ဒူးထောက်ပြီး သေလိုက်စမ်း
Vol. 106 Ch. 1490
အခန်း (၁၄၉၀) ဒူးထောက်ပြီး သေလိုက်စမ်း
ကျန်းပုရွှီးက သိပ်သည်းသော အမှောင်ထုမြူလွှာကိုဖြတ်ကျော်ပြီး သွေးရေကန်ဆီသို့ ရောက်ရှိလာသည်။
ပတ်ဝန်းကျင်မြင်ကွင်းကိုကြည့်ရင်း အဆုံးမရှိ ရန်လိုသောရောင်ဝါဖြင့်ပြည့်နေသော ချီစွမ်းအားကိုခံစားရသည့်အခါ သူ၏မျက်နှာအမူအရာ သိသာစွာ ပြောင်းလဲသွားသည်။
ခဏမျှ စဉ်းစားပြီးနောက် ကျန်းပုရွှီးမျက်နှာ ညိုမှိုင်းသွားသည်။
သူက...
“လက်စသတ်တော့ သူတို့ထဲကတစ်ယောက်က သတ္တုပလ္လင်နတ်ဆိုးနဲ့သင့်တော်တဲ့ ရုပ်ခန္ဓာပဲ”
သူက သွေးမိုးစက်များအလယ် ဓားချီစွမ်းအားကိုထုတ်လွှတ်လိုက်ပြီး ဆင်းသက်လာသော ညစ်ညမ်းသည့်သွေးများကို ခါထုတ်ကာကွယ်လိုက်သည်။
စိတ်မသက်မသာ ဖြစ်နေသော်လည်း ကျန်းပုရွှီးက ဤအတိုင်းထွက်ခွာသွားရန် တွန့်ဆုတ်နေမိသေးသည်။ သူ့မျက်ဝန်းက သွေးမိုးနှင့် အမှောင်ထုမြူခိုးများကိုထိုးဖောက်ကာ သွေးရေကန်ဆီ တည့်တည့်စိုက်ကြည့်လိုက်သည်။
သူ မြင်လိုက်ရသည်က မျက်လုံးများမှေးမှိတ်လျှက် သွေးရေကန်ထက်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော ယွီယဲ့၏ခန္ဓာကိုယ် ဖြစ်သည်။
သူမတစ်ကိုယ်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီး ကျိုးပဲ့လုနီးနီး ကြွေရုပ်လေးသဖွယ် ဖြစ်နေသည်။
ထိုခဏတွင် ရွှေရောင်ဖျော့ဖျော့တောက်ပနေသော အဖြူရောင်အရိုးများက ရုတ်တရက်လှုပ်ရှားလာပြီး အားလုံး မတ်တတ်ထရပ်လိုက်ကြသည်။
ခပ်မှိန်မှိန်ရွှေရောင်အလင်းတန်းများ အချင်းချင်းယှက်နွယ်လျှက် အလင်းတန်းများ သန်းပေါင်းများစွာ ထွက်ပေါ်လာသည့်ပမာ ထင်မှတ်ရ၏။
သွေးပင်လယ်ထဲမှ ရန်လိုသောရောင်ဝါက အထွတ်ထိပ်သို့ရောက်ရှိသွားပြီး ယွီယဲ့၏ခန္ဓာကိုယ်က ရေကန်ထဲနစ်မြုပ်သွားသည်။
ထို့နောက် သူမ၏ပုံရိပ်နေရာတွင် ဖြည်းဖြည်းချင်းထွက်ပေါ်လာသော လူငယ်တစ်ယောက်ပုံရိပ်ဖြင့် အစားထိုးလိုက်သည်။
“နျဲ့ကျင်းရှန်...”
ပုံပန်းသွင်ပြင်က အတူတူပင်ဖြစ်သော်လည်း ထိုလူငယ်က ယခင်လိုမဟုတ်တော့ကြောင်း ကျန်းပုရွှီး သဘောပေါက်လိုက်သည်။
သူရရှိထားသောဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီ ဖြစ်၏။
သူ၏ဓားသိုင်းသည်လည်း ယခင်ကထက် ပိုမိုထက်မြက်လာပြီး ရက်စက်မှုဖြင့် ပိုမိုပြည့်ဝလာသည်။ မှောင်မိုက်သည့်ဓားချီစွမ်းအားက သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲလို့နေသည်။
သူက ခေါင်းမော့လျှက် ကျန်းပုရွှီးကို ကြည့်လိုက်ရာ ကျန်းပုရွှီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။
ကျန်းပုရွှီးက ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဗျပ်စောင်းတေးသွားများကိုသဘောကျပြီး အေးအေးလူလူ နေထိုင်ရန် သဘောကျသူ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူက ဓားသိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။
သို့တိုင် လက်ရှိမှာတော့ ထက်ရှသည့်လက်နက်များစွာရှိရာနေရာသို့ရောက်ရှိနေသော သစ်သားဓားတစ်လက်ပမာ သူ့ကိုယ်သူ ခံစားလိုက်ရသည်။
ရွှေညိုရောင်အလင်းတန်းများက ပုံရိပ်များအဖြစ် လှုပ်ရှားလာသည်။
ထိုပုံရိပ်များထဲတွင် လှံများ ၊ ဓားများ ၊ ပုဆိန်များနှင့် အခြားသော လက်နက်အမျိုးမျိုးတို့ ပါဝင်သည်။
ဟုတ်ပေ၏။
ဓားများကတော့ များပြားစွာပါဝင်သည်။
နျဲ့ကျင်းရှန်နှင့် အနီးဆုံးတွင်ရှိသော လက်နက်မှာ ဓားရှည်တစ်လက်တစ်လက်ဖြစ်ပြီး ထိုဓားက လုံးဝအနက်ရောင်အတိဖြစ်သည်။
ဤဓားလှံလက်နက်များမှာ သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ဝင်စားသော ရှေးယခင်ရုပ်ခန္ဓာများမှ စုစည်းထားသော လက်နက်အနှစ်သာရများဖြစ်သည်။
ဤအရာများက ကျင့်ကြံသူ၏ စစ်မှန်သောစိတ်စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်၏။
ရန်ရှင်းထန်နှင့် ခေတ်ပြိုင်ဓားသိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ကျန်းပုရွှီးက ထိုအနက်ရောင်ဓားထဲတွင်ပါဝင်သော ဓားသိုင်းစွမ်းအားအသေးစိတ်ကိုအာရုံခံမိသည့်အခါ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။
မိစ္ဆာကောင်းကင်ဓား...။
ဓားနတ်ဆိုး’ယင်းရှီယန်’ က ဓားနတ်ဘုရား’ရန်ရှင်းထန်’ ၏ ပုံရိပ်ယောင်ကျောက်စိမ်းကော်းကင်ဖွင့်ဓားနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ဓားဖြစ်ပြီး နတ်ဆိုးဓားများထဲတွင် ထိပ်တန်းအဆင့်ရှိသည်။
ဤဓားလက်နက်များ၏ စွမ်းအင်များအားလုံး သတ္တုပလ္လင်နတ်ဆိုး၏ရုပ်ခန္ဓာအသစ်ဖြစ်သော နျဲ့ကျင်းရှန်ဆီ စီးဆင်းဝင်ရောက်လာပြီး ဘိုးဘေးတို့၏ ထူးခြားသော သိုင်းပညာရပ်များကို ပိုင်ဆိုင်သွားစေသည်။
နျဲ့ကျင်းရှန်က အနက်ရောင်ဓားရှည်ကို ဆွဲယူလိုက်ပြီး တစ်ချက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ့ရှေ့မှ လက်နက်ပုံရိပ်များအားလုံး ကွဲအက်ပျက်ဆီးသွားသည်။
ကျန်းပုရွှီးမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ထိုအံ့အားသင့်မှုက ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ မျက်နှာတစ်ချက်ပျက်သွားပြီး လျှင်မြန်စွာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
နျဲ့ကျင်းရှန်က ကျန်းပုရွှီးကို အေးစက်စွာ စူးစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းများထဲတွင် မှိန်ဖျော့သည့်ရွှေရောင်အလင်းတန်းများက တလက်လက် တောက်ပနေသည်။
အဆုံးမရှိသော ရွှေရောင်အလင်းတန်းများက နတ်ဆိုးနယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး ကျန်းပုရွှီး ထွက်မပြေးနိုင်အောင် ပိတ်ဆို့လိုက်သည်။
“တိုက်...”
ကျန်းပုရွှီး အော်ဟစ်လိုက်သည်။
အစိမ်းရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဘုရားသုတ်သင်အစီအရင်၏ ဓားသိုင်းစွမ်းအားထွက်ပေါ်လာကာ သူ့ကိုပိတ်ဆို့ထားသော ရွှေရောင်အလင်းတန်းများအား ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။
ထိုရွှေရောင်အလင်းတန်းများက ရှေးဟောင်းသတ္တုနတ်ဆိုး၏ရောင်ဝါြဖင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုအလင်းတန်းများက စွမ်းအားပြင်းထန်သည်မှန်သော်လည်း လတ်တလောတွင် သတ္တုပလ္လင်ကိုပိုင်ဆို်ငသောနတ်ဆိုးက သူ၏ အထွတ်ထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးပေ။
ထို့ကြောင့် ထိုအလင်းတန်းများက ကျန်းပုရွှီး၏လမ်းကို ခဏမျှသာ ပိတ်ဆို့ထားနိုင်ပြီး သူက ဖြတ်ကျော်နိုင်ဆဲ ဖြစ်၏။
ကျန်းပုရွှီးက အလင်းတန်းပိတ်ဆို့မှုကို ဖြတ်ကျော်ရန်ကြိုးစားချိန် နျဲ့ကျင်းရှန်က စတင်လှုပ်ရှားလိုက်သည်။
သူက မိစ္ဆာကောင်းကင်ဓား၏ ဓားချီဖြင့်ဖွဲ့စည်းထားသော နက်မှောင်သည့်ဓားရှည်ကိုဆွဲကိုင်ပြီး ကျန်းပုရွှီးထံ လျှောက်လှမ်းလာသည်။
နျဲ့ကျင်းရှန်က သူ့လက်ထဲမှ နက်မှောင်သည့်ဓားရှည်ကိုကြည့်ပြီး ပြုံးလိုက်သည်။
သူက ဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ ဓားရှည်အက်ကွဲပျက်ဆီးသွားပြီး မူလရွှေရောင်အလင်းတန်းအသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။
ထို့နောက် သူ၏လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ရာ ထိတ်လန့်ဖွယ်ရာ အကြွင်းမဲ့မကောင်းဆိုးဝါးချီက သူ၏လက်ဖဝါးထက်တွင် စုဝေးလာသည်။
မိစ္ဆာကောင်းကင်ဓားထက် ပိုမိုထိတ်လန့်ဖွယ်ကောင်းသော ရွှေရောင်ဖျော့ဖျော့တောက်ပနေသည့် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။
ထို့နောက် သူက ဓားဖြင့် ကျန်းပုရွှီးအား ခုတ်ပိုင်းချလိုက်ရာ ပိတ်ဆို့မှုမှ လွတ်မြောက်ရန်ကြိုးစားနေသော ကျန်းပုရွှီးမှာ သူ၏ ဦးခေါင်းအနောက်ဘက်သို့ ဓားချက်ကျရောက်လာကြောင်း အာရုံခံမိလိုက်သည်။
အနည်းငယ်သာ အချိန်ပိုရလျှင် သူလွတ်မြောက်နိုင်မည်ဖြစ်သည်။
အနည်းငယ်သာ ပိုမိုလုပ်ဆောင်နိုင်လျှင် နတ်ဘုရားထောင်ချောက်ဓားကိုအသုံးပြုပြီး ဗလာနယ်ကိုထိုးခွင်းကာ ဤနေရာမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
သို့သော် သူ့တွင် ထိုသို့ရွေးချယ်စရာများအတွက် အချိန်မရှိတော့ဘဲ နျဲ့ကျင်းရှန်၏တိုက်ခိုက်လာမှုကို ခုခံရန် အတင်းအကျပ် ဖိအားပေးခံရတော့သည်။
မဟုတ်ပါက သူ့အနေဖြင့် နျဲ့ကျင်းရှန်လက်ချင်ဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသွားပေမည်။
ကျန်းပုရွှီး ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး ထွက်ပြေးရန်ဆုံးဖြတ်ချက်ကိုစွန့်လွှတ်လိုက်ရသည်။
ထို့နောက် ဓားအလင်းတန်းများစုဝေးပြီး ကျရောက်လာသည့်ဓားချက်ကို တန်ပြန်ခုခံလိုက်၏။
“ထန်း...”
ဗျပ်စောင်းကြိုးပြတ်သွားသည့်ပမာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
စန့်ချင်ဓားအလင်းတန်းများ အမြင့်ဆုံးသို့ ထိုးတက်သွားပြီး နျဲ့ကျင်းရှန်လက်ထဲမှ ရွှေညိုရောင်ဓားသွားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဓားသွားနှစ်ခု ထိခတ်မိသည်နှင့် နတ်ဆိုးနယ်မြေ၏ကောင်းကင် ချက်ချင်း ကွဲအက်သွားသည်။
ပတ်ဝန်းကျင်မှ နတ်ဆိုးချီစွမ်းအားများ သန့်စင်သွားပြီး နေရာတစ်ခုလုံးက သန့်စင်သည့်ဗလာနယ်အဖြစ် ပြောင်းလဲသွားသည်။
သို့သော် ကျန်းပုရွှီး တုံ့ပြန်ရန် အချိန်မရခင်မှာပင် ရွှေရောင်ဓားအလင်းတန်းများက သူ၏မျက်ဝန်းထက် ထပ်မံမြင့်တက်လာပြန်သည်။
ဓားချက်တိုင်းက အလွန်လျှင်မြန်ပြီး သူ၏မြန်နှုန်းကို လိုက်မမီနိုင်ဟု ထင်မှတ်ရသည်။
နျဲ့ကျင်းရှန်၏ ဓားချက်များက စန့်ချင်အဆက်အနွယ်ဓားသွားထက်ပင် ပိုမိုလျှင်မြန်သည်။
ကျန်းပုရွှီးမှာ ခန္ဓာကိုယ်မှ ဦးနှောက်သို့ သတင်းမပို့နိုင်သေးမီမှာပင် သူ၏လက်တစ်ဖက် ပြတ်ထွက်သွားသည်ကို မျက်လုံးထောင့်မှတစ်ဆင့် တွေ့မြင်လိုက်ရ၏။
ကျန်းပုရွှီး သူ့ဘဝတစ်လျှောက် စုဆောင်းခဲ့သော အတွေ့အကြုံအားလုံးကို အသုံးပြုလိုက်သည်။
ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ ပြတ်ထွက်သွားသော သူ၏လက်ကို ပေါက်ကွဲထွက်စေလိုက်သည်။ လက်ကပေါက်ကွဲသွားပြီး သွေးမိုးများဖြာကျကာ အလင်းမြူခိုးများ ထွက်ပေါ်လာသည်။
ထိုအလင်းမြူခိုးများက ထက်ရှသောဓားသွားများအဖြစ်ပြောင်းလဲသွားပြီး နျဲ့ကျင်းရှန်ထံသို့ လွှမ်းမိုးဝင်ရောက်သွားသည်။ တပြိုင်ထဲမှာပင် သူက ကျန်ရှိသောလက်တစ်ဖက်ဖြင့် ကျောတွင်လွင်ထားသော ဗျပ်စောင်းသေတ္တာကို ရိုက်ချလိုက်၏။
ဗျပ်စောင်းသေတ္တာအတွင်းမှ ဓားချီများထွက်ပေါ်လာပြီး အခိုးအငွေ့ဟင်းလင်းပြင်ပမာ ဓားချီများထွက်ပေါ်လာကာ ရန်သူကို ချက်ချင်းပိတ်ဆို့လိုက်သည်။
နျဲ့ကျင်းရှန်က ကျန်းပုရွှီး၏ ပြတ်ထွက်သွားသောလက်မောင်းမှ ဖြစ်ပေါ်လာသော သွေးဓားများကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ဆဌဂံပုံစံအရံအတားတစ်ခု ဖြစ်တည်လာကာ သန်းပေါင်းများစွာသော သွေးဓားများ သူ့ကိုမထိမိစေရန် ပိတ်ဆို့လိုက်၏။
ထိုအချိန် ကျန်းပုရွှီးအမြင်အာရုံများ ရုတ်တရက်ဝေဝါးသွားပြီး နျဲ့ကျင်းရှန်က သူ၏နောက်ကျောသို့ ချက်ချင်း ရောက်ရှိသွားပြီဖြစ်သည်။
ထို့နောက် ရွှေညိုရောင်အလင်းတန်းများ ထပ်မံမြင့်တက် ထွက်ပါ်လာပြန်၏။
ကျန်းပုရွှီး သူ၏ဗျပ်စောင်းသေတ္တာကို ထပ်မံရိုက်ချရန် အချိန်မရခင်မှာပင် ရက်စက်သောနတ်ဆိုးဓားက ဗျပ်စောင်းသေတ္တာထက်မှ သူ့လက်ကို ထိုးစိုက်လိုက်ပြီဖြစ်သည်။
ဓားသွားအစွန်းက သူ၏လက်ဖဝါးအား ဖောက်ထွင်းဝင်ရောက်ကာ ဗျပ်စောင်းသေတ္တာကိုပါ ထိုးဖောက်သွားသည်။
ထို့နောက် ဓားသွားက ကျန်းပုရွှီး၏ခန္ဓာကိုယ်ကိုပါ ထိုးဖောက်သွားတော့၏။
“ဒူးထောက်ပြီး သေလိုက်စမ်း”
နျဲ့ကျင်းရှန် တည်ငြိမ်စွာ ပြောလိုက်သည်။
မှိန်ဖျော့ဖျော့ ဓားအလင်းတန်းများကြောင့် ဗျပ်စောင်းအိတ် ကွဲအက်ပျက်ဆီးသွားကာ အတွင်းမှ ဓားချီများထွက်ပေါ်လာပြီး အရင်ဆုံး ကျန်းပုရွှီးကိုထိမှန်သွားသည်။
ကျန်းပုရွှီး နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ် ရှေ့သို့မှောက်လျက်လဲကျသွားသည်။ သူ ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်လိုက်ရာ သွေးရေကန်က သူနှင့်အလွန်နီးကပ်နေကြောင်း တွေ့လိုက်ရသည်။
သို့သော် သူ့နောက်ကျောတွင်ရှိနေသည့် နျဲ့ကျင်းရှန်က အေးစက်စွာဖြင့် လက်တစ်ဖက်ကို ပင့်မြှောက်လိုက်သည်။
ရွှေညိုရောင်ဓားအလင်းတန်းများက ရေစီးကြောင်းများသဖွယ်စုဝေးလာပြီး သိပ်သည်းခိုင်မာသော ဓားဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျန်းပုရွှီးကို ဇာတ်သိမ်းပေးလိုက်တော့သည်။
စန့်ချင်အဆက်အနွယ် ငြိမ်သက်ခြင်းအဆင့်ရှိ နက်ရှိုင်းနတ်ဘုရားတစ်ပါးမှာ ဤသို့ပင်သေဆုံးသွားခဲ့ရသည်။
ရှေးဟောင်း သတ္တုပလ္လင်ကိုပိုင်ဆိုင်သည့်နတ်ဆိုး ပြန်လည်မွေးဖွားလာသည်ကို ကြေညာခြင်း...။
အဆုံးမဲ့ရန်လိုသောရောင်ဝါများထွက်ပေါ်လာပြီးနောက် ငရဲကိုးထပ်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။
ထိုအချိန် ငရဲကိုးထပ်အပြင်ဘက် အေးစိမ့်စမ်းချောင်းနယမြေတွင် တိုက်ပွဲဝင်နေသော ယွဲ့ကျန့်ပေ သိသိသာသာ မျက်နှာပျက်သွားရသည်။
သူက အမတခုံရုံးမှ ထျန်းကျွင်းနယ်ပယ် ကျွမ်းကျင်သူကိုပင် တိုက်ခိုက်မှုရပ်တန့်လိုက်ပြီး ငရဲကိုးထပ်ရှိရာသို့ သတိထားစူးစိုက်ကြည့်လိုက်သည်။
ထို့နောက် ယွဲ့ကျန့်ပေ သတိပြန်ဝင်လာပြီး မည်သည့်အရာကိုမှအရေးမစိုက်တော့ဘဲ ချက်ချင်းပင် ငရဲကိုးထပ် နတ်ဆိုးနယ်မြေအတွင်း ဝင်ရောက်သွားတော့သည်။
သူက နတ်ဆိုးချီစွမ်းအား အသိပ်သည်းဆုံးနေရာကို ရှာဖွေရင်း ဗလာနယ်ထဲတွင်လွင့်မျောနေသည့် သွေးရေကန်ကို တွေ့လိုက်ရသည်။
သွေးရေကန်ဘေးတွင် အလောင်းများက အဆုံးမရှိ ပြန့်ကျဲနေသည်။
ထိုအလောင်းများက နျဲ့ကျင်းရှန်နောက်သို့လိုက်လာသော အမတခုံရုံးမှကျင့်ကြံသူများဖြစ်ပြီး အားလုံး အသက်ပျောက်နေကြပေပြီ။
ဖြတ်တောက်ခံလိုက်ရသော ဦးခေါင်းတစ်လုံးက ယွဲ့ကျန့်ပေ၏ခြေဖဝါးဆီသို့ လိမ့်ဆင်းရောက်ရှိလာသည်။
ယွဲ့ကျန့်ပေ ခေါင်းငုံ့ကြည့်လိုက်ရာ မျက်နှာထက် အံ့အားသင့်မှုများဖြင့်ပြည့်နက်နေသည့် ကျန်းပုရွှီး၏ဦးခေါင်းပြတ်ကြီးဖြစ်နေကြောင်း တွေ့လိုက်ရသည်။
သွေးရေကန်ထက် လောနယ်ထဲတွင် လူငယ်တစ်ဘောက်ရှိနေပြီး သူက ယွဲ့ကျန့်ပေအား ကျောပေးထား၏။
တစ်ချိန်က သူအလွန်ရင်းနှီးခဲ့ပါလေသော ထိုပုံရိပ်သည် ယခုတော့ အလွန်စိမ်းကားနေသယောင် ထင်မှတ်ရလေသည်။
အေးစက်သည့် လေပြင်းတိုက်ခိုက်သံများ တဟုန်းဟုန်းထွက်ပေါ်လာပြီး အောက်ဘက်ရှိသွေးပင်လယ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူက ယွီယဲ့ဖြစ်ပြီး သူမက မျက်လုံးများကို တင်းကျပ်စွာ မှေးမှိတ်ထားလေသည်။
သူမ၏လက်တစ်ဖက်က ပြတ်တောက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နက်နေသည်။ သို့သော် ထိုအက်ကွဲကြောင်းများက ဆက်လက်အက်ကွဲနေခြင်းမရှိတော့ဘဲ ရပ်တန့်သွားပြီး သူမ၏အသက်ရှူသံသည်လည်း ယာယီတည်ငြိမ်သွားပေပြီ။
“သူ့ကို ခေါ်သွားလိုက်ပါ...”
နျဲ့ကျင်းရှန်၏အသံ ထွက်ပေါ်လာသည်။
သူက ယွဲ့ကျန့်ပေကို ကျောပေးထားဆဲဖြစ်ပြီး ယွီယဲ့၏ခန္ဓာကိုယ်ကတော့ လေထဲလွင့်မျောလျှက် ယွဲ့ကျန့်ပေရှေ့သို့ ရောက်ရှိလာသည်။
ယွဲ့ကျန့်ပေက မိန်းမပျိုကို လက်ခံပွေ့ချီလိုက်ပြီး ခေါင်းမော့ရင်း ခေါ်လိုက်သည်။
“ကျင်းရှန်...”
သို့သော် ထိုလူရိပ်က လှည့်ကြည့်မလာခဲ့ပေ။
သူက ယွဲ့ကျန့်ပေကို ကျောပေးထားလျှက်ပင် ငရဲကိုးထပ် နက်ရှိုင်းရာနေရာသို့ တိတ်ဆိတ်စွာထွက်ခွာ ပျောက်ကွယ်သွားလေသည်။