အထွတ်အမြတ်ခေါင်းဆောင်တို့၏ စီရင်ဆုံးဖြတ်ချက်
Vol. 108 Ch. 1501
မျိုးနွယ်စုအထွတ်အမြတ်တောင်
နတ်ဆိုးတစ်ဒါဇင်ခန့်က သံကြိုးခတ်ထားခံရကာ ပါးစပ်များ ပိတ်ဆို့ခံထားရသော လူအနည်းငယ်ကို ဝိုင်းထားကြသည်။ အထွတ်အမြတ် အပြာရောင်မီးလျှံတို့က ထိုနေရာတစ်ဝိုက်တွင် ပျံ့လွင့်နေပြီး ရွှေရောင်မီးတောက်တစ်ခုက စင်မြင့်ထက် တည်ရှိနေကာ ပလ္လင်ပေါ်မှ ထိုင်နေသော လူနှစ်ဦးက ဆူညံသော ဆွေးနွေးမှုများကို စောင့်ကြည့်နေကြသည်။
"ဒါ ငါ့ အပြစ် မဟုတ်ဘူး" သံကြိုးများဖြင့် ချည်နှောင်ခံထားရသော အလယ်အလတ်အရွယ် အစွယ်ရှိသူတစ်ဦးက အော်ဟစ်နေသည်။ အကျဉ်းသားများထဲတွင် သူတစ်ဦးတည်းသာ စကားပြောခွင့်ရသူ ဖြစ်သည်။
"ငါ မိခင်ရဲ့ ခေါ်သံကို မခုခံနိုင်ခဲ့ဘူး"
"ဒါဆို ကောင်းကင်တာအိုရဲ့ ဆင့်ခေါ်သံကို တခြားသူတွေက ဘာလို့ ခုခံနိုင်တာလဲ။ မင်းကျမှ ဘာလို့ မခုခံနိုင်ရတာလဲ" မျက်လုံးနီနီ နတ်ဆိုးတစ်ယောက်က လှောင်ပြောင်သည်။
"ငါ … ငါ မသိဘူး"
"ဒီယွမ်ထီတွေက ဘယ်တော့မှ ယုံကြည်စိတ်ချလို့ မရဘူး။ ငါတို့က ဗိမာန်ကမှ မဟုတ်တာ … ဒါကြောင့် သူတို့ ငါတို့ထဲမှာ ရှိနေတာကို ငါ တစ်ခါမှ မကြိုက်တာ"
"ဒါ မတရားဘူး။ ငါတို့ရဲ့ ညီအစ်ကို မိတ်ဆွေအများကြီးက ထာဝရလမ်းစဉ်နဲ့ တာအိုလမ်းစဉ်ထက် ဒါက ပိုကောင်းတဲ့အတွက် အဲဒီလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာ"
"အဲဒါကို ဘာအကြောင်းပြချက် ပေးနိုင်မလဲ။ ငါတို့ မျိုးနွယ်စုအထွတ်အမြတ်တောင်က ကောင်းကင်တာအိုနဲ့ ရန်ဘက်ဖြစ်ခဲ့ရင် ဒီလူတွေက ငါတို့ကို သစ္စာဖောက်ဖို့ ဝန်လေးမှာ မဟုတ်ဘူးဆိုတဲ့ သက်သေကို အခု ငါတို့ ရထားပြီလေ"
"ငါ ပြောခဲ့သလိုပါပဲ။ ငါ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့တာပါ" အကျဉ်းသားက ငြင်းသည်။
"ဒါက ပိုဆိုးသေးတယ်။ ဒါက မင်းကို လုံးဝ ယုံကြည်စိတ်ချလို့ မရဘူးဆိုတာကို ဖော်ပြနေတာပဲ"
အကျဉ်းသားက အံ့ကြိတ်လိုက်ပြီး "ငါ …"
"တော်တော့" လူတိုင်းက ပလ္လင်ပေါ်ရှိ အထွတ်အမြတ်ခေါင်းဆောင်နှစ်ဦးထံ အာရုံစိုက်လိုက်ကြသဖြင့် အခန်းသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။
"မင်း ဘယ်လိုထင်လဲ" အထွတ်အမြတ်ခေါင်းဆောင် ကောင်းကင်လူဝံက မေးလိုက်သည်။ သူက အန္တရာယ်ရှိသော မျက်လုံးများ၊ ဆံပင်ဖြူများ၊ နားရွက်ကြီးနှစ်ခုနှင့် အစွယ်လေးချောင်းတို့ ပိုင်ဆိုင်ထားပြီး ကိုယ်အထက်ပိုင်းတွင် မျိုးနွယ်စု အမှတ်အသားများ အပြည့်အစုံကို ပြသလျက် လျော့ရဲသော ဘောင်းဘီနှင့် ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ အတိအကျပြောရလျှင် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာနှင့် အမှတ်အသားပေါင်း ၄၃ ခု ရှိနေသည်။
ကောင်းကင်လူဝံ၏ ဘဝဇာတ်ကြောင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သူက သူတော်စင်တိုက်ပွဲဝင်မျောက်ဟုခေါ်သော အင်အားကြီးသည့် နတ်ဆိုးမျိုးနွယ်စုမှ ဆင်းသက်လာသူ ဖြစ်ပေသည်။ ယွမ်ထီမူလဗိမာန်မှ သူ့မျိုးနွယ်စုကို ဖျက်ဆီးခဲ့ပြီးနောက် သူသည် သာမန်တိရစ္ဆာန်အဖြစ် ဟန်ဆောင်ကာ လူသားကမ္ဘာတွင် ပုန်းအောင်းခဲ့သည်။ ထိုအချိန်ကာလအတွင်း သူသည် အပျော်ကြေးစားသတ်ဖြတ်သူ တစ်ဦးအဖြစ် အသွင်ပြောင်းခံခဲ့ရပြီး အခြားလူသားများနှင့် တိရစ္ဆာန်များကို တိုက်ခိုက်သတ်ဖြတ်ရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရသည်။
ထိုကာလမှစ၍ ကောင်းကင်လူဝံသည် သူ သတ်ခဲ့သော ထိုက်တန်သည့် ရန်သူများကို ကိုယ်စားပြုရန် သူ့ကိုယ်ပေါ်တွင် အမှတ်အသား ထွင်းခြင်းကို အလေ့အကျင့် လုပ်ခဲ့သည်။ သူ့ရှည်လျားသော ကျင့်ကြံမှုခရီးတစ်လျှောက် ပင်ကိုနတ်ဆိုးနတ်ဘုရားများကို အနိုင်ယူခြင်း၊ ရွှေရောင်ခေတ်ကာလ၊ မူလတိုက်ပွဲနှစ်ခုနှင့် အကြွင်းမဲ့တားမြစ်ချက် အပါအဝင် ၄၃ ယောက်သာ သူ့ကိုယ်ပေါ်တွင် အမှတ်အသားထားရှိဖို့ ထိုက်တန်သူရှိခဲ့သည်။
"ကျွန်မ မသိသေးဘူး" အထွတ်အမြတ်ခေါင်းဆောင် အသင်္ချေကြယ်ယုန်က ပြန်ဖြေသည်။ သူမက ပန်းရောင်ဆံပင်ရှိကာ လက်ပတ်တွင် ကြယ်ပုံစံများပါသော အဖြူရောင်ဝတ်စုံနှင့် အလွန်လှပသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမက သာမန်ယုန်နတ်ဆိုးသားရဲ တစ်ကောင်သာ ဖြစ်ခဲ့သော်လည်း ယခုအခါ နတ်ဆိုးမျိုးနွယ်စု၏ ထိပ်သီးရှေးဦးစံပြနှစ်ဦးထဲမှ တစ်ဦးဖြစ်ကာ သူမ၏ တက်လမ်းသည် သူ၏အဖော်ထက်ပင် ပိုမို ဒဏ္ဍာရီဆန်နေသည်။
"ကျွန်မတို့ သူတို့ကို သတ်လိုက်ရင် ကျွန်မတို့ရဲ့ အင်အားက လျော့ကျသွားမှာတော့ သေချာတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ရပ်က သူတို့ကို မတည်ငြိမ်တဲ့ ပြောင်းလဲနိုင်တဲ့သူတွေအဖြစ် ဖော်ထုတ်လိုက်တယ်။ ကပ်ဘေးက လာနေပြီ … ကောင်းကင်တာအိုကလည်း ဒီထဲမှာ ပါဝင်နေပုံရတယ်။ ဒါဆို ကျွန်မတို့ အင်အားကို ထိန်းသိမ်းထားမလား ဒါမှမဟုတ် ဒီမထိန်းချုပ်နိုင်တဲ့သူတွေကို ဖယ်ရှားမလား" အထွတ်အမြတ်ခေါင်းဆောင် ကြယ်ယုန်က ပြောလေသည်။
"ဒီပြဿနာနဲ့ပတ်သက်ပြီး ငါ စိတ်ရှုပ်ထွေးနေလို့ မင်းကို မေးတာပါ" ကောင်းကင်လူဝံက ပြောသည်။
"ဒါဆို တခြားရှုထောင့်ကနေ မြင်နိုင်မဲ့ တစ်ယောက်ယောက်ကို မေးကြည့်ရအောင်" ကြယ်ယုန်က ဘေးမှ တိတ်ဆိတ်နေသူတစ်ဦးကို ကြည့်ပြီး ပြောလိုက်သည်။
"ဖန်ဆွေ့ ဘယ်လိုထင်လဲ"
ကြယ်တာရာဝိဇ္ဇာပေါ်သို့ အကြည့်များ အားလုံး စူးစိုက်လာသော်လည်း သူမသည် အေးဆေးတည်ငြိမ်စွာပင် သူမ၏ အတွေးများကို စုစည်းပြီးမှ စကားစပြောသည်။
"ခေါင်းဆောင်တို့ ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်"
"အိုး" သူတို့၏ အကြည့်များက တောက်ပလာသည်။ သူတို့၏ မျိုးနွယ်စုအထွတ်အမြတ်တောင်သည် ကြယ်တာရာဝိဇ္ဇာ၏ ဉာဏ်ပညာကြောင့် စမ်းသပ်မှုနှင့် အတိဒုက္ခကပ်ဘေးများစွာကို ကျော်လွှားနိုင်ခဲ့သည်။ အမှန်မှာ ထိုနှစ်ဦးက သူမကို အကြွင်းမဲ့တားမြစ်ချက်တွင် ပါဝင်စေလိုခဲ့သော်လည်း ဖန်ဆွေ့သည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရကာ တောင်ကို ဂရုစိုက်ဖို့ နောက်တွင် နေရစ်ရန် အပြင်းအထန် တောင်းဆိုခဲ့သည်။
"ယွမ်ထီတွေရဲ့ သစ္စာဖောက်မှုကို ကမ္ဘာတစ်ခုလုံး မြင်တွေ့ခဲ့ရတယ်။ ဒါကြောင့် ကျွန်မတို့က သူတို့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပြီး သစ္စာဖောက်တွေအဖြစ် တံဆိပ်ကပ်နိုင်တယ်။ ကျွန်မတို့ ကိုယ်ပိုင်လူတွေကို သတ်ရကောင်း သတ်ရလိမ့်မယ်။ ဒါပေမဲ့ ယွမ်ထီမူလဗိမာန်မှာ ယွမ်ထီအုပ်စု အကြီးဆုံး ရှိတယ်။ သစ္စာဖောက်ဖြစ်ရတဲ့ ဖိအားကို လုံလောက်တဲ့ အဆင့်အထိ အသုံးချနိုင်ရင် သူတို့ရဲ့ အဖွဲ့ဝင်တွေကို ဖယ်ရှားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"
"သူတို့ ခုခံရင်တောင် ဖိအားတစ်ခုတည်းနဲ့တင် သူတို့အချင်းချင်း အတွင်းရေး တိုက်ခိုက်မှုတွေ စတင်ဖို့ လုံလောက်ပါတယ်" ကြယ်တာရာဝိဇ္ဇာဖန်ဆွေ့က တည်ငြိမ်စွာ ပြန်ဖြေသည်။
"မှန်တယ်" ကြယ်ယုန်က ခေါင်းညိတ်လိုက်သည်။ ရှေးဟောင်း ကောင်းကင်ယွမ်ထီများသည် ယွမ်ထီမူလဗိမာန်ကို ဖန်တီးခဲ့ကြသည်။ သို့သော် နှစ်တွေကြာလာသည်နှင့်အမျှ ဧကရာဇ်လမ်းစဉ်သည် ပင်မလမ်းစဉ် ဖြစ်လာခဲ့ပြီး လက်ရှိ ဗိမာန်သခင်နှစ်ဦးက စံပြများ ဖြစ်သည်။ ဧကရာဇ်လမ်းစဉ်သည် ဗိမာန်ကို ထိန်းချုပ်သူ ဖြစ်လာသော်လည်း ယွမ်ထီများသည် အင်အားများစွာ ရှိနေဆဲဖြစ်သောကြောင့် ဗိမာန်သည် သူတို့၏နာမည်ကို ဆက်လက် အသုံးပြုနေခြင်း ဖြစ်သည်။
"ကျောက်ခဲတစ်ခဲနဲ့ ငှက်အများကြီး သတ်နိုင်တဲ့ စီမံကိန်း … မင်းဆီက ဒီထက်မက ပိုမျှော်လင့်ထားသင့်တာ" ကောင်းကင်လူဝံက ပြုံးလိုက်၏။
သူက ကြယ်ယုန် ကို တစ်ချက်ကြည့်လိုက်သည်။
"ထပ်ဖြည့်စရာ ရှိသေးလား"
"မရှိပါဘူး။ ဒီစီမံကိန်းကို ကျွန်မ လက်ခံပါတယ်"
"ဒါဆို ရှေ့ဆက်လုပ်ဆောင်ကြစို့" ကောင်းကင်လူဝံက ပြောသည်။
"မလုပ်ပါနဲ့။ အထွတ်အမြတ်ခေါင်းဆောင် ကျုပ် … " အကျဉ်းသားက အော်ဟစ်လိုက်သော်လည်း တစ်ယောက်ယောက်က သူ့ပါးစပ်ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
"ငါတို့က ကျင့်ကြံရေး အထွတ်အထိပ်ကို ပြန်ရောက်ဖို့ လိုသေးတယ်။ ဒါကြောင့် စီမံကိန်းကို အကောင်အထည်ဖော်မဲ့ အစီအစဉ်ကို ဖန်ဆွေ့ဆီ လွဲပေးလိုက်မယ်" ကြယ်ယုန် က ပြောသည်။
"မင်းလည်း အနားယူဖို့ လိုအပ်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ အလုပ်ကို မင်းကပဲ ကြီးကြပ်နိုင်မှာ"
"ကျွန်မ နားလည်ပါတယ်"
"ကောင်းပြီ။ ကြယ်တာရာဝိဇ္ဇာနဲ့ ဒီလူငယ်လေးကလွဲလို့ ကျန်တဲ့လူတွေ ထွက်သွားနိုင်ပြီ" ကောင်းကင်လူဝံက အမိန့်ပေးလိုက်စဉ် တခြားမျိုးနွယ်ခေါင်းဆောင်များက ထွက်ခွာသွားကြသည်။ ဤမျိုးနွယ်စုတရားစီရင်ရေး အစည်းအဝေးကို စံပြများနှင့် ခေါင်းဆောင်များသာ တက်ရောက်နိုင်ပြီး ထိုသူများထဲမှ အများစုသည်လည်း ယခုမှ ပြန်လည်အသက်ဝင်လာသူများ ဖြစ်သောကြောင့် သူတို့၏ အထွတ်အထိပ်သို့ ပြန်ရောက်ရန် လိုအပ်နေသည်။
"ဒီကောင်လေးက မင်း ပြောတဲ့ အရည်အချင်းရှိသူပဲ" ကောင်းကင်လူဝံက အောင်းရှန်ကို ကြည့်ပြီး ပြောသည်။
"သူက အရမ်းငယ်တယ် … အရမ်းငယ်လွန်းတယ်။ ဒီမျိုးဆက်က သေမျိုးဘဝ စစ်ဆေးမှုကို ရရှိဖို့ ဘယ်လောက် ကံကောင်းလိုက်လဲ"
အောင်းရှန်က သူတို့ကို အရိုအသေပြုလိုက်သည်။
"သူက သွေးမျိုးဆက်ကို အသုံးပြုပြီး ဟွင်သွမ်းလမ်းစဉ်ကို လျှောက်လှမ်းချင်ပုံရတယ်" ကောင်းကင်လူဝံက ခွဲခြမ်းစိတ်ဖြာလိုက်သည်။
"ဒီလိုဆိုရင် သူ မင်းရဲ့ လက်အောက်မှာ လေ့လာတာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
"လွန်ခဲ့တဲ့ နှစ်တွေက ကျွန်မ အဲဒီလမ်းကြောင်းကို မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ သူ အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်" ကြယ်ယုန်က ပြုံးကာ ပြောလိုက်သည်။
ကြယ်ယုန်က ငယ်စဉ်ကတည်းက ကောင်းမွန်သော သွေးမျိုးဆက်ကသာ သူမကို ထိပ်ဆုံးသို့ ရောက်စေမည်ကို သိခဲ့သည်။ ထို့ကြောင့် သူမသည် ကြယ်များကို ကြည့်ရင်း ရရှိခဲ့သည့် အသိဉာဏ်ပွင့်မှုကြောင့် သွေးမျိုးဆက်များကို စုပ်ယူသည့် နည်းလမ်းကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် တစ်ချိန်ချိန်တွင် သူမ လောဘကြီးလာပြီး အားလုံးကို လိုချင်ခဲ့သဖြင့် သူမကို သေလုနီးပါး ဖြစ်စေခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမ၏ ရည်မှန်းချက်များ ပြောင်းလဲသွားခဲ့သော်လည်း အောင်းရှန်မှတစ်ဆင့် သူမ၏ အတိတ်မှ နောင်တများကို ပြန်လည်ပြင်ဆင်ရန် မျှော်လင့်ခဲ့သည်။
"တခြားလူတွေကရော" ကောင်းကင်လူဝံက မေးသည်။
ဖန်ဆွေ့က ဤမေးခွန်းကို ကြားပြီးနောက် သက်ပြင်းချမိသွားသည်။
"ယဲ့တာဖူက ဝမ်းနည်းပူဆွေးနေပြီး အကြောင်းအချို့ကြောင့် သူ့ဇနီးသည်ကို သံသရာကနေ ပြန်အသက်သွင်းနိုင်မယ်လို့ ယုံကြည်နေတာ"
"သူ သံသရာလမ်းစဉ်ခြောက်ပါးကို တိုက်ခိုက်ချင်နေတယ်လို့ မင်း ပြောနေတာလား။ ယမမင်းတွေက ကစားနေတာ မဟုတ်ဘူးဆိုတာ သူ မသိဘူးလား"
"ကျွန်မ သူ့ကို ပြောပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ နားမထောင်ဘူး။ အဲဒါကြောင့် သူ့ကို ကျွန်မ ပိတ်လှောင်ထားရတယ်" ဖန်ဆွေ့က ပြောသည်။
"ငါတို့ မျောက်မျိုးနွယ်က မွေးရာပါ ရိုင်းစိုင်းပြီး ရန်လိုတယ်။ ဒါပေမဲ့ ငါတို့ နားလည်မှုရှိနိုင်သေးတယ်" ကောင်းကင်လူဝံက မျက်မှောင်ကြုတ်လိုက်သည်။
"သူ ထိပ်သီးစံပြ ဖြစ်လာပြီးနောက် သူမကို ပြန်လည်အသက်သွင်းနိုင်မယ်လို့ သူ့ကို ပြောပြခဲ့လား"
"ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူ သံသရာလမ်းစဉ်ခြောက်ပါးကို တိုက်ခိုက်ဖို့အတွက် အစွဲအလမ်းတစ်ခု ဖြစ်လာပုံရတယ်" ဖန်ဆွေ့က သက်ပြင်းချလိုက်သည်။
"ငါ အထွတ်အထိပ်ကို ပြန်ရောက်တာနဲ့ သူ့ဆီ သွားကြည့်လိုက်မယ်" ကောင်းကင်လူဝံက ပြောလိုက်သည်။
"နောက်ဆုံးတစ်ယောက်ကရော … သူမရဲ့ အလားအလာက တခြားသူတွေနဲ့ မတူဘူး။ ဒါပေမဲ့ သူမက တန်ဖိုးရှိတယ်လို့ ပြောခဲ့တယ်လေ" ကြယ်ယုန်က မေးသည်။
"သူမနာမည်က ကျင်းဝူဟွားဖြစ်ပြီးတော့ လက်ရှိ သီးသန့်ကျင့်ကြံရေးဝင်ရောက်နေပါတယ်" ဖန်ဆွေ့က ရှင်းပြသည်။
"သူမ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို သိပြီး အတိုင်းအတာမဲ့စမ်းသပ်ချက်ကို နှောင့်နှေးဖို့ ရွေးချယ်ခဲ့တယ်။ သော့ခလောက် ပျက်စီးသွားတာနဲ့ သူမက ကိုယ့်ဘာသာ လေ့ကျင့်ဖို့ သီးသန်နေနေခဲ့တာ"
"ဒါက ဉာဏ်ပညာရှိတဲ့ လုပ်ရပ်ပဲ" ကြယ်ယုန်က ချီးကျူးလိုက်သည်။ အတိုင်းအတာမဲ့စမ်းသပ်ချက်သည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို လူတိုင်း သိကြသည်။ အထူးသဖြင့် ၎င်းသည် လူတစ်ဦး၏ အရည်အချင်းကို ဂရုမစိုက်သောကြောင့်ပင် ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် အရည်အချင်း ပိုရှိလေလေ ပို၍ သတိထားရမည် ဖြစ်သည်။
"သူမ လိုအပ်သလောက် အထောက်အပံ့ပေးလိုက်ပါ" ကြယ်ယုန်က ပြောသည်။
"ပေးပါ့မယ်"
ဖန်ဆွေ့နှင့် အောင်းရှန်တို့ မကြာမီ ထွက်ခွာသွားကြပြီး အထွတ်အမြတ်ခေါင်းဆောင်နှစ်ဦးကိုသာ ထားခဲ့သည်။
"မင်း အဆင်သင့်ဖြစ်ပြီလား" ကောင်းကင်လူဝံက မေးသည်။
“အင်း” ကြယ်ယုန်က ပြုံးလိုက်သည်။ လာမည့်ကပ်ဘေးသည် ယွမ်ထီမူလဗိမာန်ကို ချေမှုန်းဖို့ သူတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ အကြောင်းပြချက်များကြောင့် ဤကဲ့သို့ ထာဝရတိုက်ပွဲကို အဆုံးသတ်ဖို့အတွက်ဖြစ်စေ ဒါမှမဟုတ် ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ကံကြမ္မာအတွက်ဖြစ်စေ ဤတိုက်ပွဲက အဆုံးသတ်ရမှာ ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စုက အောင်ပွဲခံရမည်။
ထိုနှစ်ယောက်က အချိန်အတော်ကြာ တိုက်ခိုက်ရင်း စောင့်ဆိုင်းခဲ့ကြပြီး နောက်ဆုံးမှာ သူတို့၏ အိပ်မက်တွေကို အောင်မြင်ဖို့ အခွင့်အရေး ရောက်လာတော့မည်မှန်း သိခဲ့ကြသည်။