← Chapters

မျိုးဆက်သစ်ဓားနတ်ဆိုး

Vol. 106 Ch. 1489

မျိုးဆက်သစ်ဓားနတ်ဆိုး

Vol. 106 Ch. 1489

အခန်း (၁၄၈၉) မျိုးဆက်သစ်ဓားနတ်ဆိုး

နျဲ့ကျင်းရှန်က ယွီယဲ့ကိုပွေ့ချီလျှက် ငရဲကိုးထပ်တွင် ဆက်လက်ပျံသန်းသွားပြီး သူ့နှလုံးသားထဲတွင်လည်း နာကျင်စရာဝေဒနာများဖြင့် ပြည့်လျှံလို့နေသည်။

သူ့နောက်မှ လိုက်လာသော ရန်သူများ၏အသံကိုလည်း ရိပ်ဖမ်းသံဖမ်း ခံစားနေရသေးသည်။

သို့သော် ယခု သူက ၎င်းကို ဂရုမစိုက်နိုင်တော့ပေ။

အခြားသော အရေးတကြီးကိစ္စတစ်ခုက သူ၏ စိတ်အာရုံစတ်ခုလုံးကို သိမ်းပိုက်လိုက်သည်။

ယခု ယွီယဲ့၏ သိမ်မွေ့ချောမောသောမျက်နှာထက် အက်ကွဲကြောင်းများထွက်ပေါ်နေပြီး ထိုအက်ကွဲကြောင်းများအတွင်းမှ အလင်းတန်းများ စိမ့်ထွက်လျှက်ရှိ၏။

ထိုအက်ကွဲကြောင်းများက သိပ်သည်းစွာဖြင့် သူမခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူမက သေမင်းတံခါးဝသို့ရောက်ရှိနေသည့် ကျိုးပဲ့လုနီးပါး ကြွေရုပ်လေးတစ်ရုပ်သဖွယ် ဖြစ်နေလေသည်။

ယခု သူမ၏ ညာဘက်လက်မောင်းက ပျောက်ကွယ်သွားပြီဖြစ်သည်။

သူမက အစစ်အမှန်နတ်ဘုရားအဆင့်ဖြင့် နက်ရှိုင်းနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့သည်။

ထိုနက်ရှိုင်းနတ်ဘုရားက ပြင်ပတာအိုကျင့်ကြံသူ ဖြစ်စေဦးတော့ ယွီယဲ့သည်လည်း ရန်ကျောက်ကဲကဲ့သို့ပင် အံ့ဖွယ်မျှော်လင့်မထားသော အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် သူမက ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အကြိမ်ကြိမ်အသုံးပြုခဲ့သဖြင့် နောက်ဆုံး သူမ၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခြင်းဖြစ်သည်။

ဓားကိုင်ဆွဲသော သူမ၏ညာလက် စတင်ပျောက်ကွယ်သွားခြင်းက အစပြုပျက်ဆီးခြင်းမျှသာ ဖြစ်သည်။

မကြာမီ သူမတစ်ကိုယ်လုံး ကြွေထည်ကြွေသားပမာ ဆက်လက်ပြိုကွဲသွားတော့မည် ဖြစ်သည်။ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ပြိုကွဲသွားမည် ဖြစ်လေသည်။

နျဲ့ကျင်းရှန်က...

“ခဏ‌လောက် အားတင်းထားပါ ၊ ခဏလေးပဲ... မင်း အဆင်ပြေသွားမှာပါ ၊ အဆင်ပြေမှာပါ”

အမြဲတမ်း တည်ငြိမ်အေးဆေးပြီး အခြားသူများထက်သာလွန်စွာဖြင့် ရန်သူများကို ပြတ်သားစွာရင်ဆိုင်တတ်သော နျဲ့ကျင်းရှန်သည် ယခုတော့ သကြားလုံးပျောက်သွားသဖြင့် ထိတ်လန့်နေသော ကလေးငယ်ပမာ ဖြစ်နေတော့သည်။

ယွီယဲ့က တိုးလျသည့်လေသံဖြင့်...

“ကျင်းရှန်... ကျွန်မကိုထားခဲ့ပြီး ထွက်သွားတော့...”

သူမ၏မျက်ဝန်းများက အားနည်းနေသည့်ခန္ဓာကိုယ်နှင့် မတူညီစွာ တောက်ပလျှက် ရှိသည်။ သို့သော် သူမမျက်ဝန်းများထဲမှ ပြောင်းလဲမှုကိုတွေ့လိုက်ရချိန် နျဲ့ကျင်းရှန်၏နှလုံးသားက ပို၍ပင် နာကျင်လာသည်။

ထိုမျက်ဝန်းများက သေမင်းတံခါးဝမှ နောက်ဆုံးအလင်းရောင်ဖြစ်သည်။

နျဲ့ကျင်းရှန်က...

“ဒီလိုစိတ်ပျက်စရာစကားတွေ မပြောစမ်းပါနဲ့”

သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ ဓားချီစွမ်းအားများထုတ်ဖော်လိုက်ပြီး ယွီယဲ့၏ဒဏ်ရာများကို ဖုံးလွှမ်းကာကွယ်ပေးလိုက်သည်။ ဤသည်က ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ၏ အံ့သြဖွယ်ရာစွမ်းအားကို ထပ်မံပြသလိုက်ခြင်းပင် ဖြစ်၏။

နျဲ့ကျင်းရှန် ကူညီပေးမှုကြောင့် ယွီယဲ့၏ခန္ဓာကိုယ် ပြိုကွဲပျက်ဆီးခြင်းဖြစ်စဉ် ရပ်တန့်သွားသည်။

သူမက သေမင်းတံခါးဝတွင် ရှိနေသေးသည်မှန်သော်လည်း လောလောဆယ် သေခြင်းတရားအတွင်း ကျရောက်သွားခြင်းမရှိတော့ပေ။

သူမ၏ခန္ဓာကိုယ် အက်ကွဲခြင်းက ညာဘက်လက်မှာပင် ရပ်တန့်သွားသည်။ သို့ပေသိ ဤသို့ပြုလုပ်ခြင်းက နျဲ့ကျင်းရှန်၏ တန်ခိုးစွမ်းအားများကို များစွာကုန်ဆုံးသွားစေသည်။

နျဲ့ကျင်းရှန်က ကြမ်းတမ်းသောတိုက်ပွဲများစွာကို ဖြတ်ကျော်ခဲ့ပြီး ဒဏ်ရာလည်း အပြင်းအထန် ရရှိထားသည်။

ဤသို့ တန်ခိုးစွမ်းအားကို အတင်းအကျပ်အသုံးပြုခြင်းက သူသည်လည်း သိပ်ပြီး ကြာရှည်ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

ယခု ရန်သူများက နောက်မှလိုက်ပါလာဆဲ ဖြစ်သည်။

အကယ်၍ တိုက်ပွဲတစ်ခုသာရင်ဆိုင်ရမည်ဆိုပါက သူ့ရင်ခွင်ထဲမှ ယွီယဲ့ကို ဆက်လက်ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

“ငါ... ဘာလုပ်ရမလဲ”

ထိုမေးခွန်းက နျဲ့ကျင်းရှန်ခေါင်းထဲ ပဲ့တင်ထပ်နေပြီး သူ့ကို အကြီးအကျယ် ထိတ်လန့်စေသည့်အခြေအနေသို့ တွန်းပို့ပေးသည်။

သူ့ရှေ့တွင် သွေးနီရောင်လျှပ်စီးများနှင့် မှောင်မိုက်သည့် မြူခိုးများက လှိုင်းထန်နေဆဲ ဖြစ်၏။

ထိုမှောင်မိုက်သည့်မြူခိုးများက လူသားဝိညာဉ်ကို ပျက်သုဉ်းသွားစေနိုင်သည့် ချောက်နက်ကြီးသဖွယ်ဖြစ်ပြီး နျဲ့ကျင်းရှန်ကို ပို၍ပင် စိုးရိမ်ပူပန်မှုများဆီသို့ နစ်မြုပ်သွားစေသည်။

သူ မှောင်မိုက်သောမြူခိုးများကို ဖြတ်ကျော်လိုက်စဉ် ရုတ်တရက် သူ့ရှေ့တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုရွှေရောင်အလင်းတန်းများက တက်ကြွတောက်ပမှုမရှိပေ။ ဖျော့တော့ပြီး အဆုံးမရှိသော ရန်လိုမှုဖြင့် ပြည့်နှက်နေသယောင်ရှိသည်။

ထိတ်လန့်ဖွယ်ရာ ခံစားချက်က နျဲ့ကျင်းရှန်၏ နှလုံးသားကို တုန်လှုပ်စေသည်။

အနီးကပ်ကြည့်လိုက်တော့ ထိုရွှေရောင်အလင်းတန်းများက အဖြူရောင်အရိုးများမှ ရောင်ပြန်ဟပ်ထွက်ပေါ်နေခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။

အဖြူရောင်အရိုးများက စုပုံနေပြီး ဧရာမတောင်တစ်လုံးအရွယ်အစားခန့်ပင် ရှိသည်။

အရိုးတစ်ခုချင်းစီက သတ္တုချောင်းများသဖွယ် ဖျော့တော့သောအလင်းတန်းမှိန်မှိန် ရောင်ပြန်ဟပ် ထွက်ပေါ်နေသည်။ ထိုအလင်းရောင်က ကမ္ဘာကိုပင်ဖျက်ဆီးနိုင်သော ထက်ရှမှုဖြင့်ပြည့်လျှက် ရန်လိုသည့်ရောင်ဝါများ ပေါ်ထွက်နေ၏။

နျဲ့ကျင်းရှန်မှာ အလောင်းများဖြင့်ပြည့်နေသော သွေးပင်လယ်ထဲ ဖြတ်သန်းရသည့်ပမာ ခံစားလိုက်ရသည်။

အဖြူရောင်အရိုးများက မရေမတွက်နိုင်သော တောင်မြင့်များပမာစုပုံနေပြီး သဘာဝအလျောက် တောင်နှင့် တောင်ကြားလမ်းပုံစံများ ဖန်တီးထားသည်။

ထိုသို့ ထိတ်လန့်ဖွယ် ချိုင့်ဝှမ်းအလယ်တွင် သွေးရေကန်တစ်ခု တည်ရှိနေလေသည်။

သွေးရေကန်မျက်နှာပြင်ထက်တွင် ပလုံစီနေသော ပူဖောင်းများစွာထွက်ပေါ်နေပြီး ပွက်ပွက်ဆူနေသည့် ချော်ရည်များ ပေါက်ကွဲထွက်နေသည့်ပမာ ဖြစ်သည်။

ထို သွေးရည်များထဲမှ နတ်ဆိုးချီစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုစွမ်းအားက အလွန်တရာ တစ္ဆေဆန်လှသည်။

“ရှေးဟောင်း သတ္တုပလ္လင်နတ်ဆိုး...”

အမည်တစ်ခုက သူ့စိတ်ထဲရုတ်တရက်ဝင်ရောက်လာပြီး အံ့အားသင့်လွန်းသဖြင့် ပါးစပ်မှပင် ထုတ်ဖော်ပြောလိုက်မိသည်။

နျဲ့ကျင်းရှန် ခဏမျှအံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်လာသည်။

သူက နတ်ဆိုးနယ်မြေပတ်ပတ်လည်ကို ကြည့်ရင်း အော်ဟစ်လိုက်သည်။

“လက်စသတ်တော့... ဒါတွေအားလုံးက မင်းလက်ချက်ပေါ့လေ ဟုတ်လား”

ထိုစဉ် ရုတ်တရက် အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“မဟုတ်ပါဘူး ၊ ငါတို့တွေက ဘေးကထိုင်ကြည့်နေတဲ့ ပရိပတ်သတ်သာသာပါပဲ”

နျဲ့ကျင်းရှန် သွေးအိမ်အလယ်ဗဟိုသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ရွှေရောင်အလင်းတန်းများ ယှက်နွယ်လျှက် လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

နျဲ့ကျင်းရှန်က ထိုပုံရိပ်နှင့် ရင်းနှီးသလိုခံစားလိုက်ရသည်။

ယခင်တစ်ချိန်က သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ဝင်စားခဲ့သော ရုပ်ခန္ဓာဖြစ်သည့် ဓားနတ်ဆိုး”ယင်းရှီယန်”...။

အတိတ်တစ်ချိန်က နျဲ့ကျင်းရှန်၏ ဆရာဘိုးဘိုး ‘ရန်ရှင်ထန်’ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ...။

ယခု ငရဲကိုးထပ်၏ ထူးခြားသောထုံးတမ်းအစီအရင်တစ်ခု အသုံးပြုခြင်းဖြင့် သေဆုံးသူ၏ပုံရိပ် ထင်ရှားထွက်ပေါ်လာခြင်း ဖြစ်၏။

“ငါက မင်းတို့နှစ်ယောက်ကို ဒီနေရာမှာ စောင့်နေရုံပဲ”

သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက တည်ငြိမ်စွာပြောလိုက်သည်။

နျဲ့ကျင်းရှန်က သူ့ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် သတ္တုပလ္လင်ကိုပိုင်ဆိုင်သော နတ်ဆိုးဘေးတွင် တိမ်တိုက်တစ်ခု စုဝေးဖြစ်တည်လာပြီး ပိန်လှီသော အဘိုးအိုတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

နျဲ့ကျင်းရှန် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...

“မူလစိတ်ဝိညာဉ်နတ်ဆိုး...”

အဘိုးအိုက သိမ်မွေ့စွာ ပြုံးလိုက်၇င်း...

“မင်းလည်း ခံစားမိပြီးသားဖြစ်မှာပါ ၊ မင်း အခုလိုဖြစ်ရတာ တစ်ယောက်ယောက်က မင်းကို သစ္စာဖောက်လိုက်လို့ပဲ”

နျဲ့ကျင်းရှန် ပါးစပ်ဖွင့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလိုက်ရင်း...

“ဟုတ်တယ်... အဲဒါ ငါ့ရဲ့လှည့်ဖြားမှုမဟုတ်ဘူး ၊ မင်းရဲ့စိတ် နက်ရှိုင်းတဲ့နေရာမှာ ရစ်ဝဲနေတဲ့ အတွေးတွေပဲဖြစ်တယ်”

သူက ဆက်ပြောလိုက်သည်။

“အခု ငါက တခြားအင်အားကြီး ကောင်းကင်နတ်ဘုရားတစ်ပါးနဲ့ တိုက်ပွဲဝင်နေရတယ် ၊ မင်းကို အာရုံစိုက်လို့မရဘူး ၊ မင်းသာ ဒီလောက်ဒဏ်ရာမပြင်းထန်ခဲ့ရင် ၊ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာရှိတဲ့ မင်းရဲ့အတွေးတွေကို ငါ ဖတ်နိုင်ခဲ့မှာ မဟုတ်ဘူး”

“ဘယ်သူလဲဆိုတာ မင်း မသိပေမယ့်... မင်းတို့မိတ်ဆွေတွေထဲကပဲ မင်းကိုသစ္စာဖောက်သွားတယ်ဆိုတာ မင်းသိနေတယ်မလား ၊ မင်းထားခဲ့တဲ့ စည်းတံဆိပ်ကို အဲဒီလူက ဖွင့်လှစ်ပြခဲ့တာ”

မူလစိတ်ဝိညာဉ်နတ်ဆိုးက ဆက်ပြောသည်။

“အဲဒါက ငါ့လက်ချက်မဟုတ်ဘူး ၊ ပြီးတော့ မင်းကိုယ်တိုင်ရဲ့ ဇွဲလုံ့လကြောင့် ငါ့ရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်ခဲ့တာလို့ပဲ ပြောရမလား”

နျဲ့ကျင်းရှန် နတ်ဆိုးနှစ်ဦးကို ကြည့်လိုက်ပြီး နောက်ဆုံး ရှေးဟောင်းသတ္တုနတ်ဆိုးထံတွင် အကြည့်ရပ်တန့်လိုက်သည်။

သူ့စိတ်ထဲတွင် အကြောင်းအရာများ ထင်ရှားလာသည်။

“မင်းရဲ့ပစ်မှတ်က ငါပေါ့... ဟုတ်လား”

“ဟုတ်တယ်”

ရှေးဟောင်းသတ္တုနတ်ဆိုးက ပြောလိုက်သည်။

“ဒီခေတ်မှာ ငါနဲ့လိုက်ဖက်တဲ့ရုပ်ခန္ဓာက ရန်ရှင်းထန်ရဲ့မြေးတပည့်ပဲ ၊ ငါ့ကို သေဆုံးစေခဲ့တဲ့သူရဲ့ မြေးတပည့်ပေါ့ ၊ ဒါက တကယ်ကို ထူးခြားတဲ့ ကံကြမ္မာရဲ့ လှည့်စားမှုပဲ။”

နျဲ့ကျင်းရှန် သူ့ကို စူးစိုက်ကြည့်လိုက်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။

သူ၏တိုက်ခိုက်မှုဓားအလင်းတန်းဖြင့် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ပုံရိပ် ဖျက်ဆိးခံလိုက်ရသည်။

သို့သော် မူလစိတ်ဝိညာဉ်နတ်ဆိုးက လုံးဝအံ့အားမသင့်ခဲ့ပေ။

“မင်းရင်ခွင်ထဲမှာသာ အဲဒီမိန်းမ မရှိခဲ့ရင် ၊ မင်းက ငရဲကိုးထပ်ကိုဝင်လာဖို့ထက် သေတဲ့အထိတိုက်ခိုက်ဖို့ ရွေးချယ်မှာပဲ ၊ မင်းရဲ့ပြတ်သားတဲ့စိတ်ဓာတ်ကို ငါ အတော်လေး အထင်ကြီးမိတယ် ၊ ဒါပေမဲ့ မင်းရဲ့ပြင်းထန်တဲ့မုန်းတီးမှုကတော့ ငါ့ကို ပိုပြီးအထင်ကြီးစေတယ်”

“ငါတို့နတ်ဆိုးတွေကို မင်းရဲ့မုန်းတီးမှုနဲ့ မင်းနောက်လိုက်နေတဲ့သူတွေအပေါ်ထားတဲ့ မုန်းတီးမှုက အတူတူနီးပါး ပြင်းထန်တယ် ၊ ဒါပေမဲ့ အခုချိန်မှာ မင်းအနေနဲ့ ဘာမှအလုံအလောက် မစွမ်းဆောင်နိုင်ဘူး”

“လာစမ်းပါ... အရင်ဆုံး မင်းကိုယ်မင်း ပိုသန်မာအောင်လုပ်ပြီး ဒီဒုက္ခထဲမှာ အသက်ရှင်သန်နိုင်အောင် ကြိုးစားကြည့်ပါလား ၊ ငါ့ညီအစ်ကိုရဲ့လက်ချက်နဲ့ ငါကိုယ်တိုင်သေသွားမလားဆိုတာ ငါကိုယ်တိုင်ကြည့်ချင်သေးတယ်”

“မင်းရင်ခွင်ထဲက မိန်းကလေးနဲ့ပတ်သက်လို့တော့ စိတ်မပူပါနဲ့ ၊ သူက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ပိုင်ဆိုင်ထားပြီးသားပဲလေ ၊ ဒီတော့ ငါတို့ရဲ့ ဘိုးဘေးနတ်ဆိုးတွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ ငါတို့အတွက်တော့ သူသေသွားတာထက် အခုလိုဒဏ်ရာအပြင်းထန်ရနေတာ ပိုကောင်းတဲ့အခြေအနေပဲ”

ယွီယဲ့သေဆုံးသွားပါက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အခြားသူများ ထပ်မံကျင့်ကြံသွားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် သူမသေဆုံးသည်ထက် ယခုကဲ့သို့ မသေမရှင်ဖြစ်နေသောအခြေအနေက နတ်ဆိုးများအတွက် ပိုမိုကောင်းမွန်ပေသည်။

ထို့နောက် အဘိုးအို၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားသည်။

“မင်းနောက်ကိုလိုက်နေတဲ့သူတွေ ရောက်လာတော့မယ်”

သွေးကန်အတွင်းမှ နတ်ဆိုးချီစွမ်းအား ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။

နျဲ့ကျင်းရှန်က သူ ပွေ့ချီထားသော ယွီယဲ့ကို ခေါင်းငုံ့ကြည့်လိုက်တော့ သူမက သတိလစ်မေ့မြောနေပြီဖြစ်သည်။

နျဲ့ကျင်းရှန်၏ဓားချီစွမ်းအားဖြင့် ထောက်ပံ့ထားသော်လည်း သူကိုယ်တိုင်က ဒဏ်ရာအပြင်းအထန်ရထားသဖြင့် ဓားချီသည်လည်း အားနည်းဖျော့တော့လျှက် ရှိသည်။

သေမင်းတံခါးဝသို့ရောက်ရှိနေသော ယွီယဲ့သည် ယခုတော့ သေမင်းနယ်မြေအတွင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းနေပေပြီ။

မိန်းမပျို၏ မျက်နှာထက်တွင် ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီး ချောမောလှပသောရုပ်သွင် ပျက်ဆီးသွားပြီ ဖြစ်သည်။

သို့သော် သူမကိုကြည့်ရင်း နျဲ့ကျင်းရှန်မျက်ဝန်းများထဲမှ ထက်ရှပြတ်သားမှုများပျောက်ကွယ်သွားပြီး ယခင်က မရှိဖူးခဲ့သော နူးညံ့သိမ်မွေ့မှုနှင့် နွေးထွေးမှုတို့ အစားထိုးဝင်ရောက်လာသည်။

သူက သူမနဖူးထက်သို့ နူးညံ့စွာ အနမ်းတစ်ချက်ခြွေလိုက်ပြီး ခြေလှမ်းများက ရှေ့ဆက်လျှောက်လှမ်းသွားသည်။

ကြီးမားသော အရိုးတောင်များမှ ထိတ်လန့်ဖွယ်ရာ ရန်လိုသည့်သဘောရှိသော ရွှေရောင်အလင်းတန်းများ မှိန်‌ဖျော့စွာ ထွက်ပေါ်နေသည်။

ထိုအချိန် အဝေးတစ်နေရာမှ ဗျပ်စောင်းတေးသွား ပဲ့တင်ထပ်ထွက်ပေါ်လာပြီး လက်စားချေလိုသောဝိညာဉ်ပမာ သားကောင်နောက်သို့ လိုက်ပါလာသည်။

နျဲ့ကျင်းရှန်သည့် ယွီယဲ့ကိုပွေ့ချီထားရင်း သွေးရေကန်အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်‌ပျောက်ကွယ်သွားလေသည်။

ထို့နောက်မှာတော့ သွေးရေကန်အတွင်းမှ သွေးများဆူပွက်လာပြီး ထောင်တက်လာသော သွေးရေစက်များ၏ အရှိန်အဟုန်က သန်းပေါင်းများစွာသော ဓားသွားများသဖွယ် ဖြစ်ပေါ်လာသည်။

ထို့နောက် သွေးများက သွေးမိုးများသဖွယ်ပြောင်းလဲသွားကာ ကောင်းကင်ထက်မှရွာကျလာပြီး နတ်ဆိုးနယ်မြေတစ်ခုလုံး သွေးမျက်ရည်ဖုံးလွှမ်းသွန်းလောင်းလိုက်သည့်ပမာ ဖြစ်လေတော့သည်။

All Chapters