နဂါးကိုသတ်ပြီး နတ်ဘုရားကိုဖမ်းဆီး
Vol. 106 Ch. 1478
အခန်း (၁၄၇၈) နဂါးကိုသတ်ပြီး နတ်ဘုရားကိုဖမ်းဆီး
တောက်ပသည့်တိမ်လွှာများ ကွဲကြေသွားပြီး အလင်းတန်းများကပတ်ဝန်းကျင်အနှံ့ ပြန့်ကျဲသွားသည်။
သို့သော် မကြာခင်မှာပင် အလင်းတန်းများ ပြန်လည်စုစည်းလာပြီး ဗလာနယ်ထဲတွင် သက်တံ့ကွေးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုသက်တံ့ကွေးက နဂါးတစ်ကောင်အသွင်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာ၏။
“အဟက်... မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်း”
တောက်ပသည့် တိမ်လွှာနှင့်ထိတွေ့လိုက်သည်နှင့် အသုံးပြုထားသောသိုင်းပညာကို ရန်ကျောက်ကဲ ချက်ချင်းသိရှိသွားသည်။
နတ်သားရဲ(၄)ပါးတွင် ခေါင်းဆောင်ဖြစ်သော စိမ်းပြာနဂါး’မုန့်ကျန်း’။
သူ့ကို မုန့်ကျန်းနတ်ဧကရာဇ်ဟုလည်း ခေါ်ကြသည်။
မီးငှက်ကို အလင်းပျံသန်းနတ်ဘုရားဟု ခေါ်ဆိုသကဲ့သို့ပင် တာအိုဝါဒ၏ နတ်သားရဲ(၄)ပါးကို ရည်ညွှန်းသည့် ခေါ်ဆိုမှုမျိုး ဖြစ်၏။
မဟာကပ်ဘေးကြီးမတိုင်ခင်က အလင်းပျံသန်းနတ်ဘုရားကျမ်းစာဆိုသည့် ထူးခြားသော သိုင်းပညာတစ်ရပ် ရှိခဲ့ဖူးသည်။
ထိုပညာရပ်က အလင်းပျံသန်းနတ်ဘုရား၏ နက်နဲသည့်တာအိုသိမြင်မှုများကို အမွေဆက်ခံထားပြီး အခြားကျင့်စဉ်ကျမ်းများနှင့်မတူညီသော နက်ရှိုင်းမှုကို ပိုင်ဆိုင်ထားသည်။
ယခု အမတခုံရုံးမှ ထျန်းကျွင်းအဆင့် ကျွမ်းကျင်သူ ကျင့်ကြံထားသည့်သိုင်းပညာကတော့ မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်းဖြစ်ပြီး မဟာကပ်ဘေးကြီးမတိုင်ခင် မုန့်ကျန်းနတ်ဧကရာဇ်၏ နက်ရှိုင်းသော တန်ခိုးစွမ်းအားများ ပါဝင်လေသည်။
အလင်းပျံသန်းနတ်ဘုရားကျမ်းစာနှင့် မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်းတို့က တစ်ခုနှင့်တစ်ခု မည်သည့်ဆက်စပ်မှုမှ မရှိသော်လည်း ၊ ဤသိုင်းပညာရပ်များက နတ်သားရဲ(၄)ပါးမှ တစ်ပါးစီကို ပုံဖော်ထားကြသဖြင့် အဆင့်အတန်းအားဖြင့် တူညီသည်ဟု ရည်ညွှန်းကြသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် ထိုကဲ့သို့ ထူးခြားသည့်သိုင်းပညာရပ်များကို သိမ်းဆည်းထားခဲ့သည်။
ရန်ကျောက်ကဲက ထိုသိုင်းပညာကို ကျင့်ကြံမထားသည့်တိုင် ထိုသိုင်းကျမ်းကို ဖတ်ရှုလေ့လာဖူးသည်။
ထို့ကြောင့် ရန်သူ၏တိုက်ခိုက်မှုကိုတွေ့မြင်သည်နှင့် ချက်ချင်းပင် မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်းမှ သိုင်းပညာဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်ခြင်းပင်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က မုန့်ကျန်းစိမ်းပြာကောင်းကင်ကျမ်းနဲ့နှိုင်းယှဉ်ရင် ဒီတစ်ခုက အများကြီးပိုတိုးတက်လာတာပဲ ၊ အမတခုံရုံးရဲ့ သိုင်းကျင့်ကြံသူတစ်ယောက်အတွက်ဆိုရင်၊ ဒါက တော်တော်လေး ချီးကျူးစရာပဲ”
ရန်ကျောက်ကဲက ရန်သူကို ချီးကျူးလိုက်သည်။
သူ့တွင် ရန်သူ၏သိုင်းကွက်အပြောင်းအလဲကိုခံစားကြည့်ရန် အချိန်များပိုနေသေးသည်ပင်။
ရန်ကျောက်ကဲက ရန်သူကို ချီးကျူးသည်ဆိုသော်လည်း သူ၏လှုပ်ရှားမှုက တစ်စက်လေးမှ နှေးကွေးခြင်း မရှိပေ။
သူက လက်ချောင်းများကို ဓားအသွင်အသုံးပြုပြီး ပတ်ဝန်းကျင်လေထုကိုခုတ်ပိုင်းလိုက်သည်။ စိမ်းပြာနဂါး၏သွေးများ လွင့်စင်ထွက်လာပြီး ခရမ်းနီရောင်အလင်းတန်းများက ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားကာ အလင်းနဂါးများ တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ခံလိုက်ရသည်။
တစ်ခဏအတွင်း ဗလာနယ်ထဲတွင် အလင်းနဂါးများ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြန့်ကျဲနေတော့၏။
နဂါးများ၏ ကြေကွဲဖွယ်ရာအော်ဟစ်သံနှင်အတူ သွေးရနံ့က စကြာဝဠာတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။ စကြာဝဠာတစ်ခုလုံးက သွေးများပြည့်နက်နေသော ငရဲဘုံတစ်ခုပမာ ပြောင်းလဲသွားသည်။
အသတ်ခံလိုက်ရသော အလင်းနဂါးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် တဖြည်းဖြည်း ပျံ့လွင့်ပျောက်ကွယ်သွားတယ်။
ထိုအလင်းတန်းများက ထပ်မံခွဲထွက်ခြင်းမရှိတော့သလို တကယ့် သက်ရှိများ အသတ်ခံလိုက်ရသည့်ပမာ ပြန်လည်ရှင်သန်လာနိုင်စွမ်းလည်း မရှိတော့ပေ။
အလင်းတန်းများ လွင့်ပျံသွားသည်နှင့် အားလုံး၏မျက်လုံးများ တောက်ပသည့်အလင်းမြူများကြောင့် ကျိန်းစပ်မှုံဝါးသွားရသည်။
ထိုအလင်းမြူများက အစွန်အဖျားကိုမမြင်ရလောက်အောင် ကျယ်ပြန့်လွန်းသည်။
ထို့နောက် အလင်းမြူများထဲတွင် သက်လတ်ပိုင်း လူရွယ်တာအိုတရာတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ဒီဓားသိုင်းက...”
ထိုသူက မျက်လုံးထဲတွင် အံ့အားသင့်မှုအပြည့်ဖြင့် ရန်ကျောက်ကဲအား စိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက တောက်ပစွာ ပြုံးလိုက်ရင်း...
“အိုး... ဟုတ်သား... ဒီသားသိုင်းက ငါကိုယ်တိုင်တီထွင်ထားတဲ့ဓားသိုင်းပဲ... နာမည်ကတော့...”
သူက စကားကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
“စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း”
ထိုစကားကြားတော့ သက်လတ်ပိုင်း လူရွယ်တာအိုဆရာ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
သူက လက်ဖဝါးနှစ်ဖက်ကိုပူးကပ်လိုက်ပြီးနောက် ရုတ်တရက် လက်နှစ်ဖက်ဖြင့ ရှေ့သို့တွန်းထုတ်လိုက်သည်။ ထိုအခါ နေရာအနှံ့ ဖုံးလွှမ်းနေသော အလင်းမြူများမှာ စိမ်းပြာရောင်အဖြစ် ပြောင်းလဲသွားသည်။
စိမ်းပြာရောင်အလင်းတန်းများလင်းလက်သွားသည်နှင့် တောက်ပသည့်တိမ်လွှာပြင်က ထပ်မံထွက်ပေါ်လာပြီး နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။
ထိုနဂါးဟိန်းသံက စကြာဝဠာတစ်ခုလုံးအား လှုပ်ခါသွားစေ၏။
ထို့နောက် တိမ်လွှာအတွင်းမှ စိမ်းပြာနဂါးတစ်ကောင် အော်ဟစ်ရင်း ခေါင်းထောင်ထွက်လာပြီး ရန်ကျောက်ကဲအား အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်သည်။
ရန်ကျောက်ကဲ ပြန်လည်တိုခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် စိမ်းပြာနဂါး၏အကြေးခွံများလန်သွားပြီး အကြေးခွံတစ်ခုစီတိုင်းက ကြေးမုံမှန်တစ်ချပ်စီပမာ ပြောင်းလဲသွားသည်။
နဂါး၏ ခန္ဓာကိုယ်ထက်မှ သန်းပေါင်းများစွာသော နဂါးအကြေးခွံများက သန်းပေါင်းများစွာသော ကြေးမုံမှန်များမပာ ထင်မှတ်ရသည်။ ကြေးမုံမှန်များမှ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ယှက်နွယ်သွား၏။
ယှက်နွယ်သွားသည့်အလင်းတန်းများက ရန်ကျောက်ကဲအား လွှမ်းခြုံသွားပြီး ဖိနှိပ်သည့်အစီအရင်တစ်ခု လျှင်မြန်စွာ ဖြစ်ပေါ်လာသည်။
သန်းပေါင်းများစွာသော သံကြိုးများက ရန်ကျောက်ကဲ၏လှုပ်ရှားမှုကို ပိတ်ဆို့လိုက်သည့်ပမာပင်။
စိမ်းပြာနဂါးက ကြုံးဝါးအော်ဟစ်ရင်း သူ၏နဂါးခြေသည်းများကို အပြင်သို့ဆန့်ထတ်လိုက်သည်။
နဂါးခြေသည်းများက ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားပြီး ရန်ကျောက်ကဲ၏ အမြင်အာရုံတစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်သည်။
ရန်ကျောက်ကဲကတော့ ပြုံးလျှက် နေရာမှာပင် ရပ်တန့်နေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အခိုးအငွေ့များထွက်ပေါ်လာပြီး တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။
ထိုခဏတွင် ရန်ကျောက်ကဲပုံစံက ပုဆိန်တစ်လက်ပမာ သို့မဟုတ် လှံရှည်တစ်လက်ပမာ ပြောင်းလဲသွားသည်။
ကောင်းကင်ကိုဖွင့်လှစ် မြေကြီးကိုပိုင်းခြားနိုင်သည့် ခမ်းနားသောနတ်ဘုရားအသိဉာဏ် ၊ ဖန်ဆင်းခြင်းတရား၏ ထင်ရှားမှုက ပတ်ဝန်းကျင်တစ်ခွင် ပေါက်ကွဲထွက်သွားကာ သူ့ကိုပိတ်ဆို့ထားသော စိမ်းပြာရောင်အစီအရင်ကို ကွဲအက်သွားစေသည်။
ရန်ကျောက်ကဲ၏ပုံရိပ် လှုပ်ရှားသွားပြီး ပုံရိပ်ယောင် ကောင်းကင်ခွင်းလှံရှည် ရွေ့လျားသွားကာ စိမ်းပြာနဂါး၏ ခြေသည်းများကို တားဆီးလိုက်သည်။
ထို့နောက် သူက တည်ငြိမ်စွာပင် ဘယ်လက်ကိုဆန့်ထုတ်လိုက်ပြီး နဂါးခြေသည်းကိုဖြတ်ကျော်ကာ စိမ်းပြာနဂါး၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။
ရှေးခေတ်နတ်ဘုရားတောင်မြင့်ကြီးပမာ ကြီးမားလှသော နဂါးဦးခေါင်းကြီးမှာ ရန်ကျောက်ကဲ၏လက်ထဲတွင် ချက်ချင်းပင် သေးငယ်သွား၏။
လူရွယ်တာအိုဆရာ၏မျက်လုံးထဲတွင် ရန်ကျောက်ကဲ၏လက်ဖဝါးက ရုတ်တရက် ကြီးမားလာပြီး စကြာဝဠာတစ်ခုလုံးအား ဖုံးအုပ်လိုက်သည့်ပမာပင်။
ရန်ကျောက်ကဲလက်ဖြင့် ဆုပ်ကိုင်ခံလိုက်ရသော စိမ်းပြာနဂါးမှာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးအား တွန့်လိမ်ပြီး မည်မျှလှည့်ပတ်ရုန်းကန်ပါစေ ၊ ဗလာနယ်ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လှုပ်ခတ်ပြီး စကြာဝဠာတစ်ခုလုံး တုန်ခါသွားပါစေ ၊ သူ့အမြီးယမ်းခါပြီး ကြယ်စင်များ ပျက်ဆီးသွားပါစေ ၊ ရန်ကျောက်ကဲ၏ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲက စိမ်းပြာနဂါး၏ ရုန်းကန်မှုကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
ထို့နောက် သူက ခပ်ဖြည်းဖြည်းပင် ညာဘက်လက်ကိုပင့်မြှောက်လိုက်ပြီး လက်ညှိုးလက်ခလယ်ဖြင့် ဓားဝိညာဉ်တစ်ခု ဖွဲ့စည်းလိုက်ရာ သူ့လက်ထဲတွင် ဓားအစစ်တစ်လက်ပမာ ထင်ရှားလာသည်။
ရန်ကျောက်ကဲ ဓားကိုကိုင်မြှောက်လိုက်ကြောင်းတွေ့သည့်အခါ စိမ်းပြာနဂါးက ပိုမိုပြင်းထန်စွာ ရုန်းကန်လာသည်။
သို့သော် အားထုတ်မှုက အချည်းနှီးဖြစ်ပြီး သူ့ကိုသတ်မည့်ဓားက သူ့အနား တဖြည်းဖြည်းနီးကပ်လာသည်ကို ဤအတိုင်း ကြည့်နေရသည်။
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း ထပ်မံထွက်ပေါ်လာပြီး ဓားအလင်းတန်းများက ဗလာနယ်ကို ဖြတ်တောက်ပစ်လိုက်၏။
ရှေးဟောင်းတောင်မြင့်ကြီး၏ထိပ်ပိုင်း ပြိုကျသွားသည့်ပမာ ကြီးမားလှသော စိမ်းပြာနဂါးဦးခေါင်းက ရန်ကျောက်ကဲဓားဖြင့် ဖြတ်တောက်ခံလိုက်ရသည်။
ရန်ကျောက်ကဲက ဘယ်လက်ဖြင့် နဂါးခေါင်းကို ကိုင်မြှောက်ထားပြီး ညာလက်ဖြင့် ဓားကိုဆက်လက်ထိုးစိုက်ချလိုက်သည်။
ခရမ်းနီရောင် အလင်းတန်းက စိမ်းပြာအလင်းတန်းကို ဖြတ်တောက်လိုက်ပြီး လူရွယ်တာအိုဆရာ၏ပုံရိပ် တဖန်ပြန်လည် ထွက်ပေါ်လာစေသည်။
လူရွယ်တာအိုဆရာ၏ မျက်နှာထက် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ သူ ဤနေရာတွင် ဆက်မနေရဲတော့ပေ။
သူက စိမ်းပြာရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီး နေရာမှထွက်ပြေးရန် ကြိုးစားလိုက်သည်။
သူ ထွက်ပြေးသွားသည့်အခါ သူ၏နောက်ကျောက ဟာကွက်ဖြစ်နေပြီး ရန်ကျောက်ကဲဘက်သို့ အကာအကွယ်မဲ့စွာ ဖွင့်လှစ်ထားသလို ဖြစ်သွားသည်။
ကြောက်မက်ဖွယ်ရာ စိမ်းပြာနဂါး သုတ်သင်ဓားသိုင်းက သူ့နောက်ကျောကို အတားအဆီးမရှိ ဖြတ်တောက်သွားမည်ကို စိုးရိမ်စရာရှိသည်။
သို့သော် အမတခုံရုံးမှ ထျန်းကျွင်းအဆင့် ကျွမ်းကျင်သူက အစီအစဉ်ရှိလေသည်။
သူက ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကိုခံယူပြီး ထွက်ပြေးရန် အခွင့်အရေးဖြင့် လဲလှယ်ရန် ပြင်ဆင်ထားခြင်းပင်။
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း မည်မျှပင်ပြင်းထန်ပါစေ နက်ရှိုင်းနတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားက သူ၏ချီစွမ်းအားငါးခုပေါင်းစည်းခြင်း ရုပ်ခန္ဓာကို ထိခိုက်နိုင်စွမ်းရှိမည် မဟုတ်ပေ။
သို့သော် ဤနေရာတွင် ဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေလျှင်တော့ ရန်ကျောက်ကဲလက်ထဲ အရှင်လတ်လတ် ဖမ်းဆီးခံရကိန်းရှိသည်။
လူရွယ်တာအိုဆရာက တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးချိန်မှာပင် သူနှင့်ရန်ကျောက်ကဲကြားမှ ကွာခြားချက်ကို အာရုံခံမိသွားခဲ့သည်။ ထို့ပြင် အနားတွင် လုန်ရှင်းချွမ်နှင့် ရန်တိတို့လည်း ရှိနေပေသည်။
ဤနေရာတွင် လမ်းမှန်တာအိုဝါဒဘက်မှ ထိုက်ရွှီးမူလနတ်ဘုရားများ ရှိ မရှိ ဆိုသည်ကို ဘုရားသာလျှင် သိပေမည်။ အကယ်၍ ရှိခဲ့မည်ဆိုပါက သူ့အတွက် အသက်အန္တရာယ်ကျရောက်နိုင်သည်။
ထို့ကြောင့် လူရွယ်တာအိုဆရာက ချက်ချင်းဆုတ်ခွာရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ခြင်းပင်။
သူက ဂုဏ်သိက္ခာကိုအရေးမစိုက်တော့ဘဲ နက်ရှိုင်းနတ်ဘုရားနှင့် ထိုက်ရွှီးမူလနတ်ဘုရားကြား ကွာဟချက်ကို အသုံးချပြီး ထွက်ပြေးရန် အခွင့်အလမ်း ရှာဖွေခဲ့သည်။
ထိုခဏမှာပင် သူ့နောက်ကျောမှ ဓားအလင်းတန်းတစ်ချက် ပြောင်းလဲသွားသည်ကို အာရုံခံလိုက်မိသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျောက်ကွယ်သွားပြီး ပို၍ခမ်းနားသော ၊ ပို၍ကျယ်ပြန့်သော တစ်စုံတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။
အဆုံးမရှိသော နက်ရှိုင်းမှုများ စီးဆင်းထွက်ပေါ်နေသည့် ဓားဝိညာဉ်က လူရွယ်တာအိုဆရာ၏စိတ်ကို တုန်လှုပ်သွားစေသည်။
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ရင်ဆိုင်ရခြင်းထက်တောင် ပိုမိုကြီးမားသောအန္တရယ်ကို ခံစားလိုက်ရသည်။
ထိုဓားအလင်းတန်းဖြင့် ဖြတ်တောက်ခံလိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်က ထုံကျဉ်သွားရသည်။ လူရွယ်တာအိုဆရာ အမြင်အာရုံဝေဝါးသွားပြီး မရေမတွက်နိုင်သည့်ဖြစ်စဉ်များစွာ တစ်ခုပြီးတ်စခု ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကောင်းကင်ထက်မှ မြေပြင်အောက်ဆုံးသို့ ပြုတ်ကျသွားသည့်ပမာ ခံစားလိုက်ရသည်။
သူ၏ ချီစွမ်းအားငါးခုပေါင်းစည်းခြင်း ကွဲကြေပျက်ဆီးသွားသည်။ အရာအားလုံးက ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခြင်းပင်။
သို့သော် ထိုအခိုက်အတန့်ပြီးဆုံးသည့်နောက် ရက်စက်မှုအပြည့်ဖြင့် ဒုတိယဓားချက် သူ့ဆီဖြတ်သန်းလာပြန်သည်။
ရက်စက်သောဓားအလင်းတန်း လက်ခနဲ ဖြတ်သန်းသွားသည်နှင့် လူရွယ်တာအိုဆရာ နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က နှစ်ပိုင်းကွဲထွက်သွားသည်။
ရန်ကျောက်ကဲက အေးဆေးစွာပင် သူ့နောက်လိုက်သွားပြီး ဘယ်ဘက်လက်ကိုတင်းတင်းဆုပ်ကိုင်လျှက် စိမ်းပြာနဂါး၏ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ချေမွှပစ်လိုက်သည်။
ထို့နောက် လက်ကိုဆန့်ထုတ်လိုက်ပြီး နောက်ဆုံးထွက်သက်ရုန်းကန်နေသည့် လူရွယ်တာအိုဆရာကို ဆုပ်ကိုင်လိုက်၏။
လူရွယ်တာအိုဆရာ အသက်မရှူနိုင်ဖြစ်နေပြီး သွေးများကလွင့်စင်လျှက် နာကျင်မှုကို ဆိုးရွားစွာ ခံစားနေရသည်။
သူက အမတချီစွမ်းအား(၅)ခုကို ပြန်လည်စုစည်းပြီး သူ၏အသက်ဓာတ်ကိုထိန်းသိမ်းရန် ကြိုးစားနေသည်ဖြစ်ရာ ခန္ဓာကိုယ် နှစ်ပိုင်းကွဲသွားသည့်တိုင် သေဆုံးသွားခြင်း မရှိသေးပေ။
သို့သော် ရန်ကျောက်ကဲလက်ထဲ ဆုပ်ကိုင်ခံထားရသဖြင့် အဆမတန်သန်မာသည့်ဖိအားကိုခံစားရကာ သေမင်းနှင့်ရင်ဆိုင်ရသည်ထက်ပင် ကြောက်ရွံ့လာစေသည်။