နှစ်ကိုယ်ခွဲဓားသိုင်းကိုထုတ်ဖော်ခြင်း
Vol. 106 Ch. 1482
အခန်း (၁၄၈၂) နှစ်ကိုယ်ခွဲဓားသိုင်းကိုထုတ်ဖော်ခြင်း
သူတို့နှစ်ယောက် တိတ်ဆိတ်စွာ ခရီးဆက်လာကြစဉ် ယွီယဲ့က ရုတ်တရက် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
နျဲ့ကျင်းရှန်က...
“ဘာဖြစ်လို့လဲ...”
ယွီယဲ့က မျက်ခုန်းများကို တွန့်ချိုးရင်း...
“သောပေါင်ထျန်းကျွင်းရဲ့ဓားအိမ်က ကျွန်မတို့နဲ့ ပိုပြီးနီးကပ်လာနေပြီ”
သူမသည် သောပေါင်ထျန်းကျွင်း၏ အမွေအနှစ်ကို ရရှိခဲ့ပြီး မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနှင့် နတ်ဘုရားသုတ်သင်ဓားသိုင်းကို ကျင့်ကြံပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်အချို့ ရရှိခဲ့သည်။
ယခု သောပေါင်ထျန်းကျွင်း၏ဓားအိမ် တဖြည်းဖြည်းနီးကပ်လာသည်ကို သူမ ယောင်ဝါးဝါး အာရုံခံမိသည်။
ဤသည်က ဓားအိမ်ကိုကိုင်ဆောင်ထားသူ ကျန်းပုရွှီး သူတို့နှင့်နီးကပ်လာပြီဆိုသည့်အဓိပ္ပါယ်ပင်။ အလားတူပင် ကျန်းပုရွှီးသည်လည်း ဓားအိမ်ကိုအသုံးပြုပြီး သူမတည်ရှိရာကို အာရုံခံနိုင်သည်။
သူတို့နှစ်ဦး ပိုမိုနီးကပ်လာသည်နှင့်အမျှ ထိုခံစားမှုက ပိုမိုပြင်းထန်လာသည်။
ယွီယဲ့မျက်ခုံးများကို တွန့်ချိုးထားသည်။
ဓားအိမ်သည် သူမနှင့် နျဲ့ကျင်းရှန်အနားသို့ အလွန်ပင် နီးကပ်လာပေပြီ။ ဓားအိမ်နီးကပ်လာသည်နှင့်အမျှ ကျန်းပုရွှီးသည်လည်း သူတို့နှင့် နီးကပ်လာပြီဖြစ်၏။
ထင်သည့်အတိုင်းပင် ကျန်းပုရွှီးက သူတို့ကို လွယ်လွယ်နှင့်အလွတ်ပေးရန် ဆန္ဒမရှိခဲ့ပေ။ သူက သူတို့ကို လိုက်လံရှာဖွေသည့်အကြောင်းရင်းမှာ ထင်ရှားလှသည်။
ဤလောကတွင် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို တစ်ဦးတည်းသာ ကျင့်ကြံနိုင်သည်။
ယွီယဲ့က ပထမဆုံး ကျင့်ကြံအောင်မြင်ခဲ့သောကြောင့် ကျန်းပုရွှီးမှာ ထိုကျမ်းစာကို ပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံနိုင်စွမ်းမရှိတော့ပေ။
ယွီယဲ့ ဤလောကမှ ပျောက်ကွယ်သွားမှသာလျှင် ကျန်းပုရွှီးက သူမ၏နေရာကို အစားထိုးနိုင်မည်ဖြစ်သည်။
"ပျောက်ကွယ်သွားခြင်း" ဆိုသည်မှာ လင်ပေါင်ထျန်းကျွင်းကဲ့သို့ လောကကိုကျော်လွန်သွားခြင်းကို ဆိုလိုသည်။ သို့မဟုတ်ပါက သေဆုံးသွားခြင်းကို ဆိုလိုသည်။
“သွားရအောင်...”
နျဲ့ကျင်းရှန်က ထပ်မံစကားမပြောတော့ဘဲ တန်ခိုးစွမ်းအားကို အားကုန်ထုတ်လျှက် မြန်နှုန်းကိုမြှင့်တင်လိုက်သည်။
ယွီယဲ့က...
“ဒီအတိုင်း ဆက်သွားနေလို့မဖြစ်ဘူး”
သူမက ဆက်ပြောသည်။
“ကျွန်မတို့ လူခွဲပြီးသွားကြမယ် ၊ ဒါဆို သူ ကျွန်မရှိတဲ့နေရာကိုပဲ အာရုံခံနိုင်မယ် ၊ ရှင့်ရဲ့တည်နေရာကို သိမှာမဟုတ်တော့ဘူး ၊ ဒါဆို အနည်းဆုံး တစ်ယောက်တော့လွတ်သွားမှာပဲ ၊ နောက်မှ ဂိုဏ်းတူမောင်လေး’ရန်’ ဆီဖြစ်ဖြစ် အကြီးအကဲ’ကောင်း’ ဆီဖြစ်ဖြစ် အကူအညီတောင်းလို့ရတယ်”
နျဲ့ကျင်းရှန်က ရှေ့ဆက်သွားနေရင်း...
“ကျန်းပုရွှီးက လမ်းမှန် စန့်ချင်အဆက်အနွယ်က ဆင်းသက်လာတဲ့သူ ၊ ပြီးတော့ ချီစွမ်းအားလေးမျိုး ပေါင်းစည်းခြင်းရောင်ဝါကို ပိုင်ဆိုင်ထားတဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါး ၊ သူက တခြားသူတွေထက် အများကြီး သာလွန်တယ်”
သူက ဆက်ပြောလိုက်သည်။
“အခု မင်းက ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ တန်ခိုးစွမ်းအား အပြည့်အဝ မသုံးနိုင်ဘူး ၊ တကယ်လို့ သူနဲ့တစ်ယောက်တည်းရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး”
“တကယ်လို့ ငါတို့နှစ်ယောက် အတူတူရှိနေတယ်ဆိုရင် သူ့ကိုရင်ဆိုင်နိုင်မယ့် အခွင့်အလမ်းရှိနိုင်တယ် ၊ ကျောက်ကဲ ၊ အကြီးအကဲ’ကောင်း’ နဲ့ တခြားသူတွေရောက်လာတဲ့အထိ အချိန်ဆွဲထားနိုင်လောက်တယ်”
နျဲ့ကျင်းရှန်၏ ပြတ်သားသောအမူအရာကိုကြည့်ပြီး ယွီယဲ့က တိုးလျသည့်လေသံဖြင့်...
“ကောင်းပြီလေ ၊ ဒါဖြင့်လည်း အတူတူသွားကြတာပေါ့”
သူတို့နှစ်ယောက်က အထူးပြုလုပ်ထားသော ကျောက်သားအလွှာငယ်များဖြင့် ရန်ကျောက်ကဲနှင့်အခြားသူများ သူတို့ကို ရှာဖွေတွေ့ရှိနိုင်ရန် သဲလွန်စများချန်ထားခဲ့ပြီး ဗလာနယ်ကိုဖြတ်သန်းကာ ဆက်လက်ခရီးနှင်ခဲ့ကြသည်။
ဤကျောက်သားအလွှာများကိုသိရှိရန်အတွက် လျှို့ဝှက်နည်းလမ်းများလိုအပ်သည်ဖြစ်ရာ ကျန်းပုရွှီးလက်ထဲ ကျရောက်သွားမည်ကို စိုးရိမ်စရာမရှိပေ။
ကျန်းပုရွှီးက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာသွားသည်မှာ အချိန်ကြာပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထိုသို့သော ပညာရပ်များကို မသိရှိတော့ပေ။
ကျောက်သားအလွှာများကိုရရှိသည့်တိုင် သူ့အတွက် အသုံးဝင်မည် မဟုတ်ပေ။
အနည်းငယ်ရှေ့ဆက်သွားပြီးနောက် ယွီယဲ့ အကြီးအကျယ် မျက်နှာပျက်သွားသည်။
ခဏကြာပြီးနောက် သူမက တိုးလျသည့်အသံဖြင့်...
"သူ ရောက်လာပြီ..."
ထိုအချိန်မှာပင်...
ဗလာနယ်ထဲတွင် ဗျပ်စောင်းတေးသံတစ်သံ စည်းချက်ညီစွာ ထွက်ပေါ်လာလေတော့၏။
ဗျပ်စောင်းသံစဉ်လှိုင်းများက ထိတွေ့နိုင်သောအသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ဖြတ်သန်းသွားရာ စကြာဝဠာတစ်ခွင်အား ပျက်ဆီးသွားစေသည်။
အသံလှိုင်းများက စက်ဝိုင်းအသွင်ထွက်ပေါ်လာပြီး ထက်ရှသောဓားဝိညာဉ်ဖြင့် ထိုးဖောက်သည့်ပမာ ခံစားရစေသည်။
ဓားသွားပမာ အသံလှိုင်းများက နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့နောက်ကျောဆီသို့ လျှင်မြန်စွာ ပျံသန်းလာသည်။
ယွီယဲ့၏မျက်နှာအမူအရာ အေးစက်သွားပြီး သူမ၏မျက်ဝန်းများထဲတွင် ထူးဆန်းသောဖြစ်စဉ်များ ထင်ဟပ်လာသည်။
သက်ရှိအားလုံး၏ ဖန်ဆင်းခြင်း ၊ လောက၏ ထွန်းလင်းတောက်ပမှုအားလုံး တိုက်စားခံရခြင်း ၊ ထို့နောက် အရာအားလုံး မရှိမှုအဖြစ် ပြောင်းလဲသွားခြင်း...။
သေဆုံးခြင်း၊ ပျက်စီးခြင်း၊ နှင့် သုတ်သင်ခြင်းတို့၏ ဖြစ်စဉ်အားလုံး ၊ တည်ရှိမှု၊ သဘောတရားနှင့် အဓိပ္ပါယ်အားလုံး၏ အဆုံးသတ်...။
အရာအားလုံးက မရှိမှုအဖြစ်သို့ ပြောင်းလဲသွားပြီး ပရမ်းပတာအခြေအနေသို့ ပြန်ရောက်သွားကာ အစနှင့် အဆုံး သဘောတရားများ ဆုံးရှုံးသွားသည်။
ပရမ်းပတာအခြေအနေသည်သာ ထာဝရနေရာတစ်ခုအလား ထင်မှတ်ရသည်။
ထို့နောက် သူမက ကိုယ်ကိုနောက်သို့လှည့်လိုက်ပြီး တိုက်ကွက်ထုတ်ဖော်လိုက်သည်။
ပရမ်းပတာအခြေအနေက ဝေဝါးသွားပြီး ဓားအလင်းတန်းတစ်ခု တောက်ပလာကာ သူတို့နောက်သို့လိုက်လာသော သံစဉ်လှိုင်းများကို ဖြတ်တောက်ပစ်လိုက်သည်။
အဆုံးမရှိဟုထင်မှတ်ရသော သံစဉ်လှိုင်းများမှာ အတင်းအကျပ် ဖြတ်တောက်ခံလိုက်ရသည်။
ပင်လယ်ရေနှစ်ခြမ်းကွဲသွားပြီး အလယ်တွင် ဗလာနယ်ဖြစ်ပေါ်လာကာပင်လယ်၏ အနက်ရှိုင်းဆုံးနေရာအား မြင်တွေ့ရသည့်ပမာ ဖြစ်၏။
ဗျပ်စောင်းတေးသံရပ်တန့်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။
သို့သော် ဤသည်က ခဏတာမျှသာ ဖြစ်၏။
ယွီယဲ့၏မျက်နှာက ဖြူဖျော့သွားပြီး တစ်ချက်ညည်းညူကာ သူမ၏တန်ခိုးစွမ်းအားများကို ဆက်လက်ထိန်းထားနိုင်စွမ်း မရှိတော့ပေ။
သူမ၏မျက်ဝန်းများထဲမှ ထူးဆန်းသောဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သူမ ခေါင်းငုံ့ကြည့်လိုက်တော့ ဓားကိုင်သည့်လက်ဖဝါးထက်တွင် အက်ကွဲကြောင်းများ ထင်ဟပ်လာသည်ကိုတွေ့ရသည်။
ယွီယဲ့ နောက်ထပ် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ထိုအခိုက်အတန့်တွင် ဗျပ်စောင်းတေးသံက ထပ်မံ၍ ပဲ့တင်ထပ်ထွက်ပေါ်လာပြန်သည်။
တစ်ချိန်တည်းပင် အဝေးတစ်နေရာ ဗလာနယ်ထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ထိုသူက နျဲ့ကျင်းရှန်နှင့် ယွီယဲ့ဆီသို့ လျင်မြန်စွာ ဦးတည်လာသည်။
ထိုသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်သည်။
မျက်နှာထက် သိမ်မွေ့သည့်အမူအရာရှိပြီး နောက်ကျောတွင် ဗျပ်စောင်းသေတ္တာတစ်ခု လွယ်ထားသည်။
သူ့လက်ထဲတွင် ဗျပ်စောင်းတစ်လက်ကို တီးခတ်နေပြီး ရှေ့သို့လျှောက်လှမ်းလာသည်နှင့်အမျှ သံစဉ်ကလည်း ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထိုသူက စုန်းဟွမ်မြင့်မားဧကရာဇ် - ကျန်းပုရွှီး ဖြစ်ပေ၏။
သူက စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ယွီယဲ့လက်ဖဝါးထက်မှ အက်ကွဲရာများကိုကြည့်လိုက်သည်။
ကျန်းပုရွှီးက သက်ပြင်းချရင်း...
“မဟာတာအိုလမ်းစဉ်အတွက် တိုက်ပွဲဝင်တဲ့နေရာမှာ မင်းနိုင်သည်ဖြစ်စေ ငါနိုင်သည်ဖြစ်စေ အလျှော့ပေးစရာ နေရာမရှိဘူး”
သူက ဆက်ပြောလိုက်သည်။
“ငါ့ကို ရက်စက်တယ် ၊ မျိုးဆက်သစ်လူငယ်တွေကို ဒုက္ခပေးတယ်လို့ အပြစ်မတင်နဲ့တော့”
နျဲ့ကျင်းရှန်၏အကြည့်က ရေခဲတမျှ အေးစက်သွားပြီး သူ၏ဓားသွားက ဗျပ်စောင်းသံစဉ်လှိုင်းများကို ရင်ဆိုင်တွန်းလှန်လိုက်သည်။
နျဲ့ကျင်းရှန် ဓားဆွဲထုတ်လိုက်သည်နှင့် သိမ်မွေ့သော လေပြေလှိုင်းများ ထွက်ပေါ်လာသည်။ ထိုလေပြေလှိုင်းများ တစ်ခုနှင့်တစ်ခု ယှက်နွယ်သွားပြီး ဝေဝါးသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်၏လွှမ်းမိုးမှုအောက်တွင် ဓားအလင်းတန်းက လှံတံနှင့် ပုဆိန်သွားပမာ ပြောင်းလဲသွားသည်။
တိုက်ခိုက်မှု သက်ဆင်းလာသည်နှင့်အမျှ တောက်ပသောရောင်ဝါက ဝေဝါးသော အမှောင်ကို ခွဲခြမ်းလိုက်ပြီး၊ အဆုံးမရှိသော လေပြည်များ ထွက်ပေါ်လာသည်။
ထိုလေပြေများက ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်အကြား ပေါက်ဖွားလာသည့်ပမာ ထင်မှတ်ရသည်။ ၎င်းတို့က နွေးထွေးသည်နှင့်အမျှ တစ်ချိန်တည်းတွင် အေးစက်လှသည်။
ဤဆန့်ကျင်ဘက်ဖြစ်မှုအတွင်း အဆုံးမရှိသော နက်နဲမှုများနှင့် ထူးဆန်းသော တန်ခိုးစွမ်းအင်များ ပါဝင်နေသည်။
ယွီယဲ့က အားတင်းပြီး ထပ်မံတိုက်ခိုက်လိုက်ရာ တောက်ပသည့်အစိမ်းရောင်အလင်းတန်းများ လက်ခနဲ ထွက်ပေါ်လာသည်။
သူမ ပြင်းထန်စွာ ဒဏ်ရာရထားသည်ဖြစ်ရာ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အားစိုက်ထုတ်အသုံးပြုရန် ခက်ခဲလှသည်။
သို့သော် နတ်ဘုရားသုတ်သင်ဓားကို အသုံးပြုရာတွင် ပြဿနာမရှိခဲ့ပေ။
ဤအရာကို မြင်လိုက်သည်နှင့် ကျန်းပုရွှီး သူမကို ချီးကျူးလိုက်မိသည်။
ယွီယဲ့က အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာရှိသော်လည်း နတ်ဘုရားသုတ်သင်ဓားအပေါ် နားလည်နိုင်စွမ်းက နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော သူ့ထက်ပင် များစွာနက်ရှိုင်းသည်ဟု ထင်မှတ်ရသည်။
သို့သော် ကျန်းပုရွှီးက ချီးကျူးမိသည့်တိုင် သနားညှာတာမည်တော့ မဟုတ်ပေ။
သူသည်လည်း အစိမ်းရောင်ဓားအလင်းတန်းကို ထုတ်လွှတ်ပြီး နတ်ဘုရားသုတ်သင်ဓားကို အသုံးပြုလိုက်သည်။
သူက ဓားကိုလှည့်ပတ်ဝှေ့ယမ်းင်း နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကို တိုက်ခိုက်လိုက်သည်။
နှစ်ဖက်ကျင့်ကြံခြင်းက ကွာခြားသလို အစစ်အမှန်နတ်ဘုရားအဆင့်ရှိသော ယွီယဲ့ရော နျဲ့ကျင်းရှန်ပါ ဒဏ်ရာအပြင်းအထန်ရထားသူများ ဖြစ်ကြသည်။
ထို့ကြောင့် ကျန်းပုရွှီးက ဓားအလင်းတန်းအသွင်ပြောင်းမှုအောက်တွင် သူတို့နှစ်ယောက်ကို အလွယ်တကူဖိနှိပ်ထားနိုင်ပြီး တိုက်ပွဲအားသာချက် ရရှိခဲ့သည်။
သို့သော် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က အပြန်အလှန်နားလည်သည့် အဆင့်တစ်ခသို့ ရောက်ရှိသွားသည့်အလား သူတို့ကြားတွင် ထပ်တူကျမှုတစ်ခု ဖြစ်ပေါ်လာသည်။
"ဟမ်..."
ကျန်းပုရွှီး အံ့အားသင့်သွားသည်။
ယခု သူ့ရှေ့တွင် ကောင်းကင်ကိုဖွင့်လှစပ်ပြီး မြေကြီးကိုထိုးခွင်းသည့်ဓားက လောကကို သုတ်သင်ပစ်နိုင်သောဓားနှင့် ပေါင်းစည်းလျှက် ထပ်တူကျစွာ ပေါင်းစပ်လိုက်သည်။
ဓားဝိညာဉ်နှစ်ခု ယှက်နွယ်သွားသည်နှင့် လောကကိုဖန်ဆင်းခြင်းနှင့် လောကကိုအဆုံးသတ်ခြင်း စက်ဝန်းသံသရာက မရေမရာ ထင်ဟပ်ပြသလာသည်။
လောကကိုဖန်ဆင်းခြင်းက ဟန့်တားမရနိုင်သော တန်ခိုးစွမ်းအားကိုယူဆောင်လာပြီး နောက်ဆုံးမှာတော့ ပျက်ဆီးခြင်းသာလျှင် ကျန်ရစ်ခဲ့သည်။
ရေလွှမ်းမိုးခြင်းခံခဲ့ရသော ခေတ်တစ်ခေတ်အလား ၎င်း၏လမ်းကြောင်းကို ဟန့်တားသော အတားအဆီးအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
"မင်းတို့နှစ်ယောက်..."
ကျန်းပုရွှီးသည် အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားသည်။
သူသတိမထားမိခင်မှာပင် နျဲ့ကျင်းရှန်နှင့် ယွီယဲ့၏ ဓားနှစ်လက်ပေါင်းစည်းခြင်းက သူ၏ အစိမ်းရောင်ဓားအလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။
ကျန်းပုရွှီးက ဤဓားသိုင်းဖြင့် လုံးဝသူစိမ်းမဟုတ်ပေ။
သို့သော် ဤသည်မှာ တစ်ဦးတည်းသာပိုင်ဆိုင်နိုင်သော အမြင့်မားဆုံးသိုင်းပညာ ဖြစ်သည်။
ကောင်းချင်းရွှမ် ဤသို့သောဓားသိုင်းကိုအသုံးပြုသည်က သူမ၏ဝိညာဉ်က သူမ၏မူလခန္ဓာနှင့် ကိုယ်ခွဲခန္ဓာ နှစ်ခုလုံးထဲတွင်ရှိနေသဖြင့် တူညီသော စိတ်သဘောထားကို ဖြစ်ပေါ်စေသည်။
တစ်ယောက်က ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားသိုင်း’ ကိုအသုံးပြုပြီး နောက်တစ်ယောက်က နတ်ဘုရားသုတ်သင်ဓားကို အသုံးပြုကာ ဖန်ဆင်းခြင်းအစပိုင်းနှင့် အဆုံးသတ်ပျက်ဆီးခြင်းကို ပြသသည်။
ထိုဓားနှစ်လက် ပေါင်းစပ်လိုက်သည်နှင့် အဆုံးမရှိသော တန်ခိုးစွမ်းအင်ကို ယူဆောင်လာသည်။
ဤသည်က ရန်တိ၏ ဖန်ဆင်းဓားနှင့် ဆင်တူသည်။
ကောင်းချင်းရွှမ်၏ အမြင့်မားဆုံးသိုင်းပညာက ရန်တိ၏ ဖန်ဆင်းဓားလောက် ပြည့်စုံမှုမရှိသော်လည်း ဓားအလင်းတန်းနှင့် ဓားဝိညာဉ် ထပ်တူကျပေါင်းစည်းသွားသည့်အခါ သူမ၏စွမ်းအားကို နှစ်ဆတိုးသွားစေပြီး များပြားစွာသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။
သို့သော် ဤသို့သော ဓားသိုင်းကိုအသုံးပြုနိုင်သူမှာ လောကတွင် ကောင်းချင်းရွှမ်တစ်ဦးတည်းသာ ရှိပြီး ထူးခြားသော ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။
သို့တိုင် ယခု ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့က မတူညီသော လူနှစ်ဦးဖြစ်နေသော်လည်း ထိုသို့သော ဓားသိုင်းအသွင်ပြောင်းလဲမှုကို ဖန်တီးနိုင်ခဲ့လေသည်။