စိတ်ဝိညာဥ်အမြစ်မရှိဘူး
Vol. 5 Ch. 69
ဘာ?....
ရှုယင်းရင် သူမနားသူမ မယုံနိုင်ဖြစ်သွားသည်။
“ဆရာ, ငါ့ကို အစစ်အမှန်တပည့်လို့ အစောကြီးကတည်းက သတ်မှတ်ပြီးသားမဟုတ်လား….”
“ဘယ်လိုဖြစ်ပြီး အမဆီရောက်သွားရတာလဲ….”
လျိုချင်းရှန်စကားတွေနှင့် ပတ်သက်ပြီး သူအများကြီး ထုတ်ပြောလို့မရပေ။ ထို့ကြောင့် ပါးပါးနပ်နပ်ပြောဖို့သာ တတ်နိုင်၏။
“ငါရှင်းပြလို့မရတဲ့ အချို့အရာတွေရှိတယ်။ မင်းကို ပြောနိုင်တာကတော့ မင်းအမက အစစ်အမှန်တပည့်ဖြစ်ဖို့ ပိုသင့်တော်တယ် ဆိုတာပဲ…..”
ရှုယင်းရင် မျက်လုံးတွေ မကျေနပ်ချက် ကြောင့်နီရဲလာတာမြင်သည့်အခါ သူက နှစ်သိမ့်လိုက်၏။
“ဒီလိုဆိုရင်ကောဘယ်လိုလဲ။ မင်းက နာမည်အားဖြင့်တော့ အတွင်းစည်းတပည့်ဖြစ်မယ်။”
“တကယ့်အမှန်မှာတော့ ငါ မင်းကို အစစ်အမှန်တပည့်တစ်ယောက်လို့ ဆက်ဆံမယ်။ ဘယ်လိုသဘောရလဲ….”
“ဒါ့ပြင် မင်းတို့က ညီအမတွေပဲ။ အပြင်လူတွေမှမဟုတ်တာ။ ခေါင်းစဥ်လေးတစ်ခုကို ဘာလို့ စိတ်ညစ်ခံနေမှာလဲ….”
ရှုယင်းရင် မျက်လုံးတွေက ပိုလို့တောင် နီရဲလာခဲ့သည်။
အရင်ကသာဆိုလျှင် သူမ လက်ခံပေးလိုက်လို့ရ၏။ အဆုံးမှာတော့ သူမတို့က ညီအမတွေဖြစ်၏။
သို့ပေမယ့် ယခုအခါမှာတော့….
သူမက ဂျန်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။
ဂျန်ဖန်း မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ မရှိသော်လည်း စိတ်ထဲမှာရယ်နေမှာကို သူမသိ၏။
အစကတည်းက အစစ်အမှန်တပည့်ဖြစ်ခြင်းက သူမ၏ ဂုဏ်ယူမှု၊ ဂုဏ်ကျက်သရေပဲ ဖြစ်သည်။ ထိုအရာက ဂျန်ဖန်းရှေ့မှာ သူမကြွားဝါးရမည့် အရာပဲဖြစ်သည်။
ယခု, ဤဂုဏ်သတင်းက အခြားလူဆီ ရောက်သွားပြီပဲဖြစ်သည်။
သူမက ဂျန်ဖန်းမျက်လုံးထဲမှာ ဟာသတစ်ခု ဖြစ်နေ၏။
ထိုအရာကို ပြန်ယူရမည်ပဲ ဖြစ်သည်။
“ဆရာ, ငါ ဒါကို လက်မခံနိုင်ဘူး။”
ရှုယင်းရင် အံကြိတ်ကာပြောလိုက်သည်။
“ငါ့အမက ဘာလို့ အစစ်အမှန်တပည့်နေရာ ရတာလဲ….”
“နင်က သူမရဲ့ စိတ်ဝိညာဥ်အမြစ်ကိုတောင် စမ်းသပ်ခဲ့တာမဟုတ်ဘူး…..”
ရှုရို့ရန် အပြစ်ရှိသလိုခံစားလိုက်ရပြီး အလျှင်အမြန်ပြောလိုက်သည်။
“ဆရာ, ညီမလေးကိုပဲ အစစ်အမှန်တပည့် ပေးလိုက်ပါ…..”
“ငါက အစစ်အမှန်တပည့်နဲ့ မထိုက်တန်ပါဘူး….”
“အတွင်းစည်းတပည့်ကကို ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်နေပါပြီ…..”
လီချင်ဖုန်းလည်း ခေါင်းကိုက်သွားခဲ့သည်။
ရှုယင်းရင်း၏အရည်အချင်းနှင့်ဆိုလျှင် အစစ်အမှန်တပည့်ဖြစ်ဖို့က ပြဿနာမရှိပေ။
သို့ပေမယ့် ရှုရို့ရန်က ဂိုဏ်းသခင်သမီး ရွေးချယ်ထားသည့် တပည့်ဖြစ်သည်။
ဘယ်လိုလုပ်ပြီး သူက သူမကို လျစ်လျူရှုနိုင်မည်နည်း။
ထိုအခိုက်အတန့်၌….
ဂျန်ဖန်း ရှေ့တက်လာပြီး လီချင်ဖုန်းကို စာတစ်ကြောင်းတင်ပြလိုက်၏။
“အကြီးအကဲလီ, ရို့ရန်ရဲ့ စိတ်ဝိညာဥ်အမြစ်ကို ဘာလို့ စမ်းသပ်မကြည့်တာလဲ….”
ရှုရို့ရန် စိုးရိမ်သွားပြီး ဂျန်ဖန်းအင်္ကျီလက်ကို ဆွဲလိုက်သည်။
“နင်ဘာတွေလုပ်နေတာလဲ…. ငါ အရှက်မကွဲချင်ဘူးနော်….”
သူမ၏ အဆင့် ၂ စိတ်ဝိညာဥ်အမြစ်နှင့် ဘာလုပ်နိုင်မည်နည်း။
သို့ပေမယ့် ဂျန်ဖန်းက ပြုံးပြီး စာရေးလိုက်သည်။
“ရို့ရန်က အစစ်အမှန်တပည့်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ ငါယုံကြည်တယ်…”
သူ့စကားတွေက ယုံကြည်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ဒုနန်းတော်သခင် ၁၀ စုနှစ်တစ်ခုကြာ လိုက်ရှာခဲ့သည့် သေခြင်းကျော်လွန်ဆေးလုံးက အဆင့်တစ်ဆင့်တည်းတိုးတက်မည်တော့ မဖြစ်နိုင်ပေ။
ရှုရို့ရန်၏ လက်ရှိစိတ်ဝိညာဥ်အမြစ်က အနည်းဆုံးအဆင့် ၄ ဖြစ်နိုင်ပြီး ရှုယင်းရင်းထက် အများကြီးမနိမ့်ပေ။
အစစ်အမှန်တပည့်ဖြစ်ဖို့ လုံလောက်တာထက်တောင် ပိုနေ၏။
အို့?.....
လီချင်ဖုန်း ဂျန်ဖန်းကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ရှုယင်းရင်၏ ခေါင်းမာသည့်မျက်နှာကို ကြည့်လိုက်သည်။ သူက တစ်ခဏတွေးပြီး ပြောလိုက်သည်။
“ကောင်းပြီလေ, ဘယ်လိုပဲဖြစ်ဖြစ် ရှုရိုရန်ရဲ့ စိတ်ဝိညာဥ်အမြစ်က စမ်းသပ်ရမှာပဲ….”
“ငါတို့ လူအများရှေ့မှာ စမ်းသပ်လိုက်တာပေါ့……”
သူက လက်ဝါးအရွယ် သတင်းတိုင်တစ်ခုကို ထုတ်ယူပြီးပြောလိုက်သည်။
“ရှုရို့ရန်, ဒီပေါ် လက်တင်လိုက်ပါ။ စိတ်ဝိညာဥ်အမြစ်အဆင့် ပေါ်လာလိမ့်မယ်….”
ရှုရို့ရန်၏ မျက်နှာက နီရဲနေပြီး တွန့်ဆုတ်စွာပြောလိုက်သည်။
“ဆရာ, ငါ့စိတ်ဝိညာဥ်အမြစ်က အရမ်းနိမ့်တယ်….”
လီချင်ဖုန်း ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး….. ဘယ်လောက်နိမ့်နိမ့် မင်းက ငါ့တပည့်ဖြစ်နေတုန်းပဲ…..”
အကူအညီမဲ့ပြီး သူမက စိတ်လေးလံစွာဖြင့် ရှေ့ထွက်လာဖို့သာ တတ်နိုင်၏။ ထို့နောက် သူမလက်သေးသေးလေးကို သလင်းကျောက်ပေါ်ထားလိုက်သည်။
သူမမျက်နှာက စိတ်ပျက်အားငယ်မှုတွေနှင့် ပြည့်နေပြီး အဆင့် ၂ စိတ်ဝိညာဥ်အမြစ်ထွက်ပေါ်လာမည့် ရှုက်စရာကောင်းသည့်မြင်ကွင်းကို စိတ်ကူးယဥ်ကြည့်လို့ရတာပဲဖြစ်သည်။
ရှုယင်းရင်လည်း သလင်းကျောက်ကို စိုက်ကြည့်နေခဲ့သည်။
ရှုရို့ရန်၏ အဆင့် ၂ စိတ်ဝိညာဥ်အမြစ်သာ ထွက်ပေါ်လာလျှင် လီချင်ဖုန်း သူမကို အစစ်အမှန်တပည့်အဖြစ်လက်ခံဖို့ မျက်နှာရှိအုန်းမည်လား။
ဝှီး! ဝှီး! ဝှီး!
သလင်းကျောက် အချိန်ခဏကြာ လှည့်ပတ်ပြီးနောက် ရပ်တန့်သွားခဲ့သည်။
၎င်းက အလင်းတန်းတစ်ခု ထုတ်လွတ်ပြီး လေထဲမှာ ရှင်းလင်းပြတ်သားသည့် စာကြောင်းတစ်ခု ပေါ်လာခဲ့သည်။
“အဆင့် ၇ စိတ်ဝိညာဥ်အမြစ်…..”
လီချင်ဖုန်း ကုလားထိုင်မှ ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ့မျက်လုံးတွေက အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
“အဆင့် ၇ စိတ်ဝိညာဥ်အမြစ်…. ရှုရို့ရန်, နင်က တကယ်ပဲ ဆရာ့ကို အံ့အားသင့်စေတာပဲ…..”
မူလက ရှုရို့ရန်၏ပါရမီ အလွန်နိမ့်မည်ဟု သူထင်ခဲ့၏။
သို့ပေမယ့် အမှန်တော့ ရှုယင်းရင်း၏ အဆင့် ၆ စိတ်ဝိညာဥ်အမြစ်ထက်တောင် သာနေခဲ့သည်။
ရှုမိသားစုလည်း တုန်လှုပ်သွားကြသည်။
သူတို့က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
ရှုရို့ရန်ကိုယ်တိုင်လည်း အံ့အားသင့်နေခဲ့သည်။
“ဖန်း, ဘာတွေဖြစ်နေတာလဲ….”
သူမ၏ပြောင်းလဲမှုက ဂျန်ဖန်းကြောင့်ပဲ ဖြစ်သည်။
ထိုထူးဆန်းသည့်အရည်တွေလား….
ဒါမှမဟုတ် သူမခုလေးတင်စားခဲ့သည့် စိတ်ဝိညာဥ်ဆေးလုံးကြောင့်လား…..
တပ်! တပ်! တပ်!
ရှုယင်းရင်း နောက်ကို ယိမ်းယိုင်သွားပြီး လှပသည့် မျက်နှာလေးက ချက်ချင်းဖြူဖြော့သွားခဲ့သည်။ သူမက ထိုအရာကို လက်မခံနိုင်ပဲ ခေါင်းခါယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး…. မဖြစ်နိုင်ဘူး…..”
“ဒါ မဖြစ်နိုင်ဘူး…..”
“နင့်မှာ ဘယ်လိုလုပ် အဆင့် ၇ စိတ်ဝိညာဥ်အမြစ် ရှိမှာလဲ…..”
ရှုရို့ရန် သူမ၏သွေးရူးသွေးတန်းအခြေအနေကြောင့် အနည်းငယ်ကြောက်လန့်သွားပြီး ဂျန်ဖန်းနောက်ကိုဝင်ပုန်းလိုက်သည်။
ထိုအရာကြောင့် ရှုယင်းရင်၏ အာရုံက ဂျန်ဖန်းဆီကို ရောက်သွားခဲ့သည်။
သူမအမ၏ ပြောင်းလဲမှုတွေက ဂျန်ဖန်းနှင့် စေ့စပ်ပြီးကတည်းကဖြစ်၏။ ထိုအရာကို တွေးမိပြီး သူမက အကြောင်းအရာကို ခန့်မှန်းမိလိုက်သည်။
ဂျန်ဖန်း ရှုရို့ရန်ကို ထူးဆန်းသည့်အရည်တွေ ပေးတာ သူမ တစ်ချိန်ထက်မက မြင်ဖူး၏။
ထို့ပြင် ခုလေးတင်ပေးလိုက်သည့် ကျောက်စိမ်းသေတ္တာထဲက ဆေးလုံးက အလွန်တန်ဖိုးကြီးတာ သိသာလှ၏။
ထိုအရာက ဂျန်ဖန်းပဲဖြစ်သည်။
သူမအမ၏ ပြောင်းလဲမှုက ဂျန်ဖန်းကြောင့် ဖြစ်မည်ပဲဖြစ်သည်။
အရင်က အဆင့် ၂သာ ရှိသည့် သူမအမ စိတ်ဝိညာဥ်အမြစ်ကို သူမထက်သာအောင် ပြောင်းလဲပေးလိုက်တာဖြစ်၏။
အရာရာကို နားလည်ပြီးနောက်, ရှုရို့ရန် ဝမ်းနည်းသွားပြီး မျက်လုံးထဲက မျက်ရည်တွေ တာကျိုးသကဲ့သို့ စီးကျလာခဲ့သည်။
“ဂျန်ဖန်း, နင် ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ….”
“ဘာလို့လဲ… ဘာလို့လဲ…. ဘာလို့လဲ…..”
သူက သုံးကြိမ်တိတိမေးလိုက်ပြီး ငိုကာ အပြင်ကို ပြေးထွက်သွားခဲ့သည်။
ဂျန်ဖန်း ဆွံ့အသွားပြီး ရေရွတ်လိုက်သည်။
“ငါ နင့်ကို ဘာလုပ်မိလို့လဲ…. ဒါက ရူးကြောင်ကြောင်းနိုင်လွန်းတယ်…..”
ရှုရို့ရန်ကတော့ အပြစ်ရှိသလိုခံစားလိုက်ရသည်။
သူမညီမ၏အတွေးကို သူမနားလည်တာဖြစ်ပြီး လေးပင်စွာသက်ပြင်းချလိုက်သည်။
“သူက နင့်ကို အပြစ်တင်တာမဟုတ်ပါဘူး…..”
“နင့်ကို ငါ့ဆီတွန်းပို့ခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တင်တာပါ…..”
“ဒီနေ့ ငါ့မှာရှိတာအားလုံးက သူမပိုင်တဲ့ အရာတွေလေ….”
ဂျန်ဖန်း နာလည်၏။
သို့ပေမယ့် သူက အနည်းငယ် ခေါင်းခါယမ်းလိုက်ပြီး သူမပခုံးကို ညင်သာစွာ ဖက်လိုက်သည်။
“မင်းကိုယ်မင်းအပြစ်တင်ဖို့ မလိုပါဘူး…..”
“အရာအားလုံးက သူမရဲ့ကိုယ်ပိုင် ရွေးချယ်မှုပဲလေ….”
လီချင်ဖုန်း နှစ်ယောက်ကြားက ဆက်ဆံရေးကို မြင်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ရှုရို့ရန်, ငါက မြို့ထဲက အဆင့် ၉ စိတ်ဝိညာဥ်အမြစ်ကို ရှာရအုန်းမှာ…..”
“ရက်အနည်းငယ်အတွင်းပြင်ဆင်ထားပါ။ အဲ့ဒီလူကိုရှာတွေ့ရင် မင်းငါနဲ့ တိမ်စိမ်းဂိုဏ်းကို လိုက်ခဲ့ရမယ်….”
ရှုရို့ရန် နှလုံးသားတင်းကြပ်သွားခဲ့သည်။
သူက ဘေးကဂျန်ဖန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဆရာ, ဂျန်ဖန်းကိုလည်း တပည့်အဖြစ် ခေါ်လို့ရမလား….”
လီချင်ဖုန်း ဂျန်ဖန်းကို အထက်အောက်ကြည့်ပြီး ပြောလိုက်သည်။
“သူ့အရည်အချင်းကို အရင်စစ်ဆေးကြတာပေါ့…..”
“လက်ခံပေးလို့ရရင် တပည့်အဖြစ်ခေါ်ဖို့ စဥ်းစားပေးမယ်….”
သူက ဂျန်ဖန်းလက်ထဲကို သလင်းကျောက် ပေးလိုက်သည်။
ဂျန်ဖန်း ထိုအရာကိုယူလိုက်ပြီး တွေးဝေမနေပဲ စိတ်ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်သည်။
သူက အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ဤသလင်းကျောက်က ကြေးဝါပေတံထက် အာရုံခံနိုင်စွမ်း နည်းတာ ရှင်းနေ၏။
နောက်တစ်ကြိမ်စစ်ဆေးမှုကျရှုံးဦးမည်လား…..
သူကြောက်လန့်နေသည့်အရာက အမှန်တကယ်ရောက်ရှိလာခဲ့သည်။
မကြာမီ, “စိတ်ဝိညာဥ်အမြစ်မရှိ” ဟူသည့် စကားလုံး လေထဲမှာပေါ်လာခဲ့သည်။
လီချင်ဖုန်း သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ ငါက ဂိုဏ်းအကြီးအကဲ ဖြစ်ရင်တောင် စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူကို ဂိုဏ်းထဲ ခေါ်သွားလို့မရဘူး….”
ရှုရို့ရန် စိုးရိမ်စွာနှင့်ပြောလိုက်သည်။
“ဒါပေမယ့်…. ဒါပေမယ့် ဖန်းက ကျင့်ကြံနိုင်တယ်။”
အို့?.....
လီချင်ဖုန်း မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ပေါ်လာပြီး မုတ်ဆိတ်မွေးပွတ်ကာ ပြောလိုက်သည်။
“စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် ကျင့်ကြံနိုင်တယ်…..”
“ဒီလိုကိစ္စမျိုး, မကြားဖူးဘူး…”
ရှုကျန်းယန်လည်း အလျှင်အမြန်ပြောလိုက်သည်။
“အကြီးအကဲလီ, ဒါတကယ် အမှန်ပါ….”
“ဂျန်ဖန်းက ကျင့်ကြံနိုင်ရုံတင်မဟုတ်ဘူး, အတော်လေးလဲထူးခြားတယ်။”
ထူးခြားတယ်?....
လီချင်ဖုန်း ပြုံးရုံသာပြုံးလိုက်၏။
သူ့မျက်လုံးထဲ၌ အခြေခံတည်ဆောက်ခြင်း အဆင့် အထက်ကိုသာ သိုင်းပညာရှင်တစ်ယောက် အဖြစ် သတ်မှတ်၏။
ချီကျင့်ကြံခြင်းအဆင့်က ကလေးသာသာပဲ ဖြစ်သည်။
စိတ်ဝိညာဥ်အမြစ်မရှိသည့်လူတစ်ယောက်က ဘယ်လောက်ဝေးဝေး သွားနိုင်မည်နည်း။
အများဆုံးမှ ကောင်းကင်နှင့်မြေကြီးရတနာတွေ အသုံးပြုပြီး ချီကျင့်ကြံခြင်းအဆင့် ၃, အဆင့် ၄ လောက်သာ ရောက်နိုင်၏။
သို့ပေမယ့် ရှုရို့ရန်ကို နားချဖို့….
သူက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဒါဆိုလည်း ငါ ဂျန်ဖန်းကို အခွင့်အရေးတစ်ခုပေးမယ်….”
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ငါ့ကို ပြပါ…..”