်းညိတ်လိုက်သည်။
နံပါတ် ၁ အရိပ်စောင့်၏ အသက်ကယ်ကျေးဇူး၊ ချန်းမိသားစုကို ကယ်တင်သည့်ကျေးဇူး တို့နှင့် နှိုင်းယှဥ်လျှင် ငွေပြား ၁၀ သိန်းက ဘာမှမဟုတ်ပေ။
ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“မလိုပါဘူး…. ငါ ဒါကို မင်းသမီးကြောင့် လုပ်ခဲ့တာပါ…”
“ပိုက်ဆံက ငါ့အတွက် ဘာမှအဓိပ္ပာယ်မရှိ ပါဘူး….”
အမ်….
ချန်းစီလင် ပဟေဠိဖြစ်သွားခဲ့သည်။
သူမက ဤစွမ်းအားကြီးပုဂ္ဂိုလ်ကို သိတောင်မသိပေ။
ချန်းယုချိုအကြည့်က ချန်းစီလင်ဆီကို ရောက်သွားခဲ့သည်။
သုံးနှစ်တိတိ သတိမေ့နေပြီး ယနေ့သူမကို မြင်သည့်အခါ သူ့သမီးက လူတိုင်းတပ်မက်ရသည့် မိန်းမလှလေး တစ်ယောက်အဖြစ်ကြီးပြင်းလာပြီဆိုတာ သူမငြင်းနိုင်ပေ။
ဂျန်ဖန်းရည်ရွယ်ချက်ကို သူက ချက်ချင်းနားလည်သွားခဲ့သည်။
ခဏစဥ်းစားပြီးနောက်, သူက နှုတ်ခမ်းအနည်းငယ်ကိုက်လိုက်ပြီး ပြောလိုက်သည်။
“စီလင်, သခင်လေးကို ဒီမှာ ညအိပ်ခိုင်းလိုက်…. ပြီးတော့ ညစာပြင်ဆင်ပေးပြီး ကောင်းကောင်း ဧည့်ခံပေးလိုက်….”
မိသားစုတာဝန်တွေ သုံးနှစ်ကြာ စီမံခဲ့သည်ဖြစ်ရာ အခြေအနေကို ချန်းစီလင် ဘယ်လိုလုပ်နားမလည်ပဲ နေမည်နည်း။
ဂျန်ဖန်းပုံရိပ်က သူမစိတ်ထဲမှာ အမှတ်မထင် ပေါ်လာခဲ့သည်။
သူမရှေ့က မျက်နှာဖုံးနှင့်လူကိုကြည့်ပြီး စိတ်ထဲမှာ မလိုလားသည့်ခံစားချက်တွေ ပြင်းထန်စွာ ပေါက်ဖွားလာခဲ့သည်။
သူမသာ သူမကိုယ်သူမ ဤမျက်နှာဖုံးနှင့် လူဆီကို ပေးလိုက်လျှင် ဂျန်ဖန်းနှင့် ထိုက်တန်တော့မည်မဟုတ်ပေ။ ကိုယ်လုပ်တော်တစ်ယောက်တောင် ဖြစ်ခွင့်ရတော့မည်မဟုတ်ပေ။
“သွားတော့….”
ချန်းယုချို နာကျင်စွာနှင့် အမိန့်ပေးလိုက်သည်။
လောကကြီးကိုတွေ့ကြုံဖူးသည့်လူတစ်ယောက် အနေဖြင့် လောက၌ ဘယ်အကြွေးက ပြန်ပေးဖို့ အခက်ခဲဆုံးလဲဆိုတာ သူကောင်းကောင်း နားလည်၏။
ထိုအရာက ကျေးဇူးကြွေးပင်ဖြစ်သည်။ အချိန်ကြာလေလေ ပြန်ပေးဖို့ ပိုခက်ခဲလေလေဖြစ်သည်။
ဤနံပါတ် ၁ အရိပ်စောင့် လူကြီးလူကောင်းဆန်ပြီး သူ့သမီးကို သဘောကျရုံကျပြီး ဘာမှမလုပ်ဖို့ မျှော်လင့်ရမှာပဲဖြစ်သည်။
သို့ပေမယ့် ဤကဲ့သို့ယောက်ျားမျိုးက ရှားပါးလွန်းလှ၏။
ချန်းစီလင် နှုတ်ခမ်းကို အနည်းငယ်ကိုက်လိုက်၏။ သူမမျက်လုံးတွေက မျက်ရည်တွေနှင့် ပြည့်နှက်နေပြီး မီးဖိုချောင်ကို ထွက်လာခဲ့လိုက်သည်။
ဂျန်ဖန်း စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူက အဖေနှင့် သမီးကြားက အခြေအနေကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
ချန်းစီလင်က ညစာပြင်တာကို ဘာကြောင့် ငိုနေရသနည်း။
သူ့မျက်နှာဖုံးက ကြောက်စရာကောင်းနေ လို့လား….
အစတုန်းက ဂျန်ဖန်း ညစာကို ယဥ်းယဥ်းကျေးကျေး ငြင်းဆိုဖို့ ရည်ရွယ်ထား၏။ သို့ပေမယ့် သူက ချန်းစီလင် သူနှင့်ပတ်သက်ပြီး ဘာကြောင့်မပျော်မရွင် ဖြစ်နေရလဲဆိုတာ အလွန်သိချင်လာခဲ့သည်။
“ကောင်းပြီလေ…. ငါ ဒီညရဲ့ ညစာကို စောင့်မျှော်နေပါ့မယ်….”
ဂျန်ဖန်း ပြောလိုက်သည်။
အို…. သွားပြီ…
ချန်းယုချို နှလုံးသား ကျုံ့ဝင်သွားခဲ့သည်။
ယနေ့ည သူ့သမီး အပျိုစင်ဘဝ ဆုံးရှုံးရတော့မည်ပဲ ဖြစ်သည်။
နံပါတ် ၁ အရိပ်စောင့်သာ လူကြီးလူကောင်း တစ်ယောက်ဆိုလျှင် အကြောင်းအရင်းရှာပြီး ငြင်းမည်ပဲဖြစ်သည်။
သို့ပေမယ့် သူကထိုသို့မလုပ်ခဲ့ပဲ သူ့ရည်ရွယ်ချက်ကို လုံးဝဖုံးကွယ်မထားခဲ့ပေ။
သူ့သမီး လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပေ။
သူက လေးပင်စွာသက်ပြင်းချလိုက်ပြီး အကူမဲ့သလို ခံစားလိုက်ရသည်။
သူ့မိသားစုက ကြီးမားသည့်အကူအညီတစ်ခု အကြွေးတင်နေခဲ့၏။
မီးဖိုချောင်ထဲ၌…..
ချန်းစီလင် စာဖိုမှုးခေါင်းဆောင်ကို ဘေးဖယ်ခိုင်းလိုက်၏။
“နင်ဘေးဖယ်, ငါကိုယ်တိုင်ချက်မယ်….”
စာဖိုမှုးခေါင်းဆောင် ကြောင်အသွားခဲ့သည်။
“မမလေး, မင်းဘယ်အချိန်တုန်းက ချက်ပြုတ်နည်းသင်လိုက်တာလဲ….”
ချန်းစီလင် အေးစက်စွာပြန်ပြောလိုက်သည်။
“ငါအကုန်တတ်တယ်….”
“မမလေး, ဆားအရမ်းများနေပြီ, တော်တော်ကိုများနေပြီ…. မင်းဘာလို့ တစ်ဘူးလုံးထည့်နေတာလဲ…”
“ငါသူ့ကို ငန်ပြီး သေသွားစေချင်တယ်….”
“မမလေး, ဒီအမဲသားပန်းကန်က မကျက်သေးဘူးလေ….”
“သူ့ကို အသားစိမ်းအရသာ စားစေချင်လို့လေ….”
“သူငါ့ကို စိတ်ဝင်စားတယ်မလား… သူကြိုက်တဲ့အရာအားလုံး ငါပြောင်းလဲပစ်မယ်….”
……
လရောင်က အထီးကျန်လှေမြို့တစ်ခုလုံးကို ပက်ဖြန်းနေပြီး အေးချမ်းသာယာလှ၏။
မက်မွန်ပွင့်ပင်အောက်၌…..
မဲတူးလောင်ကျွမ်းနေသည့် ဟင်းလျာမျိုးစုံက သူ့ရှေ့မှာရှိနေပြီး ဂျန်ဖန်း ကြောင်အနေခဲ့သည်။