← Chapters

ဓားလေးလက် တပြိုင်တည်းထုတ်လွှတ်ခြင်း

Vol. 106 Ch. 1484

ဓားလေးလက် တပြိုင်တည်းထုတ်လွှတ်ခြင်း

Vol. 106 Ch. 1484

အခန်း (၁၄၈၄) ဓားလေးလက် တပြိုင်တည်းထုတ်လွှတ်ခြင်း

ယခု နျဲ့ကျင်းရှန်၏ ဓားက ပရမ်းပတာအသွင် ပြောင်းလဲသွားသည်။

သူက ယွီယဲ့ကိုကာကွယ်ပေးထားရင်း ကျန်းပုရွှီး၏ ဓားအလင်းတန်းကို တွန်းလှန်လိုက်သည်။

အဆုံးစွန်သော ရက်စက်မှုဖြင့် ပြည့်နက်နေသော စန့်ချင်ဓားသိုင်းက ဝေဝါးသောပရမ်းပတာဓားသိုင်းနှင့် ဝင်ရောက်ရိုက်ခတ်မိသည့်အခါ စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာသည်။

သို့သော် တစ်ခဏအတွင်း စွမ်းအားလှိုင်းလုံးများ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

လင်ပေါင်ဓားသိုင်း(၄)မျိုးက ဖန်းဆင်းခြင်းအား ပျက်ဆီးခြင်းသို့ပို့ဆောင်ကာ အရာအားလုံးကို မရှိမှုသို့ ပြန်လည်ရောက်ရှိစေသောဖြစ်စဉ်ကို ကိုယ်စားပြုသည်။

သို့သော် အစကတည်းက “မရှိမှု” ဖြစ်နေခဲ့ပါက မည်သို့သော သုတ်သင်ခြင်းမျိုးကို ဆက်လက်လုပ်ဆောင်ရပါမည်နည်း။

“ပုံရိပ်ယောင်ကျောက်စိမ်း ပြိုင်ဘက်ကင်းဓား...”

ကျန်းပုရွှီး ရင်ထဲတင်းကျပ်သွားပြီး ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားသည်။

“နောက်ထပ် ရန်ရှင်းထန်တစ်ယောက်လား... ဒါပေမဲ့ သူက ရန်ရှင်းထန်ထက်တောင် တော်နေတဲ့ပုံပဲ”

အတိတ်တစ်ချိန်က ရန်ရှင်းထန်နှင့် လုန်ရှင်းချွမ်တို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် ဓားသိုင်းလာရောက်ယှဉ်ပြိုင်စဉ် ထိုဖြစ်ရပ်တစ်ခုလုံးကို ကျန်းပုရွှီး ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးသည်။

ထိုမြင်ကွင်းများက ယနေ့တိုင် သူ၏စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲ ဖြစ်၏။

ယခု သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး တစ်ချိန်ကမြင်ကွင်းများ ပြန်လည်ထွက်ပေါ်လာသည့်ပမာ ထင်မှတ်ရသည်။

ကျန်းပုရွှီး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

သူ့မျက်နှာထက် ခံစားချက်ကင်းမဲ့သွားပြီး ပြန်လည်တည်ငြိမ်သွားသည်။

ထို့နောက် စကားတစ်ခွန်းမှမဆိုဘဲ ပြင်းထန်သောတိုက်ကွက်များဖြင့် မရပ်မနား ဆက်လက်တိုက်ခိုက်လိုက်သည်။

နှစ်ဦးနှစ်ဖက် အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် နျဲ့ကျင်းရှန် ညည်းညူသံတစ်ချက်ပြုလိုက်ပြီး သူ၏ဖြူဖျော့သောမျက်နှာက ပုံမှန်မဟုတ်စွာ သွေးရောင်လွှမ်းပြီး နီရဲလာသည်။

ဒဏ်ရာများကိုခံနိုင်ရည်မရှိတော့သဖြင့် နျဲ့ကျင်းရှန်၏တိုက်ခိုက်မှု ရပ်တန့်သွားပြီး ပရမ်းပတာဖြစ်စဉ်သည်လည်း ပြန့်ကျဲသွားသည်။

အစောပိုင်းတွင် ရှေ့ပြေးနိမိတ် တစ်စွန်းတစ်မရှိဘဲ ထူးခြားဆန်းကျယ်မှုဖြင့်ပြည့်နေသောဓားသိုင်းက ဆက်လက်တည်ရှိမနေတော့ဘဲ ရပ်စဲသွားသည်။

ကျန်းပုရွှီးက အခြေအနေကို အခွင့်ကောင်းယူပြီး ဓားအလင်းတန်းဖြင့် နျဲ့ကျင်းရှန်၏ တိုက်ခိုက်မှုများကို ချိုးဖျက်လိုက်သည်။

နျဲ့ကျင်းရှန်က ယွီယဲ့ကို ကာအကွယ်ပေးထားသည်။

သို့သော် ထိုခဏတွင် ယွီယဲ့က တိုက်ပွဲအတွင်းဝင်ရောက်လာပြီး ခန္ဓာကိုယ်ကိုတစ်ချက်လှည့်ကာ ကျန်းပုရွှီးအား ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။

အစောပိုင်းက နျဲ့ကျင်းရှန်က သူ၏ခံစစ်ကို တိုက်စစ်အဖြစ် အသုံးပြုခဲ့သည်။

ယခု သူဆုတ်ခွာသွားသည့်အခါ ယွီယဲ့က နျဲ့ကျင်းရှန်နေရာတွင် အစားထိုးလိုက်ပြီး သူမ၏တိုက်စစ်ကို ခံစစ်အဖြစ် အသုံးပြုလိုက်သည်။

တိုက်စစ်နှင့် ခံစစ် အပြန်အလှန်ပြောင်းလဲမှုက အကန့်အသတ်မရှိဘဲ အရာအားလုံးက သဘာဝကျလှ၏။

ဓားနှစ်လက်ပေါင်းစည်းမှု ချိုးဖျက်ခံရပြီးနောက် သူတို့၏ဓားဝိညာဉ်များ ထပ်တူကျမှု ရပ်ဆိုင်းသွားသော်လည်း ၊ သူတို့နှစ်ယောက်က အမြဲတမ်း ပြီးပြည့်စုံသော ထပ်တူကျမှု ပုံစံတစ်ခုကို ရရှိခဲ့သည်။

သို့သော် ယခုတစ်ကြိမ်မှာတော့ ကျန်းပုရွှီးက သူတို့နှစ်ယောက် ဟန်ချက်ညီထပ်တူကျမှုကို အရေးမစိုက်တော့ပေ။

သူက တိုက်ခိုက်မှုကိုသာ အာရုံစိုက်လိုက်သည်။

သူ၏ဓားအလင်းတန်းက ပတ်ဝန်းကျင်ကို ဝှေ့ယမ်းဖြတ်သန်းသွားပြီး နဂါး ဇာမဏီငှက်များ အော်မြည်သံနှင့်အတူလိုက်ပါလာကာ တစ်လောကလုံးသို့ ပျံ့နှံ့သွားသည်။

သို့သော် ခဏအတွင်းမှာပင် သူ၏မျက်နှာက တည်ကြည်လေးနက်သွားသည်။

အဘယ်ကြောင့်ဆိုသော ယွီယဲ့၏ဓားက သဏ္ဌန်မဲ့ဓားရောင်စဉ်များဖြင့် ယှက်နွယ်ဖွဲ့စည်းထားပြီး ထိုဓားသွားဖြတ်သန်းသွားရာနေရာတိုင်းတွင် အရာခပ်သိမ်းပြိုကွဲသွားပြီး တည်ရှိမှု ရပ်တန့်သွားသောကြောင့် ဖြစ်၏။

ရက်စက်ကြမ်းတမ်းသော သဏ္ဌန်မဲ့ဓားရောင်စဉ်များပေါင်းည်းသွားပြီး ဓားသွားတစ်လက် ဖြစ်တည်လာသည်။

သို့ပေသိ ထိုဓားသွားထက်တွင် သွေးနီရောင်အလင်းတန်းတစ်ခု ဖုံးလွှမ်းထားသည်။

သွေးနီရောင်အလင်းတန်းက ဓားသွားထက် တလက်လက်တောက်ပနေပြီး ဗလာနယ်ထဲတွင် လှစ်ခနဲ ပြောင်းလဲသွားသည်ဖြစ်ရာ ဓားသွားတိုက်ကွက်ကို အကဲဖြတ်ရန် ခက်ခဲစေသည်။

တစ်ချိန်တည်းပင် သေးငယ်သောအနက်ရောင်ချည်မျှင်များနှင့်ဆင်တူသည့် ဓားအလင်းတန်းများက သွေးနီရောင်ဓားတဝိုက်တွင် ထူထပ်စွာ ယှက်နွယ်နေ၏။

ထိုအနက်ရောင်ချည်မျှင်တစ်ခုစီ ဗလာနယ်ကို ဖြတ်သန်းသွားသည်နှင့် မရေမတွက်နိုင်သော သက်ရှိများ၏ အသက်ဓာတ်စွမ်းအားများ ဖြတ်တောက်ခံလိုက်ရသည်။

ထိုခဏတွင် မရေမတွက်နိုင်သော အနက်ရောင်ချည်မျှင်များ ပေါင်းစည်းလျက်၊ သေမင်းရောင်စဉ်ဖြင့် စိမ့်ဝင်လျှက်ရှိသည်။

နောက်ဆုံး သဏ္ဌန်မဲ့ဓားသွားနထက်တွင် အနက်ရောင်ချည်မျှင်များနှင့် သွေးနိရောင်အလင်းတန်းများအပြင် အစိမ်းရောင်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။

အစိမ်းရောင်အလင်းတန်းများကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ဘဲ ၎င်း၏ လမ်းကြောင်းကို ဟန့်တားသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဥပဒေအားလုံးကိုဖျက်ဆီးရာတွင် ကျွမ်းကျင်သည့်အလား ဤလောကမှ ဥပဒေအားလုံး ပြိုကွဲသွားပြီး ဆက်လက်တည်ရှိမှု ရပ်စဲသွားသည်။

“ဓားလေးလက် တပြိုင်တည်း အသုံးပြုလိုက်တာလား”

ကျန်းပုရွှီး အော်ဟစ်လိုက်သည်။

ယွီယဲ့က လင်ပေါင်ဓားသိုင်း(၄)မျိုးဖြစ်သော နတ်ဘုရားသုတ်သင်ဓား၊ နတ်ဘုရားသတ်ဖြတ်ဓား၊ နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားအဆုံးသတ်ဓားတို့၏ နက်နဲမှုများကို တပြိုင်တည်း ပြသလိုက်ခြင်း ဖြစ်၏။

နက်ရှိုင်းနတ်ဘုရားအဆင့်ရှိသော ကျန်းပုရွှီးသည်ပင် ဓား(၃)လက်ကိုသာ တပြိုင်တည်း အသုံးပြုနိုင်သည်။

သူ၏ စန့်ချင်အဆက်အနွယ်၏ ကြိုးခုနစ်သွယ်ဓားသိုင်းက ဓားလေးလက်ကို တပြိုင်တည်းထုတ်လွှတ်နိုင်သော်လည်း ၎င်းတို့အနက် (၃)လက်ကိုသာ ပေါင်းစည်းနိုင်စွမ်း ရှိသည်။

သူ့ကိုအသာထား အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အင်အားအကြီးဆုံးဖြစ်သည့် အကြီးအကဲ’ကောင်းချင်းရွှမ်’ သည်ပင် အစစ်အမှန်နတ်ဘုရားအဆင့်တွင်ရှိစဉ်က ဓား(၃)လက်ကိုသာ တပြိုင်တည်း အသုံးပြုနိုင်ခဲ့သည်။

လုန်ရွှယ်ကျီး၊ တိမ်လွှာခွင်းဧကရာဇ်၊ ဟယ်မြန်နှင့် အခြားသူများလည်း ထိုနည်းတူအခြေအနေတွင် ရှိခဲ့ကြသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ပေါက်ပေါက်ခဲ့သော ထူးချွန်သူများအနက် အစစ်အမှန်နတ်ဘုရားအဆင့်တွင် လင်ပေါင်ဓား(၄)လက်လုံးကို အသုံးပြုနိုင်သူမှာ ရန်ကျောက်ကဲ၏အဘွား ဓားဧကရီ’တိချင်းလျန်’ သာလျှင် ရှိခဲ့သည်။

သမိုင်းတစ်လျှောက် ဤသို့သော အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုများကို ရရှိခဲ့သူ အနည်းငယ်သသာလျှင်ရှိသည်။

ယနေ့ ထိုသို့သော အံ့သြဖွယ်ရာများ ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။

ယွီယဲ့က နတ်ဘုရားသုတ်သင်ဓား ၊ နတ်ဘုရားသတ်ဖြတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓားနှင့် နတ်ဘုရားအဆုံးသတ်ဓားတို့ကို တပြိုင်တည်း ထုတ်လွှတ်ခဲ့သည်။

အဆုံးမရှိသော မိစ္ဆာရောင်စဉ် ထက်ရှမှုဓားသွား ထွက်ပေါ်လာပြီး ရက်စက်ကြမ်းတမ်းမှုများစိမ့်ဝင်လျှက် ပရမ်းပတာ သုတ်သင်ခြင်းလက္ခဏာများကို မရေမရာ ပြသနေသည်။

ကျန်းပုရွှီးမှာ ကာကွယ်ရန်အဆင်သင့်မဖြစ်တော့ဘဲ ဓားအလင်းတန်းအချို့ ဖြတ်တောက်ခံလိုက်ရပြီး ပြိုကွဲသွားသည်။

သူက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်စွမ်းရှိသော ငြိမ်သက်ခြင်းအဆင့် နက်ရှိုင်းနတ်ဘုရားခန္ဓာဖြင့် ယွီယဲ့၏တိုက်ခိုက်မှုကို အတင်းအကျပ် ရင်ဆိုင်ခဲ့ခြင်း မရှိပေ။

ထိုအစား သူက ခံစစ်ကို တိုက်စစ်အဖြစ် ပြောင်းလဲ အသုံးပြုလိုက်သည်။

သူ၏ ဓားအလင်းတန်း အသွင်ပြောင်းမှုကို ထိန်းချုပ်ကာ ယွီယဲ့၏ဓားအလင်းတန်းကို ဆက်လက်ဖျက်ဆီးလိုက်ပြီး အပိုင်းပိုင်းကွဲအောင် ချေမွပစ်လိုက်သည်။

သို့သော် ထိုခဏတွင် ယွီယဲ့၏ ဓားသိုင်းအရှိန်အဟုန်က ထပ်မံပြောင်းလဲသွားသည်။

သူမ၏မကျ်ဝန်းများတွင် အဆုံးစွန်ထိရောက်ရှိသွားသော ပရမ်းပတာဖြစ်စဉ်များ ထင်ဟပ်ပေါ်လွင်လာသည်။ ရက်စက်ကြမ်းတမ်းသောဓားဝိညာဉ် ထပ်မံပေါက်ကွဲထွက်လာပြီး လျှင်မြန်သည့်အသွင်ပြောင်းမှုတစ်ခု ဖြစ်ပေါ်လာသည်။

ပရမ်းပတာသုတ်သင်ခြင်း၏ မှန်ကန်သောဖြစ်စဉ် ထပ်မံပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် ကျန်းပုရွှီး၏ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားသည်။

ယခင်က သူက ယွီယဲ့၏ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို သတိထားနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤသိုင်းပညာက အစစ်အမှန်နတ်ဘုရားနှင့် နက်ရှိုင်းနတ်ဘုရားကြား ကွာဟချက်ကို ဖြတ်ကျော်နိုင်ပြီး ယွီယဲ့က သူ့အားသတ်ဖြတ်ရန် အခွင့်အရေး ရသွားနိုင်သောကြောင့် ဖြစ်သည်။

သို့ရာတွင် ယွီယဲ့နှင့် တွေ့ဆုံပြီးနောက် သူမက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း တန်ခိုးစွမ်းအားကို ထုတ်လွှတ်ခဲ့သော်လည်း သူမ၏ဒဏ်ရာများကြောင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ခြင်း မရှိပေ။

ယွီယဲ့နှင့် နျဲ့ကျင်းရှန် ပူးပေါင်းတိုက်ခိုက်စဉ်မှာပင် သူတို့အခြေအနေက သေမင်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် သူမ ဓား(၄)လက် တပြိုင်တည်းထုတ်ဖော်ပြီး ပရမ်းပတာသုတ်သင်ခြင်းကို ပြန်လည်ဖော်ဆောင်သည့်အခါ သူမအနေဖြင့် ရှင်သန်ရန်ကြိုးပမ်းမှုတွင် ရှိသမျှနည်းစနစ်အားလုံး ညှစ်ထုတ်ကြိုးပမ်းနေရသည်ဟုသာ ကျန်းပုရွှီး ယူဆခဲ့သည်။

ဤအချက်များကြောင့် ကျန်းပုရွှီး အရမ်းသတိထားနေခြင်း မရှိတော့ပေ။

သို့သော် သူ့ကို အံ့အအားသင့်စေသည်မှာ ယွီယဲ့ နောက်ဆုံးအသုံးပြုသည့်ပညာက ပရမ်းပတာသုတ်သင်ခြင်းနည်းလမ်း ဖြစ်နေခြင်းပင်။

ယခင်က လုပ်ဆောင်ခဲ့သမျှသည် ကျန်းပုရွှီး သတိလျော့သွားစေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုမှ သူမက မှန်ကန်သောနည်းစနစ်ကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်၏။

ထို့ပြင် ဤတိုက်ခိုက်မှုသည် ကျန်းပုရွှီး၏ ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားခန္ဓာဖြင့် ခံနိုင်ရည်ရှိနိုင်မည့်အရာ မဟုတ်ပေ။

အခြား မည်သို့မှမလုပ်ဆောင်နိုင်သဖြင့် ကျန်းပုရွှီး လျှင်မြန်စွာနောက်ပြန်လှည့်ပြီး ယွီယဲ့၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရသည်။

ယွီယဲ့က တမင်သက်သက် အားနည်သည့်ပုံပြပြီး ဝှက်ဖဲကို လက်ထဲတွင်ဖုံးကွယ်ထားသည်ဟု သူက ယုံကြည်လိုက်သည်။

သို့သော် ဤမျှပြင်းထန်သောဒဏ်ရာများဖြင့် ဤသို့သောအဆင့်တိုက်ခိုက်မှုကို သူမ တစ်ကြိမ်သာထုတ်လွှတ်နိုင်မည်ဖြစ်သည်။

ပထမတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်နှင့် အောင်မြင်မှုက ကျန်းပုရွှီးလက်ထဲ ရောက်လာပေမည်။

ကျန်းပုရွှီး၏ အကဲဖြတ်မှု တကယ်ပင် မှန်ကန်ခဲ့သည်။

သို့သော် ယွီယဲ့၏ဓားချက်က ရုတ်တရက် ပြောင်းလဲသွားသည်။

သဏ္ဌန်မဲ့ဓားအလင်းတန်းက ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းတမ်းမှုများဖြင့်ပြည့်နေပြီး ကျန်းပုရွှီးလက်ထဲမှ ဓားအိမ်ထက်သို့ ကျရောက်သွားသည်။

ကျန်းပုရွှီး အံ့သြထိတ်လန့်သွားပြီး လှုပ်ရှားမှုကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

သို့သော် နောက်ကျသွားပေပြီ။

သူ့ထံမှ ဓားဝိညာဉ်များ မြင့်တက်ထွက်ပေါ်လာပြီး သူ့လက်တစ်လျှောက်ပျံ့နှံ့သွားကာ ဓားအိမ်ကိုခုခံကာကွယ်ရန် အားဖြည့်ပေးလိုက်သည်။

သို့သော် ယွီယဲ့၏ တိုက်ခိုက်မှု ထိမှန်သွားသည်နှင့် ဓားအိမ်က ပြင်းထန်စွာ တုန်ခါသွားသည်။

ဟောင်းနွမ်းနေသော ဓားအိမ်မှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြန့်ကျက်သွားကာ ကျန်းပုရွှီးနှင့် ယွီယဲ့တို့ကြားမှ လမ်းကြောင်းပိတ်ဆို့သွားသည်။

ပြင်းထန်သော အလင်းများ မှိန်ဖျော့သွားပြီးနောက် ဓားအိမ်က ပို၍ဟောင်းနွမ်းသွားပြီး အရောင်လည်းမှိုင်းညို့သွားသည်။ ဓားအိမ်မျက်နှာပြင်ထက်တွင် အက်ကွဲကြောင်းများထွက်ပေါ်လာပြီး အတွင်းမှ နက်နဲသည့်အငွေ့အသက်များ အားနည်းသွားသည်။

ယွီယဲ့၏ညာဘက်လက်မှာလည်း ပင့်ကူမျှင်ပမာ အက်ကွဲကြောင်းများဖုံးလါှမ်းသွားပြီး သူမ၏အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းများအထိပင် ပျံ့နှံ့သွားသည်။

သို့သော် တစ်ဖက်တွင် နျဲ့ကျင်းရှန်၏ဓားက ဗလာနယ်ကို ပိုင်းခြားလိုက်ပြီဖြစ်သည်။

သူက ယွီယဲ့ကို ခါးမှဆွဲပွေ့လိုက်ပြီး ဗလာနယ်အက်ကွဲကြောင်းမှတစ်ဆင့် အဝေးသို့ ထွက်ပြေးသွားလေသည်။

ကျန်းပုရွှီးမှာ လက်ထဲရှိဓားအိမ်မှတုံ့ပြန်မှုဖြစ်သော ပြင်းထန်သည့်အလင်းတန်းများက လမ်းကြောင်းကိုပိတ်ဆို့ထားသဖြင့် သူတို့နောက်သို့ ဆက်မလိုက်နိုင်တော့ပေ။

နျဲ့ကျင်းရှန်တို့နှစ်ယောက် ဗလာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးသွားသည်ကို ကျန်းပုရွှီး ကြည့်ရှုနေရရုံသာ တတ်နိုင်ခဲ့သည်။

အခြေအနေများ ငြိမ်သက်သွားပြီးနောက် သူ့အနေဖြင့် သူတို့နှစ်ယောက်အား လိုက်မမီနိုင်တော့ပေ။

အစပိုင်းတွင် ဓားအိမ်နှင့် ယွီယဲ့အကြား ဆက်စပ်မှုကို အသုံးပြု၍ သူမ၏တည်နေရာကို ပိတ်ဆို့ရှာဖွေနိုင်ခဲ့သည်။ ယခု ဓားအိမ် တိုက်ခိုက်ခံရပြီးနောက် ယခင်လိုသက်ရောက်မှုမျိုးဖြင့် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

ကျန်းပုရွှီးက လက်မလျှော့ဘဲ ဗလာနယ်ထဲတွင် လိုက်လံရှာဖွေနေသေးသည်။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က ဒဏ်ရာများရရှိထားသည်ဖြစ်ရာ သိပ်မြန်မြန် ပြေးနိုင်မည် မဟုတ်ပေ။ သူက နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သဖြင့် လက်လျှော့ရန် အကြောင်းမရှိပေ။

သို့သော် အချိန်ကြာလေ သူ့အတွက်အခွင့်အရေးနည်းလေ ဖြစ်ရာ တတ်နိုင်သမျှ မြန်မြန်ရှာဖွေရန်လိုအပ်သည်။

ထွက်ပြေးသွားသူနှစ်ယောက်ကတော့ ဗလာနယ်ထဲတွင် ဆက်လက်ပျံသန်းနေကြသည်။

နျဲ့ကျင်းရှန်သည် စိုးရိမ်တကြီးဖြင့် နောက်သို့ မကြာခဏလှည့်ကြည့်နေပြီး ယွီယဲ့ကတော့ မျက်လုံးများကိုမှေးမှိတ်ရင်း ဒဏ်ရာကိုကုသလျှက်ရှိသည်။

သူမ၏ ခန္ဓာကိုယ်အခြေအနေက ပိုမိုဆိုးရွားလာနေပြီး လုံးဝ မဟန်နိုင်တော့သည့်အနေအထားသို့ ရောက်ရှိနေလေသည်။

All Chapters