← Chapters

မင်းသေလိမ့်မယ်

Vol. 8 Ch. 108

မင်းသေလိမ့်မယ်

Vol. 8 Ch. 108

အကြောက်တရားသည် သူမစိတ်ကို ဖုံးလွှမ်းသွားသည်။ကျိုးစီစီ၏စိတ်သည် ဗလာဖြစ်သွား၏။သူမခန္ဓာကိုယ်သည် အေးခဲနေတော့သည်။ထိုလူသည် အထက်တန်းကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားသည်။သူ့မျက်နှာသည် ဓားဖြင့်လှီးဖြတ်ခံထားရသည်။သူ့ဒဏ်ရာမှစီးကျနေသော သွေးများသည် ခဲပင်မခဲသေးချေ။

ထိုလူသည် ကျိုးစီစီအပေါ်တွင် လဲနေခြင်းဖြစ်သည်။အေးစက်နေသော သူ့ခန္ဓာကိုယ်အစိတ်အပိုင်းသည် အိပ်ရာထက်ပင် ထွက်ပေါ်နေ၏။သွေးထွက်သံယို မျက်နှာကြီးသည် လှုပ်ရှားလာ၏။သူ့မျက်ဆံများ အဆက်မပြတ်လှုပ်ရှားနေကြသည်။သူ၏ အက်ကွဲနေသော နူတ်ခမ်းများက ဖြည်းညင်းစွာ ပွင့်ဟလာလေသည်။သွားကြိတ်သံဖြင့် ကျိုးစီစီနားထဲ အသံတစ်ခု ဝင်လာတော့သည်။

"....မင်းက အယောက် ၅၀ ....၅၀မြောက် ...သေတဲ့လူပဲ ..."

ကျိုးစီစီတုန်ခါသွားသည်။ထိုလူဘာပြောနေမှန်း ကျိုးစီစီမသိပေ။သူမလွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း သူမခန္ဓာကိုယ်သည် ဧရာမကျောက်တုန်းကြီးတစ်ခုဖြင့် ဖိခံထားရသလိုဖြစ်နေ၏။သူမအိပ်ရာမှ သွေးများစိမ့်ထွက်လာသည်ကို သူမခံစားရသည်။သူမ၏အိပ်ရာသည် သူမအား ဝါးမျိုချင်သော ဧရာမပါးစပ်ကြီးတစ်ခု ဖြစ်လာသည်ဟုထင်ရလေသည်။

"နင်ဘယ်သူလဲ "

ကျိုးစီစီသည် ထိုမျက်နှာနဲ့ ဝေးဝေးခွာရန် လည်ပင်း‌ကို ဆန့်ထုတ်လိုက်သည်။သို့သော်လည်း ထိုမျက်နှာသည် သူမနှာခေါင်းကိုဖိထားပြီး သူမကို စိုက်ကြည့်နေ၏။ပါးစပ်သည် ထပ်မံလှုပ်ရှားလာ၏။သူ့ပါးစပ်ထဲတွင် လှုပ်ရှားနေသော တစ်စုံတစ်ခု ရှိနေပုံရသည်။

"မင်း စာသင်ခန်းထဲမှာ တစ်ယောက်ထဲနေရင် မင်းသေမယ် ၊ လူတစ်ယောက်လိမ်ရင် မင်းသေမယ် ၊ မင်းတို့အားလုံးသေလိမ့်မယ် မင်းတို့ကသေဖို့ ထိုက်တန်လို့ပဲ...."

လူသေအလောင်းသည် အမှောင်ထုထဲတွင် မပျောက်ကွယ်ခင်အထိသူမအား ညှပ်၍ ဖိထားခဲ့သည်။သူမ လွတ်လပ်သွားသောအခါ ကျိုးစီစီသည် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။သူမသည် မြန်နိုင်သမျှ မြန်မြန် ရှိသမျှမီးအားလုံးကို ဖွင့်လိုက်သည်။

"ဒါ အိမ်မက်မဟုတ်ဘူး !"

ကျိုးစီစီသည် ထိုလူ၏မျက်နှာကို မမြင်လိုက်ရသော်လည်း ရင်းနှီးနေသည်ဟု ခံစားရသည်။သူမသည် သူ့ကိုမြင်ဘူးသော်လည်း ဘယ်နေရာမှာမှန်းမမှတ်မိချေ။

"သူက ငါ့ခုံချင်းကပ်အတန်းဖော်လား မဖြစ်နိုင်ဘူး! ငါ့မှတ်ဉာဏ်ထဲမှာ အထက်တန်းကျောင်းတုန်းက သေခဲ့တဲ့လူမရှိဘူး ၊ ဘယ်သူမှလဲ ဒီလိုမဟုတ်ဘူး! "

ကျိုးစီစီ၏ဆံပင်များသည် အဆုံးထိ ထောင်မတ်နေကြသည်။သူမသည် ဖုန်းကိုင်ထားပြီး ဧည့်ခန်းထဲ မတ်တက်ရပ်နေတော့သည်။အရာအားလုံးသည် သေခြင်းတရားဖြင့် စွန်းထင်းနေသလို ခံစားနေရသည်။ကျိုးစီစီသည် မျက်လုံးပင်မမှိတ်ဝံ့တော့ပေ။ဖုန်းထုတ်၍ ရဲများခေါ်လိုက်သည်။နာရီဝက်ခန့်အကြာတွင် ရဲများရောက်လာကြသည်။ကျိုးစီစီသည် ရဲများကို အကြောင်းစုံပြောပြလိုက်သောအခါ စိတ်ရှုပ်နေသော အကြည့်များကိုသာ ပြန်ရလိုက်သည်။ရဲများက စောင့်ကြည့်ရေးမှတ်တမ်းကို စစ်ဆေးလိုက်ရာ ဘာမှ မတွေ့ခဲ့ပေ။သူတို့သည် ကျိုးစီစီအား နှစ်သိမ့်၍ပြန်သွားကြ၏။

ရဲများရောက်‌လာသောကြောင့် ကျိုးစီစီ၏အကြောက်တရားက လျော့ပါးမသွားပါချေ။ကျိူးစီစီသည် သူမမိဘနှင့်မိတ်ဆွေများကို ဖုန်းခေါ်လိုက်သည်။လူတိုင်းက သူမသည် အလုပ်တွင် ပင်ပန်းသောကြောင့် အတွေးလွန်နေခြင်းဖြစ်သည်ဟု ပြောကြသည်။သူတို့က သူမအား အနားယူရန်ပြောကြသည်။ကျိုးစီစီသည် နံနက် ၂ နာရီအထိ အိပ်ရာကို ပြန်မသွားခဲ့ချေ။အခန်းအား ပိုမိုသက်ဝင်စေရန် သူမသည် ကွန်ပျူတာနှင့် တယ်လီဗေးရှင်းကို ဖွင့်လိုက်သည်။စခရင်တွင် သတင်းများထုတ်လွှင့်နေလေသည်။

"ကျွန်တော်တို့ မြို့တော်ရဲ့ မြို့ဟောင်းမှာ မနေ့ညက သဲကြီးမဲကြီးတိုက်ခိုက်ခဲ့တဲ့အမှုနှစ်ခုက လက်ခံရရှိထားပါတယ် ၊ နစ်နာသူတွေဟာ သားကောင်လို ဆက်ဆံခံထားရခြင်းဖြစ်ပါတယ် ၊ လူသတ်သမားဟာ မြို့တော်ကို ဇာတ်ခုံတစ်ခုလို သဘောထားနေတာ ဖြစ်ပါတယ် သူတို့ သတ်ဖြတ်ပြီးတဲ့အကြိမ်တိုင်း အနောက်မှာ မြူးဇစ်ဘောက်နှင့်သီချင်းညည်းသံတစ်ခု ချန်ထားခဲ့ကြပါတယ် ၊ ရာဇဝတ်ရေးရာကျွမ်းကျင်သူ လီဝူချန်က သူ့လေ့လာချက်ကို ပေးပို့ထားပါတယ် ၊ လူသတ်သမားဟာ သူငယ်စဉ်က စိတ်ဒဏ်ရာရခဲ့တဲ့သူဖြစ်နိုင်ပါတယ် ၊ မြူးဇစ်ဘောက်ဟာ သူတို့ရဲ့ကလေးဘဝက အိမ်မက်ဆိုးပါပဲ ..."

ကျိုးစီစီသည် ပို၍ပင် ကြောက်ရွံ့သွားလေသည်။

"ဟန်ဟိုင်းက နောက်ပိုင်းမှာ ကြောက်စရာအမှုတွေ ပိုဖြစ်လာနေတော့တာပဲ ၊ ကမ္ဘာကြီးက ဘာမှားနေတာလဲ "

ကျိုးစီစီက ပိုကြောက်လာသဖြင့် သူမဖုန်းကို ဆွဲယူလိုက်သည်။သူမအိပ်ခန်းကို တချက်ကြည့်လိုက်သည်။

"ငါ မလွတ်နိုင်ဘူး လူသေအလောင်းက ဘယ်သူလဲ အဖြေရှာရမယ် ! "

ကျိုးစီစီက ကောင်းမင်ကို ဖုန်းခေါ်လိုက်သည်။သူတို့သည် ခဏတာ ခုံချင်းကပ်ဖြစ်ခဲ့ကြပြီး ဆက်ဆံရေးကောင်းကြသည်။ဖုန်းကို ပြန်ဖြေလာသဖြင့် ကျိုးစီစီက စိတ်လှုပ်ရှားသွားသည်။

"ကောင်းမင် ညအရမ်းနောက်ကျမှ နှောက်ယှက်လိုက်ရလို့ ငါတောင်းပန်ပါတယ်ဟာ ၊ ငါ ခုလေးတင်ပဲ ကြောက်စရာတစ်ခု ကြုံခဲ့ရတာဟ ! "

မြူးဇစ်ဘောက်မှ သီချင်းသံထွက်ပေါ်လာ၏။ကျိုးစီစီ၏အတွေးများ ဆူညံသွားသည် ။ထို့ကြောင့် သူမက သတင်းများကို ပိတ်လိုက်သည်။သို့သော်လည်း သီချင်းသံက ရပ်သွားခြင်းမရှိပေ။

သီချင်းသံသည် ဖုန်းထဲမှ ထွက်ပေါ်လာပုံရသည်။

ကျိုးစီစီက ဖုန်းကို ကိုင်ထားသည်။သူမသည် မိုးသံ မြူးဇစ်ဘောက်မှ တေးသွားသံနှင့် သဲသဲကွဲကွဲမကြားရသော ညည်းတွားသံတို့ကို ဖုန်းထဲမှ နားထောင်နေရသည်။ သူမ၏ ဦးနှောက်သည် ပေါက်ကွဲမတတ်ဖြစ်သွားတော့သည်။

"နင်ကြောက်စရာတစ်ခုခုကို ကြုံခဲ့ရတာလား ကျိုးစီစီ..."

ကောင်းမင်၏အသံသည် စက်တစ်လုံးကဲ့သို့ နှေးကွေးပြီး အေးစက်နေလေသည်။

ကောင်းမင်၏နူတ်ဖျားမှ သူမနာမည်ကို ကြားလိုက်ရသောအခါ ကျိုးစီစီနှလုံးသားသည် တုန်တုန်ယင်ယင်ဖြစ်သွားတော့သည်။

"အဲ ဘာ...ဘာမှ မဟုတ်တော့ပါဘူး ၊ ငါဖုန်းချလိုက်တော့မယ်နော် "

ကျိုးစီစီက တယ်လီဗေးရှင်းကို ထပ်ဖွင့်လိုက်သည်။လူသတ်သမား၏ မြူးဇစ်ဘောက်သည် တူညီသော သံစဉ်တစ်ခုတည်းကို ပြသနေ၏။ကျိုးစီစီ၏ အိပ်ငိုက်နေမှုသည် လုံးဝပျောက်ကွယ်သွားသည်။သူမသည် မတူညီသော ကျွမ်းကျင်ရာနယ်ပယ်များသို့ ဝင်ရောက်သွားကြသော သူငယ်ချင်းများကို တွေးမိသော်လည်း သူမ၏သူငယ်ချင်းသည် ထိုကဲ့သို့ သတင်းပေါ်တွင် ထွက်ပေါ်လာလိမ့်မည် မတွေးထားခဲ့ချေ။ညသည် သူမအား နှိပ်စက်ခဲ့သော်လည်း နောက်ဆုံးတွင် မိုးသောက်တော့မည်ဖြစ်သည်။

ကျိုးစီစီသည် ရိုးရိုးရှင်းရှင်း မိတ်ကပ်လိမ်းခြယ်လိုက်ပြီး ရေခွက်ကြီးတစ်ခွက်သောက်ချလိုက်သည်။သူမသည် စားသောက်လိုသော ဆန္ဒမရှိချေ။

"ငါမှတ်မိတဲ့ ခုံချင်းကပ်က လူသတ်သမားတဲ့ ပြီးတော့ ငါမမှတ်မိတဲ့ ခုံချင်းကပ်က သရဲတစ်ကောင်တဲ့ ၊ ငါက သူတို့နဲ့ ဆုံဖို့ သွားနေတာပါလား "

ကျိုးစီစီ၏စိတ်သည် တဝီဝီမြည်နေလေသည်။သူမသည် ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်လိုက်ပြီး ထီးတစ်ချောင်းယူ၍ အိမ်ထဲမှ ထွက်လာခဲ့သည်။သူမသည် ကြိုတင်ဆုံတွေ့ရန် ချိန်းထားသောနေရာသို့ ရောက်လာခဲ့သည်။မိုးသည် အနည်းငယ် ပါးသွား၏။

"မိုးက အရမ်းသည်းနေတာ ဒါတောင်မှ ငါတို့က ဆုံဆည်းပွဲလုပ်ဖို့ ဗီလာကို သွားနေကြတုန်းပဲ ၊ ငါကပဲရူးနေတာလား ကမ္ဘာကြီးကပဲ ရူးနေတာလား "

"ငါတို့သာ အခုမရူးဘူးဆိုရင် ငါတို့က ဘယ်တော့မှအခွင့်ရေး ရပါ့မလဲ "

ကျိုးစီစီရောက်လာသောအခါ အခြားလူအနည်းငယ်လည်း ရောက်နေကြပြီဖြစ်သည်။

ရှင်းပြနေသည့် ဖက်ရှင်ကျကျဝတ်ထားသော အမျိုးသမီးသည် ကျိုက်မေ့မေ့ဖြစ်သည်။သူမ ကျောင်းဝင်ကုတ်၏ နောက်ဆုံးနံပါတ်နှစ်လုံးသည် (၀၁) ဖြစ်သည်။သူမသည် ကျောင်းတွင်းရုပ်သံဌာနနှင့် အကျွမ်းတဝင်ရှိခဲ့သည်။ထို့နောက်သူမသည် သူမထက် ၁၁ နှစ်အသက်ကြီးသောရုပ်သံဌာနအရာရှိ တစ်ဦးနှင့်လက်ထပ်ခဲ့လေသည်။

ကျိုက်မေ့မေ့နှင့်စကားပြောနေသောသူသည် အားကစားကော်မတီ ခေါင်းဆောင်ဖြစ်သူ စီဆန်းဖြစ်သည်။သူသည် အရပ်ရှည်ပြီး ချောမောသည်။သူသည် ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်ပြီး ကျောင်းတွင် နာမည်ကြီးလေသည်။ဘွဲ့ရပြီးနောက် သူ့ဘဝသည် ထိုးကျသွားခဲ့သည်။သိရသလောက် သူသည် MLM စီမံကိန်း၏ နစ်နာသူတစ်ယောက်ဖြစ်ခဲ့သည်။သူ့ ကျောင်းဝင်ကုတ်၏ နောက်ဆုံးနံပါတ် နှစ်လုံးသည်( ၀၂) ဖြစ်သည်။

ကျောင်းသားများ တဖြည်းဖြည်း ရောက်လာကြ၏။

တချို့က ခရီးဆောင်အိတ်များဖြင့် လာကြခြင်းဖြစ်သည်။သူတို့သည် ပွေ့ဖက်ပြီး အတိတ်အကြောင်း များပြောဆိုနေကြ၏။ ကျောင်းသားအချို့သည် ကျိုးစီစီကဲ့သို့ အတွေးများနှင့်အတူ ထောင့်ဘက်တွင် ရပ်နေကြသည်။

ဘတ်စ်ကား တံခါးပွင့်လာ၏။အနက်ရောင်ဆက်သွယ်ရေးစက်ဖြင့် ဒရိုင်ဘာက အရင်တက်လိုက်သည်။ချိန်းထားသောအချိန်သည် ဆယ်မိနစ်ခန့်လိုပေသေးသည်။ကောင်းမင်နှင့်လျိုယီတို့ ရောက်လာကြသည်။လျိုယီသည် ပစ္စည်းများပြည့်နေသော သေတ္တာတစ်လုံးသယ်လာလေ၏။ကောင်းမင်သည် နေမကောင်းဖြစ်နေသကဲ့သို့ သူ့မျက်နှာက ဖြူရော်နေပေသည်။

ကောင်းမင်ကို မြင်သောအခါ ကျိုးစီစီသည် တုန်လှုပ်သွားလေ၏။သူမသည် ပုန်းအောင်းရန် ကြိုးစားလိုက်သော်လည်း ကောင်းမင်က သူမထံ တည့်တည့်လာခဲ့ချေသည်။

"မနေ့ညက နင်ငါ့ကို ဘာမေးချင်လို့လဲ "

ကောင်းမင်သည် သူ့သူငယ်ချင်းဟောင်းအပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခုရှိသည်။သူမသည် ကြင်နာတတ်၊ အကောင်းမြင်တတ်ပြီး စွန့်စားခန်းများကို နှစ်သက်သည်။

တစ်ခါက ကျောင်းမှာ နေမကောင်းဖြစ်ပြီး အားကစားအတန်းကို ကျော်သွားချိန်တွင် ကျိုးစီစီသည်သူ့အတွက် ကန်တင်းမှ ထမင်းဘူး ယူလာပေးဖူးသည်။ အကြောင်းပြချက်ကား ကောင်းမင်သည် ဘယ်သူမှ မလိုချင်တဲ့ ကြောင်တစ်ကောင်လိုဖြစ်နေသောကြောင့်ဖြစ်ပေသည်။

ကျိုးစီစီသည် ကောင်းမင်ကို မကြည့်ဝံ့ပေ။သူမသည် သူ့အား မတွေ့တာ နှစ်အတော်ကြာပြီဖြစ်သော်လည်း လုံးဝပြောင်းလဲသွားခဲ့သည်။ သူသည် အေးစက်ပြီး အန္တရာယ်များသော်လည်း လူများကို သူနှင့်အတူနေ‌ စေရန် တွန်းအားပေးသည့်အရာတစ်ခုရှိလေသည်။

All Chapters