စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ပြည့်စုံစေခြင်း အပိုင်း (၁)
Vol. 108 Ch. 1504
"မင်း ဒီလိုအရာမျိုးကို ဘယ်ကရခဲ့တာလဲ” ယန်းအိုက်က မေးသည်။
"နည်းနည်းတော့ ရှုပ်ထွေးတယ်။ ဟိုဘက်က တန်ကြေးမပေးချေရင် နောက်ပိုင်းမှာ ဘိုးဘေးရဲ့ အကူအညီ လိုလာနိုင်တယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို အရင်ဆုံး ဖြည့်ဆည်းပေးရမယ်။ အဲဒါက မာမျိုးနွယ်စုက စံပြတစ်ဦးကို လေ့ကျင့်ပေးဖို့ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
"ငါ သဘောပေါက်ပြီ။ ဒါပေမဲ့ ဒီအလုပ်က အစ်ကိုလီနဲ့ ဝမ်ချန်တို့အတွက် ပိုသင့်တော်မယ်လို့ ငါ ထင်တာပဲ” ယန်းအိုက်က သက်ပြင်းချလိုက်သည်။
လီမင်က ဂိုဏ်း၏ လေ့ကျင့်ရေးစနစ်တွေနှင့် လမ်းညွှန်မှုတွေကို ဦးဆောင်ခဲ့ပြီး ဝမ်ချန်ကတော့ ခန္ဓာကိုယ်နဲ့ သွေးမျိုးဆက်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပေသည်။
"မင်းကို ကူညီဖို့ ငါတို့ ပုံရိပ်ယောင်ကိုယ်ပွား ချန်ထားပေးနိုင်တယ်” လီမင်က ပြောလိုက်သည်။
"ဒီအခွင့်အရေးကို အသုံးချပြီး လူသား-မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို စတင် ဖြန့်ဝေနိုင်တာပေါ့” ဝမ်ချန်က ထပ်ပြောသည်။
"အခုတော့ ငါက လူတိုင်းရဲ့ အလုပ်ကို လုပ်ပေးနေရတော့မှာလား” ယန်းအိုက်က အော်လိုက်ရာ ချီယွမ်က သူမပခုံးကိုသာ ပုတ်ပေးလိုက်သည်။
"နောက်ထပ် ဘာရှိသေးလဲ” ယန်းအိုက်က ဝမ်ဝေ့ကို စိုက်ကြည့်ရင်း မေးသည်။
"ဒါပါပဲ။ အင်း … မဟုတ်သေးဘူး။ ထားလိုက်ပါတော့။ သိပ်အရေးမကြီးပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ ယန်းအိုက်က နှာမှုတ်ပြီး ဝူဟုန်နှင့် ခဏတာ စကားပြောပြီးနောက် ထွက်ခွာသွားသည်။ ကျန်သူများလည်း နှုတ်ဆက် ထွက်ခွာသွားကြရာ ထိုစုံတွဲ နှစ်ဦးတည်းသာ ကျန်နေခဲ့သည်။
"ရှင် ကျင့်ကြံရေး ပြီးရင် ကျွန်မဆီ လာခဲ့ဦး” ဝူဟုန်က သူ့ပါးကို နမ်းပြီး ပျောက်ကွယ်သွားသည်။
ဝမ်ဝေ့က သူ့ပါးကို စက္ကန့်အနည်းငယ် ပွတ်သပ်ပြီး ကျေနပ်သော အပြုံးဖြင့် ဝိညာဉ်ကွန်ယက်မှ ထွက်လာသည်။ သူ၏ စံအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ထိုအပြုံးကို ဖျောက်ဖျက်ကာ သူ၏ သီးသန့်ကျင့်ကြံမှုအတွက် အာရုံစိုက်ရန် စိတ်ကို စုစည်းလိုက်သည်။
---
ပထမဆုံးအနေဖြင့် ဝမ်ဝေ့သည် သူ၏ သာလွန်ကံကြမ္မာတောင်ထိပ်ပေါ်ရှိ အစီအရင်အားလုံးကို အသက်သွင်းကာ ကျင့်ကြံရန် အကောင်းဆုံး အခြေအနေတစ်ခု ဖန်တီးခဲ့သည်။ တောင်ပေါ်ရှိ အချိန်မြှင့်တင်ခြင်း အစီအရင်သည် ဆယ်ဆ အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ကျင့်ကြံရေး အရှိန်မြှင့်ရန်အတွက် တတိယအဆင့် တာအိုအရင်းအမြစ်များ ပါဝင်သော ဒိုင်မေးရှင်းတစ်ခုလုံးကို သူ အသုံးပြုခဲ့သည်။
အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် ဝမ်ဝေ့က ကောင်းကင်တာအိုထံမှ ဝယ်ယူထားသော အဆောင်လက်ဖွဲ့ဖြင့် သူ၏ ဝိညာဉ်နှင့်တည်ရှိမှုကို သန့်စင်ကာ ဆုံမှတ်နည်းလမ်း၏ အကူအညီဖြင့် သူ၏တည်ရှိမှုအတွင်းရှိ လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားပစ်ခဲ့သည်။
ဝမ်ဝေ့က သန့်စင်ပြီးသွားသောအခါ ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းခြင်းကို အာရုံစိုက်ထားလိုက်၏။ ဆေးလုံးနှင့် ဂိုဏ်းမှ ထောက်ပံ့ပေးထားသော စွမ်းအင်များကြောင့် လုပ်ငန်းစဉ်သည် အလွန် ချောမွေ့နေသည်။ ခရမ်းရောင်သွေး မသောက်သုံးခင်ကအတိုင်း သူ့ခန္ဓာကိုယ်ကို အတိအကျ ပြန်လည်ဖန်တီးထားသည်။ သူ့အနေနှင့် ဘေးထွက်ဆိုးကျိုး မဖြစ်စေရန်အတွက် မူလအတိုင်း ပြီးပြည့်စုံသည့် ကိုယ်ပွားကိုသာ ရွေးချယ်ခဲ့သည်။
"သွေးနဲ့ အသားနဲ့ နေရတာ ကောင်းလိုက်တာ” ဝမ်ဝေ့က လက်သီးဆုပ်ရင်း အားအင်ကို ခံစားရင်း တီးတိုးရေရွတ်သည်။ သူသည် ကျင့်ကြံခန်းအတွင်း၌ အစီအရင်များ၏ အကာအကွယ်ဖြင့် လေ့ကျင့်ခန်း အနည်းငယ် လုပ်ဆောင်သည်။
တစ်နာရီကျော် ကြာပြီးနောက် သူ၏ နောက်ထပ်တာဝန်ဖြစ်သော ဝိညာဉ် ကျင့်ကြံရေးကို စတင်သည်။ အသင်္ချေဝါးမျိုသူအဖြစ် ရရှိခဲ့သော ဝိညာဉ်စွမ်းအား အားလုံးကို စစ်ဆေးကြည့်ခဲ့ရာ သူ့ဝိညာဉ်သည် ၉၈ ရာခိုင်နှုန်း သို့မဟုတ် အဌမကောင်းကင် စံပြအဆင့်နှင့် ညီမျှနေခဲ့သည်။
ဝမ်ဝေ့က ၉၉ ရာခိုင်နှုန်းသို့ ရောက်ဖို့ရာ အရင်းအမြစ်များ ရှိထားပြီးသား ဖြစ်၏။ သာမန်ကျင့်ကြံသူများနှင့်မတူဘဲ သူက ပါရမီအလားအလာအကြောင်း စိုးရိမ်စရာမလိုပေ။ အသင်္ချေဝါးမျိုသူအဖြစ်နှင့် နေခဲ့သည့်အချိန်များက သူ့ဝိညာဉ်ပါရမီအတွက် ကာမိစေသည်။ အလွန်အကျွံမဟုတ်လျှင်ပင် ထိုအတားအဆီးများက သူ့အား တားဆီးမည့်အစား နှေးကွေးစေရုံမျှသာ ဖြစ်၏။
ဝမ်ဝေ့က ၉၉ရာခိုင်နှုန်း သို့ ရောက်ရှိပြီးနောက် ဘဝတွင် တစ်ကြိမ်သာ သောက်သုံးနိုင်သော ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ရာ သူ၏ ဝိညာဉ်ကို ချက်ချင်း ၁ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။
ဝမ်ဝေ့က မျက်လုံးများကို မှိတ်ထားလိုက်ရင်း မိမိ၏ဝိညာဉ်အတွင်း အပြောင်းအလဲများကို ခံစားလိုက်သည်။ ပထမဆုံး ခံစားမိသည်မှာ ခန္ဓာကိုယ်နှင့် အခြားသော ကဏ္ဍများအပေါ် ထိန်းချုပ်နိုင်စွမ်း တိုးတက်လာသည့်အချက် ဖြစ်၏။ ဤပြောင်းလဲမှုသည် ဝမ်ဝေ့အတွက် နားလည်နိုင်ပေသည်။ အကြောင်းမှာ သူ၏ဝိညာဉ်ကျင့်စဉ်သည် အခြားသူများ၏ ကျင့်စဉ်များကို လေ့လာကာ တိုးတက်မှုမြန်နှုန်းကို ဒုတိယထား၍ ထိန်းချုပ်နိုင်စွမ်းကို အဓိကထား ဖန်တီးထားခြင်း ဖြစ်၏။
ဝမ်ဝေ့၏ ဝိညာဉ်ကျင့်စဉ်က အစွမ်းထိန်းချုပ်ရေး နည်းစနစ်ကို အကြွင်းမဲ့အဆင့်အနေနှင့် အသုံးပြုကာ ရှေးဦးမူလအဆင့်တစ်ယောက် ဖြစ်လာစေရန် အခြေခံအုတ်မြစ်ကို ချထားဖို့ ဖြစ်ပေသည်။ သူ အောင်မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို များပြားလှသော အကြွင်းမဲ့ကျွမ်းကျင်မှုများကို ပိုင်ဆိုင်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အစွမ်းထိန်းချုပ်ရေး နည်းစနစ်သည် သူ့အား ခန္ဓာကိုယ်၊ ဝိညာဉ်၊ တာအိုနှင့် စွမ်းအင်တို့အပေါ် အကြွင်းမဲ့ထိန်းချုပ်မှုကို ပေးအပ်ထား၍ ဖြစ်သည်။ ဤကျွမ်းကျင်မှုသည် ရှေးဦးမူလအဆင့်သို့ ရောက်ရှိလာပါက သူ့ရုပ်ခန္ဓာ၊ ဝိညာဉ်၊ တာအိုနှင့် ချီတို့ကို အသုံးပြုကာ အကြွင်းမဲ့တိုက်ကွက်များကို ဖန်တီးနိုင်လာလိမ့်မည်။
သူ ခံစားမိသည့် ဒုတိယ ခံစားမှုမှာ မညီမျှမှု ဖြစ်သည်။ သူ၏ ကျင့်ကြံရေးနှင့် ကိုယ်ခန္ဓာသည် ပဉ္စမကောင်းကင်အဆင့်တွင်သာ ရှိနေသေးသော်လည်း ဝိညာဉ်ကမူ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့ မျှခြေမညီမျှမှုက သူ့အား နေသားကျစေဖို့ အချိန်တစ်ခုယူစေမည် ဖြစ်သော်လည်း သူ့နောက်ထပ် အာရုံစိုက်မှုက သူ့အဆင့်ကို မြင့်တင်ဖို့ဖြစ်သည့်အတွက် ထိုအရာက အရေးမပါတော့ပေ။
ဝမ်ဝေ့က သူ၏ ဝိညာဉ်နှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်ယူပြီးနောက် ကုသိုလ်ရွှေခန္ဓာကို တတိယအဆင့်သို့ မြှင့်တင်ရန် ဆက်လက် လုပ်ဆောင်သည်။ သော့ခလောက်အပြီးတွင် ကောင်းကင်တာအို သူ့အား ပြုလုပ်ခဲ့သော စတေးမှုများအစား ဒုတိယအဆင့် ကုသိုလ်ရွှေခန္ဓာ ပြန်လည်ပေးအပ်လာသည်။ ယခု ဝမ်ဝေ့က တတိယအဆင့်သို့ မြင့်တင်လိုက်ပြီ ဖြစ်၏။
ဝမ်ဝေ့က ကုသိုလ်ရွှေခန္ဓာမှ ပြင်းထန်လှသည့် အရှိန်အဝါနှင့် အငွေ့အသက်တို့ကို ထုတ်လွှင့်လာသည့် သဏ္ဍာန်ပြမှုကို ကြည့်နေမိသည်။ ထို့နောက် ထိုအရာက အထွတ်အထိပ်သို့ ရောက်သွားကာ ရပ်တန့်သွားလေ၏။
စတုတ္ထအဆင့် မဟုတ်ဘဲ တတိယအဆင့်ရဲ့ အမြင့်ဆုံးပဲ …
ဝမ်ဝေ့က စိတ်ပျက်စွာ တွေးသည်။ သူက ရလဒ်ကို မှန်းဆမိထားသော်လည်း စိတ်ပျက်မိဆဲ ဖြစ်၏။ သူက ကုသိုလ်ရွှေခန္ဓာကို စုပ်ယူကာ အပြောင်းအလဲများကို ခံစားကြည့်လိုက်သည်။
ဝမ်ဝေ့က အံ့အားသင့်သွားလေ၏။ တတိယအဆင့် ကုသိုလ်ရွေခန္ဓာသည် ကျင့်ကြံရေး အားဖြည့်မှုနှင့် ကာကွယ်မှုဆိုင်ရာ အားသာချက်များအပြင် အသုံးဝင်သော စွမ်းရည်နှစ်ခုကို ပေးလာခဲ့သည်။ ပထမတစ်ခုမှာ အသက်ပို တစ်ခု ထပ်ရှိခြင်း ဖြစ်သည်။ တခြားနည်းနှင့်ပြောရလျှင် ရွှေရောင်ခန္ဓာသည် တတိယအဆင့် အသက်ရှည်အရင်းအမြစ်အဖြစ် မြင်နိုင်သည်။
ဒုတိယတစ်ခုဖြစ်သည့် ဝမ်ဝေ့ ဂရုအစိုက်ဆုံးနှင့် အသုံးဝင်ဆုံးကမူ အကြွင်းမဲ့အကာအကွယ် တစ်ခု ဖြစ်၏။
ထိုစွမ်းရည်ကို ဝိဇ္ဇာအကာအကွယ်ဟု ခေါ်သည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် ဝမ်ဝေ့က ရှေးဦးမူလတစ်ဦးဆီမှ အကြွင်းမဲ့တိုက်ကွက်ကိုပင် နာရီဝက်ကြာ ကာကွယ်ပေးနိုင်သည့် ရွှေရောင် ဒိုင်းကာ ပေါ်လာလိမ့်မည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ရန်သူက သူ့အချိန်အမှတ်အသားကို ရှာတွေ့သွားလျှင်ပင် ထိုမိနစ်သုံးဆယ်အတွင်း ဝမ်ဝေ့သည် သေခြင်းတရားမှ ကင်းလွတ်နေမည် ဖြစ်သည်။
"ငါ ဒါကို ဂရုတစိုက် သုံးရမယ်”
ဝမ်ဝေ့က တီးတိုးပြောသည်။ ထိုအကာအကွယ်က အကန့်အသတ်ရှိနေသည်။ ပထမအကြိမ် အသုံးပြုခြင်းက အခမဲ့ဖြစ်သော်လည်း နောက်ဆက်တွဲ အသုံးပြုမှုများအတွက် များပြားသော ကုသိုလ် လိုအပ်သည်။
နောက်တစ်ဆင့်က ထိပ်သီးစံပြအဆင့်ကို ရောက်ဖို့ပဲ …
ဝမ်ဝေ့က ကျင့်ကြံရေးအပေါ် အာရုံစိုက်သည်။ သူက မျက်လုံးများကို မှိတ်ပြီး သူ၏ မဟာမြူကမ္ဘာအတွင်း ဝင်ရောက်ကာ သူ့ဝိညာဉ်အား သက်ရှိအားလုံး၏ စိတ်ဖြင့် ဆက်သွယ်ကာ မဟာတာအိုအရင်းအမြစ်ကို နားလည်သဘောပေါက်အောင် ကြိုးစားလိုက်သည်။
သူသည် ကမ္ဘာ၏ အရွယ်အစားကို ကန့်သတ်ချက်ထက် ကျော်လွန်တိုးမြှင့်ရန် ဂိုဏ်း၏ အစီအရင်ကို အသုံးပြုခဲ့လေသည်။ ထို့နောက် သူက နားလည်နိုင်စွမ်းကို မြင့်တင်ရန် ဗောဓိပင်၊ ငှားရမ်းထားသော တာအိုသစ်တော်သီးပင်၊ လမ်းကြောင်းသုံးသွယ်-ကိုယ်ပွားသုံးသွယ် ပညာရပ်နှင့် သူ့ကုသိုလ်တို့ကို အသုံးပြုခဲ့သည်။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မဟာတာအိုအရင်းအမြစ်သည် ရိုးရှင်းပြီး လွယ်ကူနေကြောင်း ခံစားလိုက်ရသည်။ ကံကြမ္မာ၏ အနှစ်သာရသည် သူ့အတွက် ပွင့်နေသော စာအုပ်တစ်အုပ်ကဲ့သို့ ဖြစ်လာလေ၏။ ထင်ထားသည့်အတိုင်း သူ၏ ကျင့်ကြံမှုသည် ဒုံးပျံကဲ့သို့ တိုးတက်လာကာ ၉၉.၉၉၉ ရာခိုင်နှုန်း တွင် ရပ်တန့်သွားလေသည်။
ငါ အတားအဆီးတစ်ခုနဲ့ ကြုံတွေ့နေရပြီလား …
ဝမ်ဝေ့က တွေးမိပြီး ထိုအနေအထားအတွက် ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ သို့သော် ဆေးလုံးသည် သူ့အား ပြီးပြည့်စုံမှုသို့ ရောက်ရန် မကူညီနိုင်ဘဲ ပြဿနာကို ဖော်ထုတ်ပေးခဲ့သည်။ အံ့ဖွယ်ခန္ဓာအဆင့်တွင်ရှိစဉ်အခါက ဝမ်ဝေ့သည် သူ့ဝိညာဉ်နှင့်တာအိုထဲ သူ့ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက်များကို ထည့်ပေါင်းခဲ့သည်။ ထိပ်သီးစံပြအဆင့်သို့ ရောက်လိုပါက သူ၏ ဝိညာဉ်ပိုင်းဆိုင်ရာ ရှာဖွေမှုနှင့် စိတ်ဝိညာဉ်ဆိုင်ရာ ရည်မှန်းချက်ကို သူ့ကျင့်ကြံရေးနှင့် ပြန်လည် ချိန်ညှိဖို့ လိုအပ်ပေသည်။
ကံကောင်းတာက ဒီကိစ္စအတွက် အကောင်းဆုံးအရာကို ငါ ပိုင်ဆိုင်ထားတယ် …
ဝမ်ဝေ့က တွေးပြီး လမ်းစဉ်မွမ်းမံကျောက်တုံးကို ထုတ်ယူလိုက်သည်။ သူက သွေးနဂါး၏ ရတနာသိုက်ကို အပိုင်သိမ်းပြီးသည့်နောက် ထိုအရာကို ရလာခြင်း ဖြစ်၏။ သူက ကျောက်တုံးကို နဖူးပေါ်တွင် တင်လိုက်ရာ ၎င်းသည် အရည်ပျော်ပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။ ဝမ်ဝေ့၏ စိတ်ဝိညာဉ်သည် ချက်ချင်းဆိုသလို ခန္ဓာကိုယ်ပြင်ပ အတွေ့အကြုံကို ခံစားခဲ့ရသည်။
ဝမ်ဝေ့က သူ့ကိုယ်သူ အခြားကမ္ဘာတစ်ခု ရောက်နေသည်ကို တွေ့ရှိခဲ့သည်။ သူက သူ့စိတ်ဝိညာဉ် ဤနေရာသို့ မည်သို့ရောက်သွားမှန်းပင် မသိလိုက်ပေ။ ထိုအရာသည် အတိတ်လား၊ အနာဂတ်လား၊ တခြားဟွင်သွမ်းကမ္ဘာလား သို့မဟုတ် ကျောက်တုံးက ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုလားလည်း မသိရပေ။ အမှန်တရားက အရေးမကြီးဘဲ ကျောက်တုံးက သူ့ကို သင်ပေးလိုသော သင်ခန်းစာကသာ အဓိက ဖြစ်သည်။
သူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ မျက်မှောင်ကြုတ်မိသွား၏။ ထို့နောက် မသာမယာ အမူအရာမျိုး ပြသလာသည်။
“ဒီလိုငကြောက်မျိုးက ဘယ်လိုလုပ် လွတ်လပ်ခွင့်ကို ရယူနိုင်မှာလဲ … ”
ဤခရီးစဉ်၏ အဓိကဇာတ်ကောင်က သူ့ကဲ့သို့ လူစားမျိုးဖြစ်နေကြောင်း သိလိုက်ရသည့်အခါ သူက ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။