ထွက်ပြေးခြင်းနှင့်သဲလွန်စ
Vol. 106 Ch. 1485
အခန်း (၁၄၈၅) ထွက်ပြေးခြင်းနှင့်သဲလွန်စ
နျဲ့ကျင်းရှန် တိုးလျသည့်လေသံဖြင့်...
“ငါတို့တွေ ဆက်မတိုက်သင့်တော့ဘူး”
ယွီယဲ့က မျက်လုံးများဖွင့်ကြည့်လာပြီး မသိမသာပြုံးလိုက်သည်။
“ကျွန်မက အဆင်ပြေပါတယ်”
နျဲ့ကျင်းရှန်က သူမ၏ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ပြီး မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။
“ဒါပေမဲ့... မင်းခန္ဓာကိုယ်က စကြာဝဠာနယ်နိမိတ်တွေကို ဖြတ်ကျော်နိုင်တဲ့အခြေအနေမှာ မရှိတော့ဘူး ၊ ဒါကြောင့် ဗလာနယ်ပုံပျက်တာကိုအသုံးပြုပြီး ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး”
ယွီယဲ့က အားနည်းသော အသံဖြင့်...
“သောပေါင်ထျန်းကျွင်းရဲ့ဓားအိမ်မရှိရှင် ဆရာဦးလေးကျန်း ကျွန်မတို့ကို အလွယ်တကူ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး”
နျဲ့ကျင်းရှန်က...
“စကားတွေမပြောနဲ့တော့ မျက်လုံးမှိတ်ပြီး ဒဏ်ရာသက်သာဖို့ အနားယူနေလိုက်နော်”
ထို့နောက် သူက သူမကိုခေါ်ဆောင်သွားပြီး...
“ငါတို့တွေ ပုန်းဖို့နေရာတစ်ခု ရှာရမယ် ၊ ကျောက်ကဲ ၊ ဆရာနဲ့ အကြီးအကဲ’ကောင်း’ တို့ ငါတို့ကိုရှာတွေ့နိုင်ဖို့ သဲလွန်စတွေတော့ ချန်ခဲ့မှဖြစ်မယ်”
နျဲ့ကျင်းရှန်က အထူးအမှတ်အသားများချန်ထားပြီးနောက် ယွီယဲ့နှင့်အတူ ကျယ်ပြန့်သောဗလာနယ်ထဲ ဆက်လက်ခရီးနှင်ခဲ့သည်။
နောက်ဆုံး ဥက္ကာခဲတစ်ခုတွေ့ရှိသဖြင့် ထိုနေရာတွင်ပုန်းအောင်းရန် ဆုံးဖြတ်လိုက်သည်။
သို့သော် စိတ်သက်သာရာမရနိုင်ခင်မှာပင် နျဲ့ကျင်းရှန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အကြောင်းမှာ သူတို့ဆီသို့ လူတစ်ယောက် နီးကပ်လာသည်ကို အာရုံခံမိသောကြောင့်ပင်။
ထိုသူ၏ကျင့်ကြံခြင်းအဆင့်က ကျန်းပုရွှီးလောက် မြင့်မားခြင်းမရှိပေ။ ထို့ကြောင့် နျဲ့ကျင်းရှန်က တိုက်ခိုက်ရန် မစဉ်းစားတော့ပေ။
သို့သော် ထိုသူက ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်အခိုးအငွေ့ဟင်းလင်းပြင်ကို စတင်ရှာဖွေသည့်အလုပ် လုပ်ဆောင်တော့သည်။
ထို့ကြောင့် နျဲ့ကျင်းရှန်လည်း တိုက်ခိုက်ရန် ဆုံးဖြတ်ရတော့၏။
ရောက်ရှိလာသူများက အစစ်အမှန်နတ်ဘုရားအဆင့်ရှိသော အမတခုံရုံးမှကျင့်ကြံသူ(၂)ယောက် ဖြစ်သည်။
နျဲ့ကျင်းရှန် အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော်လည်း ဤ အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရား(၂)ပါးကိုတော့ ကောင်းကောင်းတိုက်ခိုက်နိုင်သေး၏။
တစ်ယောက်က နေရာမှာပင်သေဆုံးသွားပြီး ကျန်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့သည်။
နျဲ့ကျင်းရှန်က ရန်ကျောက်ကဲသင်ပေးထားသည့် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကိုအသုံးပြုခဲ့သဖြင့် သေဆုံးသူထံမှ ရတနာအလင်းတန်းထွက်ခွာသွားပြီး သူတို့ရှိနေသည့်နေရာ ပေါက်ကြားသွားမည်ကို စိုးရိမ်ခြင်း မရှိခဲ့ပေ။
ပစ်မှတ်ကိုဖမ်းဆီးပြီးနောက် ထိုသူက စစ်ဆေးမေးမြန်းစရာပင်မလိုဘဲ အမတခုံရုံးမှ ထျန်းကျွင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဤပတ်ဝန်းကျင်တွင်ရှိနေကြောင်း ကြွားဝါပြောဆိုတော့သည်။
ထို့ပြင် ဤနေရာတွင် အမတခုံရုံးမှ ကျွမ်းကျင်သူများ အများအပြားရှိနေသဖြင့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ ထွက်ပြေးရန် အခွင့်အလမ်းမရှိဟု ဆိုသည်။
သူတို့က အစပိုင်းတွင် ကျန်းပုရွှီးအတွက် ရောက်ရှိလာခြင်းဖြစ်၏။
သို့သော် ယွီယဲ့ဖြစ်ဖြစ် နျဲ့ကျင်းရှန်ဖြစ်ဖြစ် ဖမ်းဆီးနိုင်လျှင်လည်း သူတို့အနေဖြင့် ကြီးမားသောဆုလာဘ်များ ရရှိမည်သာပင်။
နျဲ့ကျင်းရှန်၏မျက်နှာက တည်ကြည်လေးနက်သွားသည်။
“ကျန်းပုရွှီးက တစ်ယောက်တည်းပဲ ၊ သူက တန်ခိုးစွမ်းအားမြင့်မားတာမှန်ပေမယ့် ကျယ်ပြန့်တဲ့ပြင်ပဗလာနယ်ထဲမှာ ငါတို့ကို အချိန်တိုအတွင်း ရှာတွေ့နိုင်မှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီ ပြင်ပတာအိုကျင့်ကြံသူတွေက စွမ်းအားနည်းပါးတယ်ဆိုပေမယ့် အရေအတွက်များတယ် ၊ သူတို့ အင်အားသုံးပြီးရှာဖွေမယ်ဆိုရင် ငါတို့ ဆက်ပုန်းဖို့လွယ်မှာမဟုတ်ဘူး”
သူတို့အနေဖြင့် ပုန်းအောင်းနေရင်း ရောက်ရှိလာသည့် ပြင်ပတာအိုကျင့်ကြံသူများကို တစ်ယောက်ချင်းသတ်ဖြတ်ပစ်နိုင်သည်။
သို့သော် ပြင်ပတာအိုကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ထားသည်။
အကယ်၍ တစ်ယောက်က တုံ့ပြန်မှုမရှိတော့ပါက သူတို့အနေဖြင့် အာရုံစူးစိုက်လာပြီး ပြင်ပတာအိုကျင့်ကြံသူများ ပျောက်ဆုံးသွားသည်ပတ်ဝန်းကျင်ကို လာရောက်ရှာဖွေကြပေမည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် တစ်နေရာတည်းတွင် ပုန်းအောင်းနေရန် မဖြစ်နိုင်တော့ပေ။
အကြောင်းမှာ အမတခုံရုံးကျင့်ကြံသူများကြားတွင် ရှာဖွေရေးကိုဦးဆောင်နေသည့် ထျန်းကျွင်းနယ်ပယ် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါး ရှိနေသောကြောင့်ပင်။
ထို့ပြင် ဤလှုပ်ရှားမှုတွင် နက်ရှိုင်းနတ်ဘုရားများလည်း ပါဝင်နိုင်သည်။
သူတို့နှစ်ယောက်လုံးက ဒဏ်ရာပြင်းထန်သည်ဖြစ်ရာ ကျင့်ကြံခြင်းအဆင့်မြင့်မားသူများနှင့် ဆက်လက်တိုက်ခိုက်ရန် အခြေအနေမရှိတော့ပေ။
ပြီးတော့ ကျန်းပုရွှီးကလည်း အနီးပတ်ဝန်းကျင်တွင်ရှိနေဆဲဖြစ်ပြီး သူတို့ကို လိုက်လံရှာဖွေနေဆဲဖြစ်သည်။
အမတခုံရုံးမှလူများကလည်း ကျန်းပုရွှီးကို လိုက်လံရှာဖွေနေခြင်းဖြစ်သည့်တိုင် သူက ဒဏ်ရာရရှိထားခြင်းမရှိသဖြင့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ထက် ပြင်ပတာအိုကျင့်ကြံသူများကို ပိုမိုလွယ်ကူစွာ ရှောင်တိမ်းသွားနိုင်သည်။
တခြားရွေးချယ်စရာမရှိတော့သဖြင့် နျဲ့ကျင်းရှန်နှင့်ယွီယဲ့တို့မှာ အမတခုံရုံးနှင့် ကျန်းပုရွှီး၏ လိုက်လံရှာဖွေမှုမှလွတ်မြောက်ရန် ခရီးဆက်ခဲ့ကြရတော့သည်။
အမတခုံရုံးက လူအင်အားများပြားသည်။
သူတို့က နေရာတိုင်းတွင် လိုက်လံရှာဖွေနေသဖြင့် နျဲ့ကျင်းရှန်တို့ လှုပ်ရှားနိုင်သည့်နယ်ပယ် ကန့်သတ်ခံထားရပြီး သွားရမည့်လမ်းကြောင်းများလည်း လျော့နည်းလာသည်။
အချိန်အတန်ကြာ ခရီးနှင်ပြီးနောက် နျဲ့ကျင်းရှန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
သူက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာ ဗလာနယ်ထဲတွင် ပုံမှန်မဟုတ်သည့်အရာတစ်ခုကို တွေ့လိုက်ရသည်။
အဆုံးမရှိသောဗလာနယ်က မူလကပင် မှောင်မိုက်နေခဲ့သည်။ ထိုအရာကသည်လည်း အလွန်မှောင်မိုက်နေသည့်တိုင် ပို၍ညစ်ညမ်းသောခံစားချက်ကိုပေးစွမ်းသည်။
ထိုညစ်ညမ်းမှုက လူတစ်ယောက်အား စက်ဆုပ်ဖွယ်ရာခံစားချက်ကို ပေးစွမ်းသည်။
နျဲ့ကျင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“အေးစိမ့်စမ်းချောင်းနယ်မြေ...”
အစောပိုင်းကပင် သူတို့က ငရဲကိုးထပ်မှနတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့ကြသည်။
ယခုတော့ သူတို့ ငရဲကိုးထပ် နယ်မြေထဲသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ ငရဲကိုးထပ်နယ်မြေတွင်ပုန်းအောင်းခြင်းက သူတို့အတွက် အကျိုးရှိနိုင်သည်။
ငရဲကိုးထပ်တွင်ရှိနေပါက ကျန်းပုရွှီးနှင့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ သူတို့ကိုရှာဖွေရန် ခက်ခဲသွားပေမည်။
သို့သော် ဖြစ်နိုင်လျှင် နျဲ့ကျင်းရှန်က ငရဲကိုးထပ်သို့ ဝင်ရောက်လိုခြင်းမရှိပေ။ ယွီယဲ့က ဒဏ်ရာအပြင်းအထန်ရထားသည်ဖြစ်ရာ သူမအနေဖြင့် ငရဲကိုးထပ်တွင်သွားလာလှုပ်ရှားရန် လုံးဝမသင့်တော်ပေ။
သူမက စိတ်ဓာတ်ခိုင်မာသူဖြစ်သဖြင့် နတ်ဆိုးအငွေ့အသက်ကြောင့် ဖောက်ပြန်ပြောင်းလဲမည်ကို ကြောက်စရာမလိုပေ။
သို့သော် နတ်ဆိုးရောင်ဝါများကြောင့် သူမ၏ဒဏ်ရာများ ညစ်ညမ်းသွားမည်ဆိုပါက ပြန်လည်သက်သာလာရန် ခက်ခဲပေမည်။
နျဲ့ကျင်းရှန် နောက်သို့လှည့်ကြည့်လိုက်သည်။
အဝေးတစ်နေရာ ဗလာနယ်ထဲတွင် ကျွမ်းကျင်သူတစ်ယောက်ရှိနေကြောင်း အာရုံခံလိုက်မိ၏။
နောက်ဆုံး သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ယွီယဲ့နှင့်အတူ အေးစိမ့်စမ်းချောင်းနယ်မြေ နယ်နိမိတ်ဆီသို့ ဝင်ရောက်သွားလေသည်။
လက်ရှိတွင် ရန်သူများ သူတို့ကိုမဖမ်းမိခင် ရန်ကျောက်ကဲတို့အုပ်စု သူတို့ချန်ထားခဲ့သော အမှတ်အသားများကိုခြေရာခံမိပြီး သူတို့ကို အမြန်ရှာတွေ့စေရန်သာ မျှော်လင့်နိုင်သည်။
ဟုတ်ပေ၏။
နျဲ့ကျင်းရှန်ချန်ထားခဲ့သောအမှတ်အသားများကို လူတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့လေသည်။
ထိုသူက တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဆံပင်ကိုထုံးဖွဲ့ထားခြင်းမရှိပေ။
သူ့ရုပ်သွင်က လူငယ်တစ်ယောက်ပမာဖြစ်ပြီး ဆံနွယ်များသည်လည်း ကျောပြင်ထက်ဖြာဆင်းကျလျှက် ဗလာနယ်ထဲ လွင့်မျောလျှက်ရှိသည်။
သူက ဗလာနယ်ထဲတွင် ဓားအလင်းတန်းကို အချိန်ကြာမြင့်စွာ ဖြန့်ကျက်ထားခဲ့သည်။ ထို့နောက် ဓားအလင်းတန်းဖြင့် ပတ်ဝန်းကျင် ကြယ်ရောင်များကို စုပ်ယူလိုက်၏။
ကြယ်ရောင်များက ဓားအလင်းတန်းနှင့်ပေါင်းစည်းသွားပြီး သဲလွန်စများပုံပျက်သွားက အသစ်သောစည်းတံဆိပ်တစ်ခု ဖြစ်တည်လာသည်။
သူက စည်းတံဆိပ်ကိုထိကိုင်လိုက်ရာ ထိုအရာက ပတ်ဝန်းကျင်သို့ ချဲ့ထွင်သွားပြီး အလင်းဖန်သားပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အလင်းဖန်သားပြင်ထက်တွင် အင်းသင်္ကေတများထွန်းလင်းလာပြီး ပေးပို့ထားသည့်သတင်းစကားများ ထွက်ပေါ်လာသည်။
“စုန်းဟွမ်မြင့်မားဧကရာဇ်... ပြင်ပတာအိုကျင့်ကြံသူတွေ...”
အကြောင်းအရာများကိုစူးစမ်းပြီးနောက် လူငယ်တာအိုဆရာ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူက ချက်ချင်းပင် အင်းစက္ကူတစ်ရွက်ထုတ်ယူပြီး မီးညှိရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုသို့မလုပ်ဆောင်မီ လူငယ်တာအိုဆရာက ခဏမျှတုံ့ဆိုင်းသွားသည်။
သူက အင်းစက္ကူကိုတစ်ချက်ကြည့်ရင်း မျက်ဝန်းထဲတွင် ဝန်လေးသည့်အရိပ်အယောင်များ လှစ်ခနဲ ထင်ဟပ်လာသည်။
ခဏမျှ တွန့်ဆုတ်နေပြီးမှ နောက်ဆုံး သူက အင်းစက္ကူကို မီးရှို့လိုက်လေသည်။
အင်းစက္ကူတွင် အလင်းရောင်ထွန်းလင်းလာပြီး အစိမ်းရောင်မီးခိုးများထွက်ပေါ်လာကာ မီးခိုးများက တဖြည်းဖြည်း ပုံသဏ္ဌန်တစ်ခုအဖြစ် ခိုင်မာလာသည်။
မီးရောင်များက တာအိုဆရာ၏မျက်နှာထက်တွင် ထင်ဟပ်လျှက် တောက်ပလိုက် မှေးမှိန်လိုက် တလှည့်စီပြောင်းလဲနေသည်။
အစိမ်းရောင်မီးခိုးများ ပုံသဏ္ဌန်အဖြစ် ခိုင်မာမလာမီ သူက အင်းစက္ကူကိုလောင်ကျွမ်းနေသောမီးကို ရုတ်တရက် ငြှိမ်းသတ်လိုက်သည်။
လူငယ်တာအိုဆရာက အင်းစက္ကူကိုစူးစိုက်ကြည့်ပြီးနောက် နျဲ့ကျင်းရှန်ချန်ထားခဲ့သော အမှတ်အသားမှ ဖြစ်ပေါ်လာသည့် အလင်းဖန်သားပြင်ကို ထပ်မံကြည့်ရှုလိုက်သည်။
သူ့အကြည့်က အချိန်ကြာမြင့်စွာ အင်းစက္ကူနှင့် အလင်းဖန်သားပြင်ကြား အပြန်အလှန်ပြောင်းလဲနေခဲ့သည်။ နောက်ဆုံး တာအိုဆရာ၏အကြည့်များက အလင်းဖန်သားပြင်ထက် စူးစိုက်သွားသည်။
အလင်းရောင်က သူ၏မျက်နှာပြင်ထက်ထွန်းလင်းနေသော်လည်း သူ၏အသွင်အပြင်က ဝေဝါးနေဆဲဖြစ်ပြီး မျက်နှာကိုခွဲခြားသိမြင်ရန် မဖြစ်နိုင်ပေ။
လူငယ်က အင်းစက္ကူကိုဖြည်းညင်းစွာသိမ်းဆည်းလိုက်ပြီး လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်များ အလင်းဖန်သားပြင်ကိုထိလုဆဲဆဲတွင် ခဏမျှရပ်တန့်သွားသည်။
ခဏကြာပြီးမှ သူက လက်ချောင်းများကို ထပ်မံဆန့်ထုတ်ကာ အလင်းဖန်သားပြင်ကို ထိကိုင်လိုက်၏။
အလင်းဖန်သားပြင် ကျုံ့ဝင်သွားပြီး စည်းတံဆိပ်အဖြစ် ပြန်လည်ပြောင်းလဲသွားကာ လေထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။
တာအိုဆရာက လက်ကိုဝှေ့ယမ်းလိုက်ရာ မှိန်ဖျော့သောမြူခိုးအလွှာတစ်ခုထွက်ပေါ်လာပြီး စည်းတံဆိပ်ကို ဖုံးအုပ်လိုက်သည်။
ထို့နောက် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး အလျင်စလိုနောက်ပြန်လှည့်ကာ နေရာမှ ထွက်ခွာသွားလေတော့သည်။
ခဏမျှ ရှေ့ဆက်သွားပြီးနောက် သူ၏မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားကာ ခြေလှမ်းများ ရပ်တန့်လိုက်သည်။
ထို့နောက် လူငယ်တာအိုဆရာက နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားလိုက်ပြန်သည်။
သူက အနီးပတ်ဝန်းကျင်ကို ခဏမျှရှာဖွေပြီး နျဲ့ကျင်းရှန်ချန်ထားခဲ့သည့် နောက်ထပ် စည်းတံဆိပ်တစ်ခုကို ထပ်မံတွေ့ရှိသွားသည်။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ယခင်လုပ်ဆောင်ခဲ့သည့်အတိုင်း ထပ်မံလုပ်ဆောင်လိုက်သည်။ သူက စည်းတံဆိပ်ကိုဖွင့်လိုက်ပြီး မှိန်ဖျော့သောမြူခိုးအလွှာတစ်ခုဖြင့် ဖုံးအုပ်လိုက်သည်။
သူက လုပ်ဆောင်ပြီးသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ခရီးဆက်သွားလေသည်။
သူက ပတ်ဝန်းကျင်နေရာများကို သေချာစွာရှာဖွေပြီးနောက် နောက်ထပ် စည်းတံဆိပ်အနည်းငယ်ကိုတွေ့ရှိပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကိုင်တွယ်လိုက်သည်။
ထို့နောက် ကျွမ်းကျင်သူတစ်ယောက် အနားသို့ရောက်လာသည်ကိုအာရုံခံမိသည့်အခါ တာအိုဆရာက သူ၏သဲလွန်စများကိုဖုံးကွယ်လိုက်ပြီး ထိုနေရာတွင် ဆက်လက်မနေထိုင်တော့ဘဲ တိတ်ဆိတ်စွာ ထွက်ခွာသွားလေတော့၏။