← Chapters

ငါတို့က သေပြီးသားတွေပဲ

Vol. 7 Ch. 102

ငါတို့က သေပြီးသားတွေပဲ

Vol. 7 Ch. 102

ကောင်းမင်အခန်းပြင်ထွက်လိုက်သည်နှင့် တိုက်ခိုက်နေသံများ ရပ်တန့်သွားသည်။စူပါမားကတ်သည် တိတ်ဆိတ်နေလေ၏။တိတ်ဆိတ်နေခြင်းသည် ကောင်းမင်အား မသက်မသာဖြစ်စေသည်။သူသည် အကြိမ်များစွာသေဆုံးခဲ့သောကြောင့် သေခြင်းတရားနှင့်ဆက်နွယ်မှုကို ခံစားမိနေဟန်တူသည်။ဘာမှားနေမှန်း ကောင်းမင်မသိပေ။သူ့မျက်လုံးများက အမှောင်ထုဖြင့် အသားကျလာ၏။ ချူးစီစီနှင့် မျက်မှန်လူသစ်အား လုံခြုံရေးခန်းထဲတွင် စောင့်နေရန် သူအချက်ပြလိုက်သည်။

ကောင်းမင်တစ်ယောက် နားစွင့်လိုက်ရာ ထူးဆန်းသောအသံတစ်ခုကို ကြားလိုက်ရသည်။သူ့ခန္ဓာကိုယ်အနေအထားကိုပြင်လိုက်ပြီး အလင်းရှိရာသို့ အကြည့်ရွေ့လိုက်သည်။ငွေရှင်းကောင်တာတွင် လူတစ်ယောက်မတ်တပ်ရပ်နေပေသည်။ရေစိုနေသောဆံပင်များက သူမမျက်နှာကို ဖုံးအုပ်နေသည်။ဆံပင်များသည် သူမမျက်လုံးနှင့်နှာခေါင်းများကို ဖုံးအုပ်ထားလေသည်။ဖြူရော်နေသော နူတ်ခမ်းတစ်စုံကိုသာ ထုတ်ဖော်ထားသည်။သူမသည် မော်နီတာကို စိုက်‌ကြည့်နေပြီး ခလုပ်များကို ရံဖန်ရံခါနှိပ်နေလေသည်။သူမသည် အအေးဓာတ်ကြောင့်ခိုက်ခိုက်တုန်နေ၏။သူမ၏အရေပြားသည် မူမမှန်စွာပင် ဖြူဖွေးနေလေသည်။

ကောင်းမင်၏နှာခေါင်းထဲတွင် အရက်နံ့ရလိုက်သည်။သူသည် ရှေ့သို့ဖြေးညင်းစွာတိုးလိုက်ပြီး ခေါင်းကို အသာလှုပ်လိုက်သည်။စင်ထိပ်ပေါ်ရှိ ဝိုင်ပုလင်းများအောက်တွင် ကွဲကြေနေသောအဘိုးကြီးတစ်ယောက်၏ဦးခေါင်းရှိသည်။သူ့ခန္ဓာကိုယ်သည် လှေကားနှင့်ညှပ်လျက်ရှိသည်။ကောင်းမင်က လုံခြုံရေးအခန်းတံခါးကို ပိတ်လိုက်သည်။ထိုနှစ်ယောက်သည် အကူအညီရမည်မဟုတ်မှန်း ကောင်းမင်သိသည်။ထို့ကြောင့် သူတို့အား ထိုနေရာတွင်ပင် ဆက်နေစေချင်ခဲ့ခြင်းဖြစ်သည်။

ကြမ်းပြင်ပေါ်တွင် ပုလင်းတစ်လုံးလှိမ့်လာ၏။ထီးအနက်တစ်‌ချောင်းဖြင့်အဘွားအိုတစ်ယောက်သည် စင်များကြားတွင် လှုပ်ရှားနေလေသည်။သူမ၏ မျက်နှာချင်းတွင် ထမင်းဘူးနှင့်ရေဘူးကို ကိုင်ထားသော လူတစ်ယောက်ရှိသည်။

ကြမ်းပြင်ပေါ်တွင် သွားရေစာမုန့်များ ပြန့်ကျဲနေခဲ့သည်။ဖက်တီးလေးတစ်ယောက် ခေါင်းပြူထွက်လာ၏။သူသည် သင်္ဘောသားကပ္ပတိန်ဦးထုပ်ကို ဆောင်းထားပြီး သူ့လည်ပင်းတွင် ကစားစရာမှန်ပြောင်းတစ်ခု ဆွဲထားပေသည်။သူသည် ညစ်ပတ်နေသောကြမ်းပြင်ကို စိတ်ထဲထားဟန်မရချေ။သူသည် သူငယ်ချင်းများမရှိသောကြောင့် သူ့ဘာသာ ကစားနေရဟန်တူလေသည်။အရာအားလုံးသည် သူ့ဆီရွေ့လျားလာနေကြောင်း ကောင်းမင်ခံစားမိသည်။သူသည် သူ့အပေါ်ကျဆင်းနေသော ရေသံများကိုပင်ကြားနေရသည်။

စူပါမားကတ်ဝင်ပေါက်အနီးရှိ ဖောက်သည်တစ်ယောက်သည် စင်တစ်ခုရှိရာသို့ ရိုက်ချခံလိုက်ရသည်။သူ့ပုခုံးတွင် ဓားတစ်ချောင်းစိုက်ဝင်နေ၏။စင်သည် အကြိမ်အနည်းငယ် လှုပ်ယမ်းနေလေသည်။ဖောက်သည်များအားလုံးသည် သူတို့ခေါင်းများကို ဖြည်းညင်းစွာ လှည့်လိုက်ကြသည်။ရေနစ်ထားသော မျက်လုံးများသည် ဝင်ပေါက်ဝကို စိုက်ကြည့်ရင်း လှည့်ပတ်နေကြသည်။သူတို့၏ခန္ဓာကိုယ်များမှ ညစ်ပတ်သောရေဆိုးများ ပိုမိုစီးကျလာရာ ရေနစ်သူဖောက်သည်များသည် ဝင်ပေါက်ဆီသို့ လျှောတိုက်‌ပါသွားကြသည်။ချွန်မြနေသော ဓားသည် တံခါးဝကို ထိုးစိုက်သွားသည်။စူပါမားကတ်၏ တံခါးနှစ်ချပ်သည် ပိတ်ဆို့သွားခဲ့လေသည်။ဘယ်သူမှ မလွတ်မြောက်နိုင်တော့ပေ။ထိုနေရာတွင် လူတိုင်း သေကြရတော့မည်ဖြစ်သည်။

ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားနေသည်။ကောင်းမင်က လူသေဓာတ်ပုံတစ်ခုကို ကိုင်ထားပြီး စင်များကြားကိုကြည့်လိုက်သည်။

ပိုင်ရှောင်သည် သူ့နောက်ရှိလူများအတွက် လမ်းကြောင်းဖွင့်ရန် ကြိုးစားနေလေသည်။စီနီယာနှစ်ယောက်က ဆက်သွယ်ရေးစက်မရှိသော လူသစ်တစ်ယောက်ကို ကာကွယ်ထား၏။သူတို့လေးယောက်သည် စူပါမားကတ်တံခါးကို ဖွင့်နိုင်ရန်ကြိုးပမ်းနေကြသည်။သူတို့သည် ဖောက်သည်များ၏ပစ်မှတ်ထားခံနေရခြင်းဖြစ်သည်။ တံခါးဖွင့်နေခြင်းအား တားဆီးခံလိုက်ရသည်။သာမန်ဓားများသည် ဖောက်သည်များကို မထိခိုက်စေနိုင်ပေ။ထို့အစား ဖောက်သည်များထံမှ စိမ့်ထွက်လာသောရေများသည် စုံစမ်းရေးမှူးများကို အလွန်နာကျင်စေ၏။

"ငါ ဘာကြောင့်တံခါးမဖွင့်နိုင်သလဲဆိုတာ မင်းသိမှာပေါ့ ဟုတ်တယ်မလား "

ရုတ်တရက် ကောင်းမင်နောက်ဘက်မှ အသံတစ်ခုထွက်ပေါ်လာ၏။သူအလွန်ထိတ်လန့်သွားပြီး ထိုလူ၏မျက်နှာအား လူသေဓာတ်ပုံဖြင့် ပစ်ပေါက်မိမတတ်ဖြစ်သွားသည်။

ကောင်းမင်က နောက်လှည့်ကြည့်လိုက်ရာ ဖူးရောင်နေသော လူပြက်မျက်နှာကို တွေ့လိုက်ရသည်။

"ကျန်းတင်းလား "

ထိုလူချဉ်းကပ်လာသည်ကိုပင် ကောင်းမင်မသိခဲ့ပေ။ထိုထက် သားစားကြူးနတ်ပင် သတိမပြုမိခြင်းဖြစ်သည်။

"အတိတ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းမြင်ခဲ့မှာပဲ ၊ ငါဘာကြောင့် တံခါးဖွင့်မပေးနိုင်သလဲဆိုတာ မင်းသိပါတယ် "

ကျန်းတင်းသည် မတ်တပ်ရပ်လျက်ရှိသည်။သူ့မျက်လုံးများက ရှင်းလင်းနေ၏။သူသည် လူရိုးတစ်ယောက်ဖြစ်သည်။

"ရေကြီးတာက လွန်ခဲ့တဲ့ ဆယ်နှစ်ကပဲ ! ခင်ဗျား ဒီနေရာမှာ တစ်သက်လုံးပိတ်မိမနေနိုင်ဘူး ! "

ကျန်းတင်းနှင့် ဖောက်သည်များအားလုံးသည် လူကောင်းများဖြစ်သည်ကို ကောင်းမင်သိသောကြောင့် သူနှင့် အကျိုးအကြောင်းပြောရန် ကြိုးစားလိုက်သည်။

"ဆယ်နှစ်တာက ကုန်လွန်သွားခဲ့ပေမယ့် မိုးက ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး "

ကျန်းတင်းက ဆန်းကြယ်စွာ ပြောလိုက်သည်။သူက ပိုင်ရှောင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"ဘယ်သူမှတော့ အိမ်မက်ဆိုးတစ်ခုထဲမှာ သူတို့ကိုယ်သူတို့ ပိတ်မိမနေချင်ဘူး ဒါပေမယ့် တစ်ခါတစ်လေမှာတော့ မင်းထွက်သွားချင်လို့ ထွက်သွားလို့မရတာ ၊ ဒီကမ္ဘာပေါ်မှာ ထွက်ပေါက်တွေ အများကြီးရှိမနေဘူးလေ "

"ဘာကို ဆိုလိုတာလဲ "

"ငါတို့မှာ ထွက်မသွားရတဲ့ အကြောင်းပြချက်တွေရှိတယ် "

ကျန်းတင်းက ကောင်းမင်အား လက်ရမ်းပြလိုက်ပြီး

"ငါသဘောအကျဆုံး ဝန်ထမ်းကောင်လေးရဲ့နာမည်မှာလည်း 'ကောင်း'ဆိုတာ ပါတယ် ၊ သူက ကြင်နာပြီး အကောင်းမြင်တတ်တယ် ၊ အိမ်နီးချင်းတွေက ငါ့ထက်တောင် သူ့ကို ပိုချစ်ကြသေးတယ် ၊ သူက ကောင်မလေးတစ်ယောက်လိုချင်တာကို ငါတို့သိတော့ တစ်လမ်းလုံးက သူ့ကို ထောက်ပံ့ပေးသူတွေ ဖြစ်လာကြတာ "

ကျန်းတင်းက အရှိန်လျှော့လိုက်သည်။

"မင်းက အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော လူပဲ ၊ ရှောင်ကောင်းလည်း မင်းလိုလူဖြစ်ချင်နေလိမ့်မယ် "

"ကျွန်တော်ခင်ဗျားကို တစ်ကြိမ်ကယ်ခဲ့တယ် ထပ်ပြီးတော့လည်း ခင်ဗျားကို ကယ်နိုင်တယ် ၊ ရေကြီးတာက ပြီးသွားပြီး ၊ ခင်ဗျားထွက်မသွားနိုင်တဲ့ အကြောင်းပြချက်က ဘာများလဲ "

ကျန်းတင်သည် လူဆိုးမဟုတ်ဟု ကောင်းမင်ခံစားရသည်။သူသည် စုံစမ်းရေးမှူးများကို ထိခိုက်စေခဲ့ခြင်းမရှိပေ။ပိုင်ရှောင်တို့၏ တိုက်ခိုက်ခံရပြီးနောက်တွင်ပင် အိမ်နီးချင်းများက ပြန်မတိုက်ခဲ့ကြပေ။

"ရေကြီးတာက ပြီးသွားပြီဆိုပေမယ့် ကျန်ခဲ့တဲ့ဒဏ်ရာတွေကတော့ ကုသဖို့ အချိန်တွေ အများကြီးလိုလိမ့်မယ် ဆယ်နှစ်ဆိုတာ မလုံလောက်ဘူးလေ..."

ကျန်းတင်း ဒူးထောက်ထိုင်လိုက်သည်။သူသည် ကြမ်းပြင်ရှိ ကြွေပြားကို ခွာလိုက်သည်။နံစော်နေသော ရေဆိုးများသည် စတင်မြင့်တက်လာကြသည်။

"ကြည့်လိုက် ၊ ရှောင်ကောင်းနဲ့ ကျင်းကျင်းက အဲ့ဒီအောက်မှာ ရှိနေတုန်းပဲ "

ကောင်းမင်သည် ရှေ့သို့ လက်မအနည်းငယ်တိုးကြည့်လိုက်သည်။ရေထဲတွင် ရေနစ်သေဆုံးထားသည့် များစွာသောအလောင်းများ နစ်မြှုပ်နေလေသည်။သူတို့အလောင်းများသည် နာကျည်းမုန်းတီးမှုများ ထုတ်လွှတ်လျက်ရှိသည်။ညစ်ပတ်နေသောရေထဲတွင် သူတို့အလောင်းများမှ စိမ့်ထွက်လာသော ရွှံ့များပြည့်နှက်နေသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်က လီစွေ့ဆည်ကြီး ပေါက်သွားခဲ့တယ် ၊ ရေကြီးမှုကြောင့်သေခဲ့တဲ့ လူအားလုံးဟာ ဒီနေရာမှာ လာစုဝေးနေကြတာ ၊ သူတို့ရဲ့ ကျန်ရှိနေတဲ့ နာကျင်စရာမှတ်‌ဉာဏ်တွေ ရှိနေမျှ သူတို့အလောင်းတွေကနေ စိမ့်ထွက်လာတဲ့ အနက်ရောင်ရေတွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး "

ကျန်းတင်းက သူ့လက်ကို ရေထဲ နစ်လိုက်၏။အလောင်းများသည် ချက်ချင်း သူ့လက်ကို စားသောက်ရန် ကြိုးစားကြသည်။သူတို့သည် အသိစိတ်လုံးလုံးပျောက်ကွယ်နေကြပြီဖြစ်သည်။

"တံခါးတွေကို လွန်ခဲ့တဲ့ ဆယ်နှစ်ကပိတ်ခဲ့မယ်ဆိုရင် လူတိုင်းခေါင်မိုးပေါ်ကို လွှတ်နိုင်ခဲ့မှာ ၊ ဆယ်နှစ်ကြာပြီးတော့ ငါသာ တံခါးကို ဖွင့်လိုက်ရင် ရေလှိုင်းတွေက မင်လောင်လမ်းကို နောက်ထပ် မြှုပ်ပစ်လိမ့်မယ် "

ကျန်းတင်းသည် တိတ်ဆိတ်စွာ ငုံ့ကြည့်လျက်ရှိသည်။သူ့လက်ချောင်းများကို ထိုအလောင်းများက ဝါးစားနေသည်အား သူခွင့်ပြုထားသည်။သူသည်လည်း သရဲတစ်ကောင်ဖြစ်သောကြောင့် နာကျင်မှုမရှိပေ။

အရိပ်ကမ္ဘာက ဖန်တီးသော မွန်းစတားများနှင့် ကွာခြားနေသော ကျန်းတင်းသည် မျက်မမြင်လူ ပြောသော သရဲအစစ်တစ်ကောင်ဖြစ်သည်။သူသည် အရိပ်ကမ္ဘာ၏ဖြစ်တည်မှုကို သယ်ဆောင်မထားသော်လည်း သူ့ဆီမှ အစွမ်းထက်လှသောစွမ်းအားများ ဖြာထွက်နေပြီး ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခုဖြစ်သည်။

စူပါမားကတ်အောက်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်းမင်သည် အရိပ်ကမ္ဘာမှ မင်လောင်လမ်းသည် အဘယ်ကြောင့် အလွန်ငြိမ်းချမ်းနေရကြောင်းကို ‌နားလည်သွားခဲ့သည်။

သရဲများသည် သူတို့၏ဝမ်းနည်းဖွယ်ရာ နာကျင်မှုထဲတွင် နစ်မြှုပ်နေကြသည်။ကောင်းမင်သည် အောက်ဖက်တွင် ပိုင်‌ချောင်းနှင့် အခြားစုံစမ်းရေးမှူးများကို တွေ့လိုက်ရသည်။အိမ်မက်ဆိုးမှ မလွှတ်မြောက်နိုင်ခဲ့သော စုံစမ်းရေးမှူးများသည် မြေအောက်တွင် ပိတ်မိနေကြလေသည်။သူတို့သည် အရိပ်ကူးစက်ခံနေရပြီး သေဆုံးခြင်းမှတ်ဉာဏ်များထဲတွင် နစ်မြှုပ်နေကြသည်။သူတို့သည် အရိပ်ကမ္ဘာမှ နောက်ထပ် ထွက်သွားနိုင်တော့မည် မဟုတ်ချေ။

"ဒီကမ္ဘာကြီးက လူတွေကို စားသုံးနေတာ ၊ မင်းအတွက် ငါတို့ လေထွက်ပေါက်တစ်ခု ဖွင့်ဖို့ကြိုးစားပေးမယ် ဒါက ငါတို့ လုပ်နိုင်တာ အကုန်ပဲ "

ကျန်းတင်းသည် မတ်တပ်ရပ်လိုက်ပြီး ဝမ်းနည်းပြုံး ပြုံးလိုက်သည်။

"အားလုံးပြီးသွားတော့လဲ ငါတို့က ဆယ်စုနှစ်တစ်ခုကတည်းက သေခဲ့ပြီးသားတွေပါပဲလေ "

All Chapters