သွေးနီရောင်စမ်းချောင်းနှင့်ရွှေရောင်မီးအိမ် ၊ အနက်ရောင်မုန်တိုင်းများတိုက်ခတ်လာ
Vol. 25 Ch. 346
အခန်း (၃၄၆) သွေးနီရောင်စမ်းချောင်းနှင့်ရွှေရောင်မီးအိမ် ၊ အနက်ရောင်မုန်တိုင်းများတိုက်ခတ်လာ
ဖန်သားပမာကြည်လင်သည့်သလင်းကျောက်တုံးလေးကို ‘ဖန်နှလုံးသား’ ဟု ခေါ်ဆိုပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အသုံးပြုကာ ရန်ကျောက်ကဲကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်၏။
ထိုအပြာရောင်ရေပူစမ်းကို “အချိန်ချိတ်ဆက်စမ်းချောင်း”ဟု ခေါ်ဆိုပြီး အအေးလွန်ကဲသည့် ဒေသများတွင်သာ တွေ့ရှိရလေ့ရှိကာ အလွန်ရှားပါးသည်။
‘အချိန်ချိတ်ဆက်စမ်းချောင်း’ များက အံ့သြဖွယ်ရာ သဘာဝတည်ရှိမှုများဖြစ်ပြီး သေခါနီးယိမ်းယိုင်နေသည့်ဘဝများကို ပြန်လည်သက်ဝင်နိုးထလာစေနိုင်သော စွမ်းရည်ကြောင့် ကျော်ကြားသည်။
သို့သော် ထိုသို့သောစမ်းချောင်းအများစုမှာ ၎င်းတို့၏ဝိညာဉ်စွမ်းအားများကို ဖုံးကွယ်ထားနိုင်ကြသဖြင့် လူအများစုက သူတို့ကို မရှာဖွေနိုင်ကြပေ။
အပြာရောင်ရေပူစမ်းတစ်ခု မွေးဖွားလာရန်အတွက် သဘာဝတရား၏ ကြီးမားသောစွမ်းအားများအပေါ် များစွာမှီခိုရသည်။ ထို့ကြောင့် အတင်းအကျပ်လုပ်ယူ၍မရဘဲ ကံတရားအပေါ်တွင်သာ မူတည်သည်။
ရန်ကျောက်ကဲ မြောက်ဖျားဒေသသို့ ခရီးထွက်လာရသည့် အဓိကအကြောင်းရင်းမှာ ‘အချိန်ချိတ်ဆက်စမ်းချောင်း’ ကို ရှာဖွေရန် ဖြစ်သည်။
ထူးဆန်းပြီးအံ့သြဖွယ်ကောင်းသောရေပူစမ်းသည် ရှီကျွင်းနှင့် သူ့မိခင်ယင်ယွီကျန်းတို့ကိုကယ်တင်ရန် အလွန်အရေးပါသော ကဏ္ဍတွင်ပါဝင်သည်။
“အချိန်ချိတ်ဆက်စမ်းချောင်း” ၏ ဝိညာဉ်စွမ်းအားများက ဒီရေအလား လည်ပတ်နေလေရာ မြင့်လိုက်တက်လိုက်ဖြင့် မတည်ငြိမ်ပေ။
ဝိညာဉ်စွမ်းအားများရင့်ကျက်ပြီး အထွတ်ထိပ်သို့ရောက်ပြီးလျှင် တစ်ဖန်ပြန်လည်ကျဆင်းသွားတတ်ပြီး အချိန်ပြည့်မှ နောက်တစ်ကြိမ် အထွတ်ထိပ်သို့ ပြန်လည်ရောက်ရှိနိုင်သည်။
ရန်ကျောက်ကဲ ဤနေရာသို့ ပထမတစ်ကြိမ်ရောက်လာစဉ် နှင်းလွင်ပြင်အောက်တွင် စီးဆင်းနေသည့် အပြာရောင်စိမ်းချောင်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဝိညာဉ်စွမ်းအားက အထွတ်ထိပ်အဆင့် မရင့်ကျက်သေးပေ။
စမ်းရေ၏ဝိညာဉ်စွမ်းအားများ မရင့်ကျက်သေးပါက ရန်ကျောက်ကဲအစီအစဉ်အတိုင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အခြားကိစ္စများကို အရင်ဖြေရှင်းပြီးမှ စမ်းချောင်းရှိရာသို့ နောက်တစ်ကြိမ် လာရောက်ရခြင်းပင်။
အချိန်တွက်ချက်ကြည့်ပါက ရက်ပိုင်းအတွင်း စမ်းချောင်း၏ဝိညာဉ်စွမ်းအားများ အထွတ်ထိပ်အဆင့် ရင့်ကျက်လာတော့မည် ဖြစ်သည်။
ရန်ကျောက်ကဲ စစ်ဆေးကြည့်လိုက်ရာ စမ်းရေထဲမှ ဝိညာဉ်စွမ်းအားက အရင်ကထက် ပိုမိုများပြားလာကြောင်း တွေ့ရှိရသည်။
သို့မှသာ ရန်ကျောက်ကဲက သူ့အစီအစဉ်အတိုင်း ‘ဖန်နှလုံးသား’ ကို စမ်းရေထဲပစ်ချလိုက်ပြီး အပြာရောင်စမ်းရေကို သွေးနီရောင်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။
နှင်းများ ၊ ရေခဲများ ဖုံးလွှမ်းနေသောလွင်ပြင်ထဲတွင် သွေးနီရောင်တောက်နေသည့် စိမ့်စမ်းရေများက ပွက်ပွက်ဆူလျှက်ရှိသည်။
ရန်ကျောက်ကဲက သွေးနီရောင်စမ်းချောင်းကို သေသေချာချာ စစ်ဆေးပြီး အတွင်းမှ ဝိညာဉ်စွမ်းအားကို အာရုံခံလိုက်သည်။ ခဏမျှတွက်ချက်ပြီးနောက် သူက မျက်ခုံးများကိုတွန့်ချိုးရင်း မျက်နှာအမူအရာကလည်း အနည်းငယ် အုံ့မှိုင်းသွားသည်။
ရန်ကျောက်ကဲ မျက်နှာအမူအရာကို အမြဲအကဲခတ်နေသည့် အားဟူက...
“သခင်လေး... ၊ ပြဿနာရှိလို့လား”
ရန်ကျောက်ကဲက ဖုံးကွယ်မထားဘဲ မျက်မှောင်ကြုတ်ထားရင်းဖြင့်ပင် ရှင်းပြသည်။
“ဒီ ‘အချိန်ချိတ်ဆက်စမ်းချောင်း’ မှာပါဝင်တဲ့ ဝိညာဉ်စွမ်းအားတွေက လူသားတွေကို အသက်ပြန်ရှင်နိုင်စေတဲ့ ပြန်လည်ရှင်သန်ခြင်းသွေးစွမ်းအားအဖြစ် ပြောင်းလဲနိုင်စွမ်း အရမ်းအားနည်းနေတယ်”
‘အချိန်ချိတ်ဆက်စမ်းချောင်း’ မှ ဝိညာဉ်စွမ်းအားများက ရန်ကျောက်ကဲ၏ အစီအစဉ်ကို များစွာအကျိုးမပြုပေ။
သို့သော် ထူးခြားသည့်နည်းလမ်းများကို အသုံးပြုပြီး စမ်းချောင်းထဲမှဝိညာဉ်စွမ်းအားမျာကို ‘ပြန်လည်ရှင်သန်ခြင်းသွေးစွမ်းအား’ အဖြစ် ပြေင်းလဲနိုင်လျှင်တော့ ထိတ်လန့်ဖွယ်ရာသက်ရောက်မှုများ ဖြစ်ပေါ်လာပေမည်။ သေလွန်ပြီးသူတို့ကို အသက်ပြန်လည်ရှင်သန်ရန် မစွမ်းဆောင်နိုင်သော်လည်း အသက်ရှင်ရန် မျှော်လင့်ချက်အနည်းငယ်မျှ ပိုင်ဆိုင်ထားသူများကိုတော့ ပြန်လည်ရှင်သန်လာစေမည် ဖြစ်သည်။
သို့ပေသိ ပြဿနာတစ်ခု ရှိနေသည်မှာ ‘အချိန်ချိတ်ဆက်စမ်းချောင်း’ များ၏ ဝိညာဉ်စွမ်းအားများကို “ပြန်လည်ရှင်သန်ခြင်းသွေးစွမ်းအား” အဖြစ် ပြောင်းလဲရာတွင် စမ်းချောင်းတစ်ခုနှင့်တစ်ခုက ပြောင်းလဲမှုနှုန်း မတူညီကြပေ။
ကံမကောင်းစွာပင် ရန်ကျောက်ကဲတွေ့ရှိခဲ့သည့် ‘အချိန်ချိတ်ဆက်စမ်းချောင်း’ မှ ဝိညာဉ်စွမ်းအားများကို ‘ပြန်လည်ရှင်သန်ခြင်းသွေးစွမ်းအား’ အဖြစ် ပြောင်းလဲရာတွင် ပြောင်းလဲမှုနှုန်း နည်းပါးနေသည်ကို တွေ့ရသည်။
“ငါ စိတ်ပူတာ... တစ်ယောက်ကိုပဲ ကယ်လို့ရမယ်ထင်တယ်”
စိတ်ထဲတွင် တွက်ချက်မှုများစွာ ပြုလုပ်ပြီးနောက် ရန်ကျောက်ကဲက မှတ်ချက်ပြုလိုက်သည်။
သူက ဆက်ပြောသည်။
“အစ်မယွီကျန်းက အခြေအနေမကောင်းတော့ဘူး ၊ အတော်ဆိုးနေပြီ ၊ ဒါကြောင့် ‘ပြန်လည်ရှင်သန်ခြင်းသွေးစွမ်းအား’ က သူ့အတွက် လုံလောက်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျွင်းအာလေးဆိုရင်တော့ ကိုးဆယ်ရာနှုန်းလောက် မျှော်လင့်ချက်ရှိတယ် ၊ အစ်မယွီကျန်းကိုလည်း သေဆုံးမသွားအောင် ထိန်းထားနိုင်မယ်ဆိုပေမယ့် ပြန်လည်နိုးထလာဖို့ကတော့ ကံတရားအတိုင်းပဲ”
ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချရင်း...
“အစ်မယွီကျန်းက အချိန်လည်းထပ်စောင့်လို့ မဖြစ်တော့ဘူး ၊ တခြားအစီအစဉ်များ လုပ်နိုင်ဦးမလား... ကျစ်”
ဘေးနားမှ အားဟူကလည်း ရန်ကျောက်ကဲကို စိတ်ပျက်အားငယ်စွ ငေးကြည့်ရင်း...
“သခင်လေး... ဒါဖြင့် ဒီနေရာကိုထားခဲ့ပြီး တခြား ‘အချိန်ချိတ်ဆက်စမ်းချောင်း’ တစ်ခု ထပ်ရှာကြမလား ၊ မြောက်ဖျားက ကျယ်ပြန့်တဲ့ဒေသကြီးတစ်ခုပဲ ၊ ကျွန်တော်တို့ နောက်ထပ်စမ်းချောင်းတစ်ခု ရှာတွေ့နိုင်မှာပါ”
ရန်ကျောက်ကဲက ကြည့်လေရာရာတွင် နှင်းဖြူများဖုံးလွှမ်းနေသည့် လူသူမရှိသော နှင်းလွင်ပြင်များကို လှမ်းကြည့်လိုက်သည်။
“ဒီနေရာက ကျယ်ပြန့်ပေမယ့် ‘အချိန်ချိတ်ဆက်စမ်းချောင်း’ တစ်ခုတွေ့ဖို့ဆိုတာ အရမ်းခက်တယ် ၊ ပြီးတော့ ဒီလိုစမ်းချောင်းတွေက နှစ်တွေကြာလာရင်လည်း အလိုလိုခမ်းခြောက်သွားတတ်ကြတယ် ၊ သဘာဝစွမ်းအားတွေ ပြန်လည်ရရှိလာမှ အသစ်ပြန်လည်မွေးဖွားလာတတ်တယ် ၊ ငါတို့အတွက် အဓိကပြဿနာက ကျွင်းအာနဲ့ အစ်မယွီကျန်းက အဲဒီအထိ အချိန်စောင့်နိုင်ပါ့မလား ပြောရခက်တယ်”
ရန်ကျောက်ကဲက သူနှင့်အတူ အရိပ်ကျုံ့အိတ်နှစ်ခုကို သယ်ဆောင်လာသည်။ တစ်ခုက အခြားပစ္စည်းများထည့်ရန်ဖြစ်ပြီး ကျန်တစ်ခုကတော့ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏ ရုပ်အလောင်းများကို သိမ်းဆည်းထားသော ရေခဲခေါင်းတလားများ ဖြစ်သည်။
ရန်ကျောက်ကဲက အရိပ်ကျုံ့အိတ်အတွင်းမှ ရေခဲခေါင်းတလားနှစ်လုံးကို တိတ်ဆိတ်စွာထုတ်ယူလိုက်ပြီး ခေါင်းတလားအတွင်း အိပ်ပျော်နေသည့် လူသားနှစ်ယောက်ကို ကြည့်လိုက်သည်။
အားဟူက ခပ်တိုးတိုးလေသံဖြင့်...
“သခင်လေး... တခြားနည်းလမ်းမရှိရင်လည်း စီစဉ်ထားတဲ့အတိုင်း လုပ်ကြတာပေါ့ ၊ မဟုတ်ရင် သခင်လေးပြောသလိုပဲ အစ်မယွီကျန်းက နောက်ထပ် အပြာရောင်စမ်းချောင်းတစ်ခု မွေးဖွားလာတဲ့အချိန်ထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက လက်ပိုက်ရင်း သူ့အရှေ့မှ ရေပူစမ်းကို စူးစိုက်ကြည့်ကာ အတန်ကြာစဉ်းစားနေသည်။
“အင်း... စမ်းကြည့်တာပေါ့ ၊ အခြေအနေက ငါတို့ထင်ထားတာထက်လည်း ပိုကောင်းနိုင်ပါတယ်”
ထို့နောက် ရန်ကျောက်ကဲက ရေခဲခေါင်းတလားနှစ်ခု၏ အဖုံးများကို ဖွင့်လိုက်သည်။
ရေခဲခေါင်းတလားတွင်ပိတ်ထားသည့် ချိတ်စည်းတံဆိပ်ကိုဖယ်ရှားလိုက်သည်နှင့် ရှီကျွင်းက အတော်လေးအခြေအနေကောင်းမွန်သော်လည်း ယင်ယွီကျန်းကတော့ အတော်လေး အားနည်းယိုယွင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ရန်ကျောက်ကဲက တည်ငြိမ်သည့်မျက်နှာထားဖြင့် သူတို့နှစ်ယောက်၏ ရုပ်ခန္ဓာများဆီသို့ ကြယ်တာရာချီစွမ်းအားများပို့လွှတ်ကာ ရုပ်အလောင်းများကို ရေခဲခေါင်းတလားအတွင်းမှ ထုတ်ယူလိုက်သည်။
ပတ်ဝန်းကျင်တွင် လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေသည်။
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက လေအေးများထက်ပင် ပိုမိုအေးစိမ့်နေပြီး ပကတိ အဖြူရောင် ဖြစ်သည်။
သူ၏ကြယ်တာရာချီစွမ်းအားများနှင့် ထိတွေ့မိသည်နှင့် ယင်ယွီကျန်း၏မျက်နှာက အလွန်တရာဖျော့တော့နေသော်လည်း အားနည်းယိုယွင်းခြင်းလက္ခဏာများ ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက...
“စောစောက မင်းကို ငါသင်ပေးထားတာတွေ မှတ်မိလား”
အားဟူက...
“သခင်လေး စိတ်ချပါ ၊ ကျွန်တော် အကုန်မှတ်မိပါတယ်”
ရန်ကျောက်ကဲ စကားမဆိုဘဲ ခေါင်းညိတ်လိုက်သည်။ သူက ကြယ်တာရာချီစွမ်းအားများကို ရွေ့လျားလိုက်ပြီး ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏ ရုပ်ခန္ဓာများကို သွေးရောင်လွှမ်းနေသည့် ရေပူစမ်းထဲသို့ အသာအယာချလိုက်သည်။
တစ်ချိန်တည်းမှာပင် အားဟူက ရှည်လျားသည့်တိုင်လုံးနှစ်ခုကို ထုတ်ယူပြီး တိုင်လုံးထိပ်ဖျားများတွင် ရွှေရောင်မီးအိမ်တစ်လုံးစီ ချိတ်ဆွဲလိုက်သည်။
ထို့နောက် တိုင်လုံးများကို အချိန်ချိတ်ဆက်စမ်းချောင်းဆီသို့ နှစ်မြုပ်လိုက်၏။ တိုင်လုံးရှည်များက စမ်းရေထဲတွင် ယိမ်းယိုင်ခြင်းမရှိဘဲ ဒေါင်လိုက်အတိုင်းတည့်တည့်မတ်မတ် စိုက်ဝင်သွားသည်။
ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏ခန္ဓာကိုယ်များသည်လည်း စမ်းရေထဲ အပြည့်အဝနစ်မြုပ်သွားခြင်းမရှိဘဲ စမ်းရေဖြင့် ဖုံးလွှမ်းခံရရုံမျှသာ နစ်မြုပ်လျှက်ရှိသည်။
အားဟူက ကြယ်တာရာချီစွမ်းအားအသုံးပြုပြီး တိုင်လုံးရှည်နှစ်ခုကို ဂရုတစိုက်ထိန်းချုပ်ထားသည်။ ထိုတိုင်လုံးရှည်များက ရှီကျွင်းနှင့် ယွီကျန်း၏ ရုပ်ခန္ဓာများထက်သို့ ဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက စမ်းရေအတွင်းမှ ဝိညာဉ်စွမ်းအားအတက်အကျကို အာရုံခံကြည့်ပြီးနောက် လက်ဖျောက်တစ်ချက်တီးလိုက်ရာ တိုင်လုံးရှည်နှစ်ခုထိပ်ဖျားတွင်ချိတ်ဆွဲထားသော ရွှေရောင်မီးအိမ်များမှ အလင်းရောင်များ ထွက်ပေါ်လာသည်။
အလင်းရောင်က ရွှေရောင်မီးအိမ်များနှင့်မတူညီစွာ ငွေရောင်အဆင်းတောက်ပနေပြီး သွေးနီရောင်တောက်ပနေသော စမ်းရေအတွင်းပိုင်းအထိ လင်းလက်သွားစေသည်။
ထို့နောက် တိုင်လုံးရှည်များအောက်ခြေမှ ငွေရောင်အလင်းကြိုးမျှင်များထွက်ပေါ်လာပြီး စမ်းရေထဲနစ်မြုပ်နေသည့် ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏ နှလုံးသားတည်ရှိရာနေရာဆီသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
အလင်းကြိုးမျှင်များ ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားသည်နှင့် ရှီကျွင်းနှင့် သူ့အမေ၏ခန္ဓာကိုယ်များ ဆတ်ခနဲတုန်လှုပ်သွားကြသည်။
သူတို့နှစ်ယောက်လုံး သတိလစ်နေဆဲဖြစ်သည့်တိုင် ဖြူဖျော့နေသည့်မျက်နှာများက သွေးရောင်လွှမ်းလာကြသည်။
ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ဘယ်ဘက်လက်သီးကိုခါးတွင်ဆွဲကာ ညာဘက်လက်ဖဝါးကို စမ်းရေထဲသို့ တွန်းထုတ်လိုက်၏။
ထိုအခါ သွေးနီရောင်စမ်းရေများက လည်ပတ်လာပြီး ရေဝဲကန်တော့တစ်ခုအသွင် ဖြစ်တည်လာသည်။
သို့သော် စမ်းရေများဖုံးလွှမ်းခံထားရသောသားအမိနှစ်ယောက်၏ရုပ်ခန္ဓာများနှင့် ရွှေရောင်မီးအိမ်များချိတ်ဆွဲထားသော တိုင်လုံးရှည်နှစ်ခုကတော့ မရွေ့လျားဘဲ တည်ငြိမ်စွာပင် ရှိနေသည်။
သွေးရောင်လွှမ်းသောစမ်းရေအတွင်းမှ ရှီကျွင်းနှင့်သူ့အမေ၏ အခြေအနေကို ရန်ကျောက်ကဲက တိတ်တဆိတ်လေ့လာနေရင်း သူ၏လက်နှစ်ဖက်ဖြင့် လက်ဝါးရိုက်ချက်များ အဆက်မပြတ်ထုတ်ဖော်ကာ ကြယ်တာရာချီစွမ်းအားများကို စမ်းရေအတွင်းထည့်သွင်းပြီး အခြေအနေကို ဂရုတစိုက် ထိန်းညှိပေးနေသည်။
အချိန်ကြာလာသည်နှင့်အမျှ စမ်းရေအတွင်းမှ သွေးနီရောင်များတဖြည်းဖြည်းလျော့ပါးလာ၏။
ထိုသို့ဖြင့်...
နေ့မှည ၊ ညမှနေ့ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။
ရန်ကျောက်ကဲက စမ်းရေကိုသာ အာရုံစိုက်ပြီး ထိန်းညှိပေးနေသည်။ အားဟူကတော့ ဘေးမှတိတ်တဆိတ် စောင့်ကြည့်ပေးနေသည်။
ညတစ်ညကုန်ဆုံးပြီး အရုဏ်မိုးသောက်ပြန်သည့် နေ့သစ်တစ်နေ့အရောက်တွင်...
အားဟူ ရုတ်တရက် မျက်နှာပျက်သွားသည်။
အဘယ်ကြောင့်ဆိုသော အဝေးတစ်နေရာမှ တိုက်ခတ်လာသည့် အနက်ရောင်မုန်တိုင်းကြီးတစ်ခုကို တွေ့မြင်လိုက်ရသောကြောင့်ပင်။ မုန်တိုင်းကြီးက ကောင်းကင်တစ်ခုလုံး နက်မှောင်သွားစေပြီး နေရောင်ခြည်ကိုပင် ဖုံးလွှမ်းသွားသည်။
ရန်ကျောက်ကဲက ခေါင်းမော့ကြည့်ရင်း မျက်လုံးများကို အသာမှေးစင်းလိုက်၏။
“အဲဒါ အနက်ရောင်အိပ်မက်ဆိုးတောင်က သိုင်းဆရာသခင်ပဲ ၊ ဒီအဘိုးကြီးက ကောင်းကင်မိုးကြိုးခန်းမကလူတွေလို ရေခဲနဂါးသူတော်စင်ရဲ့ အမွေအနှစ်ကို စိတ်မဝင်စားဘူး ၊ ငါတို့ကိုပဲ ပြဿနာရှာချင်နေတာ”