← Chapters

စူပါမားကတ်

Vol. 7 Ch. 96

စူပါမားကတ်

Vol. 7 Ch. 96

လူသေဓာတ်ပုံထဲမှ လူများသည် အပြင်ဘက် စိုက်ကြည့်နေကြသည်။ကောင်းမင်သည် သူ့မိဘများကို ဖုန်းခေါ်လိုက်သည်။ခဏအကြာတွင် တံခါးခေါက်သံထွက်ပေါ်လာ၏။ကောင်းမင်က တံခါးကို ဖွင့်လိုက်သည်။တံခါး အလွန်တွင် အရိပ်ကမ္ဘာရှိပေသည်။သရဲမိခင် စကားမပြောရသေးခင် သူသည် အရိပ်ကမ္ဘာထဲဝင်လိုက်ပြီး သူ့နောက်ရှိတံခါးကို ပိတ်လိုက်သည်။လူသေဓာတ်ပုံစွမ်းအားကို သုံး၍ ကောင်းမင်သည် အရိပ်ကမ္ဘာထဲရှိ မင်လောင်လမ်း အဆောက်အဦး ၄ သို့ ရောက်လာခဲ့သည်။

သူသည် သတိမပေးပဲ ပေါ်လာသောကြောင့် အစောင့်တာဝန်ကျနေသော ရွာသားနှစ်ယောက်ကို ထိတ်လန့်သွားစေခဲ့သည်။သူတို့ထဲမှ တစ်ယောက်က လျှင်မြန်စွာ တုန့်ပြန်လိုက်သည်။သူသည် နံရံပေါ်မှကြိုးကို ဆွဲရမ်းလိုက်လေသည်။ ခေါင်းလောင်းသံက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာ၏။အပေါ်ထပ်မှ ခြေသံများ ထွက်ပေါ်လာလေသည်။အမှောင်ထုသည် ပျံ့နှံလာပေသည်။လက်နက်တစ်ခုကို ကိုင်ထားသော ဝေတယိုသည် အခြားရွာသားများကို တွန်းဖယ်၍ ထွက်လာ၏။

"စိတ်လျှော့ကြပါ ၊ သူက ကျုပ်တို့လူပဲ "

ဝေတယိုသည် ကောင်းမင်ကို မြင်သော်လည်း သတိမပေါ့လျော့ဝံ့ပေ။မေးခွန်းအနည်းငယ်မေး၍ ကောင်းမင်အစစ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင် သူ‌အနားကပ်လာခဲ့သည်။

"ချီးပဲ ၊ ငါတို့မှာ လန့်လိုက်ရတာ "

ဝေတယိုက ကောင်းမင်ကို အသာထိုးလိုက်သည်။

"ဒီနေရာက ကြောက်စရာကောင်းတယ်ကွ ၊ မင်းက ငါတို့အတွက် အိမ်ကောင်းကောင်းရွေးထားတာ သေချာတယ် !"

"မျက်မမြင်အစ်ကိုကြီးရော ဘယ်မှာလဲ "

ရွာသားများသည် ဝေတယိုကို လေးစားကြကြောင်း ကောင်းမင် သတိထားမိသည်။

"သူ အနားယူနေတာ "

ဝေတယိုသည် ရွာသားနှစ်ယောက်ကို ပြန် ကင်းစောင့်ခိုင်းလိုက်သည်။သူသည် ကောင်းမင်နှင့် ကိတ်မုန့်များယူလာသော သရဲမိဘများကို လေးလွှာသို့ ခေါ်လာခဲ့သည်။

"မင်းနဲ့အတူ ကိတ်မုန့်တွေ ယူလာဖို့မလိုပါဘူးကွာ ! ဒါပေမယ့် ငါတို့မှာ အစာနဲ့ရေတော့ ပြတ်နေပြီကွ "

အန်းအန်း၏အိမ်အား ဝေတယိုက အမိန့်ပေးဌာနအဖြစ်ပြောင်းလဲထားသည်။လက်ဖြင့်ရေးဆွဲထားသော မြေပုံတစ်ချပ်ကို နံရံပေါ်တွင် ချိတ်ဆွဲထား၏။၎င်းတွင် အချက်အလက်အမျိုးမျိုးကို အမှတ်အသားပြုထားသည်။အဆောက်အဦး၄ အနီးတွင်ရှိသော စူပါမားကတ်အား စက်ဝိုင်းဝိုင်းထားလေ၏။ အခန်းထဲတွင် ကောင်းမင်နှင့်ဝေတယိုနှစ်ဦးထဲ ကျန်သောအခါ ဝေတယိုက တံခါးကို ပိတ်လိုက်ပြီး စိုးရိမ်ကြောက်ရွံ့မှုများ ထွက်ပေါ်လာ၏။

"ညီကို ဒါက ကြည့်ကောင်းမနေဘူးနော် "

ဝေတယိုသည် အံဆွဲထဲမှ စာရင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။

"အဆောက်အဦး၄မှာ အသက်ရှင်ကျန်ရစ်သူ ၆၇ယောက်ရှိတယ် ၊ ပိုဝမ်ရွာသားတွေက ၃၂ယောက် ၅ယောက်က အိမ်ခြေရာမဲ့တွေ ၊ ကျောင်းသားက ၂၀ နဲ့ဆယ်ယောက်က စုံစမ်းရေးမှူးတွေပဲ ၊ သူတို့ထဲက တစ်ဝက်က အရိပ်ကူးစက်သွားကြပြီ ၊ သူတို့က အရိပ်လောကထဲက ထပ်မထွက်နိုင်တော့ဘူး "

"အရိပ်ကူးစက်တာလား "

"အရိပ်ကမ္ဘာထဲမှာ အချိန်တစ်ခုထိနေမိတာ ဒါမှမဟုတ် သရဲတစ်ကောင်နဲ့ ထိတွေ့မိတာ အဲ့လိုဆိုရင် ကူးစက်ခံရလိမ့်မယ် "

ဝေတယိုသည် သူ့အင်္ကျီလက်ကို မတင်လိုက်သည်။သူ့လက်မောင်းတွင် သိပ်မထင်ရှားသော သရဲတက်တူးတစ်ခုရှိလေ၏။ယင်းသည် ဧရာမသရဲတစ်ကောင်နှင့်တူ၏။

"ဒါက ဥပမာပဲ ၊ မျက်မမြင်အစ်ကိုကြီးက ဒါကို ငါ့ကို လုပ်ပေးသွားတာ ၊ ဒါက ငါ့အတွက် သူ့ရဲ့အကာအကွယ်ပဲ "

"ဆက်ပါဦး "

ကောင်းမင်က မြေပုံကို လေ့လာလိုက်သည်။

"ဒီနေရာမှာ လူတွေသေရင် သူတို့အရိပ်ထဲ ရောက်သွားလိမ့်မယ် ပြီးရင် ဒီကမ္ဘာကြီးနဲ့ ပေါင်းစပ်သွားကြတယ် ဒီလိုနေရာမှာ အသက်ရှင်ဖို့ ငါတို့ အစားအစာနဲ့ ရေရှာဖို့ လိုတယ် "

ဝေတယိုသည် မြေပုံပေါ်မှ စူပါမားကတ်ကို ထောက်ပြလိုက်သည်။

"အသက်ရှင်နေတဲ့လူတွေက အများကြီးရှိနေတယ် ဒါကြောင့်မို့ မနေ့ညက ငါတို့ အထောက်အပံ့တွေ ရှာဖွေဖို့ ဒီစူပါမားကတ်ကို ပစ်မှတ်ထားခဲ့တာ "

"အဲ့မှာ သရဲတွေ ရှိနေတာလား "

"ဟုတ်တယ် "

ဝေတယိုက ကြောက်ရွံ့စွာပြောလိုက်သည်။

"စူပါမားကတ်က သရဲတစ်ကောင်ပဲ! သရဲကြီးတစ်ကောင်က လူတွေကို စားနေတာကွ ! အထောက်အပံ့ပစ္စည်းတွေ သွားယူတဲ့ လူတိုင်း ပြန်တောင် မပြေးနိုင်ခဲ့ဘူး ! "

ဝေတယိုသည် စိတ်တည်ငြိမ်ရန် အချိန်တစ်ချို့ယူလိုက်သည်။

"ဒီက အဆောက်အဦးတိုင်းက မလုံခြုံဘူး ကြည့်ရတာ အေးဆေးနေတယ်ထင်ရပေမယ့် မင်းသာ တစ်ခုခုကို သွားထိမိရင် မင်းသေပြီပဲ ၊ ဘယ်သူမှ ထွက်မသွားဝံ့လို့ ငါတို့ဒီမှာ လော‌လောဆယ်ပိတ်မိနေကြတာ ၊ လူတွေအများနဲ့ ငါတို့ အစားအစာတွေ မရှာနိုင်ဘူးဆိုရင် မကြာခင် ငါတို့ သေလိမ့်မယ် "

ရွာသားများနှင့် ကျောင်းသားများသည် စတေးခံဖြစ်ခဲ့ကြခြင်းဖြစ်သည်။သူတို့သည် အရိပ်ကူးစက်ခံထားရလေသည်။သူတို့သည် လက်တွေ့ကမ္ဘာသို့ ပြန်မသွားနိုင်တော့ပဲ အရိပ်ကမ္ဘာတွင် ရှင်သန်နိုင်ရန် ခက်ခဲနေကြသည်။သူတို့၏အဆုံးသတ်သည် သတ်မှတ်ထားပြီးသားဖြစ်သည်။ကြေကွဲစရာဖြစ်ရပ်ဆိုးရောက်လာသည်နှင့် များစွာသောလူများသည် ထိုကဲ့သို့ ဖြစ်လာကြပေလိမ့်မည်။

နက်မှောင်သောအမှောင်ထုသည် အခန်းထဲတွင် ကျယ်ပြန့်လာသည် ။ခွေးကြီးက တွားသွားထွက်လာ၏။သူ့မျက်လုံးနက်များက ကောင်းမင်ကို စိုက်ကြည့်နေလေသည်။ အသံသည် သူ့အစာအိမ်ထဲမှ ထွက်ပေါ်လာလေသည်။

"ဒီနေရာက ငါနေတုန်းကထက် အန္တရာယ်များလာပြီ ၊ မနေ့ညကပဲ လူဆယ်ယောက် အရိပ်ထဲမှာ စားခံလိုက်ရပြီ "

"စူပါမားကတ်ကို ဖြေရှင်းဖို့ ငါအဖြေရှာလိုက်ပါ့မယ် "

ကောင်းမင်က ထိုင်လိုက်သည်။

"ငါ့မှာ မေးစရာတစ်ခုရှိတယ် ဒီကအရာတွေက လက်တွေ့ကမ္ဘာက အဖြစ်အပျက်တွေနဲ့ ကိုက်ညီလား ၊ တကယ်လို့ ငါက လက်တွေ့ကမ္ဘာက စင်ပေါ်က ပစ္စည်းတွေကို ရွေ့လိုက်မယ်ဆိုရင် ဒီက စင်ပေါ်မှာရှိတဲ့ ပစ္စည်းတွေကော ရွေ့သွားမှာလား "

"မဟုတ်ဘူး ၊ အရိပ်ကမ္ဘာက ဆာလောင်တစ္ဆေညကတည်းက အေးခဲရပ်တန့်နေပုံရတယ် ၊ ဘာကြောင့်လဲတော့ ငါမသိဘူး ၊ အဲ့ဒီညက ကမ္ဘာနှစ်ခုလုံးကို လွှမ်းမိုးနေပုံရတယ် "

ခွေးကြီးသည် ကမ္ဘာကြီးကို စစ်ဆေးရန် သူ့နှလုံးကို အသုံးပြုခဲ့သည်။သူသည် အခြားလူမမြင်နိုင်သောအရာများကို မြင်နိုင်သည်။

" အဆောက်အဦနှစ်ခုလုံး လုံးလုံးပေါင်းစည်းသွားတာမဟုတ်ရင် မင်းပြောသလို သူတို့ကို သက်ရောက်မှာ မဟုတ်ဘူး "

"ထပ်နေတဲ့ စက်ဝိုင်းတစ်ခုလား "

ကောင်းမင်သည် နောက်ပိုင်း ယင်းကို အမှတ်ရခဲ့သည်။

"ငါ့မှာ ဒီကို ကိတ်မုန့်တချို့ပါလာတယ် ၊ အဲ့တာတွေ အရင်စားထားလိုက် ၊ စူပါမားကတ်ကိစ္စကိုတော့...."

ထိုအချိန်တွင် မင်လောင်လမ်းအလယ်ရှိစူပါမားကတ်အတွင်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

သူနှင့် ဝေတယိုသည် တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီး ထိတ်လန့်ခြင်းကို မြင်လိုက်ရသည်။

"အရိပ်ကမ္ဘာထဲကို လူတစ်ယောက်ဝင်လာတာလား "

"လီစန်းဌာနက စုံစမ်းရေးမှူးတစ်ယောက်ဖြစ်မယ် ၊ ငါဒီကို မလာခင်က စူပါမားကတ်နားမှာ သူတို့ကို မြင်ခဲ့တယ် "

ကောင်းမင်က ခွေးကြီး၏ အမွှေးများကို ဆုပ်ကိုင်လိုက်သည်။

"ငါတို့ တစ်ချက်လောက်သွားကြည့်ကြမလား "

"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ "

ခွေးကြီးက ခေါင်းခါလိုက်သည်။

"မင်း ဘာမှ လုပ်စရာမလိုပါဘူး ၊ ငါထွက်ပြေးတဲ့အခါကျမှပဲ မင်းကို လိုမှာပါ "

ကောင်းမင်က ခွေးပေါ်တက်လိုက်သည်။

"လူတိုင်းက လှေတစ်စီးတည်းစီးနေတာပဲ ၊ ဘယ်သူမှ ထွက်ပြေးလို့မရဘူး "

ကောင်းမင်၏စည်းရုံးပြောဆိုမှုကြောင့် ခွေးကြီးသည် နောက်ဆုံးတွင် သဘောတူလိုက်သည်။

"မင်းနဲ့အတူသွားဖို့ ငါ့မှာ သင့်တော်တဲ့သူတစ်ချို့ရှိတယ် "

ဝေတယိုသည် လူသစ်နှစ်ယောက်နှင့် မြို့တော်အရှေ့ပိုင်းမှ ကျွမ်းကျင်စုံစမ်းရေးမှူးနှစ်ယောက်ကို ပြေးခေါ်လိုက်သည်။စီနီယာများသည် အရိပ်ကူးစက်ခံထားရခြင်းဖြစ်သည်။

"ချင်ဂီအသတ်ခံရပြီးတော့ သူတို့က အပြစ်ခံယူဖို့ ဆန္ဒရှိကြတယ် ၊ ငါသူတို့ကို ဒီအခွင့်အရေး ပေးချင်တယ် "

"ကောင်းပြီလေ "

သူတို့က ပြင်ဆင်လိုက်ပြီး အဆောက်အဦး၄ မှ ထွက်လာကြသည်။မင်လောင်လမ်းစူပါမားကတ်သည် လမ်းမပေါ်တွင်ရှိသည်။အပေါ်ယံတွင် စူပါမားကတ်သည် ပုံမှန်ဖြစ်နေပုံရသည်။

"ကျုပ် အရင်သွားလိုက်မယ် "

ကောင်းမင်သည် သူ့အိတ်ကပ်ထဲ လူသေဓာတ်ပုံထည့်လိုက်ပြီး ရှေ့တံခါးနား ချဉ်းကပ်သွားသည်။သူသည် အော်ဟစ်သံကို ကြားနိုင်သော်လည်း အပြင်ဘက်တွင် အရာအားလုံးသည် ပုံမှန်ဖြစ်နေပုံရလေသည်။

"စူပါမားကတ်က သိပ်မကြီးဘူး ၊ စုံစမ်းရေးမှူးတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်မထားဘူးဆိုရင် သူတို့ပြေးလွှားနေတာကို ငါမြင်နိုင်မှာပဲ "

ကောင်းမင်က အသက်ဝဝရှူလိုက်ပြီး ခွေးကြီးကို အချက်ပြလိုက်ပြီး စူပါမားကတ်ထဲ ဝင်သွားခဲ့သည်။

အဆောက်အဦးထဲ သူဝင်သွားပြီးနောက် ကောင်းကင်ကြီးသည် မှောက်မိုက်သွားသကဲ့သို့ သူ့အမြင်သည် မှောင်မိုက်သွားခဲ့သည်။တစ်ချက်ချက်မြည်နေသော နာရီသံသည် သူ့နားထဲတွင် ဝင်ရောက်နေ၏။မီးချောင်းများမှ လာသောအလင်းရောင်နှင့် မျက်နှာကျက်ရှိ ၂၅လက်မမော်နီတာဆီမှ လာသောအလင်းရောင်သာရှိလေသည်။

မော်နီတာတွင် 'ကျေးဇူးပြုပြီး နောက်တစ်မိနစ်တွင် ဝန်ထမ်းနားနေခန်းသို့ဝင်ပါ ' ဟူသော သွေးနီရောင်စာတမ်းတစ်ခု ပြသနေသည်။

"ငါအခု ညွှန်ကြားချက်တွေကို လိုက်နာသင့်လား "

ကောင်းမင်သည် စူပါမားကတ်တစ်လျှောက် ပြေးလွှားလိုက်သည်။ပစ္စည်းအားလုံးသည် အစီစဉ်တကျ ရှိနေ၏။ သွေးစက်များ သို့မဟုတ် တိုက်ခိုက်ထားသည့် ခြေရာလက်ရာများပင် ရှိမနေချေ။လူတွေ ဘယ်ရောက်နေတာလဲ။ဆယ်စက္ကန့်ခန့်ကြာပြီးနောက် နားနေခန်းကို ကောင်းမင်ရှာတွေ့လိုက်သည်။သူက တံခါးလက်ကိုင်ကို လှည့်လိုက်ရာ တံခါးလေ့ာခ်ချထားကြောင်း သိလိုက်ရသည်။အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေ၏။ကောင်းမင်က တံခါးခေါက်လိုက်သည်။

"အထဲမှာ ဘယ်သူရှိသလဲ "

ကောင်းမင်သည် မော်နီတာကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။သူ့တွင် တွေဝေနေရန် အချိန်မရှိပေ။တံခါးကို ဆောင့်ကန်လိုက်သည်။နောက်ဆုံးတွင် ကောင်းမင်က တံခါးကို မဖျက်ဆီးမီ အတွင်းမှ တံခါးဖွင့်ပေးလာ၏။လီစန်းဌာနမှ လူသစ်များသည် တံခါးအပြင်ဘက်ရှိ ကောင်းမင်ကို ကြည့်ရှုနေကြလေသည်။ကောင်းမင်သည် ရန်သူတစ်ယောက်ဖြစ်နေသကဲ့သို့ သူတို့သည် အဆင်သင့်ပြင်ထားကြလေသည်။

ကောင်းမင် စိတ်အေးသွားသည်။တစ်ချိန်က မူမမှန်မှုထဲ အတူဝင်ရောက်ခဲ့ဖူးသည့် လူသစ်များသည် အနက်ရောင်ဆက်သွယ်ရေးစက်ပင်မရှိချေ။ အကြောက်ရောဂါမူမမှန်ဖြစ်ရပ် ဖြစ်ခဲ့စဉ်က ဖြစ်ပေသည်။ယခုတွင် သူတို့သည် သူနှင့်အတူ အခြားမူမမှန်ဖြစ်ရပ်တွင် ရှိနေကြပြန်၏။

"ရှင်ပါလား ! ရှင် ဘာလို့ ဒီရောက်နေတာလဲ "

တံခါးနောက်တွင် ပုန်းအောင်းနေသော ချူးစီစီသည် ပုဆိန်တစ်လက်နှင့်အတူ ထွက်လာလေသည်။သူမသည် ကောင်းမင်ကို မှတ်မိနေပေသည်။သူမသည် တံခါးဖွင့်လိုက်သည်နှင့် သရဲကို ချုံခိုတိုက်ခိုက်ရန် စောင့်နေခြင်းဖြစ်သည်။

All Chapters