အေးစိမ့်စမ်းချောင်းနယ်မြေမှဓားခတ်သံ
Vol. 106 Ch. 1486
အခန်း (၁၄၈၆) အေးစိမ့်စမ်းချောင်းနယ်မြေမှဓားခတ်သံ
လူငယ်တာအိုဆရာ ထွက်ခွာသွားပြီးမကြာမီ အဝေးတစ်နေရာ ယလာတယ် အက်ကွဲသွားပြီး ဗျပ်စောင်းတေးသွားများ ထွက်ပေါ်လာသည်။
ထို့နောက် စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ၏ပုံရိပ် ထွက်ပေါ်လာသည်။
သူ့မျက်ဝန်းထဲ တုံ့ဆိုင်းသည့်အရိပ်အယောင် ခဏမျှ ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းကြည့်လိုက်သည်။
သူက သေချာစွာစစ်ဆေးပြီး တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် လူငယ်တာအိုဆရာထွက်ခွာသွားရာဆီသို့ လှမ်းကြည့်လိုက်သည်။
“စန့်ချင်အဆက်အနွယ်ပဲ ၊ ဒါပေမဲ့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကိုတော့ သိမြင်ထားတဲ့သူ မဟုတ်ဘူး”
ထို့နောက် ကျန်းပုရွှီး မျက်မှောင်ကျုံ့လိုက်ပြီး ခပ်တိုးတိုးနှာတစ်ချက်မှုတ်လိုက်သည်။
ဗလာနယ်ထဲတွင် မှိန်ဖျော့သော အခိုးအငွေ့များ ဖြည်းဖြည်းချင်းထွက်ပေါ်လာပြီး မြူခိုးများပျံ့လွင့်သွားသည်နှင့် စည်းတံဆိပ်တစ်ခုပေါ်လာသည်။
ကျန်းပုရွှီး မျက်လုံးများ မှေးစင်းလိုက်သည်။
သူက လက်ချောင်းများကိုဆန့်ထုတ်ပြီး စည်းတံဆိပ်ကို ဖြည်းညင်းစွာထိလိုက်သည်။
ထိုစည်းတံဆိပ်က လျှို့ဝှက်ထိန်းသိမ်းခြင်းသက်ရောက်မှု ဆုံးရှုံးထားပြီးဖြစ်ရာ ကျန်းပုရွှီးလက်နှင့်ထိလိုက်သည်နှင့် ကျယ်ပြန့်သွားပြီး အလင်းဖန်သားပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အလင်းဖန်သားပြင်ထက်တွင် မရေမတွက်နိုင်သော အင်းသင်္ကေတများထွန်းလင်းလာပြီး သတင်းစကားပေးပို့ခြင်း ပေါ်လွင်လာသည်။
နျဲ့ကျင်းရှန်က ရန်ကျောက်ကဲတို့အုပ်စုအတွက် ချန်ထားခဲ့သောသဲလွန်စများကို ကျန်းပုရွှီး အကုန်ဖတ်ရှုလိုက်သည်။ ထို့နောက် သူ အနည်းငယ်အံ့အားသင့်သွားပြီး မျက်နှာထက် ဝမ်းမြောက်ဝမ်းသာဖြစ်မှုနှင့် သတိရှိမှု အမူအရာ(၂)မျိုး ထင်ဟပ်လာသည်။
သူက ဤသဲလွန်စ၏စစ်မှန်မှုကို သံသယဝင်နေပြီး တစ်ယောက်ယောက်က သူ့ကို ရည်ရွယ်ချက်ရှိရှိ လမ်းမှားသို့ဖြားယောင်းမည်ကို စိုးရိမ်နေသည်။
သို့သော် နောက်ဆုံး ကျန်းပုရွှီးက အလင်းဖန်သားပြင်ကို ထိကိုင်လိုက်ပြီး စည်းတံဆိပ်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။
ထို့နောက် သူက ဓားအလင်းတန်းကိုအသုံးပြုပြီး စည်းတံဆိပ်ချန်ထားခဲ့သော သဲလွန်စအတိုင်း ဗလာနယ်ထဲဖြတ်သန်းသွားပြီး ပစ်မှတ်ကို ဆက်လက်ရှာဖွေလေသည်။
***
နျဲ့ကျင်းရှန်က ယွီယဲ့ကို အသာတွဲခေါ်လျှက် ငရဲကိုးထပ်၏ နတ်ဆိုးရောင်ဝါကြောင့် ညစ်ညမ်းသောနယ်မြေများကို ဂရုတစိုက်ရှောင်ရှားကာ အေးစိမ့်စမ်းချောင်းနယ်နိမိတ်ကို သတိဖြင့် ဖြတ်သန်းသွားနေသည်။
ယွီယဲ့၏ဒဏ်ရာက အလွန်ပြင်းထန်လေသည်။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသာမက အခြားအခြားကျင့်စဉ်ပညာများကိုပင် အသုံးမပြုနိုင်သလို အခြားသူများနှင့် တိုက်ခိုက်ရန်လည်း မဖြစ်နိုင်တော့ပေ။
နျဲ့ကျင်းရှန်က အမျိုးမျိုးသောဘေးရန်များကိုရှောင်တိမ်းရင်း ရှေ့ဆက်လျှောက်လှမ်းလာခဲ့သည်။
အကယ်၍ သူသာ အချိန်အတန်ကြာအောင် ရှင်သန်နိုင်ခဲ့ပြီး ကျန်းပုရွှီးနှင့် အမတခုံရုံးမှလူများ သူတို့ကို ရှာမတွေ့ခဲ့ပါက ရန်ကျောက်ကဲတို့ထံမှ အကူအညီကို မျှော်လင့်နိုင်ဖွယ်ရှိ၏။
သို့သော် ထိုအချိန်မှာပင် သောက်ကျိုးနဲ ဗျပ်စောင်းသံကြီး ထွက်ပေါ်လာလေသည်။
ဗျပ်စောင်းသံစဉ် စီးဆင်းမှုက လှပလွန်းပါသည်။
သို့သော် ယခုလိုအချိန်မျိုးမှာတော့ ငရဲမှထွက်ပေါ်လာသည့် မရဏတေးသွားပမာ လူတို့၏စိတ်ဝိညာဉ်ကို ပိုင်းဖြတ်တော့မည့်အလား ထင်မှတ်ရ၏။
မျက်လုံးများကိုမှိတ်လျှက် အနားယူနေသော ယွီယဲ့သည်ပင် ထိတ်လန့်သွားပြီး မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်မိလေသည်။
နျဲ့ကျင်းရှန်၏မျက်နှာအမူအရာသည်လည်း တည်ငြိမ်အေးစက်သွားသည်။
သူက အဝေးတစ်နေရာဗလာနယ်ထဲသို့လှမ်းကြည့်လိုက်တော့ ဖြည်းဖြည်းချင်းထွက်ပေါ်လာသော လူရိပ်တစ်ရိပ်အား တွေ့လိုက်ရသည်။
စုန်းဟွမ်မြင့်မားဧကရာဇ် – ကျန်းပုရွှီး။
သူက ခံစားချက်အပြည့် စိတ်ရှုပ်ထွေးစွာဖြင့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့ကို ကြည့်လိုက်လေသည်။
“ဒါက ကံတရားအတိုင်းပဲ”
နျဲ့ကျင်းရှန် ကျန်းပုရွှီးလက်ဖဝါးထက်သို့ စူးစိုက်ကြည့်လိုက်သည်။
သူ၏လက်ဖဝါးထက်တွင် စည်းတံဆိပ်တစ်ခုရှိနေလေသည်။ ထိုစည်းတံဆိပ်က ရန်ကျောက်ကဲတို့အုပ်စုအား သတင်းပါးရန် သူချန်ထားခဲ့သော သဲလွန်စဖြစ်၏။
သို့သော် ထိုသဲလွန်စက ကျန်းပုရွှီးထံ ရောက်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ပုံမှန်ဆိုလျှင် ကျန်းပုရွှီးအနေဖြင့် ဤစည်းတံဆိပ်ကို ရှာတွေ့စရာအကြောင်း မရှိပေ။
အကယ်၍ ရှာတွေ့လျှင်တောင်မှ ဤမျှတိုတောင်းသောအချိန်အတွင်း လျှို့ဝှက်သင်္ကေတ၏ နက်နဲမှုများကို ပုံဖော်နိုင်မည် မဟုတ်ပေၤ။
အကြောင်းမှာ ဤစည်းတံဆိပ်ကို တီထွင်ရေးဆွဲခဲ့သူများက ရန်ကျောက်ကဲ ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများဖြစ်နေသောကြောင့်ပင်။
ထို့ပြင် ဤလျှို့ဝှက်စည်းတံဆိပ်ကိုရှာဖွေပြီး ပုံဖော်ရန် အသုံးပြုသည့်လျှို့ဝှက်နည်းပညာသည်လည်း ရေပလ္လင်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်နတ်ဆိုးတိုက်ပွဲ မတိုင်ခင်ကမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထျန်းစူးစကြာဝဠာရှိ ကောင်းကင်ဘုံကမ္ဘာ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လူအနည်းငယ်သာလျှင် ထိုနည်းလမ်းကို သိရှိကြသည်။
ထိုသူများထဲတွင် သူတို့ရှေ့တွင်ရပ်နေသည့် ကျန်းပုရွှီး မပါဝင်ပေ။
အဆက်အသွယ် ပြတ်တောက်ခြင်းများကြောင့် နွယ်ပင်ဧကရီ’လီယင်း’ သည်ပင် ထိုနည်းလမ်းကို မသိရှိခဲ့လေရာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို နှစ်ပေါင်းများစွာ စွန့်ခွာထားခဲ့သူတစ်ဦးက မည်သို့ သိရှိနိုင်ပါမည်နည်း။
သို့သော် နျဲ့ကျင်းရှန်အနေဖြင့် ထိုအကြောင်းကိုစဉ်းစားရန် အချိန်မရှိတော့ပေ။
သူက ယွီယဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဆန့်ကျင်ဘက်သို့ လျှင်မြန်စွာထွက်ပြေးသွားသည်။
ကျန်းပုရွှီးကလည်း စကားမများသလို အချိန်ဖြုန်းမနေခဲ့ပေ။
သူက ချက်ချင်းပင် ဗျပ်စောင်းတီးခတ်လိုက်ရာ ဓားအလင်းတန်းများက သူတို့နှစ်ယောက်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသည်။
နျဲ့ကျင်းရှန်က ထိုတိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ခုခံလိုက်ရသည်။
သူက ယွီယဲ့ကိုလည်း ကာကွယ်ပေးနေရသလို သူကိုယ်တိုင်၏ ဒဏ်ရာများကလည်း ဆိုးရွားလှသည်။
နောက်ဆုံးမှာတော့ ကျန်းပုရွှီးကဲ့သို့ အမတချီစွမ်းအားနှစ်ခုပေါင်းစည်းခြင်းရောင်ဝါရှိသည့် နက်ရှိုင်းနတ်ဘုရားအဆင့် သိုင်းသမားတစ်ဦးကို မည်သို့မှ ခုခံရင်ဆိုင်ရန် မတတ်နိုင်တော့ပေ။
အထူးသဖြင့် ကျန်းပုရွှီးက နတ်ဘုရားထောင်ချောက်ဓားကိုကျင့်ကြံထားပြီး ဗလာနယ်ထိုးဖောက်ရာတွင် ကျွမ်းကျင်သည်ဖြစ်ရာ အလျှင်အမြန် ရွေ့လျားနိုင်စွမ်း ရှိလေသည်။
အကယ်၍ သူတို့နှစ်ယောက်ကို ရှာမတွေ့ခဲ့လျှင် သူတို့အနေဖြင့် ကျန်းပုရွှီးထံမှ လွတ်မြောက်နိုင်သေးသည်။ သို့သော် ယခု သူတို့က ကျန်းပုရွှီးမျက်စိရှေ့ ရောက်ရှိနေပြီဖြစ်ရာ ထွက်ပြေးရန် မျှော်လင့်ချက်မရှိတော့ပေ။
သူတို့က ကျန်းပုရွှီးထက် ပိုမိုလျှင်မြန်စွာ ပြေးနိုင်လျှင် သို့မဟုတ် ကျန်းပုရွှီးကိုဟန့်တားမည့် တစ်စုံတစ်ယောက် ရောက်ရှိလာခဲ့လျှင်တော့ လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်သည်။
ယခု နျဲ့ကျင်းရှန်မှာ လုံးဝ ကျဉ်းထဲကြပ်ထဲ အခြေအနေသို့ ရောက်ရှိနေပေပြီ။
နေရာအနှံမှထွက်ပေါ်လာသော နက်ရှိင်းသည့် သွေးနီရောင်အလင်းတန်းများက သူတိုနှစ်ယောက်ကို ဝိုင်းရံထားသည့် အဆုံးမရှိပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နျဲ့ကျင်းရှန်က ယွီယဲ့ကို ခေါ်ဆောင်ကာ အေးစိမ့်စမ်းချောင်းနယ်မြေအတွင်းပိုင်းသို ဝင်ရောက်သွားသည်။
ဤသည်ကိုမြင်တော့ ကျန်းပုရွှီး မျက်မှောင်ကျုံလိုက်သည်။
ငရဲကိုးထပ်သိုဝင်ရောက်သွားခြင်းက သူတိုနှစ်ယောက်အတွက် ပို၍ပင်ဒုက္ခရောက်မည်ဖြစ်သော်လည်း ကျန်းပုရွှီးအနေဖြင့် သူတို့ကို လိုက်လံရှာဖွေရာတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းပုရွှီး အလျှင်အမြန်ပင် နောက်မှလိုက်သွားပြီး အေးစိမ့်စမ်းချောင်းနယ်မြေထဲသို့ ဝင်ရောက်သွားသည်။ ထိုအေးစိမ့်စမ်းချောင်းနယ်မြေက ကြီးများကျယ်ဝန်းလွန်းသည်။
နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ကျန်းပုရွှီးပင်လျှင် ဤနယ်မြေ၏ အဆုံးမဲ့ခံစားမှုကြောင့် မတည်မငြိမ် ဖြစ်သွားရသည်။
နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကတော့ ပင်လယ်ထဲတွင် ကူးခတ်နေသော ငါးများသဖွယ် သွက်လက်စွာ တစ်နေရာမှ တစ်နေရာသို့ အဆက်မပြတ် ရွှေ့ပြောင်းသွားလာနေသည်။
သို့သော် စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ကလည်း သူတို့နှစ်ယောက်နောက်သို့ အနီးကပ်လိုက်လာနေပြီး လွတ်မြောက်ရန်အခွင့်အရေး တစ်ချက်ပင်မပေးခဲ့ပေ။
တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရင်း သူတို့မှာ ကြောင်နှင့်ကြွက်ကစားနည်း ကစားသည့်ပမာ ဖြစ်နေသည်။တိုက်ခိုက်လိုက် ထွက်ပြေးလိုက်ဖြင့် အချိန်ကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေလေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်မှာ ကျန်းပုရွှီးကို ဖယ်ထုတ်ပစ်နိုင်ခြင်းမရှိခဲ့ပေ။
နောက်ဆုံး သူတို့နားထဲတွင် စိတ်ကိုလှည့်စားစေတတ်သော အသံလှိုင်းများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထိုအသံလှိုင်းများက ထိတ်လန့်ဖွယ်ရာအသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး နက်ဆိုးရောင်ဝါများကလည်း နေရာအနှံ့ဖုံးလွှမ်းလာသည်။
နတ်ဆိုးရောင်ဝါများထဲတွင် ကြမ်းတမ်းပြီး အဆိပ်ဖြင့်ပြည့်နေသည့် သွေးနီရောင်အလင်းတန်းများ တောက်ပနေပြီး ပြေးရင်းလွှားရင်းဖြင့်ပင် သူတို့(၃)ယောက်မှာ အေးစိမ့်စမ်းခြောက်နယ်မြေ၏ အခြားတစ်ဖက်စွန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။
ငရဲကိုးထပ်နှင့် နီးကပ်လာပေပြီ။
နျဲ့ကျင်းရှန်က တည်ကြည်သောမျက်နှာထားဖြင့် ကျန်းပုရွှီး၏ အဆုံးမရှိသောတိုက်ကွက်များကို ရင်ဆိုင်နေသည်။
အခြေအနေ ပိုမိုဆိုးရွားလာချိန် ရုတ်တရက် နျဲ့ကျင်းရှန်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ကျန်းပုရွှီး၏မျက်နှာကတော့ မှိုင်းညို့ပြီး အမှောင်ထုထဲ နစ်မြုပ်သွားသည့်ပမာပင်။ သူ့စိတ်အစဉ်သည်လည်း တွင်းနက်တစ်ခုတည်းကျဆင်းသွားသည့်ပမာ ခံစားလိုက်ရ၏။
သူ့အနောက်မှ ပြင်းထန်သောရောင်ဝါတစ်ခု အလျှင်အမြန်ချဉ်းကပ်လာနေကြောင်း ခံစားလိုက်ရပြီး အေးစိမ့်စမ်းကြောင်းနယ်မြေထဲတွင် ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းများက ကောင်းကင်ကိုဖွင့်လှစ် ၊ မြေကြီးကိုပိုင်းခြားခံရသည့် ကနဦးကောင်းကင်၏ ပထမဆုံးအလင်းတန်း ထွန်းလင်းလာသည့်ပမာပင်။
လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ဓားအလင်းတန်းက နေရာတိုင်းမှ ထွက်ပေါ်လာပြီး ကျန်းပုရွှီး၏ နောက်ကျောသို့ ဝင်ရောက်လာ၏။
ကျန်းပုရွှီးက သူ၏ဓားကို စက်ဝိုင်းသဏ္ဌန်လှည့်ပတ်လိုက်ပြီး ကျရောက်လာသည့်ဓားအလင်းတန်းကို ခုခံပိတ်ဆို့လိုက်သည်။
တိုက်ခိုက်လာသူက မြင့်မားသောဦးရစ်ကိုဆောင်းပြီး ရှေးခေတ်ဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ဖြစ်သည်။
သူ၏ဓားသွားက ကောင်းကင်ကိုဖွင့်လှစ်မည့်ပမာဖြစ်သော်လည်း ထက်ရှမှုကို မပြသခဲ့ပေ။
သို့သော် သူက ကောင်းကင်ထက်ပင်မြင့်မားသည့် တောင်တန်းကြီးတစ်ခုသဖွယ် ဖြောင့်မတ်စွာမတ်တတ်ရပ်နေပြီး လူတိုင်းက သူ့အားမော့ကြည့်နေရပေသည်။
ထိုသူကိုမြင်တော့ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ သက်ပြင်းချလိုက်ကြသည်။
“ဆရာ...”
“ဓားဧကရာဇ်”
ရောက်ရှိလာသူက ယွဲ့ကျန့်ပေ ဖြစ်လေသည်။
“ကျင်းရှန်... မင်း ဘယ်လိုဖြစ်လို့ သတိလက်လွတ်နဲ့ စည်းတံဆိပ်တွေကို မဖုံးကွယ်ဘဲ ထားခဲ့ရတာလဲ ၊ ဒါက ကျန်းပုရွှီးကို မင်းရဲ့လမ်းကြောင်းကို ဖွင့်ဟပြလိုက်တာနဲ့ အတူတူပဲမဟုတ်လား”
ယွဲ့ကျန့်ပေက မကျေမနပ်ဖြင့် ပြောလိုက်ရင်း ကျန်းပုရွှီးကို ဆက်လက်တိုက်ခိုက်ကာ ဒုက္ခရောက်နေသော လူငယ်နှစ်ဦးကို ကာကွယ်ပေးလိုက်သည်။
ယွဲ့ကျန့်ပေတစ်ယောက်တည်း ဗလာနယ်ထဲတွင် လှည့်လည်သွားလာနေရင်း နျဲ့ကျင်းရှန်ချန်ထားခဲ့သော စည်းတံဆိပ်များကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။
အခြေအနေကို သိရှိပြီးနောက် သဲလွန်စများကို အသုံးပြု၍ လမ်းကြောင်းအတိုင်း ချက်ချင်းပင် လိုက်လံရှာဖွေခဲ့သည်။
နျဲ့ကျင်းရှန်မျက်နှာ မဲမှောင်သွားသည်။
“ကျွန်တော် ဖုံးကွယ်ထားခဲ့ပါတယ် ၊ တခြားကိစ္စတစ်ခုခု ဖြစ်သွားတာနေမယ်”
ယွဲ့ကျန့်ပေသည် မျက်မှောင်ကျုံ့လိုက်သည်။
သို့သော် လက်ရှိအချိန်တွင် ဤကိစ္စကို စုံစမ်းရန် မသင့်တော်သေးပေ။
ယွဲ့ကျန်ပေက ခေါင်းတစ်ချက်ခါယမ်းရင်း...
“မင်းတို့ အရင်သွားနှင့်ကြ...”
ထို့နောက် သူ၏ဓားအလင်းတန်းက ကောင်းကင်တစ်ခွင်လွှမ်းခြုံသွားပြီး ကျန်းပုရွှီးကို တိုက်ခိုက်လိုက်သည်။ လေထုထဲတွင် ဓားခြိမ်းသံများထွက်ပေါ်လာပြီး ဗျပ်စောင်းသံစဉ်ကို ဖြတ်တောက်ပစ်လိုက်လေ၏။