ဝိညာဉ်ကွန်ရက် ဆွေးနွေးပွဲ
Vol. 108 Ch. 1502
"ဒါက အင်မတန် အရေးကြီးတဲ့ သတင်းအချက်အလက်ပဲ” ချီယွမ်က လက်နှစ်ဖက်ကို ပိုက်ရင်း မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်သည်။
"မင်း အပေးအယူတစ်ခု လုပ်ဖို့ စိတ်ဝင်စားလား”
"ဘယ်လို အပေးအယူမျိုးလဲ”
"မင်း ဒီသတင်းကို ချက်ချင်း မရောင်းဘဲ အချိန်ဆွဲပေးဖို့ ငါတို့က ငွေပေးမယ်” ချီယွမ်က ဆိုသည်။
"ငါတို့က ကုသိုလ်ကိုတော့ အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ ရှားပါးအရင်းအမြစ်တွေ အများကြီးနဲ့တော့ လဲလှယ်နိုင်တယ်”
ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
"အချိန်ဆွဲမယ်။ ဘယ်လောက်ကြာကြာကို ပြောတာလဲ”
"ယွမ်ခေတ်ကာလပေါင်း တစ်သောင်း လောက်ဆိုရင်ရော”
"အဲဒါဆို အချိန်အစီအရင်ထဲမှာ အနည်းဆုံး ယွမ်ခေတ်ကာလ တစ်သိန်း ရှိသွားပြီ။ ဒီလောက်ကြာကြာ ဆိုင်းငံ့ဖို့အတွက် လုံလောက်အောင် ပေးနိုင်ပါ့မလား” သူမက မေးသည်။ အချိန်က အရေးပါပြီး ယွမ်ခေတ်ကာလတစ်သောင်းဆိုတာက တခြားဂိုဏ်းတွေဆီ ဤသတင်းရောင်းချပြီး ရလာမည့် ကုသိုလ်တွေနှင့် အများကြီး လုပ်ဆောင်နိုင်လိမ့်မည်။
"ငါတို့က တတိယအဆင့် ထိပ်သီးတာအိုအရင်းအမြစ် ဆယ်သန်း၊ မူလဝိညာဉ်ဆေးလုံး အလုံးနှစ်ဆယ်၊ ပင်ကိုရင်းမြစ်ဆေးလုံး ဆယ်လုံးနဲ့ အတားအဆီးချိုးဖျက်ဆေးလုံး နှစ်လုံး ပေးမယ်” ချီယွမ်က ပြောလိုက်သည်။
ဝူဟုန်က ချက်ချင်းပင် ခန့်မှန်းခြေတွက်ချက်မှု ပြုလုပ်လိုက်သည်။
တာအိုရင်းမြစ်တွေက စံပြငါးဦးအတွက် တိုးတက်မှု ၂၅ ရာခိုင်နှုန်း ပေးနိုင်မည့် အစီအရင်ဖွဲ့စည်းမှုတစ်ခု တည်ဆောက်ဖို့ လုံလောက်သည်။ ပင်ကိုရင်းမြစ်ဆေးလုံး တစ်လုံးက နောက်ထပ် ၇၅ ရာခိုင်နှုန်း တိုးတက်မှု ပေးပြီး အတားအဆီးတွေကို ဖြည်းညှင်းစွာ ဖယ်ရှားပေးနိုင်သည့် သက်ရောက်မှုမျိုး ရှိသည်။ အတားအဆီးချိုးဖျက်ဆေးလုံးတွေက အလားအလာ အဆုံးသတ်သို့ ရောက်နေသူများအတွက် အတားအဆီးတွေကို အတင်းအကြပ် ဖယ်ရှားပေးနိုင်သည်။
"တစ်သောင်းက အရမ်းကြာတယ်။ ကျွန်မ တစ်ထောင်ပဲ လုပ်နိုင်မယ်”
"မင်း စိတ်ရင်းမှန်နဲ့ ဆွေးနွေးတာ မဟုတ်မှန်း အခု ငါ သိပြီ” ချီယွမ်က ဆိုသည်။
"အနည်းဆုံး ကိုးထောင်"။
"တစ်ထောင့်ငါးရာထက်တော့ ကျွန်မ မပိုနိုင်ဘူး”
"ကောင်းပြီ။ နှစ်ဖက်လုံး ရပ်လိုက်ပါတော့” ဝမ်ဝေ့က ဝင်ပြောလိုက်သည်။
"မင်းက သူ့ဘက်ကို ဝင်ပါတော့မှာလား” ချီယွမ်က မကျေမနပ်ဖြင့် ပြောလာသည်။
"မဟုတ်ပါဘူး။ ကျွန်တော်က ဘိုးဘေးတို့ ပိုက်ဆံကုန်တာကို သက်သာအောင် လုပ်ပေးနေတာ”
"အို”
"ဘိုးဘေးတို့က တခြားသူတွေထက် အချိန်ပိုရပြီး ဂိတ်တံခါးကို ကြိုတင် လေ့လာဆန်းစစ်ချင်တာ မဟုတ်ဘူးလား” ဝမ်ဝေ့က မေးသည်။
"ဟုတ်တယ်” ချီယွမ်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင် ဘိုးဘေးတို့ အချိန်ဖြုန်းနေတာပဲ။ မေတ္တယျတောင် ဂိတ်တံခါးကို မဖော်ထုတ်နိုင်ခဲ့ဘူး။ သူမ အောင်မြင်သွားတာကလည်း ဟုန် ကာကွယ်ရေးစနစ်ကြောင့်ပဲ။ ဒါက ဘယ်သူပဲ ဒီဂိတ်ကို ပုံကြမ်းရေးဆွဲခဲ့တာဖြစ်ဖြစ် မေတ္တယျ အဆင့်ရှိတဲ့သူတွေဆီကနေတောင် သတင်းအချက်အလက်တွေ မပေါက်ကြားအောင် သေချာဖန်တီးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
"ပြီးတော့ ဘိုးဘေးတို့ရဲ့ စိတ်ကူးက ဂိတ်တံခါးကို ရပ်တန့်ဖို့ ဒါမှမဟုတ် အချိန်ကြာကြာ ဆိုင်းငံ့ဖို့ဆိုရင်လည်း အသုံးမဝင်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘိုးဘေးတို့ ဒီစာလိပ်ကနေ သုံးသပ်နိုင်သလိုပဲ ကောင်းကင်တာအိုက သူ့ရဲ့မဟာရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ ဒီကပ်ဘေးအပေါ် အားစိုက်ထားတယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။
"မေတ္တယျအကြောင်းကို ငါ မသိခဲ့ဘူး” ချီယွမ်က တီးတိုးရေရွတ်သည်။
"ဒါပေမဲ့ မင်းက ငါတို့ရဲ့ စွမ်းရည်ကို နည်းနည်းတော့ လျှော့တွက်နေတယ်”
"အစ်ကိုချီယွမ်က အရာအားလုံးရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်တယ်” ယန်းအိုက်က ဝင်ပြောလိုက်သည်။
"အကူအညီ နည်းနည်းနဲ့ဆိုရင် ဂိတ်တံခါးရဲ့ ဇစ်မြစ်ကို ငါတို့ ရှာတွေ့နိုင်တယ်။ မအောင်မြင်ရင်တောင် သဲလွန်စအချို့ကိုတော့ ရှာတွေ့နိုင်မှာပဲ”
"ကျွန်တော် မပါဝင်သင့်တဲ့နေရာကို ဝင်ပါမိပြီ ထင်တယ်” ဝမ်ဝေ့က ဆိုသည်။
"အဲလို မဟုတ်ပါဘူး” ချီယွမ်က ပြုံးကာ ဝူဟုန်ကို လှည့်ကြည့်လိုက်သည်။
"ယွမ်ခေတ် ငါးထောင် နဲ့ သဘောတူလိုက်ရင်ရော”
"ကျွန်မအတွက်တော့ အဆင်ပြေပါတယ်” ထိုအရေအတွက်သည် သူမ၏ အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သောကြောင့် သဘောတူလိုက်သည်။
"ငါ လူလွှတ်ပြီး မင်းဆီကို ချက်ချင်း ပို့ခိုင်းလိုက်မယ်” ချီယွမ်က ပြောပြီး ဝူဟုန်ကလည်း သူတို့ကို ယုံကြည်သည်ဖြစ်၍ လက်ခံလိုက်သည်။
"ဒါဆိုရင် ဒီလောက်ပဲလား။ အဲဆို ကျွန်တော် သီးသန့်ကျင့်ကြံရေး နေရာဆီ ပြန်တော့မယ်” ဝမ်ဝေ့က ပြောလိုက်သည်။
"ဘယ်မဟာမိတ်တွေကို ဒီစာလိပ်ကို အသုံးပြုဖို့ ဖိတ်ကြားမလဲ … ဘယ်လောက်အထိ ထုတ်ဖော်ပြောပြမလဲဆိုတာတွေကို ဆက်ဆွေးနွေးဖို့ လိုသေးတယ်” လီမင်က ပြောလိုက်သည်။
"ကျွန်တော် လူရိုင်းမျိုးနွယ်နဲ့ ရင်းနှီးတယ်ဆိုတော့ သူတို့ကို ဖိတ်ကြားနိုင်တယ်။ ဧကရာဇ်ခုံနဲ့ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်လည်း ရှိသေးတယ်။ မထင်မှတ်ထားတဲ့အရာ ဖြစ်မလာဘူးဆိုရင် သူက ဒီကပ်ဘေးအတွက် ခေတ်တစ်ခေတ်ရဲ့ သားတော် ဖြစ်လာသင့်တယ်။ သူတို့နဲ့ ဆက်ဆံရေး တည်ဆောက်တာ စသင့်တယ် ထင်တယ်” ဝမ်ဝေ့က အကြံပြုသည်။
"မင်းကရော” လီမင်က မေးလိုက်သည်။
"ကျွန်တော်က ငြင်းခဲ့တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်ပြီး ကောင်းကင်တာအိုနှင့် သူ စကားပြောခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ ဝူဟုန်က ချက်ချင်းပင် လှောင်ပြုံးပြုံးလိုက်ပြီး ချီယွမ်က ခေါင်းခါသည်။ သူလည်း ထိုဝန်ထုပ်ဝန်ပိုးကို လက်ခံမည် မဟုတ်ပေ။
"ဒါက ပညာရှိတဲ့ ရွေးချယ်မှု ဖြစ်နိုင်တယ်” ချီယွမ်က ဆိုသည်။
"မင်းရဲ့ ရွေးချယ်မှုကို ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ ရွေးချယ်ခံ ဖြစ်ခြင်းက ငါတို့အတွက် ကြီးမားတဲ့ အားသာချက် ဖြစ်လာမှာပဲ” ဝမ်ချန်က သက်ပြင်းချသည်။
"ဒါပေမဲ့ ဒါက ငါတို့ကို ကပ်ဘေးရဲ့ ဗဟိုချက်မှာ ပစ်ချလိုက်သလို ဖြစ်သွားမှာပဲ” လီမင်က ထပ်ပြောသည်။
"ဒါက ကလေးရဲ့ ရွေးချယ်မှုပဲ။ သူ ငြင်းဆန်ရင် သူ့ဆုံးဖြတ်ချက်ကို လေးစားရမယ်” ယန်းအိုက်က ဖြည့်စွက်သည်။
"မှန်တယ်” ချီယွမ်က ပြောသည်။
"ကျေးဇူးပါ” ဝမ်ဝေ့က ခေါင်းညိတ်သည်။
"နောက်ထပ် တစ်ခုအနေနဲ့ ဓားလမ်းစဉ်အဖွဲ့အစည်းက ကျွန်တော် သေမျိုးဘဝ စမ်းသပ်မှု မတိုင်ခင် လာရောက်တွေ့ဆုံပြီး သူတို့နဲ့ အကြွင်းမဲ့ဓားလမ်းစဉ်ရဲ့ ကံကြမ္မာကို လဲလှယ်ဖို့ ဘိုးဘေးကို စည်းရုံးပေးဖို့ တောင်းဆိုခဲ့တယ်”
"သူတို့ ရူးနေတာလား ဒါမှမဟုတ် ငါ့ကို မိုက်မဲတယ် ထင်နေတာလား” ယန်းအိုက်က ချက်ချင်း ပြက်ရယ်ပြုသည်။
"နေဦး၊ မင်းက ဘာအကျိုးအမြတ်မှ မပါဘဲ ဘယ်တော့မှ ဘာမှ မလုပ်ဘူး။ သူတို့ မင်းကို ဘာကတိပေးခဲ့လဲ”
"သူတို့က ကျွန်တော့်ရဲ့ မိဘတွေကို ရှာတွေ့ဖို့ ကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ်” ဝမ်ဝေ့က မှန်ကန်စွာ ပြောလိုက်ရာ ထိုစကားကြောင့် အခန်းထဲရှိ လေထုက အနည်းငယ် လေးလံသွားသည်။ ယန်းအိုက်က အသက်ကို ပေါ့ပါးစွာ ရှူသွင်းလိုက်သည်။
"သူတို့ ဘာနဲ့ လဲလှယ်ချင်တာလဲ”
"သူတို့က အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းလိုမျိုး သူတို့ရဲ့ နာမည်မှာ[လမ်းစဉ်]ဆိုတဲ့ စကားလုံးကို အကျိုးဆက်မရှိဘဲ ဘာကြောင့် အသုံးပြုနိုင်ရသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်လို့ ပြောတယ်။ သူတို့စကားအရ ဘိုးဘေးက ဒီလျှို့ဝှက်ချက်ကို နားလည်နိုင်မယ်ဆိုရင် နောက်အဆင့်ကိုရောက်ဖို့ အခွင့်အရေးက အနည်းဆုံး ၅% ကနေ အများဆုံး ၂၀% အထိ တိုးလာလိမ့်မယ်”
"အဓိပ္ပာယ်မရှိတာ လုံးဝ လိမ်တာပဲ” ဝမ်ချန်က ချက်ချင်း ပြောသည်။
"ဖြစ်ချင်လည်း ဖြစ်နိုင်တယ်။ ဘာအကျိုးဆက်မှမရှိဘဲ သူတို့ ဘာလို့ [လမ်းစဉ်]ဆိုတဲ့ စကားလုံးကို သုံးနိုင်သလဲဆိုတာကို ငါတို့ တစ်ခါမှ မရှာဖွေနိုင်ခဲ့ဘူး” လီမင်က ဖြည့်စွက်သည်။
"ဓားတာအိုက တခြား လက်နက်တာအို အားလုံးကို လွှမ်းမိုးထားတာလည်း ရှိတယ်။ ဒါက ငါ့အတွက် အမြဲတမ်း ထူးဆန်းနေခဲ့တာ” ချီယွမ်က ဆိုသည်။
"ထူးဆန်းစရာ ဘာမှမရှိဘူး။ ငါတို့က အကောင်းဆုံးမို့လို့ လွှမ်းမိုးထားတာ” ယန်းအိုက်က ပြန်ပြောသည်။ ဝမ်ချန်က တစ်ခုခု ပြောမလို့ပြင်နေစဉ် လီမင်က တားလိုက်သည်။ ထိုနှစ်ဦးသည် အရာအားလုံးနှင့် ပတ်သက်၍ ငြင်းခုံတတ်မှန်း သူသိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သတင်းစကားကို ပေးပြီးပြီ။ ဒါကြောင့် ဆုံးဖြတ်ဖို့က ဘိုးဘေးတို့အပေါ်မှာပဲ မူတည်တယ်” ဝမ်ဝေ့က ပြောသည်။
"ငါ ဆုံးဖြတ်နိုင်ဖို့ မင်း ကူညီပေးပါလား” ယန်းအိုက်က သူ့ကို တည့်တည့်ကြည့်ကာ ပြောသည်။
"မင်းရဲ့ အမြင်ကို ပြောပြပါဦး”
ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
"အပေါ်ယံကြည့်မယ်ဆိုရင် သူတို့ရဲ့ ကမ်းလှမ်းချက်က လဲလှယ်ဖို့ တန်တယ်။ ဒါပေမဲ့ အကြွင်းမဲ့ဓားလမ်းစဉ်ဟာ ဖွံ့ဖြိုးပြီး ဓားတာအိုရှိတဲ့ အရင်းအမြစ်ကမ္ဘာ အားလုံးမှာ ပြန်လည်နိုးထလာသင့်တယ်။ ဘိုးဘေးမှာ ဒီကမ္ဘာတွေက ကံကြမ္မာသားတော်/သမီးတော်အားလုံးကို အနိုင်ယူပြီး အကြွင်းမဲ့ဓားလမ်းစဉ်ကို ဖြန့်ဝေဖို့ စွမ်းအားရှိတယ်”
"ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ အကောင်းဆုံး ချဉ်းကပ်မှုက နှစ်ခုလုံးကို ရယူဖို့ပဲ။ ဒီစာလိပ်ထဲမှာ စာချုပ်တွေနဲ့ ကတိသစ္စာတွေကို ပယ်ဖျက်ဖို့ ကူညီနိုင်တဲ့ အရာတစ်ခု ရှိတယ်။ ဘိုးဘေးက အဲဒါကို ယူ … အဖွဲ့ချုပ်ရဲ့ အခွင့်အရေးကို အသုံးပြု … ပြီးတော့ ကံကြမ္မာကို ပြန်ယူလိုက်ပြီးရင် ကတိကို ဖျက်လိုက်ပါ။ သေချာတာကတော့ ဘိုးဘေး ဒီလမ်းကို ရွေးရင် သူတို့နဲ့ အပြည့်အဝ စစ်ပွဲ အတွက် ပြင်ဆင်ထားရမယ်”
"ရက်စက်ပေမဲ့ ငါ သဘောကျတယ်” ယန်းအိုက်က ပြုံးစိစိဖြင့် ပြောသည်။
"အစ်ကိုချီယွမ်ရဲ့ အမြင်ကရော”
"ပြန်လည်ဖွဲ့စည်းမှုကြီးက လာနေပြီ။ ဒါကြောင့် ပြည်တွင်းစစ် ဖြစ်နိုင်ခြေ မြင့်မားတယ်။ ငါတို့က အဖွဲ့ချုပ်နဲ့ တိုက်ပွဲကို မကြောက်ပေမဲ့ အသင်္ချေဂိုဏ်းမဟာမိတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကိုတော့ ပြင်ဆင်ထားရမယ်”
"သူတို့က ခုံ နဲ့ သူ့ကျောင်းတော်ကို ကိုင်တွယ်ရတာနဲ့ အလုပ်များနေလိမ့်မယ်” ဝမ်ဝေ့က ပြောသည်။
"အို”
ထို့နောက် ဝမ်ဝေ့က လင်းဖန်နှင့် စုယာတို့၏ ဆက်ဆံရေး၊ မဟာမိတ်အဖွဲ့၏ ကျောင်းတော်များအပေါ် ခုံ၏ ပြင်းထန်သော ချဉ်းကပ်မှုအကြောင်းကို ရှင်းပြလိုက်သည်။
"သူက မိုက်ရူးရဲလား။ ကံကြမ္မာ သူ့ဘက်မှာ ရှိနေရင်တောင် မဟာမိတ်အဖွဲ့ကို ယှဉ်နိုင်မယ်လို့ သူ ထင်နေတာလား” ဝမ်ချန်က မေးသည်။
"သူက ငါတို့ လျှို့ဝှက်ကူညီတာနဲ့ မဟာမိတ်အဖွဲ့ကို ဟန့်တားပေးတာကို အားကိုးနေတာ မဟုတ်ဘူးဆိုရင်ပေါ့” လီမင်က ဆိုသည်။
"ဒါဆိုရင် သူ့မှာ သတ္တိရှိတာပဲ။ အာဏာရှင်တွေရဲ့ မျှခြေကို အသုံးပြုပြီး သူ့ရဲ့ မြင့်တက်မှုကို စီစဉ်နေတာပေါ့” ဝမ်ချန်က ပြုံးလျက် ပြောလာသည်။
"ဒါဆို ငါတို့ သူ့ကို ကူညီပေးသင့်လား” ယန်းအိုက်က မေးသည်။
"သူ တကယ် စွမ်းဆောင်နိုင်လားဆိုတဲ့အပေါ် မူတည်တယ်” ချီယွမ်က ဆိုသည်။
"သူ အလားအလာရှိကြောင်း ပြသရင် ငါတို့ မကူညီစရာ အကြောင်းမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူက သူ့ကံကြမ္မာကို သုံးပြီး တိုးတက်နိုင်သရွေ့တော့ မဟာမိတ်အဖွဲ့ရဲ့ ပြဿနာ ဖြစ်နေလိမ့်မယ်။ အဲဒီအခါကျမှ ငါတို့ စိုးရိမ်စရာမရှိဘဲ အဖွဲ့ချုပ်နဲ့ တိုက်ခိုက်လို့ရပြီ”
"ငါတို့ အရမ်းစောနေတာ မဟုတ်ဘူးလား။ ငါတို့ ကပ်ဘေးမှာ ရင်ဆိုင်ရမဲ့ ရန်သူတိုင်းက လူတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လိမ့်မယ် ထင်တယ်” ဝမ်ချန်က ထပ်ပြောသည်။
"မဟုတ်ဘူး။ ငါတို့ ပြင်ဆင်ထားသင့်တယ်” ချီယွမ်က ဆိုသည်။
"ငါတို့ ကျူးကျော်မှုကို ရင်ဆိုင်နေရတယ်ဆိုရင် ပထမဆုံး တိုက်ခိုက်မှုလှိုင်းတွေက ငါတို့ရဲ့ စွမ်းအားအဆင့်ကို စမ်းသပ်ဖို့ ဖြစ်လိမ့်မယ်။ ရန်သူက ထက်မြက်တယ်ဆိုရင် နောက်ထပ်လှိုင်းက လျှို့ဝှက်ထိုးဖောက်မှုနဲ့ မတည်ငြိမ်အောင် ဖန်တီးဖို့ ဖြစ်လိမ့်မယ်”
"ငါတို့ အာဏာရှင်ဆယ့်သုံးယောက်က အချိန်အကြာကြီး မျှခြေကို ထိန်းသိမ်းထားခဲ့ပေမဲ့ အဲဒါက ငါတို့ ရန်ငြိုးတွေ အများကြီး စုဆောင်းမိထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နည်းနည်းလေး ကြိုးစားလိုက်ရုံနဲ့ ငါတို့ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်အောင် လုပ်ဖို့ လွယ်ကူတယ်"
"သူ ပြောတာ မှန်တယ်။ နတ်ဆိုးမျိုးနွယ်နဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေ၊ ဟုန်အာရဲ့ မူလစည်းတံဆိပ်ကုန်းမြေနဲ့ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်း၊ ကျွန်တော်တို့နဲ့ အသင်္ချေဂိုဏ်းမဟာမိတ်၊ ချင်ခုံရုံးနဲ့ တာအိုဘာသာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်အောင် လုပ်ဖို့က လွယ်ကူတယ်” ဝမ်ဝေ့က ဖြည့်စွက်သည်။
"ရှင်က အံ့ဖွယ်ယုံကြည်မှုဘုံနဲ့ ချင်သူတော်စင်ခုံရုံးတို့ကိုပါ ရန်စထားသေးတယ် မဟုတ်လား” ဝူဟုန်က ထပ်ပြောလိုက်ရာ လူတိုင်းက ဝမ်ဝေ့ကို ကြည့်လာကြသည်။
"ဒါတွေအားလုံးက မရှိမဖြစ် လိုအပ်ခဲ့လို့ပါ” ဝမ်ဝေ့က ပြောသည်။
"မင်းရဲ့ ရှင်းပြချက်ကို နားထောင်ဖို့ ငါ မစောင့်နိုင်တော့ဘူး” ယန်းအိုက်က ဆိုသည်။
"ဟုန်အာက နောက်အဆင့်ကို ရောက်ဖို့ အခွင့်အလမ်း အများဆုံး ပုဂ္ဂိုလ်ဖြစ်ပေမဲ့ သူ့ရဲ့ မူလစည်းတံဆိပ်ကုန်းမြေက အခြေခံအုတ်မြစ် အနိမ့်ဆုံးပဲ။ သူမရဲ့ အခြေအနေက ကပ်ဘေးမှာ စမ်းသပ်ခံဖို့ ကံကြမ္မာက ရွေးချယ်ဖို့ အကောင်းဆုံးပစ်မှတ် ဖြစ်လာစေတယ်။ ကျွန်တော်က သူ့ရဲ့ ရွေးချယ်မှုကို လွှမ်းမိုးပြီး အံ့ဖွယ်ယုံကြည်မှုဘုံဘက်ကို ပြောင်းလဲပစ်ဖို့ လိုအပ်ခဲ့တယ်”
"မင်းရဲ့ အမျိုးသမီးကို ကာကွယ်ချင်တဲ့ ဆန္ဒကို ငါ လေးစားတယ်။ ဒါပေမဲ့ ချင်သူတော်စင်ခုံရုံး ကိစ္စကရော” ဝမ်ချန်က မေးသည်။
"ကျွန်တော် ယင်ကျန်းရဲ့ ထူးကဲသာလွန်မှုလမ်းစဉ်ကို ရပ်တန့်ဖို့ လုပ်နေတာပါ” ဝမ်ဝေ့က ပြောပြီးနောက် ယင်ကျန်း၏ လမ်းစဉ်အကြောင်း သူ့ကောက်ချက်ချမှု၊ ဟုန်ဝါနှင့် ပတ်သက်နေသည့် အခြေအနေကိုပါ ပြောပြလိုက်သည်။
"မင်း မှန်ကန်တဲ့ အရာကို လုပ်ခဲ့တယ်” ချီယွမ်က အလေးအနက်ထားပြောသည်။
"လူအများစုက တုကုထျန်းပိုင်ကို ရည်မှန်းချက်ကြီးတယ်လို့ ထင်ကြပေမဲ့ ယင်ကျန်းကလည်း သူ့လိုပဲ မကောင်းဆိုးဝါးဆန်တယ်။ ငါတို့ အဏာရှင်နေရာတွေအတွက် တိုက်ခိုက်နေတုန်းက သူ တစ်ချိန်က ဗုဒ္ဓဘာသာနဲ့ တာအိုဝါဒတွေကို ချင်နန်းတော်ရဲ့ နိုင်ငံတော် ဘာသာအဖြစ် ပေါင်းစည်းပြီး သူတို့ရဲ့ ကံကြမ္မာကို သူ့အတွက် အသုံးပြုဖို့ ကြံစည်ခဲ့ဖူးတယ်”
"ဒီဘာသာနှစ်ခုရဲ့ အလျင်အမြန် တိုးတက်လာမှုက သူ့ရဲ့ ရည်မှန်းချက်တွေကို ရပ်တန့်စေခဲ့ပြီး သူ့နန်းတော်ကိုလည်း ပျက်စီးလုနီးပါး ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပေါင်းစည်းမှု စီစဉ်တာကို သူ ဘယ်တော့မှ မရပ်ခဲ့ဘူးလို့တော့ ငါ မယုံဘူး”
"ငါ မေးခွန်းတစ်ခု မေးလို့ရမလား” လီမင်က ဆိုသည်။
"ကျွန်တော့်ကိုလား။ ကောင်းပါပြီ” ဝမ်ဝေ့က ပြောသည်။
"ယင်ကျန်းက မင်းလိုပဲ သမိုင်းမတိုင်မီကမ္ဘာက လာတာလား။ မင်းနဲ့ သူနဲ့ ဆက်ဆံရေး တစ်ခုခု ရှိခဲ့ဖူးလား” ထိုစကားများက ဆွေးနွေးပွဲကို ချက်ချင်းပင် တင်းမာမှုများ ဖုံးလွှမ်းသွားစေသည်။