ငရဲကိုးထပ်မှသွေးစွန်းတိုက်ပွဲ
Vol. 106 Ch. 1488
အခန်း (၁၄၈၈) ငရဲကိုးထပ်မှသွေးစွန်းတိုက်ပွဲ
သွေးနီရောင်အလင်းတန်းများတောက်ပနေသည့် အမှောင်ထုမြူခိုး ငရဲကိုးထပ်နယ်မြေထဲ ဝင်ရောက်လိုက်သည်နှင့် အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူ၏ မဟာတာအိုစူးရှတေးသံသည်လည်း ပြတ်တောက်သွားသဖြင့် နျဲ့ကျင်းရှန် ပြန်လည်လှုပ်ရှား၍ ရလာသည်။
သို့သော် ယွီယဲ့၏မျက်နှာကတော့ ပိုမ၍ဖြူဖျော့လာပြီး သူမ၏စွမ်းအားရောင်ဝါသည်လည်း တဖြည်းဖြည်း ပိုမိုအားနည်းလာသည်။
နျဲ့ကျင်းရှန်လည်း အခြေအနေ သိပ်မကောင်းခဲ့ပေ။
သူက နဂိုကပင်ဒဏ်ရာရထားပြီး သူသေကိုယ်သေတိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ ဤအရာအားလုံးကို ဖြတ်ကျော်ပြီးနောက် အဘယ်သို့ အဆင်ပြေနိုင်ပါမည်နည်း။
သို့သော် သူတို့ သက်ပြင်းမချနိုင်ခင်မှာပင် ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများနှင့် အစစ်အမှန် နတ်ဘုရားများသည်လည်း ငရဲကိုးထပ်သို့ လိုက်ပါဝင်ရောက်လာကြသည်။
နျဲ့ကျင်းရှန် ယွီယဲ့ကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ပြေးရတော့၏။
သို့သော် ရန်သူများကလည်း သူတို့နောက်မှ မလျှော့တမ်း လိုက်ပါလာစမြဲပင်။
ငရဲကိုးထပ်အပြင်ဘက် အေးစိမ့်စမ်းချောင်းနယ်မြေတွင်တော့ ကျန်းပုရွှီးက အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူနှင့်ပူးပေါင်းပြီး ယွဲ့ကျန့်ပေကို တိုက်ခိုက်နေသည်။
ရုတ်တရက် သူ၏လှုပ်ရှားမှုက ပြောင်းလဲသွားသည်။
အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူက ယွဲ့ကျန့်ပေကို တိုက်ခိုက်နေစဉ် သူက ရုတ်ချည်းပင် ဦးတည်ရာ ပြောင်းလဲလိုက်သည်။
နတ်ဘုရားသတ်ဖြတ်ဓား၏ သွေးနီရောင်အလင်းတန်းနှင့်အတူ ကျန်းပုရွှီး ငရဲကိုးထပ်ချောက်နက်အတွင်းသို့ ခုန်ဆင်းသွားလေတော့၏။
လက်ရှိတွင် မူလစိတ်ဝိညာဉ်နတ်ဆိုး ၊ သစ်သားနတ်ဆိုးနှင့် အခြားသော ထိပ်တန်းမဟာနတ်ဆိုးများ ငရဲကိုးထပ်တွင် ရှိမနေသော်လည်း နျဲ့ကျင်းရှန်နှင့် အခြားသူများ ငရဲကိုးထပ်သို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခြင်းက အနီးပတ်ဝန်းကျင်မှနတ်ဆိုးများကို သတိပေးလိုက်သလို ဖြစ်သွားသည်။
ထို့ကြောင့် နတ်ဆိုးများက သူတို့ရှိရာသို့ အလုံးအရင်းနှင့်ဝင်ရောက်လာပြီး နျဲ့ကျင်းရှန်နှင့် အခြားသူများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ နောက်ထပ် တိုက်ပွဲစက်ဝန်းတစ်ခုအတွင်း ရောက်ရှိသွားသည်။
အမတခုံရုံးမှ ဧကရာဇ်များနှင့် အုပ်စိုးရှင်များက သူတို့ကို အနောက်မှဝိုင်းထားပြီး အရှေ့ဘက်တွင်တော့ နတ်ဆိုးအုပ်စု ရှိနေလေသည်။
နျဲ့ကျင်းရှန်မျက်နှာက တည်ကြည်လေးနက်သွားသည်။
သို့တိုင် သူက ကြောက်ရွံ့ဟန်မပြဘဲ ဓားကိုကိုင်လျှက် ရန်သူများကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
ဓားအလင်းတန်းများ အသွင်ပြောင်းသွားပြီး သူတို့က အရံအတားတစ်ခု ဖန်တီးလိုက်သည်။
တိုက်စစ်ခံစစ် တပြိုင်တည်းကစားသည့်စွမ်းရည်ဖြင့် နျဲ့ကျင်းရှန်က ဝင်လာသမျှ ရန်သူများကို ဟန့်တားလိုက်သည်။
သူက ဆိုးရွားစွာ ဒဏ်ရာရထားသော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး တုန်လှုပ်ခြင်းကင်းမဲ့စွာ ရန်သူကိုရင်ဆိုင်လိုက်သည်။
အမတခုံရုံးမှ ကျင့်ကြံသူများပင်လျှင် သူတို့အား ချက်ချင်း အနီးကပ်တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပေ။
မြင်ကွင်းကိုကြည့်ရင်း အမတခုံရုံးမှ ဧကရာဇ်တစ်ပါးက စိတ်မရှည်ဖြစ်လာသည်။
သူက အော်ဟစ်လိုက်သည်။
“ထိန်းမထားနဲ့တော့ ၊ မဟုတ်ရင် သူတို့ ထွက်ပြေးသွားလိမ့်မယ်...”
သူက စကားဆုံးသွားသည်နှင့် ချက်ချင်းပင် ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုတစ်ခု လွှတ်ထုတ်လိုက်သည်။
နျဲ့ကျင်းရှန်က တန်ပြန်တိုက်ခိုက်လိုက်သော်လည်း ထိုဧကရာဇ်က တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ သူ၏ ငြိမ်သက်ခြင်းအဆင့်ရှိသော ခန္ဓာကိုယ်ဖြင့် အတင်းအကျပ် ခံယူလိုက်သည်။
ထို့နောက် သူက နျဲ့ကျင်းရှန်ဆီသို့ ဆက်လက်ပြေးဝင်လာသည်။
သူက သူသေကိုယ်သေတိုက်ရန် ရည်ရွယ်ခြင်း ဖြစ်၏။
သူက အမတခုံရုံးမှ ဆင်းသက်လာသူဖြစ်သည့်တိုင် ငြိမ်သက်ခြင်းအဆင့် နက်ရှိုင်းနတ်ဘုရားတစ်ပါး၏ အမတရောင်ဝါကို အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အမတချီစွမ်းအားက ထိခိုက်အောင်လုပ်နိုင်ခြင်း မရှိပေ။
ဤ အမတခုံရုံးမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူက သူ၏ အဆင့်မြင့်အားသာချက်ဖြင့် နျဲ့ကျင်းရှန်ကို ဖိနှိပ်ရန် ရည်ရွယ်ထားသည်။
နျဲ့ကျင်းရှန် လျင်မြန်စွာ ထပ်မံတိုက်ခိုက်လိုက်သည်။
ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ၏ အံ့ဖွယ်စွမ်းရည်ကို အပြည့်အဝထုတ်ဖော်ပြသလိုက်သည်ဖြစ်ရာ သူက သာမန်အစစ်အမှန်နတ်ဘုရားတစ်ပါးထက် များစွာသာလွန်နေသည်။
သူက ရန်သူ၏တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဟန့်တားလိုက်ပြီး ရန်သူ၏မျှော်လင့်ချက်များကို ပျက်ဆီးစေလိုက်သည်။
သို့သော် အမတခုံရုံးမှ အခြားသောဧကရာဇ်များကလည်း ထိုက်ရွှီးမူလနတ်ဘုရား တိုက်ခိုက်သည့်အတိုင်း နျဲ့ကျင်းရှန်အား တိုက်ခိုက်လိုက်ကြသည်။
သို့ဖြစ်ရာ စွမ်းအားလှိုင်းလုံးများက နျဲ့ကျင်းရှန်ဆီသို့ ထပ်ကာထပ်ကာ ဖိစီးလာလေသည်။
သူတို့ထဲမှ ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားတစ်ပါးက အလွန်ပင် ယုတ်မာလွန်းသည်။
သူက တိုက်ခိုက်နည်းကို လမ်းတစ်ဝက်တွင် ပြောင်းလဲလိုက်ပြီး ဒဏ်ရာပိုမိုဆိုးရွားနေသော ယွီယဲ့ထံသို့ ချိန်ရွယ်လိုက်သည်။
သူ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။
နျဲ့ကျင်းရှန် ယွီယဲ့ကိုကယ်တင်ရန် အတင်းအကျပ်ကြိုးစားပါက သေချာပေါက် တိုက်ခိုက်မှုတွင် ဟာကွက် ဖြစ်ပေါ်လာပေမည်။
နျဲ့ကျင်းရှန် မျက်မှောင်ကျုံ့လိုက်၏။
သူက အသက်ကို နက်ရှိုင်းစွာ ရှူသွင်းလိုက်ပြီး လက်ဖဝါးကို လှန်လိုက်ကာ ရန်သူ၏ဓားရှည်ကို စေ့စပ်သေချာစွာ ဟန့်တားလိုက်သည်။
တစ်ချိန်တည်းပင် သူက ဆက်တိုက်ဆိုသလို ရွေ့လျားလိုက်ပြီး အခြားရန်သူများ၏တိုက်ခိုက်မှုကို ဖယ်ရှားပစ်လိုက်သည်။
အခြားအမတခုံရုံး ဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း သူက ဓားအလင်းတန်း ထပ်မံထုတ်လွှတ်ကာ အမတခုံရုံး ဧကရာဇ်(၃)ပါးကို တပြိုင်တည်း ဟန့်တားလိုက်၏။
သို့သော် ဤအခိုက်အတန့်တွင် အမှောင်ထုမြူခိုးများထဲမှ ပုံရိပ်နှစ်ခု ထပ်မံထွက်ပေါ်လာသည်။
ထိုနှစ်ယောက်က ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားများပင်။
နျဲ့ကျင်းရှန်က ရန်သူများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရသည်ဖြစ်ရာ သူတို့၏တိုက်ခိုက်မှုပုံစံများကို ရင်းနှီးနေပြီဖြစ်သည်။
သို့သော် မျှော်လင့်မထားသည့် အပြောင်းအလဲကြောင့် သူ၏လှုပ်ရှားမှု ခဏမျှရပ်တန့်သွားပြီး ရန်သူအား သူ့ထံသို့ ချဉ်းကပ်လာရန် အချိန်ပေးလိုက်မိသည်။
သူက ချက်ချင်းပင် ကိုယ်ကိုလှည့်ပြီး အော်ဟစ်လိုက်သည်။
“သွားစမ်း...”
သူ၏ပါးစပ်မှ အဖြူရောင်ချီစွမ်းအားများထွက်ပေါ်လာပြီး ထိုချီစွမ်းအားများက ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ထို အစစ်အမှန်နတ်ဘုရားနှစ်ပါး၏ လမ်းကြောင်းကို ဟန့်တားရန် လှည့်ပတ်စီးဆင်းသွားသည်။
သို့သော် ရုတ်တရက် သွေးနီရောင်ဓားတစ်လက်သည် အမှောင်ထဲမှ တိတ်တဆိတ် ထွက်ပေါ်လာသည်။
နျဲ့ကျင်းရှန် ထိုဓားကိုရှောင်တိမ်းရန် မတတ်နိုင်တော့ပေ။
ထိုသွေးနီရောင်ဓားက သူ၏ခါးဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အမှောင်ထုမြူခိုးများကြားမှ ပြင်ပတာအိုကျင့်ကြံသူ ဧကရာဇ်တစ်ပါး၏ပုံရိပ် ထင်ရှားထွက်ပေါ်လာသည်။
သူက နျဲ့ကျင်းရှန်ကို ရက်စက်စွာ စိုက်ကြည့်နေသည်။
သူ့လက်ထဲမှဓားက ရှေ့သို့ဆက်လက်ထိုးဖောက်လာပြီး ဓားသွား၏ ကြောက်မက်ဖွယ်ရာထက်ရှမှုက နျဲ့ကျင်းရှန်ကို ပိုမိုနက်ရှိုင်းစွာ ခုတ်ပိုင်းရန် ရည်ရွယ်ထားသည်။
“ယား...”
နျဲ့ကျင်းရှန် အော်ဟစ်လိုက်သည်။
သူ၏အော်သံက သဏ္ဌန်မဲ့ဓားတစ်လက်သဖွယ် အမတခုံရုံးမှဧကရာဇ်၏ ဝိညာဉ်အတွင်းပိုင်းသို့ ထိုးဖောက်သွားကာ သူ၏စိတ်အတွေးများကို ဗလာကျင်းသွားစေသည်။
ထိုဧကရာဇ်၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားချိန် နျဲ့ကျင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဓားချီများ တဟုန်ထိုး ထွက်ပေါ်လာပြီး သွေးနီရောင်ဓားကို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေသည်။
နျဲ့ကျင်းရှန်ခါးထဲသို့ ထိုးစိုက်ဝင်ရောက်နေသည့် သွေးနီရောင်ဓားက အပြင်သို့ပြန်ထွက်လာပြီး သွေးနီရောင်လျှပ်စီးပမာ အမတခုံရုံး၏ ဧကရာဇ်ဆီသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။
ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရား သတိပြန်ဝင်လာချိန်တွင် သူ၏မျက်ဝန်းများ ပြူးကျယ်ဝိုင်းစက်သွားပြီး ဓားသွားကိုရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် နောက်ကျလွန်းသွားလေပြီ။
ဆိုးသွမ်းသူတစ်ယောက် စွမ်းအားကင်းမဲ့ပြီး ပြည်နှင်ဒဏ်ခံရသည့်အခါ သူ့ဘဝအဆုံးသတ်တွင် လူအများ ဝိုင်းဝန်းအနိုင်ကျင့်ခြင်းကို ခံစားရပေမည်။
သို့သော် ထိုဆိုးသွမ်းသူ မည်မျှဆိုးရွားနေစေကာမူ သူ့ကို အနိုင်ကျင့်ရန် လူတိုင်းတွင် အရည်အချင်းမရှိနိုင်ပေ။
သွေးနီရောင်လျှပ်စီးက ပြန်လည်ပစ်လွှတ်လာပြီး အမတခုံရုံးမှ ဧကရာဇ်၏လည်ပင်းကို ထိုးဖောက်ပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားစေသည်။
အားသာချက်ရှိသည့်အခြေအနေမှာပင် အမတခုံရုံမှ အစစ်အမှန်နတ်ဘုရားတစ်ပါးက နျဲ့ကျင်းရှန်လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
ဤသည်က အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို အလွန်အမင်း ဒေါသထွက်သွားစေသည်။
သူတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် နျဲ့ကျင်းရှန်က ခေါင်းမာစွာ တောင့်ခံထားနိုင်သေးသော်လည်း သူ့အခြေအနေက ပို၍ဆိုးရွားလာနေသည်။
နောက်ဆုံး သူက ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ထပ်မံသတ်ဖြတ်ပြီးနောက် နက်ရှိုင်းနတ်ဘုရားတစ်ပါး၏ ရိုက်ချက်က သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
သူ၏ခန္ဓာကိုယ်က နဂိုကပင် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီးဖြစ်သည်။
ယခု သေစေလောက်သည့် ရိုက်ချက်တစ်ချက် ထပ်မံထိမှန်ခံရလေရာ နျဲ့ကျင်းရှန်အတွက် ဆက်လက်တောင့်ခံရန် မဖြစ်နိုင်သလောက် ခက်ခဲလာသည်။
ရေကာတာမှအက်ကွဲကြောင်း ပိုမိုကြီးထွားလာပြီး နောက်ဆုံး ယိုစိမ့်မှုဖြစ်ပေါ်လာစေသည်။
ရန်သူများ၏ အကြွင်းမဲ့ဖိစီးတိုက်ခိုက်မှုများအောက်တွင် နျဲ့ကျင်းရှန်၏ အားနည်းချက်များက လူအများရှေ့တွင် ထင်ရှားလာပြီး အခြားသူများ အခွင့်ကောင်းယူရန် ဖြစ်ပေါ်လာစေသည်။
လှိုင်းလုံးများပမာ ဓားအလင်းတန်းများက သူ့ဆီသို့ ထိုးဆင်းလာပြီး တောင်များစွာ၏အလေးချိန်သဖွယ် ဖိနှိပ်လျှက် ရှိသည်။
ဤသည်က လူကိုအသက်ရှူကြပ်စေပြီး သေမင်း၏ ထိတ်လန့်ဖွယ်ရာ ခံစားမှုကို တိုးဝင်လာစေသည်။ နျဲ့ကျင်းရှန်၏စွမ်းအားများ ကုန်ခမ်းလုနီးနီး ဖြစ်နေပြီဖြစ်သည်။
ဓားသိုင်းအလင်းတန်းများက သူ့ကို တိုက်ရိုက်မထိသည့်တိုင် စွမ်းအားလှိုင်းလုံးများက ထက်ရှသော ရုပ်ပိုင်းဆိုင်ရာ ဓားသွားများသဖွယ် သူ့အသားကို လှီးဖြတ်နေသည်။
“ကျင်းရှန်...”
ယွီယဲ့က အားနည်းစွာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမ၏မျက်ဝန်းများထဲတွင် ပြတ်သားသော စိတ်ပိုင်းဖြတ်မှုများ ထင်ရှားလာသည်။
သူမ၏မျက်ဝန်းများထဲတွင် ပရမ်းပတာသုတ်သင်ခြင်းဖြစ်စဉ်သည် ထပ်မံထင်ရှားလာပြီး ကနဦးသန္ဓေတည်ခြင်းက အဆုံးသတ်သို့ ရောက်ရှိတော့မည့်အလား ဖြစ်၏။
ဝိညာဉ်ကို တုန်လှုပ်စေနိုင်သော ဖျော့တော့သော တောက်ပမှုတစ်ခုသည် လူအုပ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။
ထိတ်လန့်ဖွယ်ရာ ကမ္ဘာပျက်မတတ် အလင်းတန်းတစ်ခုက တောင်များသဖွယ် အလွှာလိုက်ဖိစီးနေသော ဓားအလင်းတန်းများကို ဖျက်ဆီးပစ်လိုက်သည်။
ရန်သူ၏ဓားကို ဖျက်ဆီးပစ်လိုက်သည်။
ရန်သူဓားကိုင်စွဲထားသော လက်ကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ဆုံး ထိုလက်က ပိုင်ရှင်ကိုယ်တိုင်ကိုပင် သုတ်သင်သတ်ဖြတ်ပစ်လိုက်သည်။
အားလုံး အံ့အားသင့်သွားပြီး နက်ရှိုင်းနတ်ဘုရားတစ်ပါး သူမ၏ဓားအလင်းတန်းအောက်တွင် သေဆုံးသွားသည်ကို မှင်တက်စွာ ကြည့်နေမိကြသည်။
အစစ်အမှန်နတ်ဘုရားတစ်ပါး၏လက်ချက်ဖြင့် နက်ရှိုင်းနတ်ဘုရားတစ်ပါး သေဆုံးသွားခြင်းပင်။
ထိုနေရာရှိလူများထဲတွင် အံ့အားမသင့်သူဆို၍ နျဲ့ကျင်းရှန်တစ်ဦးတည်းသာ ရှိသည်။
သူ၏မျက်လုံးများက သွေးနီရောင်တောက်ပလျှက် အံကိုတင်းတင်းကြိတ်ပြီး ထိုအခွင့်အရေးကိုအသုံးချကာ ပြန်လည်တိုက်ခိုက်လိုက်သည်။
ဓားအလင်းတန်းများ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့လှည့်ပတ်သွားကာ အစောပိုင်းက မာန်တက်နေသော အစစ်အမှန်နတ်ဘုရားကို သတ်ဖြတ်ပစ်လိုက်သည်။
ရိုင်းစမ်းကြမ်းတမ်းသော နတ်ဆိုးနယ်မြေတွင် ရက်စက်သော သွေးစွန်းတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။
နျဲ့ကျင်းရှန်က သွေးများဖုံးလွှမ်းနေသော တစ္ဆေတစ်ကောင်ပမာပင်။
သူက ကြမ်းတမ်းစွာ ကြုံးဝါးသံပြုလိုက်ပြီး ယွီယဲ့ကို ပွေ့ချီလျှက် ဝိုင်းဝန်းတိုက်ခိုက်မှုများထဲမှ တဟုန်ထိုး ထိုးဖောက်ထွက်ပြီး အဝေးသို့ ထွက်ပြေးသွားသည်။
အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက သူတို့၏ စွမ်းဆောင်ရည်နှင့် လုပ်ရပ်ကြောင့် အံ့အားသင့်သွားကြသည်။ သူတို့အားလုံး ခဏတာ အံ့သြမှင်တက်သွားသည်ကို အသုံးချပြီး နျဲ့ကျင်းရှန်က ထွက်ပြေးလွတ်မြောက်သွားလေသည်။
ခဏကြာမှာ ပြင်ပတာအိုကျင့်ကြံသူ တန်ခိုးစွမ်းအားရှင်များ သတိပြန်ဝင်လာသည်။
အမှန်တရားကို သိလိုက်ရချိန်တွင် ရှက်ရွံ့မှုနှင့် ဒေါသထွက်ခြင်းများကို အပြင်းအထန် ခံစားလိုက်ကြရသည်။
ထိုခဏတွင် အဝေးတစ်နေရာမှ ဗျပ်စောင်းတီးခတ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခုက အမှောင်ထု နတ်ဆိုးမြူခိုးများကို ထိုးဖောက်ဝင်ရောက်လာသည်။
နောက်ဆုံးတော့ ကျန်းပုရွှီး သူတို့နောက် လိုက်သွားပြီဖြစ်လေသည်။
သူက တစ်ချက်မရပ်တန့်ဘဲ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့နောက်သို့ လိုက်ပါသွားသည်။
ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်က...
“သူတို့နှစ်ယောက်လုံး စွမ်းအားတွေကုန်ခမ်းနေပြီ”
ဟု ပြောလိုက်သည်။
ထို့နောက် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး လျှင်မြန်စွာပင် သူတို့နောက်သို့ လိုက်ပါသွားကြသည်။
ငရဲကိုးထပ်၏နတ်ဆိုးနယ်မြေက အပြင်လူများဝင်ရောက်လာမှုကြောင့် ပို၍ပင် သွေးနီရောင်အဖြစ် ပြောင်းလဲသွားလေတော့၏။