← Chapters

အဆုံးမရှိ ၊ အကန့်အသတ်မရှိ

Vol. 106 Ch. 1477

အဆုံးမရှိ ၊ အကန့်အသတ်မရှိ

Vol. 106 Ch. 1477

အခန်း (၁၄၇၇) အဆုံးမရှိ ၊ အကန့်အသတ်မရှိ

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်း အလျှင်အမြန် မြင့်တက်သွားခြင်းက တိမ်လွှာခွင်းဧကရာဇ်ကို အံ့အားသင့်စေခဲ့၏။ ကျင့်ကြံခြင်းအဆင့်သာမက ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားသည်လည်း သူ့ကို အထင်ကြီးစေခဲ့သည်။

ပုံမှန်အခြေအနေ ဒဏ်ရာ ရရှိထားခြင်းမရှိလျှင် တိမ်လွှာခွင်းဧကရာဇ်သည်လည်း အုပ်စိုးရှင်(၂)ပါးနှင့် ဧကရာဇ်(၁)ပါးကို အလွယ်တကူ ကိုင်တွယ်နိုင်ပေမည်။

သို့သော် ရန်ကျောက်ကဲကတော့ သူ၏ တန်ခိုးစွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုထားခြင်းဖြစ်ကြောင်း တိမ်လွှာခွင်းဧကရာဇ် သိရှိထားသည်။

ရန်ကျောက်ကဲ ပြသထားသည်မှာ ရေခဲတောင်၏ ထိပ်စွန်းတစ်စသာ ဖြစ်၏။

အကယ်၍ သူတို့နှစ်ယောက်သာ တိုက်ခိုက်ရမည်ဆိုလျှင် တိမ်လွှာခွင်းဧကရာဇ်က သူ၏ချီစွမ်းအား(၄)ခု ပေါင်းစည်းခြင်းရောင်ဝါဖြင့်ပင် ရန်ကျောက်ကဲ၏ ချီစွမ်းအား(၂)ခု ပေါင်းစည်းခြင်းရောင်ဝါကိုရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။

သာမန်ဆိုလျှင် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ကျင့်ကြံသူများကြားမှ တန်ခိုးစွမ်းအားသည်လည်း အရမ်းကာရော ကွဟခြင်းမရှိတော့ပေ။

ထိုသို့ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသူများမှာလည်း ထူးချွန်သူများထဲမှာပင် ထိပ်ဆုံးတွင်ရပ်တည်နေသူများဖြစ်ကြပြီး အခက်အခဲပေါင်းများစွာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြသူများဖြစ်ကြသည်။

သူတို့က ငယ်စဉ်ကတည်းက သာမန်လူများ မဟုတ်ခဲ့ကြပေ။

သူတို့က ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူများဖြစ်ပြီး အခြားသူများ၏ မျက်ဝန်းထဲတွင် တောက်ပလှသော ကြယ်ပွင့်များအဖြစ် ထွန်းလင်းခဲ့ကြသည်။

နတ်ဘုရားအဆင့်တွင် စွမ်းအားကြီးမားသူများရှိသလို စွမ်းအားနည်းပါးသူများလည်း ရှိသည်။

သို့သော် ထိုသို့သော ကွာခြားမှုက အနည်းငယ်သာ ဖြစ်၏။

ရန်ကျောက်ကဲကဲ့သို့ ကျင့်ကြံခြင်းအဆင့်တူညီသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူများမှာ အနည်းစုထဲမှ အနည်းစုဟုပြောနိုင်သည့် ထူးခြားသူများဖြစ်သည်။

အရေးအကြီးဆုံးမှာ ထိုလူငယ်လေး ‘ရန်ကျောက်ကဲ’ ၏တန်ခိုးစွမ်းအားက အကန့်အသတ်မရှိခြင်းသာပင်...။

တိမ်လွှာခွင်းဧကရာဇ်က ရှည်လျားသော သက်တမ်းတစ်လျှောက် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့သူဖြစ်သည်။

သို့သော် လက်ရှိ သူ့စိတ်ထဲတွင် မေးခွန်းတစ်ခု စွဲမြဲစွာ ထင်ကျန်နေသည်။

“ရန်ကျောက်ကဲ၏ အကန့်အသတ်က မည်သည့်နေရာတွင် ရှိသနည်း”

ထိုအချိန် ရန်ကျောက်ကဲက ခေါင်းလှည့်ပြီး အခြားသူများကို ပြုံးပြလိုက်သည်။

“တစ်ယောက်လောက် အသက်ရှင်လျက်ချန်ထားလိုက်ရင် လုံလောက်ပါပြီ”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ သူတို့ပြောတဲ့ အမတခုံရုံးက ကောင်းကင်ဘုံအရှင်ဆိုတဲ့သူကို ကျွန်တော် စိတ်ဝင်စားနေတယ် ၊ အဲဒီလူ ဒီအနီးပတ်ဝန်းကျင်မှာပဲ ရှိပုံရတယ်”

စကားပြောရင်းပင် သူက အမတခုံရုံးမှ ဧကရာဇ်၏လည်ပင်းကို ဆွဲဖြတ်လိုက်ပြီး ဘေးသို့ပစ်ချလိုက်သည်။ သူ၏ အခြားလက်တစ်ဖက်ကတော့ အနက်ရောင်နဂါးကို ဆုပ်ကိုင်ထားဆဲ ဖြစ်လေ၏။

အနက်ရောင်နဂါးက သန်မာပြီး စွမ်းအားကြီးမားသော သဘာဝရှိသူဖြစ်သည်။

သို့သော် ရန်ကျောက်ကဲလက်ချက်ဖြင့် သူ၏အပေါင်းပါများစွာ ကူရာကယ်ရာမဲ့စွာ သေဆုံးသွားသည်ကို တွေ့မြင်ပြီးနောက် သူ၏စိတ်တည်ငြိမ်မျုသည်လည်း လုံးလုံးလျားလျား ပြိုလဲသွားသည်။

အချိန်အတန်ကြာသည်အထိ စကားတစ်ခွန်းပင် ပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲက ခွန်နင်ကျီနှင့် ပိုင်တောင်းတို့ဆီ လှည့်ကြည့်လိုက်ပြီး...

“ခင်ဗျားတို့နှစ်ယောက်... တစ်ခုခုသတိထားမိလား”

ပိုင်တောင်းက မူလဖွင့်လှစ်ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီးနောက် တည်ကြည်စွာဖြင့်...

“အဲဒါက ဆရာဦးလေး'လုန်' ထားခဲ့တဲ့ သဲလွန်စတစ်ခုဖြစ်နိုင်တယ်”

ထို့နောက် သူက ဗလာနယ်ထဲသို့ လက်တစ်ဖက်ဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် ဖန်သားမျက်နှာပြင်ပမာ မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။

ထိုမျက်နှာပြင်ထက်တွင် ရှုပ်ထွေးနက်နဲသော အစီအရင်သင်္ကေတများ ရေးသားထားသည်။

ရန်ကျောက်ကဲက တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအစီအရင်သင်္ကေတများ၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားသည်။

ခွန်နင်ကျီက ဘေးတွင်ရပ်နေပြီး စောစောက သူနှင့်တိုက်ခိုက်ခဲ့သော အနက်ရောင်နဂါးကို စူးစိုက်ကြည့်နေသည်။ ထို့နောက် မချိပြုံးတစ်ချက်ပြုံးရင်း တိမ်လွှာခွင်းဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

အတိတ်တစ်ချိန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ ယှဉ်ပြိုင်တိုက်ခိုက်နေချိန် တိမ်လွှာခွင်းဧကရာဇ်က သူတို့အား သတိပေးခဲ့ဖူးသည်။

မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ နှင့် နောက်ပိုင်းတွင် နတ်ဘုရားတံခါးကို တွန်းဖွင့်ခဲ့သော ချန်ချန်းဟွာကို သတိထားရန် ဖြစ်သည်။

ထိုနှစ်ယောက်နှင့်ရင်ဆိုင်ရလျှင် ချက်ချင်းဆုတ်ခွာပြေးခြင်းအား ရှက်စရာဟု မယူဆသင့်ပေ။ မလိုအပ်ပါက ဂုဏ်သိက္ခာအတွက် ခေါင်းမာစွာဖြင့် ထိုသူများနှင့် မတိုက်ခိုက်သင့်ပေ။

မဟုတ်ပါက ဆိုးရွားသော အကျိုးဆက်များသာ ကြုံတွေ့ရလိမ့်မည်။

ယခု ပြန်တွေးကြည့်တော့ ထိုစကားများက တကယ်ပင် မှန်ကန်ခဲ့၏။

သို့သော် အထက်ဘုံကမ္ဘာတွင် ဤသို့နှယ် အလွန်ထူးချွန်သူများ ထပ်မံထွက်ပေါ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

ထိုသူများထဲတွင် ကြောက်စရာအကောင်းဆုံးသူမှာ “ရန်ကျောက်ကဲ” ဖြစ်၏။

ရန်ကျောက်ကဲနှင့် တစ်ခေတ်တည်းအတူရှင်သန်ရခြင်းမှာ အခြားသောကျင့်ကြံသူများ၏ ဂုဏ်သိက္ခာအတွက် ကြီးမားသောထိုးနှက်မှုတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

ဒဏ္ဍာရီတစ်ခု၏ မွေးဖွားခြင်းကို သက်သေခံရခြင်းမှာ ဂုဏ်ယူစရာနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး ပိုမိုသိသာသော ဖိအားများကိုလည်း ခံစားရမည် ဖြစ်သည်။

သို့သော် အချိန်များကုန်လွန်သွားသည်နှင့် ထိုဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်က ပို၍ပို၍ အံ့အားသင့်ဖွယ်ဖြစ်လာပြီး ခွန်နင်ကျီ၏နှလုံးသားထဲမှ ဖိအားသည်လည်း တဖြည်းဖြည်း ပေါ့ပါးလာမည် ဖြစ်သည်။

ခွန်နင်ကျီ၏အကြည့်ကိုခံစားမိသည်နှင့် တိမ်လွှာခွင်းဧကရာဇ်က ပြုံးလျက် အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“မကျေမနပ်မဖြစ်နဲ့ ၊ သူက မင်းလိုက်မီနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး”

ခွန်နင်ကျီသည် သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လျှက် မည်သည့်စကားမှ ထပ်မပြောတော့ပေ။

ရန်ကျောက်ကဲက စိတ်လှုပ်ရှားစွာဖြင့်...

“ဟုတ်တယ်... ဆရာဦးလေး'လုန်'ပဲ”

နက်နဲသည့် အစီအရ်ငသင်္ကေတများ၏အဓိပ္ပါယ်ကို ပုံဖော်ပြီးနောက် ထိုအရာများက လုန်ရှင်းချွမ်က ထားခဲ့သည်မှာ သေချာသည်ဟု အတည်ပြုနိုင်ခဲ့သည်။

ထိုအစီအရင်သင်္ကေတများထဲတွင်ပါဝင်သော သဲလွန်စများကိုအသုံးပြုခြင်းဖြင့် လုန်ရှင်းချွမ်ကို ရှာဖွေတွေ့ရှိနိုင်ပေမည်။

ရန်တိနှင့် တိမ်လွှာခွင်းဧကရာဇ်တို့လည်း စိတ်အားထက်သန်သွားကြသည်။

“သူ ဘယ်မှာလဲ”

ရန်ကျောက်ကဲက...

“ကျွန်တော့်နောက် လိုက်ခဲ့ပါ”

သူက လက်တစ်ဖက်ဝှေ့ယမ်းရင်း တိုက်ပွဲနေရာကို သန့်ရှင်းလိုက်ပြီး အဝေးတစ်နေရာသို့ ဦးဆောင်ထွက်ခွာသွားသည်။

လမ်းတစ်လျှောက်တွင် သူတို့က ကောင်းချင်းရွှမ်ကို သတင်းပို့ရန်နည်းလမ်းများကို စဉ်းစားနေကြသည်။

လုန်ရှင်းချွမ်ထားခဲ့သော သဲလွန်စများကို တွေ့ရှိခဲ့သော်လည်း ထိုအရာများကို သူက မည်သည့်အချိန်တွင်ထားခဲ့ကြောင်း မသိရပေ။

ထို့ပြင် ပြင်ပဗလာနယ်သည်လည်း ရှုပ်ထွေးသည်ဖြစ်ရာ ဗလာနယ်အလွှာများကြားတွင် သေးငယ်သောအကွာအဝေးသည်လည်း မိုင်ပေါင်းများစွာ ကွာခြားသွားနိုင်သည်။

ထို့ကြောင့် သူတို့အားလုံး အရှိန်အဟုန်အပြည့်ဖြင့် ရှေ့ဆက်ခဲ့ကြသော်လည်း အချိန်အတန်ကြာရှာဖွေပြီးမှသာ ဦးတည်ရာကို တွေ့ရှိခဲ့ကြသည်။

ဗလာနယ်ထဲတွင် သတ်မှတ်ထားသည့်စကြာဝဠာတစ်ခုမှ ထုတ်လွှတ်ထားသည့် စွမ်းအင်တုန်ခါမှုလှိုင်းများ ထွက်ပေါ်နေသည်။

ထိုစွမ်းအင်လှိုင်းများကိုကြည့်ခြင်းဖြင့် ခွန်နင်ကျီနှင့် ပိုင်တောင်းတို့ ရန်သူများနှင့်တိုက်ခိုက်စဉ်ကထက် ပိုမိုကြီးမားသော တိုက်ပွဲတစ်ခုဖြစ်နေကြောင်း သိသာနိုင်၏။

ရန်ကျောက်ကဲခန္ဓာကိုယ်ထက် သွေးနီရောင်ဓားအလင်းတန်းတစ်ခု လက်ခနဲ‌တောက်ပသွားပြီး အရှိန်အဟုန်မြင့်တက်လာကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားသည်။

မကြာမီ မှောင်မိုက်သောဗလာနယ်ထဲတွင် တောက်ပနေသည့် တိမ်လွှာတစ်ခုကို တွေ့လိုက်ရသည်။

ထိုတောက်ပသော တိမ်လွှာထဲတွင် တစ်ခါတစ်ရံ အားပြင်းထန်သော ဓားသိုင်းအလင်းတန်းများ ထိုးဖောက်ဖြတ်သန်းသွားသည်။

ထိုတိုက်ခိုက်မှုက ပုံမှန်ဟုထင်ရသော်လည်း ဓားသိုင်းအလင်းတန်းတစ်ခုစီ ကျရောက်သည့်နေရာတိုင်းတွင် တောက်ပသော တိမ်လွှာ၏ တစ်စိတ်တစ်ပိုင်းသည် ပျောက်ကွယ်သွားသည်။

သို့သော် တိမ်လွှာက ပျက်ဆီးသွားသောနေရာများကို ချက်ချင်းပြန်လည်ဖြည့်တင်းလိုက်ပြီး ထိုတောက်ပသော တိမ်တိုက်အလယ်ဗဟိုမှ မဟာတာအို၏ စူးရှတေးသံက အဆက်မပြတ်ထွက်ပေါ်လာပြီး အာကာသတစ်ခွင်သို့ စိမ့်ဝင်သွားသည်။

မဟာတာအို၏ စူးရှတေးသံကိုကြားလိုက်ရသည်နှင့် ခွန်နင်ကျီနှင့် ပိုင်တောင်းတို့မှာ စိတ်အာရုံများ ဆွဲယူခံလိုက်ရသည့်ပမာ မှင်တက်သွားကြသည်။

ထို တောက်ပသောတိမ်တိုက်က ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး၏ အမတပန်းပွင့်သရဖူပင် ဖြစ်သည်။

မဟာတာအို၏ စူးရှတေးသံက နက်ရှိုင်းနတ်ဘုရားများကို ထိခိုက်စေပြီး ထိုအဆင့်အောက်ရှိသူများကို ဖိနှိပ်နိုင်စွမ်းရှိသည်။

ရန်ကျောက်ကဲကတော့ ထိုစူးရှတေးသံကြောင့် လုံးဝ ထိခိုက်ခဲ့ခြင်း မရှိပေ။

“အမှန်ပဲ ၊ အမတခုံရုံးက ထျန်းကျွင်းတစ်ပါး ရှိနေတယ်”

ထို့နောက် သူက သွေးနီရောင်ဓားအလင်းတန်းအသွင်ဖြင့်ပင် ရန်သူဆီသို့ ဆက်လက်ထွက်ခွာသွားသည်။

ဓားအလင်းတန်းပိုင်ရှင်က လုန်ရှင်းချွမ် ဖြစ်၏။

နတ်ဘုရားသုတ်သင်အစီအရင် ပြိုကွဲပျက်စီးသွားပြီးနောက် သူသည်လည်း တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နက်နေသည်။

သို့တိုင် သူ၏ဓားသိုင်းက ပိုင်တောင်းကဲ့သို့ သိုင်းသူတော်စင်အထွတ်ထိပ်အဆင့်နှင့်ယှဉ်ပါက ကျင့်ကြံခြင်းအဆင့်သာလွန်မှုက သိသာလှ၏။

အမတခုံရုံးမှ ထျန်းကျွင်းက ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသည့်တိုင် လုန်ရှင်းချွမ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

တကယ်တော့ သူသာ ချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းဖြင့် နက်ရှိုင်းနတ်ဘုရား၏ အမတချီစွမ်းအားကို ခုခံနိုင်သောစွမ်းရည်မရှိလျှင် တိုက်ပွဲရလဒ်က သိသိသာသာ ကွဲပြားသွားနိုင်သည်။

သူက သူ့တွင်ရှိသော အားသာချက်တွေအားလုံးကို အသုံးပြုပြီး လုန်ရှင်းချွမ်ကိုထိန်းထားရန်သာ တတ်နိုင်ခဲ့သည်။ သူက လုန်ရှင်းချွမ်ကိုထိန်းထားပြီး အမတခုံရုံးမှ စစ်ကူများရောက်လာမည်ကိုစောင်းဆိုင်းရန် ရည်ရွယ်ထားသည်။

သို့သော် သူ့ဆီရောက်လာသည်က ရက်စက်ကြမ်းတမ်းသော နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။

ရန်ကျောက်ကဲက...

“ဆရာဦးလေး’လုန်’ ... ဒဏ်ရာတွေ သက်သာအောင်ကုသလိုက်ပါ ၊ ဒီအတွက်နဲ့ ဆရာဦးလေးရဲ့ အသက်ဓာတ်စွမ်းအားကို ထိခိုက်မခံပါနဲ့”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်ညှိုးနှင့်လက်ခလယ်ကို ဓားသွားအသွင်ပြုလုပ်လိုက်ရာ စိမ်းပြာရောင်ဓားအလင်းတန်း ထွက်ပေါ်လာပြီး တိမ်လွှာပြင်ကို တို့ဖူးပိုင်းဖြတ်သည့်အလား အလွယ်တကူ ဖြတ်တောက်ပစ်လိုက်သည်။

တိမ်လွှာပြင်အတွင်းမှ ပြင်းထန်သည့်ဓားအလင်တးန်း ပြန်လည်ဆုတ်ခွာသွားပြီး လုန်ရှင်းချွမ်၏ပုံရိပ် ထွက်ပေါ်လာသည်။

သူ၏မျက်နှာကဖြူဖျော့လျှက် အားနည်းနေပုံရသော်လည်း အရင်အတိုင်း စွမ်းအားမြင့်မားနေဆဲ ဖြစ်သည်။

သူက စိတ်အားထက်သန်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“မြေကမ္ဘာပလ္လင်နတ်ဆိုး ဘယ်လိုဖြစ်သွားလဲ ၊ မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေရော ဘာဖြစ်သွားကြလဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“မြေကမ္ဘာပလ္လင်နတ်ဆိုး သေဆုံးသွားပါပြီ ၊ ရှီကျွင်းလေးတို့လည်း ဘေးကင်းကြပါတယ်”

လုန်ရှင်းချွမ်နှင့် စကားပြောနေရင်းပင် သူက လက်နှစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး တောက်ပသည့်တိမ်လွှာပြင်ကို ဆွဲဖြတ်လိုက်သည်။

ကောင်းကင်ကိုပင် ထိုးခွဲတော့မည့်အလား ထင်မှတ်ရသည့်လက်တစ်စုံအောက်တွင် တောက်ပသည့်တိမ်လွှာက ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပြီး အလင်းတန်းများသာလျှင် ကျန်ရစ်ခဲ့တော့သည်။

All Chapters