အမတခုံရုံးမှကျင့်ကြံသူများ၏နောက်ဆုံးအားထားရာကွဲကြေပျက်ဆီးသွားပြီ
Vol. 106 Ch. 1479
အခန်း (၁၄၇၉) အမတခုံရုံးမှကျင့်ကြံသူများ၏နောက်ဆုံးအားထားရာကွဲကြေပျက်ဆီးသွားပြီ
“မင်း... မင်း အခုသုံးလိုက်တဲ့ဓားသိုင်းက...”
လူရွယ်တာအိုဆရာက ရုန်းကန်ရင်း ရန်ကျောက်ကဲကို လှမ်းကြည့်ပြီးမေးလိုက်သည်။ သူ့မျက်ဝန်းများထဲ အံ့အားသင့်မှုများဖြင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းက သူ ယခင်က ခံစားခဲ့ရသော ထိတ်လန့်မှုများအားလုံးထက် အဆမတန် ကျော်လွန်သွားသည်။
ဤဓားသိုင်းက နက်ရှိုင်းနတ်ဘုရားနှင့် ထိုက်ရွှီးမူလနတ်ဘုရားကြားမှ ကွာဟချက်နှင့် ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်ခဲ့သည်။
ယခင်က ဤသို့ အဆမတန်စွမ်းအားကြီးမားသောအလုပ်မျိုး လုပ်ဆောင်နိုင်သည်မှာ နတ်ဘုရားသုတ်သင်အစီအရင်တစ်ခုသာလျှင် ရှိသည်။
အမတခုံရုံးမှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက နတ်ဘုရားသုတ်သင်အစီအရင်နှင့် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း၏ ဂုဏ်သတင်းကို သိကောင်းသိကြသော်လည်း ဤအရာများက ဒဏ္ဍာရီထဲမှ အရာများသာ ဖြစ်သည်။
အမတခုံရုံး မဖွဲ့စည်းခင်ကတည်းကပင် နတ်ဘုရားသုတ်သင်အစီအရင်နှင့် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက ပျောက်ဆုံးသွားခဲ့ပြီး လောကတွင် ထပ်မံထွက်ပေါ်မလာတော့ပေ။
သို့သော် ယနေ့တော့ ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ရန်သူကို အနိုင်ယူလိုက်ပေပြီ။
နက်ရှိုင်းနတ်ဘုရားတစ်ပါးက ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ပစ်ခဲ့သည်။
ဤသည်က တိုက်ပွဲတစ်ခု မဟုတ် ၊ ဖိနှိပ်ခြင်းမဟုတ်သလို အရှင်ဖမ်းဆီးခြင်းလည်းမဟုတ်။
က်ရှိုင်းနတ်ဘုရားအဆင့်ဖြင့်ပင် ထိုက်ရွှီးမူလနတ်ဘုရား၏ ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို အမှန်တကယ် ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
စိမ်းပြာနဂါးမှာ သူခံစားလိုက်ရသည့် မကြုံစဖူးထိတ်လန့်မှုကြောင့် စိတ်ဓာတ်ပျက်ပြားသွားရသည်။
အကယ်၍ ဤသည်က နတ်ဘုရားသုတ်သင်ဓားသိုင်း သို့မဟုတ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းဖြစ်ခဲ့လျှင်တောင် သူက ဤသို့သောရလဒ်ကို အနည်းအကျဉ်း မျှော်လင့်ထားမိမည်ပင်။
လက်ရှိမှာတော့ သူက တကယ့်ကို အံ့အားသင့်သွားရသည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက တူညီသောကျင့်ကြံခြင်းအဆင့်တွင် လမ်းမှန်တာအိုဝါဒကျင့်ကြံသူများထက် အနည်းငယ် စွမ်းအားနိမ့်ကျသည်မှာ အမှန်ဖြစ်၏။ သို့သော် အမတခုံရုံးမှ ကျင့်ကြံသူများတွင် သူတို့ကို ကျောထောက်နောက်ခံပေးထားသည့် ယုံကြည်ခြင်းစွမ်းအား ရှိလေသည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် သူတို့အတွက် ကျင့်ကြံခြင်းအဆင့်တက်ခြင်း အလွန်လျှင်မြန်ခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်းအရှိန်အဟုန်က လမ်းမှန်တာအိုဝါဒ တန်ခိုးစွမ်းအားရှင်များထက် များစွာကျော်လွန်ခဲ့သည်။
သူတို့အတွက် အစစ်အမှန်နတ်ဘုရားများက သိုင်းသူတော်စင်များကို အနိုင်ယူနိုင်သည်။ နက်ရှိုင်းနတ်ဘုရားများက အစစ်အမှန်နတ်ဘုရားများကို အနိုင်ယူနိုင်သည်။
ထိုက်ရွှီးမူလနတ်ဘုရားများက နက်ရှိုင်းနတ်ဘုရားများကို အနိုင်ယူနိုင်သည်။ ပြီးတော့ ကောင်းကင်နတ်ဘုရားများက ထိုက်ရွှီးမူလနတ်ဘုရားများကို အနိုင်ယူနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းအဆင့် အားသာချက်က အမြဲတမ်း အကျုံးဝင်နေခဲ့သည်ပင်။
အကြီးအကဲ’စော’ က အမတခုံရုံးကို အားနည်းချက်ရှိသည့်အခြေအနေတစ်ခုသို့ရောက်အောင် တွန်းပို့ပေးခဲ့သည်။ ထို့ကြောင့် အဖြူရောင်ကြာပန်းသုခဘုံအတွက် အားသာချက်ဖြစ်စေခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ စောမင်ကျန့်က အားလုံးထင်မှတ်ထားသည်ကိုကျော်လွန်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားသောကြောင့် ဖြစ်၏။
သူသာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်မှာပဲ ဆက်ရှိနေမည်ဆိုလျှင် ၊ ထိုအချိန်က သူ့အား ဝိုင်းဝန်းပိတ်ဆို့ထားသည်များမှ လွတ်မြောက်နိုင်လျှင်တောင်မှ အမတခုံရုံးက ဤသို့သောအခြေအနေသို့ ရောက်ရှိသွားမည် မဟုတ်ပေ။
ထို့ကြောင့် အမတခုံရုံးအနေဖြင့် အမျက်ဒေါသထွက်ရသည့်တိုင် ဤကံကြမ္မာကို လက်ခံခဲ့ရသည်။
သို့သော် အခုကတော့ အခြေအနေ လုံးဝ ကွဲပြားသည်။
တစ်နည်းပြောရလျှင် အမတခုံရုံး သိုင်းကျင့်ကြံသူများ၏ နောက်ဆုံးအားထားရာ လုံခြုံမှု ကွဲကြေပျက်ဆီးသွားခြင်းပင် ဖြစ်၏။
လူရွယ်တာအိုဆရာ စိတ်ရှုပ်ထွေးလျှက်ရှိသည်။
ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် အခဲမကျေမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
တိမ်လွှာခွင်းဧကရာဇ်ကတော့ ရန်တိနှင့် လုန်ရှင်းချွမ်တို့ကို လှမ်းကြည့်ပြီး အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
“ဒါက အတော်လေး သနားစရာကောင်းတာပဲ”
ရန်တိနဲ့ လုန်ရှင်းချွမ်တို့က သူ့စကားကို နားလည်ကြသည်။
နတ်သက်ကြွေဓားသိုင်းကို ကျင့်ကြံရန်အတွက် လိုအပ်သောအခြေအနေက အဆမတန် ကြီးမားလွန်းသည်။
ဤဓားသိုင်းကိုကျင့်ကြံရန် ဦးစွာ နှောင်းပိုင်း ကောင်းကင်ကျမ်းစာ(၆)စောင် ၊ လင်ပေါင်ဓားသိုင်း(၄)မျိုး ၊ အင်္ကျီလက်ထဲမှ မိုးပြာရောင်နဂါးဓားသိုင်း ၊ အလင်းပျံသန်းနတ်ဘုရားကျမ်းစာအပြင် အခြားသော ထိပ်တန်းသိုင်းပညာများကိုလည်း တတ်ကျွမ်းရမည် ဖြစ်၏။
ထို့ပြင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်လည်း ပြည့်မီရမည်ဖြစ်ပြီး စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း ၊ ရွှမ်ဝူသုတ်သင်ဓားသိုင်း ၊ ကျားဖြူသုတ်သင်ဓားသိုင်း ၊ မီးငှက်သုတ်သင်ဓားသိုင်းတို့ကိုလည်း ကျင့်ကြံထားရန် လိုအပ်သည်။
နတ်သက်ကြွေဓားသိုင်း၏ အခြေခံမှာပင် ဤသိုင်းပညာရပ်အားလုံး၏ နက်ရှိုင်းပြီးအဆုံးမရှိသော သဘောတရားများပါဝင်နေပြီး သာမန်သိုင်းပညာများထက် ပိုမိုသာလွန်သည်။
သိုင်းကျင့်ကြံသူအများစုမှာ သူတို့ဘဝတစ်လျှောက်လုံး အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးမည်ဆိုလျှင်တောင်မှ ဤသို့သော ထူးချွန်သည့်သိုင်းပညာရပ်များထဲမှ တစ်ခုမျှကိုပင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
ထိုသို့ သဘောပေါက်ရန်မှာပင် သူတို့၏ စိတ်အားထက်သန်မှုနှင့် အားစိုက်ထုတ်မှု များစွာလိုအပ်ပေမည်။
မည်မျှထူးချွန်သော ပါရမီရှင်ဖြစ်ပါစေ ၊ အရည်အချင်းမည်မျှရှိပါစေ ၊ ထူးခြားသောသိုင်းပညာရပ်များ မည်မျှပင် ကျင့်ကြံနိုင်ပါစေ ၊ အရာအားလုံးကို အပြည့်အဝ နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်ပေ။
သိုင်းပညာတစ်ခုချင်းစီတွင် ကိုယ်ပိုင်ထူးခြားချက်နှင့် အထူးပြုနယ်ပယ်များရှိသည်ဖြစ်ရာ သတ်မှတ်ထားသည့် ထူးခြားသိုင်းပညာတစ်ရပ်ကို လျှင်မြန်စွာ နားလည်နိုင်လျှင်တောင်မှ အခြားကွဲပြားသောသိုင်းပညာရပ်များကို နားလည်နိုင်မည်ဟု မဆိုလိုပေ။
နတ်သက်ကြွေဓားသိုင်းအား ကျင့်ကြံမည်ဆိုလျှင် နားလည်တတ်ကျွမ်းရမည့် ထူးခြားသိုင်းပညာများက နေရာအနှံ့တွင် ပြန့်ကျဲလျှက်ရှိသည်။
ထိုသိုင်းကျမ်းများအားလုံးကို စုဆောင်းနိုင်လျှင်တောင်မှ ဤမျှများပြားသော ထူးခြားသိုင်းပညာရပ်များကို ကျင့်ကြံရန်မှာ အချိန်နှင့် စွမ်းအားစုဆောင်းမှု များစွာ လိုအပ်သည်။
ဤသိုင်းပညာများအားလုံး ပြီးဆုံးအောင်ကျင့်ကြံရန် အချိန်မည်မျှကြာမည်ကို ဘုရားသာလျှင် သိပေမည်။
ထို့ပြင် ဤမျှများပြားသော ထူးခြားသိုင်းပညာရပ်များကို ကျွမ်းကျင်အောင်ကျင့်ကြံခြင်းက အခြေခံတစ်ခုသာဖြစ်သည်။
နတ်သက်ကြွေဓားသိုင်းကို ကျင့်ကြံချင်လျှင် ထိုထူးခြားသိုင်းပညာများကို နားလည်သဘောပေါက်ပြီး အားလုံးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းကာ လိုသလို လွတ်လွတ်လပ်လပ် အသုံးချနိုင်ရပေမည်။
ဤအချက်ဖြင့်ပင် နတ်သက်ကြွေဓားသိုင်း ကျင့်ကြံနိုင်သူ မရှိသလောက် ဖြစ်သွားပေမည်။
သို့ရာတွင် လိုအပ်ချက်ကြီးမားသည်မှန်သော်လည်း နတ်သက်ကြွေဓားသိုင်း၏ တန်ခိုးစွမ်းအားက လူတစ်ယောက် ပြင်းပြစွာတပ်မက်စေရန် လုံလောက်သည်။
တစ်ခုတည်းသောပြဿနာကတော့ လိုအပ်သည့်သိုင်းပညာများအားလုံး ကျင့်ကြံအောင်မြင်ဖို့ဆိုသည်က အလွန်ခက်ခဲလွန်းခြင်းပင်။
ရန်တိက တည်ငြိမ်သည့်လေသံဖြင့်...
“ချန်ချန်းဟွာက တကယ့်ကို သေသင့်တဲ့သူဆိုပေမယ့်... ရန်ကျောက်ကဲရဲ့ နတ်သက်ကြွေဓားသိုင်းကို သင်ယူဖို့ အနီးစပ်ဆုံးလူကိုပြပါဆိုရင် သူ့ကိုပဲပြရလိမ့်မယ်”
ရန်ကျောက်ကဲနဲ့ ပြန်လည်တွေ့ဆုံပြီးနောက် ရန်တိက ဖြစ်ရပ်များကို သိရှိပြီးဖြစ်သည်။
လုန်ရှင်းချွမ်းက ပြုံးလိုက်ရင်း...
“မင်းမှာလည်း အခွင့်အရေးရှိတယ်လေ”
ရန်တိက မာနထောင်လွှားခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိသော လေသံဖြင့်...
“အရင်ကတော့ ရှိခဲ့ပါတယ်”
ရန်တိငယ်ရွယ်စဉ်ကလည်း သိုင်းပညာမျိုးစုံကျင့်ကြံသည့်လမ်းကြောင်းကို လျှောက်လှမ်းခဲ့ဖူးသည်။
နောက်ပိုင်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ဖန်ဆင်းခြင်းဓားသိုင်းက တဖြည်းဖြည်းရင့်ကျက်လာပြီး သူက ထိုလမ်းကြောင်းတစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့တော့သည်။
လက်ရှိတွင် သူ့အနေဖြင့် နတ်သက်ကြွေဓားသိုင်းကို နားလည်ရန် ကြိုးစားနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက ဖန်ဆင်းခြင်းဓားသိုင်း၏တိုးတက်မှု နှေးကွေးသွားပေမည်။
ဖန်ဆင်းခြင်းဓားသိုင်းက ရှေ့သို့ အရှိန်အဟုန်ဖြင့် သွားနေသည်ဖြစ်ရာ နှေးကွေးသွားပါက အန္တရယ်ရှိနိုင်၏။
နတ်ဘုရားအဆင့်များကြား ကွာဟချက်ကို ကျော်လွန်နိုင်ခြင်းက ကောင်းသည့်အရာဖြစ်သော်လည်း ရန်တိအတွက်တော့ ရှေ့ဆက်အောင်မြင်ရန်က ပိုမိုသင့်တော်သည်။
သူ့အတွက်တော့ ဖန်ဆင်းခြင်းဓားသိုင်းဖြင့်သာ ရန်သူများကို ကျော်လွန်နိုင်ပေလိမ့်မည်။
အကယ်၍ သူက နတ်သက်ကြွေဓားသိုင်းအား သင်ယူမည်ဆိုလျှင် အချိန်အဆမတန် ဆုံးရှုံးရမည်။ ဤသည်က သူ့အတွက် မသင့်တော်ပေ။
သူ့တွင် ထိုသို့ပြုလုပ်ရန် အချိန်ရှိခဲ့မည်ဆိုလျှင် သူ၏ကျင့်ကြံခြင်းအဆင့်က နဂိုကတည်းက ထိပ်ဆုံးသို့ ရောက်နေလောက်ပေပြီ။
တိမ်လွှာခွင်းဧကရာဇ်က...
“မင်းတို့ဂိုဏ်းထဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ပါရမီရှင်တစ်ယောက် ရှိတယ်လေ ၊ သူက ခုနစ်စဉ်ကြယ်ခန္ဓာကိုယ် ပိုင်ဆိုင်တဲ့အတွက် မွေးရာပါ စိတ်ထားရိုးရှင်းတယ်လို့ ကြားဖူးတယ် ၊ သူလည်း ဒီဓားသိုင်းကို ကျင့်ကြံနိုင်မယ်ထင်တယ်”
ရန်တိ ခေါင်းညိတ်လိုက်သည်။
“ယင်လုန်ထူက တကယ်ပဲ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိပါတယ် ၊ ဒါပေမဲ့ ဒီဓားသိုင်းကိုကျင့်ကြံနိုင်ဖို့ သူ့မှာ လိုအပ်ချက်တွေ ရှိသေးတယ် ၊ သူ့အနေနဲ့ ကျောက်ကဲလိုမျိုး သိုင်းသူတော်စင် အထွတ်ထိပ်အဆင့်မှာပင် နတ်သက်ကြွေဓားသိုင်းကို ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်သေးဘူး”
ယင်လုန်ထူက ဝါဒတောင်ဂိုဏ်း၏ လူငယ်မျိုးဆက်များထဲတွင် ရန်ကျောက်ကဲပြီးလျှင် ဒုတိယအတော်ဆုံးသူ ဖြစ်သ်ည။
ထို့ပြင် သူက ပျင်းရိတတ်သူမဟုတ်ဘဲ သိုင်းပညာမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။
ရန်ကျောက်ကဲကိုယ်တိုင်ကပင် ယင်လုန်ထူက နတ်သက်ကြွေဓားသိုင်းကို ကျင့်ကြံနိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။
ရန်တိက...
“ယင်လုန်ထူနဲ့ယှဉ်ရင် ယွီယဲ့ရဲ့ ကောင်းကင်သန့်စင်စိတ်ဝိညာဉ်က ပိုပြီးအလားအလာရှိတယ်”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ယွီယဲ့သင်ယူခဲ့တဲ့သိုင်းပညာတွေက ကျောက်ကဲနဲ့ ချန်ချန်းဟွာတို့လောက် မရှုပ်ထွေးဘူး ၊ သူ့အနေနဲ့ အခြေခံတည်ဆောက်ဖို့ဆိုရင်တောင် အချိန်အများကြီးပေးရလိမ့်မယ်”
“ဒါပေမဲ့ အခု သူ့မှာ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း ရှိသွားပြီဆိုတော့ နတ်သက်ကြွေဓားသိုင်းကို ကျင့်ကြံဖို့ ထပ်စဉ်းစားစရာ မလိုတော့ဘူး”
ရန်တိစကားကိုနားထောင်ရင်း လုန်ရှင်းချွမ် သက်ပြင်းချလိုက်သည်။
“ရှောင်ယဲ့၊ ယွဲ့ကျန့်ပေနဲ့ နျဲ့ကျင်းရှန်တို့ အခု ဘယ်မှာရောက်နေလဲ မသိရသေးဘူး ၊ ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ဘဲ ဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်”
ရန်တိနှင့် တိမ်လွှာခွင်းဧကရာဇ်တို့ ခေါင်းညိတ်လိုက်ပြီး...
“အခု သူတို့ကို ဆက်ရှာကြတာပေါ့”
ရန်ကျောက်ကဲက...
“အချိန် နည်းနည်းကျပ်နေတယ်”
စကားပြောရင်း ရန်ကျောက်ကဲက အမတခုံရုံးမှ ထျန်းကျွင်းအဆင့် ကျင့်ကြံသူကို ဆုပ်ကိုင်ထားလျှက် သူတို့ဆီ လျှောက်လာသည်။
“ဒီကောင်အပြင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ပြင်ပတာအိုကျင့်ကြံသူတစ်ယောက် ရှိနေသေးတယ်”
ထိုစကားကြားတော့ ရန်တိနှင့်အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
သာမန်ဆိုလျှင် နတ်ဘုရားနယ်မြေ(၃၀၀၀)ထဲမှ (၇၂)ခုအား ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူများကို ပေးအပ်ထားလေ့ရှိသည်။
ထျန်းကျွင်းတစ်ယောက်ချင်းစီက နယ်မြေ (၃၆)ခုမှ (၄၅)ခုအထိ ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းများကို ခံစားခွင့်ရှိကြသည်။
လွန်ခဲ့သော အနှစ်(၂၀)က ဖြစ်ပွားခဲ့သောစစ်ပွဲတွင် ကောင်းကင်ဘုံအရှင်လေးဦးအပြင် ထျန်းကျွင်းနယ်ပယ်အများအပြားလည်း အကြီးအကဲ'စော' လက်ချက်ဖြင် သေဆုံးခဲ့ရသည်။
နောက်ပိုင်း အဖြူရောင်ကြာပန်းသုခဘုံ၏ ကျူးကျော်မှုကိုခံရပြီး မူလကပင် အားနည်းနေသော အမတခုံရုံးမှ လူအင်အားပြတ်လတ်မှုနှင့် ရင်ဆိုင်ခဲ့ရ၏။
ထိုသို့သောအခြေအနေမှာတောင် သူတို့က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ထျန်းကျွင်းနယ်ပယ်နှစ်ဦးကို စေလွှတ်ခဲ့သေးသည်။
သူတို့အခြေအနေ ဤမျှကြပ်တည်းနေသည့်တိုင် ဤသို့ပြုလုပ်သည်ဖြစ်ရာ ဤကိစ္စက သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်နိုင်ပေ။
နောက်ပိုင်းတွင် စစ်ကူများထပ်မံရောက်ရှိလာမည်လား မည်သူမှ မသိနိုင်ပေ။