အတွေးလွန်သူတစ်ယောက်
Vol. 25 Ch. 347
အခန်း (၃၄၇) အတွေးလွန်သူတစ်ယောက်
အဝေးဆီတွင် ပြင်းထန်သည်ထက်ပြင်းထန်စွာ ကြီးထွားလာနေသော အနက်ရောင်ဟာရီကိန်းမုန်တိုင်းကြီးကိုကြည့်ရင်း ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
“အားဟူ... မီးအိမ်တွေအပေါ်က လေထုထဲမှာထိုင်ပြီး မင်းရဲ့ ကြယ်တာရာချီစွမ်းအားနဲ့ ငါတို့လုပ်နေတဲ့ အစီအစဉ်ကို တည်ငြိမ်အောင် ထိန်းထား”
အားဟူက အဝေးတစ်နေရာမှ အနက်ရောင်မုန်တိုင်းကြီးကို စိုးရိမ်တကြီးလှမ်းကြည့်မိသော်လည်း ရန်ကျောက်ကဲပြောသည့်အတိုင်း တသွေမတိမ်း နာခံလိုက်သည်။
အားဟူက ရွှေရောင်မီးအိမ်များချိတ်ဆွဲထားသော တိုင်လုံးရှည်နှစ်ခုအထက်ရှိ လေထုထဲသို့ ပျံတက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ ကြယ်တာရာချီစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
အားဟူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်တည်လာသည်။ အနက်ရောင်မုန်တိုင်းထဲတွင် ခရမ်းရောင်ချီစွမ်းအားများ စီးဆင်းနေပြီး ‘အချိန်ချိတ်ဆက်စမ်းချောင်း’ ကို ဖုံးအုပ်ကာကွယ်ပေးထားသည်။
ထိုအချိန် ရန်ကျောက်ကဲက အဝေးဆီမှဝင်ရောက်လာသော အနက်ရောင်မုန်တိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ခုန်ဝင်သွားသည်။
အနက်ရောင်မုန်တိုင်းထဲတွင် အဘိုးအိုတစ်ယောက်၏အသွင်အပြင်ကို ယောင်ဝါးဝါးတွေ့မြင်ရသည်။ ထိုအဘိုးကြီးမှာ အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန် ‘ကျန်းရှော်’ ဖြစ်ပြီး သူ့မျက်နှာက မည်းမှောင်အုံ့မှိုင်းလျှက် ရှိသည်.
ကျန်းရှော်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
သူက ရေခဲကန်သို့မသွားဘဲ မြောက်ဖျားဒေသတစ်ခွင်လှည့်လည်ရင်း ရန်ကျောက်ကဲနှင့်အားဟူကို လိုက်ရှာနေခြင်းပင်။
ကျန်းရှော်ပဲ ကံကောင်းလွန်းသည်လား ရန်ကျောက်ကဲပဲ ကံဆိုးလွန်းသည်လားမသိ ၊ ရက်အတန်ကြာရှာဖွေပြီးနောက် ရန်ကျောက်ကဲရှိနေသည့် ‘အချိန်ချိန်ဆက်စမ်းချောင်း’ တည်နေရာသို့ ကျန်ရှော်ရောက်ရှိလာခဲ့သည်။
ယခုတစ်ကြိမ်တော့ အဘိုးကြီး’ကျန်းရှော်’ က စစ်ကူပြေးခေါ်ရန် မစဉ်းစားတော့ပေ။
ပကတိရေခဲသွေးကြောတည်ရှိရာရေခဲဂူထဲတွင် ရန်ကျောက်ကဲကိုတွေ့ဆုံစဉ်က သူ စစ်ကူသွားခေါ်နေသဖြင့် ရန်ကျောက်ကဲဘက်မှ ထောင်ချောက်ဆင်ရန် အချိန်ရသွားခဲ့ပြီး လူတိုင်းနီးပါး အသက်ဆုံးခဲ့ရသည်။
ရေခဲဂူမှလွတ်မြောက်လာပြီးနောက် ကျန်းရှော်က ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများနှင့် အဆက်အသွယ်မပြတ်ခဲ့ဘဲ တစ်ဖက်နှင့်တစ်ဖက်ကူညီကာ သတင်းများ အပေးအယူ လုပ်ကြသည်။
မကြာသေးမီက ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုပြီး ရေခဲကန်တွင် တိုက်ခိုက်သွားကြောင်း သတင်းရခဲ့သည်။ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုလိုက်သည့်အတွက် လက်ရှိတွင် ထိုအရာမှာ စွမ်းအားများကုန်ခမ်းသွားပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။စွမ်းအားအချို့ ပြန်ပြည့်လာသည့်တိုင် ကျန်းရှော်အနေဖြင့် ကြောက်စရာမလိုပေ။
ထို့ကြောင့် ယခု ရန်ကျောက်ကဲကိုတွေ့သည်နှင့် သူက ရန်သူကိုပြင်ဆင်ရန် အချိန်မပေးတော့ဘဲ တန်းပြီးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
အဘိုးကြီးက လေထဲတွင်ပျံသန်းလာရင်း ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် လက်ကို စွန်ကုပ်လက်သည်းသဏ္ဌန် ကွေးကောက်လိုက်ပြီး ရန်ကျောက်ကဲထံသို့ ထိုးစိုက်ချလိုက်သည်။
တစ်ချိတ်တည်းမှာပင် ကြောက်မက်ဖွယ်ရာ အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းကြီးက ကောင်းကင်ထက်မှဆင်းသက်လာပြီး ရန်ကျောက်ကဲထံ ဦးတည်ဝင်ရောက်လာသည်။
အရှိန်ပြင်းထန်လွန်းသည့်မုန်တိုင်းက မီတာသုံးရာကျော်ရှည်လျားသည့် ကျားနက်ကြီးတ်စကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုကျားနက်ကြီးက မိုးမြေတစ်ခွင် ကြောက်မက်ဖွယ်ရာ လွင့်ပျံလာသည်။
ရန်ကျောက်ကဲက သူ့ရှေ့မှရန်သူကို လှမ်းကြည့်လိုက်သည်။
အားဟူသည်လည်း အနက်ရောင်အိပ်မက်ဆိုးလေပွေမုန်တိုင်းနှင့် နတ်ကျားတစ္ဆေလက်သည်းသိုင်းကို အသုံးပြုသော်လည်း ကျန်းရှော်၏စွမ်းအားက အားဟူထက်ပိုပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်သည်။
သူက အစစ်အမှန်သိုင်းအဇ္စျတ္တ အောင်မြင်ထားပြီး ကြယ်တာရာချီစွမ်းအားသန့်စင်ထားသည့် အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သည့်အပြင် အသက်အရွယ်ကြီးရင့်ပြီး အတွေ့အကြုံများသူလည်း ဖြစ်သည်။
ရေခဲကန်တွင် ကောင်းကင်မိုးကြိုးခန်းမမှ အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်များနှင့် တိုက်ခိုက်ရာတွင် ရန်ကျောက်ကဲက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အပြည့်အဝ အသုံးပြုခဲ့သည်။
ကောင်းကင်ဘုံနန်းတော်ထောက်တိုင်မှာလည်း နဂါးရုပ်အလောင်းထည့်ထားသည့် ရေခဲတိုင်လုံးကြီးကို ဖိနှိပ်ထားရသည်။
သို့ရာတွင် ရက်အတန်ကြာပြီဖြစ်သဖြင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကမှ ပကတိမိုးကြိုးစွမ်းအားကတော့ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သိုင်းဆရာသခင် စတုတ္ထအဆင့်ဖြစ်သော အမတဝိညာဉ် ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရန်မှာ သိုင်းဆရာသခင် ဒုတိယအဆင့် ၊ ဝိညာဉ်ခန္ဓာအလယ်ဆင့် ကျင့်ကြံသူ ရန်ကျောက်ကဲအတွက် မျှော်လင့်ချက်ကင်းမဲ့သည့်အနေအထား ဖြစ်သည်။
အားဟူသည်ပင် ရန်ကျောက်ကဲ ရင်ဆိုင်နိုင်မည်ဟု တွေးမထားခဲ့ပေ။
ထို့ပြင် ရန်သူက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ဖျက်ဆီးခံလိုက်ရသည့် အနက်ရောင်အိပ်မက်ဆိုးတောင်၏ အထွတ်ထိပ်သိုင်းပညာများကို ကျင့်ကြံထားသူ ဖြစ်သည်။ အနက်ရောင်အိပ်မက်ဆိုးတောင်မှ သိုင်းအမွေအနှစ်များက ပေါ့သေးသေးမဟုတ်ပေ။ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ထိပ်တန်းအဆင့် ရပ်တည်နေသော သိုင်းပညာများ ဖြစ်သည်။
ကျန်းရှော် ကြုံးဝါးသံတစ်ချက်ပြုလိုက်သည်။ အနက်ရောင်ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ဖန်ဆင်းထားသော ကြောက်မက်ဖွယ်ရာ ကျားနက်ကြီးက ရန်ကျောက်ကဲထံသို့ ခုန်ဝင်လာသည်။
အရှိန်အဟုန်က အလွန်လျှင်မြန်ပြီး ကျားဟိန်းသံနှင့်အတူ လေပြင်းများပါ တိုက်ခတ်လာသည်။ သူ၏လျှင်မြန်မှုက ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းသမားများထက် နိမ့်ကျခြင်းမရှိပေ။
အနက်ရောင်အိပ်မက်ဆိုးတောင် ဖျက်ဆီးမခံရခင်က အလွန်စွမ်းအားပြင်းထန်ပြီးသော သိုင်းပညာရပ်များပိုင်ဆိုင်ပြီး လေကဲ့သို့လျှင်မြန်သောအရှိန်အဟုန်ကို ပိုင်ဆိုင်သည့်အတွက် ကျော်ကြားခဲ့ကြသည်။
ကျန်းရှော်၏ စွန်ကုတ်လက်သည်းထိုးနှက်ချက်က သူ၏ အထူးခြားဆုံးနှင့် အပြည့်စုံဆုံး သိုင်းပညာကို ဖော်ပြခဲ့ခြင်း ဖြစ်၏။
ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက မျက်နှာတစ်ချက်မပျက်ဘဲ ရုတ်တရက် ခန္ဓာကိုယ်ကို ဘေးသို့ယိမ်းကာ ရှောင်တိမ်းလိုက်သည်။
ခန္ဓာကိုယ်ဘေးသို့ယိမ်းလိုက်သည်နှင့် ရန်ကျောက်ကဲ နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက လျှင်မြန်မှုကိုဦးစားပေးသော သိုင်းညာများအားလုံးကို ပေါင်းစပ်အသုံးပြုလိုက်ခြင်း ဖြစ်၏။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်အဖြစ်တည်ဆောက်ထားသော ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများက လေးလံပြီး ရက်စက်ကြမ်းကြုတ်သလို လျှင်မြန်ပြီး ဓားသွားအလား ထက်ရှသည်။
ရန်ကျောက်ကဲ ရှောင်တိမ်းလိုက်သောကြောင့် ကျားနက်ကြီးမှာ လေထုကိုသား ခြေသည်းများဖြင့် ကုတ်ခြစ်မိပြီး ဟန်ချက်ပျက်သွားရသည်။
ကျန်းရှော်၏မျက်နှာက ရေခဲကဲ့သို့ အေးစက်သွားသည်။ ရန်ကျောက်ကဲသည် အဆင့်တူများထဲတွင် သာလွန်သည့်သိုင်းစွမ်းရှိကြောင်း ဟိုးယခင်ကတည်းက သူ ကြားဖူးပြီးသား ဖြစ်သည်။
သို့သော် သူက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်လေရာ ရန်ကျောက်ကဲကဲ့သို့ ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ကို လက်ခုပ်ထဲကရေပမာ သွန်လိုသွန် မှောက်လိုမှောက် စိတ်ကြိုက်ကိုင်တွယ်နိုင်မည်သာပင်။
ဟန်ချက်ပျက်သွားသည့်တိုင် ကျန်းရှော်တွင် ဆက်လက်တိုက်ခိုက်ရန် အင်အားများစွာ ကျန်ရှိသေးသည်။
သို့ရာတွင် သူက ရန်ကျောက်ကဲ၏ ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကို သတိထားနေမိသည်။
ထိုပစ္စည်းက မည်သို့သော ရတနာပစ္စည်းမျိုးဖြစ်ကြောင်း အတိအကျမသိသလို ၊ အသေးစိတ်အချက်အလက်များကိုလည်း နားမလည်သော်ငြား အလွန်စွမ်းပြင်းထန်သော ရတနာတစ်ခုဖြစ်ကြောင်း သူ ကြားသိခဲ့သည်။ ထိုပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစလောက် စွမ်းအားမပြင်းထန်သော်လည်း သူ့အနေဖြင့် သတိထားရမည့်အရာ ဖြစ်သည်။
သို့ပေသိ သူ အတွေးလွန်နေခြင်းဖြစ်ကြောင်း အလျှင်အမြန်ပင် သိရှိခဲ့ရသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကဲ့သို့သော ရန်ကျောက်ကဲ၏ အဖိုးတန်ရတနာပစ္စည်းများအကြောင်း မစဉ်းစားမီ ရန်ကျောက်ကဲ၏ ကိုယ်ပိုင်သိုင်းစွမ်းကို ဦးစွာရင်ဆိုင်ခဲ့ရသည်။
ကျန်းရှော်က ရုတ်တရက် သိုင်းကွက်ပြောင်းလဲထုတ်ဖော်လိုက်သည့်အခါ ရန်ကျောက်ကဲက ဆေးဆေးတည်ငြိမ်စွာပင် ရင်ဆိုင်လိုက်၏။
ရန်ကျောက်ကဲက သိုင်းကွက်များကို ဆက်တိုက်ထုတ်ဖော်အသုံးပြုနိုင်သော ‘မိုးကြိုးတုန်လှုပ်သိုင်းပညာ’ ကို အသုံးပြုပြီး ချီစွမ်းအားကို လှည့်ပတ်လိုက်သည်။ သူ၏ ချီစွမ်းအားလှည့်ပတ်မှုအရှိန်အဟုန်က အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်ဖြစ်သော ‘ကျန်းရှော်’ ထက် နိမ့်ကျခြင်း မရှိပေ။
ရန်ကျောက်ကဲပုံရိပ်က ရုတ်တရက်လင်းလက်သွားပြီး ကျန်းရှောင်၏ ဒုတိယသိုင်းကွက်ကို ထပ်မံရှောင်တိမ်းလိုက်သည်။ ထို့နောက် လျှပ်စီးပမာ လေထဲသို့ခုန်ဝင်ကာ ကျားနက်၏ဝမ်းဗိုက်ကို တိုက်ခိုက်ခြင်းမပြုဘဲ ခြေထောက်များကို ဦးတည်တိုက်ခိုက်လိုက်သည်။
သူ၏အင်္ကျီလက်အတွင်းမှ စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံကြီးတစ်သံပါ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ဓားနှင့်လူ တစ်သားတည်းပေါင်းစပ်သွားပြီး အနက်ရောင်ကျားကြီးကို ထိုးစိုက်ချလိုက်သည်။
ကျန်းရှောင်က ဒေါသတကြီးဖြင့် ရန်ကျောက်ကဲကို လက်သည်းဖြင့် ကုတ်ချလိုက်သည်။ ကြောက်မက်ဖွယ်ရာကျားနက်ကြီး ပတ်ပတ်လည်တွင် အနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းများ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာကာ ကျားနက်ကြီးက ခါးကိုဆန့် ၊ လက်ကိုမြှောက်ပြီး ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ကို ခုခံတားဆီးလိုက်၏။
ရန်ကျောက်ကဲက အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး စိမ်းပြာရောင်အလင်းတန်းတစ်ချက် လင်းလက်သွားကာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ပုန်းအောင်းနေသောနဂါးပမာ သဲလွန်စပင် ရှာမရတော့ပေ။
ရန်ကျောက်ကဲ၏ပုံရိပ် ပြန်လည်ထွက်ပေါ်လာသည်နှင့် သူက ‘တိမ်လွှာနဂါးဓားသိုင်း’ ကို ‘မိုးကြိုးတုန်လှုပ်သိုင်းပညာ’ ဖြင့် ပေါင်းစည်းအသုံးပြုလိုက်သည်။ ပုန်းအောင်းနေသည့်နဂါး ထွက်ပေါ်လာသည့်ပမာ ပြင်းထန်သောစွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ပိုမိုပြင်းထန်လာသောဓားဝိညာဉ်က ကျားနက်ကြီး၏ ခြေထောက်များဆီမှ ကျားနက်ကြီး၏ခါးဆီသို့ ဦးတည်ဝင်ရောက်လာသည်။
ကျန်းရှော်၏ မျက်နှာက မည်းမှောင်နေပြီး ပို၍ တည်ကြည်လေးနက်လာသည်။
ပါရမီရှင်တစ်ယောက်ဆိုသည်က ကျင့်ကြံခြင်းအဆင့်တူများအားလုံးကို အနိုင်ယူနိုင်စွမ်း ရှိသည်။ ထိပ်သီးသိုင်းဂိုဏ်း၏ သိုင်းပညာရပ်ကို လေ့ကျင့်ကြသူချင်းအတူတူ သာမန်ကျင့်ကြံသူနှင့် ပါရမီရှင်တစ်ယောက်၏ သိုင်းစွမ်းက ကွဲပြားနေမည် အမှန်ပင်။
အတွေ့အကြုံများသော အဘိုးကြီး’ကျန်းရှော်’ ၏ဘဝတွင် လူငယ်ပါရမီရှင်များနှင့် လူငယ်သူရဲကောင်းများကို မကြာခဏတွေ့ကြုံရသည်ဖြစ်ရာ ထိုအချက်များကို ကောင်းစွာနားလည်ထားသည်။
သို့သော် သူ့အရှေ့မှ ရန်ကျောက်ကဲကတော့ သာမန်စံနှုန်းများဖြင့် အကဲဖြတ်ခြင်း မပြုနိုင်ရုံသာမက သူ သိထားသည့် ထိပ်တန်းအဆင့်ပါရမီရှင်များထက်ပင် သိုင်းစွမ်းသာလွန်နေကြောင်း တွေ့မြင်ခဲ့ရသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ သို့မဟုတ် ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကဲ့သို့သော အရာများကို စဉ်းစားစရာမလိုအပ်ကြောင်း ကျန်းရှော် သိလိုက်ရသည်။ ထိုအရာများထွက်ပေါ်မလာခင်မှာပင် ရန်ကျောက်ကဲ၏စွမ်းအားဖြင့် သူ ဤနေရာတွင် အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလား။
သို့ပေသိ ဒေါသပြင်းထန်နေသော အနက်ရောင်အိပ်မက်ဆိုးတောင်မှ အကြွင်းအကျန် အဘိုးကြီးသည် နောက်ဆုတ်မည့်ဟန် မရှိပေ။ သူက ကျယ်လောင်သည့် ကြုံးဝါးသံတစ်သံပြုလုပ်လိုက်ပြီး လက်ထဲတွင် အနက်ရှောင်ဓားကြီးတစ်လက် ပေါ်လာသည်။
ဓားသွားဆင်းသက်လာသည်နှင့် အနက်ရောင်လေပြင်းများ ကောင်းကင်တစ်ခွင် တိုက်ခတ်လာပြီး ကျန်းရှော်က ခန္ဓာကိုယ်တစ်ခုလုံး၏ ဖိအားကို အသုံးပြုကာ ရန်ကျောက်ကဲကို ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
အပြည့်အဝသန့်စင်သိပ်သည်းသွားသည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းက အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လေထုကိုထိုးခွင်းကာ ရန်ကျောက်ကဲထံ ဝင်ရောက်လာသည်။
အနက်ရောင်အလင်းတန်း ဖြတ်သန်းသွားရာ မိုးမြေတစ်ခွင် ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားပြီး တိမ်နှင့်လေများ လွင့်ပျံသွားသည်။
အဘယ်ကြောင့်ဆိုသော် ဓားသွားဖြတ်သန်းလာရာ လမ်းတစ်လျှောက်တွင် လေထုအပါအဝင် အရာခပ်သိမ်းကို အပိုင်းပိုင်းဖြတ်တောက်သွားသောကြောင့် ဖြစ်၏။
ဓားအလင်းရောင် ပစ်မှတ်ထားခြင်းခံရသည့် ရန်ကျောက်ကဲမှာတော့ ခန္ဓာကိုယ် လှုပ်ရှားရန်ပင် မတတ်နိုင်တော့ပေ။ ကြီးမားသည့်စုပ်ယူစွမ်းအားကြီးတစ်ခုက သူ့ကို နေရာမှာပင် ပိတ်မိနေစေကြောင်း ခံစားလိုက်ရသည်။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ဓားဝိညာဉ်ကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။
အချိန်ချိတ်ဆက်စမ်းချောင်းထက်တွင်ရှိနေသည့် အားဟူက ရန်ကျောက်ကဲကို ထိတ်လန့်စွာ ကြည့်နေသည်။
ထိုအချိန်...
သူ့စိတ်ထဲ တစ်စုံတစ်ခုကို ခံစားမိပြီး နောက်သို့လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် နှင်းများထူထပ်စွာကျဆင်းနေသော နှင်းလွင်ပြင်ကျယ်ကြီးရှိပြီး သိမ်မွေ့သောအမူအရာအရှိသည့် လူငယ်တစ်ယောက် နှင်းလွင်ပြင်ထက်တွင် ရှိနေသည်။
ထိုလူငယ်ကိုတွေ့သည်နှင့် အားဟူ မျက်နှာပျက်သွားသည်။
လူငယ်၏လက်ထဲတွင် ခရမ်းရောင်လျှပ်စီးများတောက်ပနေသည့် လေးတစ်လက်ကိုင်ထားပြီး လေးထက်တွင် မြားတစ်စင်းရှိနေသည်။ သူက လေးကြိုးကို နောက်သို့ဆွဲပြီး ရန်ကျောက်ကဲရှိရာနေရာသို့ မြားကိုချိန်ရွယ်လိုက်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ ‘လင်ကျိုး’။
သူက ရေခဲကန်သို့ မပြန်ဘဲ ကျန်းရှော်နှင့်အတူ ရန်ကျောက်ကဲကို ရှာဖွေရန် လိုက်ပါလာခဲ့ခြင်း ဖြစ်လေ၏။