← Chapters

ရတနာပစ္စည်းများရရှိခြင်း

Vol. 25 Ch. 345

ရတနာပစ္စည်းများရရှိခြင်း

Vol. 25 Ch. 345

အခန်း (၃၄၅) ရတနာပစ္စည်းများရရှိခြင်း

ရန်ကျောက်ကဲ ထိုပလ္လင်ကို ငေးစိုက်ကြည့်မိသည်။

ပလ္လင်ဆီမှ ဝပ်နေသည့်ကျားတစ်ကောင်နှင့် ရစ်ခွေနေသည့်နဂါးတစ်ကောင်၏ အငွေ့အသက်များကို ခံစားရသည်။

အချိန်နောက်ပြန်လှည့်သွားပြီး ရန်ကျောက်ကဲမျက်ဝန်းထဲတွင် အတိတ်အချိန်မှမြင်ကွင်းများအား တရိပ်ရိပ်တွေ့မြင်လာရသည်။ ထိုရေခဲပလ္လင်ထက်တွင် သိုင်းသူတော်စင်တစ်ယောက် ထိုင်နေပြီး ခန်းမအလယ်ဗဟိုမှ ရေခဲတိုင်လုံးကြီးကို စူးစိုက်ကြည့်နေသည့် မြင်ကွင်းဖြစ်၏။

ရန်ကျောက်ကဲက ပလ္လင်နံဘေးသို့ လမ်းလျှောက်သွားပြီး ထိုနေရာမှ ရေခဲတိုင်လုံးကြီးထဲတွင် ချိတ်ပိတ်ခံထားရသော နဂါးအစစ်ရုပ်ခန္ဓာကိုယ်ကြီးကို လှည့်ကြည့်လိုက်သည်။

အားဟူက တိုးလျသည့်လေသံဖြင့်...

“သခင်လေး ၊ ဒီနဂါးအစစ်ရုပ်အလောင်းက ထိန်းသိမ်းရ အတော်ခက်မယ်ထင်တယ် ၊ ကျွန်တော်တို့ ဘယ်လိုသယ်မှာလဲ”

ရန်ကျောက်ကဲက...

“မပူနဲ့ ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ တွေးထားပြီးသား ၊ သွား... ဒီရေခဲနန်းတော်ထဲမှာ ဘာအဖိုးတန်ပစ္စည်းတွေကျန်ဦးမလဲ အရင်သွားရှာကြည့်လိုက်”

အားဟူ ခေါင်းညိတ်လိုက်ပြီး ရေခဲနန်းတော်ထဲတွင် ဟိုဟိုဒီဒီ ရှာဖွေသည့်လုပ်ငန်းစဉ်ကို စတင်လိုက်၏။

ရန်ကျောက်ကဲကတော့ ရေခဲပလ္လင်နံဘေးတွင်မတ်တတ်ရပ်ရင်း မေးစေ့ကိုပွတ်သပ်ကာ စဉ်းစားခန်းဝင်နေသည်။

အတန်ကြာသည့်အခါ ရတနာပစ္စည်းများစွာနှင့်အတူ အားဟူ ပြန်ရောက်လာသည်။

အစကပင် နဂါးအစစ်ရုပ်အလောင်းကို ရရှိသည့်အတွက် အလွန်ပျော်ရွှင်နေသော အားဟူသည် ယခု ရတနာပစ္စည်းများစွာ ထပ်မံရရှိလေရာ မျက်လုံးပေါက်ပင်မြင်ရတော့အောင် သွားကြီးဖြဲကာရယ်မောလျှက် ပီတိဖြာလျှက်ရှိသည်။

အချိန်များစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ရေခဲနန်းတော်ထဲမှ ပစ္စည်းအချို့မှာ ပျက်ဆီးကုန်ပြီး တန်ဖိုးလုံးဝ မရှိတော့ပေ။

သို့ပေသိ ရေခဲနဂါးသူတော်စင် တစ်ချိန်က နေထိုင်ခဲ့ရာနေရာဖြစ်သောကြောင့် ရတနာများစွာ ကျန်ရှိနေသေးသည်က အမှန်ပင်။

ရေခဲနဂါးသူတော်စင်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်သောကြောင့် ကိုယ်ပိုင်ရတနာပစ္စည်း အလွန်ပေါများသည်။

ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုနှင့် မယှဉ်နိုင်သော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အတွက် အလွန်တရာ ပေါများကြွယ်ဝသည်ဟု ဆိုနိုင်၏။

မိစ္ဆာသူတော်စင်’ယွမ်ထျန်း’ ပိုင်ဆိုင်သည့် ပစ္စည်းများက ရေခဲနဂါးသူတော်စင်ထက် များစွာနည်းပါးသည်။

ရတနာပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် ရန်ကျောက်ကဲ ပိုပြီးရှင်းလင်းစွာ နားလည်လာသည်။

“အင်း... ကြည့်ရတာ သူ နောက်ဆုံးအကြိမ် ခရီးထွက်သွားတုန်းက အလျင်စလို ထွက်ခွာသွားတာ မဟုတ်ဘူး ၊ သာမန်ခရီးထွက်တဲ့အနေနဲ့ပဲ ထွက်သွားခဲ့တာ ၊ အနည်းဆုံးတော့ သူ့အတွက် ပြန်လမ်းမရှိတဲ့ခရီးတစ်ခုလို့ ထင်မထားခဲ့ဘူး”

ရန်ကျောက်ကဲက တစ်ချက်စဉ်းစားရင်း...

“သူက ‘နဂါးတွေက ပင်လယ်ထဲဆင်းသက်’ ဆိုတဲ့ လျှို့ဝှက်ချက်ကို စုံစမ်းဖို့ ထွက်သွားခဲ့တာ ၊ အဲဒီနောက် လုံးဝပျောက်ကွယ်သွားခဲ့တယ် ၊ သူ့ရဲ့ သေခြင်းရှင်ခြင်းက အတော်လေး လျှို့ဝှက်ဆန်းကျယ်တာပဲ”

ထို့နောက် ရန်ကျောက်ကဲက ရေခဲနန်းတော်အတွင်းမှ ရရှိလာသည့်ရတနာပစ္စည်းများကို စစ်ဆေးကြည့်ရင်း ဖြစ်နိုင်သည့်သဲလွန်စများကို ရှာဖွေလိုက်သည်။

နောက်ဆုံး အကြေးခွံအပိုင်းအစအချို့က ရန်ကျောက်ကဲ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

“နဂါးအကြေးခွံတွေပဲ...”

အကြေးခွံများအတွင်းမှ ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်းကွယ်ပျောက်နေပြီဖြစ်သော်လည်း နဂါးအကြေးခွံမှန်းတော့ သိသာစေသည်။

ရန်ကျောက်ကဲက နန်းတော်ခန်းမအလယ်ဗဟိုရှိ ရေခဲတိုင်လုံးကြီးဆီ လမ်းလျှောက်လာပြီး အတွင်းမှနဂါးရုပ်အလောင်းကြီးကို သေသေချာချာ ကြည့်ရှုလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ နဂါးအကြေးခွံများအပိုင်းအစများကို ထပ်မံကြည့်ရှုသည်။

“ဒီအကြေးခွံတွေက ဒီနဂါးရဲ့အကြေးခွံတွေ မဟုတ်ဘူး ၊ ဒီနဂါးအကြေးခွံနှစ်ခုကို အတူတူ သုတေသနပြုကြည့်မယ်ဆိုရင်တော့ ရလဒ်တစ်ချို့ရှိလာနိုင်တယ်”

ရန်ကျောက်ကဲ စဉ်းစားရင်း သူ့အရှေ့မှ ကြီးမားသောရေခဲတိုင်လုံးကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

ထို့နောက် သူက လက်ကိုဆန့်တန်းပြီး ရေခဲတိုင်လုံးကြီးထက်သို့ ဖိနှိပ်ချလိုက်ပြီး မျက်လုံးများကို မှေးမှိတ်ရင်း အေးစိမ့်သည့်ချီစွမ်းအားကို အာရုံခံလိုက်သည်။

ခဏကြာပြီးနောက် လက်ကိုရုတ်သိမ်းလိက်ပြီး ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို ထုတ်ယူလိုက်သည်။ တုတ်တိုလေးအဖြစ် အသွင်ပြောင်းထားသော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်က တဖြည်းဖြည်းကြီးမားလာပြီး ရေခဲတိုင်လုံးကြီးဘေးတွင် မားမားရပ်တည်လျှက် ရေခဲနန်းတော်ကြီးကို ထောက်မထားသည်။

ရန်ကျောက်ကဲက နဂါးအစစ်ရုပ်အလောင်းထည့်ထားသည့် ရေခဲတိုင်လုံးကြီးအား လက်နှစ်ဖက်ဖြင့်ဖိကပ်လိုက်ပြီး အတွင်းထဲသို့ သူ၏ကြယ်တာရာချီစွမ်းအားများ ထုတ်လွှတ်ပေါင်းစပ်လိုက်သည်။

သူ့လက်ဖဝါးများဖိကပ်ထားရာနေရာတွင် စတုဂံပုံသဏ္ဍာန်တစ်ခုစီထွက်ပေါ်လာပြီး ရေခဲတိုင်၏မျက်နှာပြင်ပေါ်မှ အလင်းရောင်များ တောက်ပလာသည်။ အလင်းရောင်များထဲတွင် ဝိညာဉ်သင်္ကေတများရောယှက်လျှက်ရှိ၏။

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို ရုတ်သိမ်းလိုက်ပြီး ငွေကြိုး (၂)ချောင်းကို ထုတ်ယူလိုက်သည်။

သူ့လက်ချောင်းများမှ အလင်းရောင်များထွက်ပေါ်လာပြီး ငွေကြိုးတစ်ချောင်းက အပေါ်ဘက် ၊ ကျန်တစ်ချောင်းက အောက်ဘက်သို့ ပျံသန်းထွက်ခွာသွား၏။

အထက်သို့ပျံတက်သွားသော ငွေကြိုးက ရေခဲတိုင်လုံးကြီးနှင့် ရေခဲနန်းတော်မျက်နှာကျက်ဆုံတွေ့သည့်နေရာသို့ ရောက်ရှိသွားပြီး အောက်ဘက်သို့ကျရောက်သွားသည့် ငွေကြိုးက ကြမ်းပြင်နှင့်ရေခဲတိုင်လုံးကြီး ထိတွေ့သည့်နေရာသို့ ဆင်းသက်သွားသည်။

ငွေရောင်ကြိုးနှစ်ချောင်းသည် ငွေရောင်အလင်းကွင်းများအဖြစ် ပြောင်းလဲသွားပြီး ရေခဲတိုင်လုံးကြီးအတွင် ဖြည်းညင်းစွာ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်ဖြင့် ရေခဲတိုင်လုံးကြီးကို နောက်တစ်ကြိမ်ထပ်မံဖိနှိပ်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူက ကြယ်တာရာချီစွမ်းအားများကို ပြောင်းပြန်စီးဆင်းစေပြီး စုပ်ယူအားတစ်ခုကို ဖန်တီးလိုက်သည်။

ထိုအခါ ရေခဲနန်းတော်နှင့်ခွဲမရသည့်အလား တစ်သားတည်းကျနေသည့် ရေခဲတိုင်လုံးကြီးက လှုပ်ခါသွားပြီး ရွေ့လျားစပြုလာသည်။

တိုင်လုံးကြီး လှုပ်ရှားမှုကြောင့် မျက်နှာကျက်မှ ရေခဲများအက်ကွဲပြိုကျလာသည်။ ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားများဖြင့် ထိန်းချုပ်ရင်း ရေခဲတိုင်လုံးကြီးကို အနည်းငယ်တိုဝင်စေလိုက်သည်။ ပြီးမှ သူ့လက်ဖဝါးများမှစွမ်းအားများ အတင်းအကျပ်တွန်းထုတ်ပြီး ရေခဲတိုင်လုံးကြီးကို ကြမ်းပြင်ထက်အလျားလိုက် လဲလျောင်းစေလိုက်၏။

ရေခဲတိုင်လုံးကြီးမှ ငွေရောင်ဝိညာဉ်သင်္ကေတအလင်းတန်းများ အဆက်မပြတ် တောက်ပလာပြီး အတွင်းထဲတွင် မလှုပ်မယှက် ချိတ်ပိတ်ခံထားရသည့် နဂါးကြီးကတော့ အိပ်မောကျနေသည့်အလားပင်။

ရန်ကျောက်ကဲက သူ၏အရိပ်ကျုံ့အိတ်အတွင်းသို့ ကြီးမားသောရေခဲတိုင်လုံးကြီးကို ထည့်သွင်းသိမ်းဆည်းရန် ကြိုးစားလိုက်သည်။

ဘာမှမဟုတ်သလို ငြိမ်သက်နေသော ရေခဲတိုင်လုံးကြီးသည် အရိပ်ကျုံ့အိတ်ထဲထည့်သွင်းရန် ကြိုးစားလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာစွမ်းအားများ နှိုင်းယှဉ်မရအောင် ပေါက်ကွဲထွက်လာသည်။

ပြင်းထန်သောဝိညာဉ်စွမ်းအားများက အရိပ်ကျုံ့အိတ်ထဲဝင်ရောက်ရန် ငြင်းဆန်လျှက် အိတ်ကို အစိတ်စိတ်အမွှာမွှာစုတ်ဖြဲပစ်တော့မည့်အလား ထင်မှတ်ရသည်။

“မှတ်သားစရာပဲ...”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

သူကတည်ငြိမ်သည့်အမူအရာဖြင့် သူ့ဘေးနားမှ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးကို အသာအယာပုတ်လိုက်သည်။

ကျောက်တိုင်ကြီးက အနည်းငယ်ကျုံ့ဝင်သွားပြီး မြင့်မားသည့်စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရေခဲနန်းတော်ထဲမှ ခွဲထုတ်ယူထားသည့် ရေခဲတိုင်လုံးကြီးမှထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာစွမ်းအားများကို ဖိနှိပ်ထားလိုက်သည်။ အတန်ကြာတော့ ရေခဲတိုင်လုံးကြီး ငြိမ်သက်သွားသည်။

ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးနှင့် နဂါးအစစ်ရုပ်အလောင်းပါရှိသည့် ရေခဲ့တိုင်လုံးကြီးတို့ကို အရိပ်ကျုံ့အိတ်အတွင်း အလျှင်အမြန်ထည့်သွင်းသိမ်းဆည်းလိုက်၏။

အားဟူကလည်း ပစ္စည်းများအားလုံး သိမ်းဆည်းပြီးဖြစ်ရာ ရန်ကျောက်ကဲက...

“သွားကြစို့...”

ရေခဲနန်းတော်အပြင်ဘက်နှင့် ရေခဲကန်အပြင်ဘက်တို့တွင် ကောင်းကင်မိုးကြိုးခန်းမမှလူများ စောင့်နေသေးသည်လား မပြောတတ်ပေ။

ပကတိရေခဲသွေးကြောတည်ရှိရာနေရာသို့ ရောက်နေကြသော အကြီးအကဲ’ကျန်’ နှင့် အသက်ရှင်ကျန်ရစ်သူများ ဤနေရာသို့ ဒုံးပျံကဲ့သို့အရှိန်အဟုန်ဖြင့် အပြေးရောက်လာရန် ဖြစ်နိုင်ခြေမြင့်မားသည်။

မည်သို့ပင်ဖြစ်စေ ပကတိရေခဲသွေးကြောကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ လူအများအထိနာခဲ့ကြလေရာ လူအင်အားနည်းပါးသွားသည် အမှန်ပင်။ ကောင်းကင်မိုးကြိုးခန်းမမှ စစ်ကူလှမ်းခေါ်ရန်မှာလည်း မဖြစ်နိုင်ပေ။

သို့ရာတွင် ရန်ကျောက်ကဲကတော့ ထိုအချက်များအားလုံးကို စိတ်မဝင်စားပေ။ ရေခဲနန်းတော်မှထွက်ခွာလာသည်နှင့် သူတို့က ရေခဲကန်ဆီသို့ ပြန်မသွားတော့ဘဲ မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ဖြင့် ရေကန်အနက်ရှိုင်းဆုံးနေရာသို့ ဖြတ်သန်းထွက်ခွာလာသည်။

ရန်ကျောက်ကဲက လွန်းပြန်ယဉ်ထဲတွင်တိုင်ရင်း အပြင်ပိုင်းအပျက်အစီးများနှင့် အက်ကွဲကြောင်းများကို လေ့လာကာ နှုတ်ခမ်းကိုလက်ဖြင့်ပွတ်လိုက်သည်။

“ပကတိရေခဲသွေးကြောရဲ့ဖိအားက အရမ်းပြင်းထန်တာပဲ ၊ ဟိုတစ်ခေါက် တာ့ပေဘိုးဘိုးသင်္ချိုင်းဂူမှာထက်တောင် လွန်းပြန်ယဉ်က ပျက်ဆီးသွားပြီ”

အားဟူက ထိတ်လန့်တုန်လှုပ်စွာဖြင့်...

“သခင်လေး... ဒီလွန်းပြန်ယဉ် လမ်းတစ်ဝက်မှာအက်ကွဲသွားရင် ကျွန်တော်တို့ မြေအောက်ထဲမှာ အသက်ပျောက်ပြီပေါ့”

ရန်ကျောက်ကဲက ရယ်မောရင်း...

“စိတ်မပူနဲ့ ၊ ဒီခရီးစဉ်အဆုံးထိတော့ တောင့်ခံနိုင်ပါသေးတယ်”

မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်က ရေခဲအလွှာများကို လျှင်မြန်စွာထိုးခွဲဖြတ်သန်းသွားပြီးနောက် နေရောင်ခြည်ကို နောက်တစ်ကြိမ် ထပ်မံမြင်တွေ့လိုက်ကြရသည်။

နှင်းလွင်ပြင်များထက်သို့ ပြန်လည်ရောက်ရှိသည်နှင့် ရန်ကျောက်ကဲက လွန်းပြန်ယဉ်ကို သိမ်းဆည်းလိုက်၏။ အနောက်ဘက်သို့ ငေးမျှော်ကြည့်သည့်အခါ ကောင်းကင်တစ်ခွင်နှင်းများကျဆင်းနေပြီး မြောက်ပိုင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်သည့် ခံစားချက်ကို ပေးစွမ်းသည်။

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒီနေရာက မိုးကြိုးနယ်မြေနဲ့ နီးကပ်ပေမယ့် ကောင်းကင်မိုးကြိုးခန်းမရဲ့ ပိုင်နက်တော့ မဟုတ်သေးဘူး”

လင်ကျိုးနှင့် အခြားသူများက ရန်ကျောက်ကဲတွင် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ရှိကြောင်း သိရှိထားကြသည်။

သို့ရာတွင် သူတို့အနေဖြင့် ရေခဲကန်ကို စောင့်ကြည့်ခြင်းမှလွဲပြီး  ဘာမှတတ်နိုင်မည် မဟုတ်ပေ။ အနီးပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးကို ဖြန့်ကျက်ရန် သူတို့တွင် လူအင်အားမလုံလောက်ပေ။

မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်က လမ်းကြောင်းမျိုးစုံမှ ခရီးနှင်နိုင်ပြီး ကိုယ်သွားချင်သည့်နေရာသို့ သွားရောက်နိုင်သည်။

ထို့ကြောင့် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများအနေဖြင့် ရန်ကျောက်ကဲကို လိုက်လံရှာဖွေရန်ထက် ရေခဲနန်းတော်အတွင်း ထိုးဖောက်ဝင်ရောက်ရန်သာ ကြိုးစားကြပေလိမ့်မည်။

ရန်ကျောက်ကဲက...

“သွားကြမယ် ၊ ငါတို့ကို ဘယ်သူမှခြေရာခံလို့မရအောင် ခပ်သွက်သွက်လှုပ်ရှားကြတာပေါ့”

သူတို့နှစ်ယောက် အရင်က ရှာဖွေတွေ့ရှိခဲ့‌သော အပြာရောင်ရေပူစမ်းတည်ရှိရာ အရှေ့ဆီသို့ ဦးတည်ခဲ့ကြသည်။

အချိန်ကာလတွက်ချက်ကြည့်လျှင် ရေပူစမ်းတွင် ဝိညာဉ်စွမ်းအာများ အတော်အတန်ရင့်ကျက်နေလောက်ပေပြီ။

ရက်ပေါင်းများစွာ ခရီးနှင်ပြီးနောက် သူတို့အမှတ်အသားပြုလုပ်ကာ ချိတ်ပိတ်ခဲ့သည့် ရေပူစမ်းရှိရာသို့ ပြန်ရောက်လာသည်။ ရန်ကျောက်ကဲက ဖုံးအုပ်ထားသည့် ရေခဲအလွှာနှင့် မြေသားများကို ချိုးဖျက်လိုက်ရာ အပြာရောင်ရေပူစမ်းလေး သူတို့ရှေ့တွင် ပြန်ပေါ်လာ၏။

ရန်ကျောက်ကဲက ဖန်သားပမာကြည်လင်သည့် သလင်းကျောက်တုံးတစ်တုံးကို ထုတ်ယူကာ အပြာရောင်ရေပူစမ်းအတွင်း ပစ်ချလိုက်သည်။

စမ်းရေများ ချက်ချင်းပင် ပွက်ပွက်ထလာပြီး အပြာရောင်စမ်းရေက မှိန်ဖျော့သွားကာ သွေးနီရောင် ပြောင်းလဲသွားလေတော့၏။

All Chapters