ကျောင်းသို့တစ်ဖန်
Vol. 8 Ch. 110
တစ်ခါတစ်ရံတွင် သေမင်းသည်အလွန်အမင်း နီးကပ်စွာတည်ရှိနိုင်ပေသည်။သေမင်းသည် ကျွန်ုပ်တို့နှင့် ကားပေါ်တွင်ရှိနေနိုင်၏။ကောင်းမင်သည်လျိုယီထံမှမက်ဆေ့ရသည်နှင့် သူ့ဖုန်းကို သိမ်းလိုက်ပြီး နောက်သို့လျှောက်သွားလိုက်သည်။သူသည် ခေါင်းတွင် ပတ်တီးစည်းထားသည့်လူကို ကျော်၍ ကျိုးဘိုဘေးတွင် ဝင်ထိုင်လိုက်သည်။ကျိုးစီစီက သူမနောက်သို့ စူးစမ်းလိုစိတ်ဖြင့်ကြည့်လိုက်သည်။ကောင်းမင် အဘယ်ကြောင့် ရုတ်တရက်ထထွက်သွားမှန်း သူမမသိပေ။
"မတွေ့တာကြာပြီ "
ကောင်းမင်သည် တိတ်နေသော ကျိုးဘိုကို စိုက်ကြည့်လိုက်သည်။ကျိုးဘို၏ လက်ချောင်းများနှင့်လည်ပင်းပေါ်တွင် ဒဏ်ရာများကို မြင်လိုက်ရသည်။ယင်းသည် ကျိုးဘို စိတ်ကစဉ့်ကလျားရောဂါဖြစ်ပြီးနောက် ကျန်ခဲ့သောအရာများဖြစ်ပေသည်။ကျိုးဘိုသည် တစ်စုံတစ်ခုကို ရေရွက်လျက်ရှိသည်။ကောင်းမင်က ရှင်းရှင်းလင်းလင်းကြားရရန် အနားကပ်လိုက်သည်။
"ပယ်ဗော့ရဲ့ခွေး ၊ သွန်းဒိုက်ရဲ့ကြောင် ၊ စကင်နာရဲ့ပူး ၊ ဘန်ဒူရာရဲ့အရုပ် ၊ ကိုဟလာမျောက်တွေရဲ့ဉာဏ်ရည် ၊ တိုလ်မန်ရဲ့ဝင်္ကပါ ...."
"စိတ်ပညာဆိုင်ရာ စမ်းသပ်ချက်တွေလား "
ကောင်းမင်သည် ထိုအရာများကို မှတ်မိလေသည်။ကျိုးဘိုသည် ပေါင်းသင်းဆက်ဆံရေးကောင်းသောလူတစ်ယောက်မဟုတ်ပေ။သူသည် စာသင်ခန်းထဲတွင် ပိတ်မိနေပုံရသည်။အချိန်တစ်ချို့ကြာပြီးနောက် ကျိုးဘိုက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။သူသည် ကားပေါ်ရှိလူတိုင်းကို ကြည့်လိုက်ပြီး သူ့မျက်နှာအား ကုတ်ခြစ်လိုက်သည်။
"ဒါက နားချိန်လား ငါတို့က ဘာလို့ အတန်းထဲမှာ မရှိတာလဲ "
"ကျိုးဘို မင်းက ကျောင်းပြီးသွားပြီလေ "
ကောင်းမင်က ကျိုးဘိုအား နူးညံ့စွာနှစ်သိမ့်လိုက်သည်။
"ငါတို့အားလုံး ကျောင်းပြီးသွားကြပြီ "
"ဒါဆို ငါတို့က ဘာလို့ဒီနေရာပဲ ပြန်ရောက်နေတာလဲ ၊ သူ့ကို ပြန်လှည့်စားချင်နေလို့လား "
ကျိုးဘို လှည့်ပတ်ကြည့်ရှုလိုက်ပြီး ကိုင်းချလိုက်သည်။သူ့မျက်နှာသည် ကောင်းမင်မျက်နှာဖြင့် ထိလုမတတ်ဖြစ်နေ၏။သူ့မျက်လုံးများက နီရဲနေပေသည်။
"ဘယ်သူ့ကို လှည့်စားရမှာလဲ "
ကောင်းမင်က စိတ်ရှုပ်ထွေးသွားသည်။သူသည် သူ့မျက်နှာပေါ်မှ ဒဏ်ရာများကို ကုတ်ခြစ်လိုက်ပြီး သူ့မူလအခြေအနေသို့ ပြန်ရောက်သွား၏။ကျိုးဘိုသည် တစ်ခုခုကို သိနေပုံရသည်။ကောင်းမင်သည် သူတို့၏တက္ကသိုလ်ကျောင်းသားဘဝအချိန်ကို မှတ်မိရန်ကြိုးစားလိုက်သည်။ကျိုးဘို၏ စိတ်ကစဉ့်ကလျားအခြေအနေသည် ရုတ်တရက်ဖြစ်လာခြင်းမဟုတ်ပေ။သူသည် မမြင်ရသော သူငယ်ချင်းတစ်ယောက်ကို စကားပြောနေသကဲ့သို့ အတန်းထဲတွင် သူ့ကိုယ်သူ မကြာခဏစကားပြောနေလေ့ရှိသည်။
ဘတ်စ်ကားသည် ဆက်လက်ခရီးဆက်နေပေသည်။လေထုကား ခဏအတွင်းပုံမှန်ဖြစ်သွား၏။ကျောင်းသူကျောင်းသားများသည် သီချင်းဆိုသူဆို ဂိမ်းကစားသူကစား ၊ ဘီယာသောက်သူ သောက်ဖြင့်ရှိနေကြသည်။ခရီးသည်များမှာ သူတို့ကြောင့်နှစ်သိမ့်ခံရသည်။အချိန်များ မည်မျှကုန်ဆုံးသွားမှန်း ပင် သူတို့မသိခဲ့ကြပေ။
"ငါတို့ရောက်ပြီဟေ့ "
ဘတ်စ်ကားသည် အားလပ်ရက်ဗီလာသို့ ရောက်လာခြင်းမဟုတ်ပဲ ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ ရောက်လာခြင်းဖြစ်သည်။
မည်သူမှ မတုန့်ပြန်နိုင်သေးခင် အနက်ရောင်ဆက်သွယ်ရေးစက်ဖြင့် ဒရိုင်ဘာသည် ဘတ်စ်ကားကို ကျောင်းထဲ မောင်းဝင်သွားတော့သည်။ထို့နောက်သူသည် သော့ကို ဆွဲနူတ်လိုက်ပြီး ကားထဲမှ ထွက်ပြေးသွားလေ၏။ဒရိုင်ဘာသည် သူတို့အား မည်သည်မျှ သတိမပေးပဲ စွန့်ပစ်ထားခဲ့လေသည်။
ဇိမ်ခံခြင်းသည် မိုးရေထဲတွင် ပြဌာန်းစာအုပ်တစ်အုပ်ပြုတ်ကျသွားသလိုဖြစ်သည်။ခရီးသည်များသည် ဓာတ်ခွဲခန်းကြွက်တစ်ကောင်ထဲသို့ဖြစ်နေလေ၏။
"ဘယ်အလေ့အထကိုမှ မဖန်တီးနဲ့ ၊ လူသားဆိုတာကို မှတ်ထားပါ "
ကျိုးဘိုသည် လျင်မြန်စွာမတ်တပ်ရပ်လိုက်ပြီး မိုးရေထဲ ထွက်ပြေးသွားလေ၏။ထို့နောက် လူတိုင်းသည် ကျိုးကျွင်းထံမှ မက်ဆေ့တစ်စောင်ရလိုက်ကြသည်။
"လွန်ခဲ့တဲ့ ဆယ်နှစ်က ငါတို့ဟာ ကျောင်းနေဘက်တွေပဲ ၊ ဆယ်နှစ်ကြာပြီးတော့ လူတိုင်းက အဲ့အခိုက်အတန့်တွေကို အမှတ်ရကြဦးမယ်လို့ ငါတွေးမိတယ် ၊ ဒီကျောင်းက ငါတို့ရဲ့အားလပ်ရက်ဗီလာပဲ ၊ ပြီးတော့ ငါတို့ရဲ့အတိတ်ကို အမှတ်ရဖို့ ကူညီပေးမယ့် အပြင်အဆင်တစ်ခုပဲ "
"လူတိုင်းရဲ့ကျောင်းဝင်နံပါတ်တွေက အရင်ကအတိုင်း အတူတူပဲ ကျောင်းမှာ ကန်တင်းရှိတယ် ၊ ဆေးခန်းရှိတယ် ၊ စာကြည့်တိုက် အဆောင် ရေကူးကန် စသဖြင့်ပေါ့ ၊ မင်းတို့နှစ်သက်တာ မင်းတို့လုပ်လို့ရတယ် ၊ လူတိုင်းကို ပျော်ရွှင်စရာအချိန်လေးတွေ ရှိဖို့ ငါမျှော်လင့်ပါတယ် "
လူများသည် ကျိုးကျွင်း၏မက်ဆေ့မှ သတိပေးချက်ကို မခံစားမိကြပေ။ထို့အစား တချို့က ယင်းသည် ဆန်းသစ်ပြီး အသစ်ဖြစ်သည်ဟုတွေးနေကြသည်။
ကျိုးဘို၏ခုံတွင် ကောင်းမင်ထိုင်လိုက်သည်။ပြတင်းပေါက်အပြင်ဘက်တွင် အရိပ်များစုစည်းလာသည်ကို သူမြင်လိုက်ရပြီး သူ့နှလုံးခုန်လာတော့သည်။သူတို့ကား ကားဒရိုင်ဘာကြောင့် မူမမှန်ဖြစ်ရပ်ထဲ အပို့ခံလိုက်ရပြီဖြစ်သည်။အဆက်အသွယ်များ ပြတ်တောက်သွားသည်။သရဲခြောက်သော စကားပြောဂရုတစ်ခုသာ သုံးနိုင်တော့သည်။တနည်းဆိုရသော် သူတို့အား မက်ဆေ့ပို့နေသော ကျိုးကျွင်းသည် ကျိုးကျွင်းအစစ်ဟုတ်မနေချေ။
"ကျိုးကျွင်းက မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနကို ဝင်ခဲ့ပြီး စီတုအန်းအတွက် အလုပ်လုပ်ခဲ့တယ် ၊ ဒါက သူ့ကျောင်းနေဖက်သူငယ်ချင်းတွေကို ဒီမှာစုစည်းလိုက်တဲ့ အကြောင်းပြချက်တစ်ခုလား "
ကျောင်းသားများက ဘတ်စ်ကားပေါ်မှ တဖြည်းဖြည်းဆင်းလာကြသည်။လျိုယီက ကောင်းမင်ကို ရှာလိုက်ပြီး
"နင် ဘယ်လိုထင်လဲ "
"သရဲတွေက စကားပြောဂရုထဲကနေ စာပို့နေကြတာ ငါတို့မှာ သဲလွန်စအရမ်းနည်းသေးတယ် ၊ အခုတော့ ငါတို့ စည်းမျဉ်းတွေကို လိုက်နာသင့်တယ် "
ကောင်းမင်သည် စည်းမျဉ်းများကို လိုက်နာတတ်သောသူ မဟုတ်ချေ။သူသည် အခွင့်အရေးကို စောင့်နေခြင်းသာဖြစ်သည်။အချို့ကျောင်းသားများက မိုးရေထဲဆင်းသွားကြပြီး အနီးဆုံး အဆောင်များအတွင်း ပြေးဝင်သွားကြသည်။
"ကြည့်စမ်း ! ကျိုးကျွင်းက ငါတို့အတွက် အဆောင်တွေကိုတောင် ပြင်ဆင်ပေးထားတာပဲ ၊ သူက ငါတို့မိုးရေထဲမှာ မိုးစိုလာမှာ စိုးရိမ်လို့ထင်တယ် ၊ အဆောင်မှာ ငါတို့အတွက် အဝတ်လဲစရာတွေတောင် ပြင်ပေးထားသေးတယ် "
"ဒါက တွေ့ဆုံပွဲလေး တစ်ခုပဲ မဟုတ်ဘူးလား ၊ ဘာလို့ ဒီလို ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်နေရတာလဲ "
"မင်းနားမလည်ဘူးလား ၊ ဒါက အမှတ်တရပုံစံ အပြင်အဆင်ပဲကွ ၊ အထက်တန်းကျောင်းဆိုတာ လူများစွာရဲ့ အမှတ်တရတွေပဲ ၊ သူက ငါတို့အတွက် ဒီနေရာကို ငှားဖို့ ပိုက်ဆံအများကြီးပေးခဲ့ရမှာပဲ "
နံရံများတွင် ကြိုဆိုသည့်ပိုစတာများချိတ်ဆွဲထားပြီး ကျောင်းသားတိုင်း၏နာမည်နှင့်ဓာတ်ပုံကို ကပ်ထားသည်။
၎င်းဘေးရှိ ကျောက်သင်ပုန်းပေါ်တွင် ပြောင်းရွှေ့ဝင်ရောက်လာသော ကျောင်းသားများအတွက် သတိပေးစာများပါသည့် စာရွက်ဖြူများစွာရှိသည်။
"ကျောင်းသားဆောင်ကနေ ကြိုဆိုပါတယ် ၊ ကျောင်းသားများ၏ ဘေးကင်းရေးနှင့် နွေးထွေးသောသင်ကြားရေး ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့်လုံခြုံရေးဌာနမှ ဤစည်းမျဉ်းများကို ချမှတ်ထားပါသည်။ကျေးဇူးပြုပြီး စည်းမျဉ်းများကို သေချာစွာလိုက်နာပါ "
"(၁) သတ်မှတ်ထားသော အနားယူချိန်နှင့် အိပ်ချိန်ကို လိုက်နာပါ။အချိန်မှန် ထပြီး မီးပိတ်ချိန်တွင် အိပ်စက်ပါ။အတန်းချိန်အတွင်း အဆောင်တွင် မနေရ။
"(၂) ကျယ်လောင်သော ဆူညံသံများ မပြုလုပ်ရ။အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့်ရန်ဖြစ်ခြင်းတို့ကို ခွင့်မပြု။
"(၃)သင်၏အိပ်ရာများနှင့် အများသူငှာ အဆင်ပြေစေရန် ဂရုစိုက်ပါ။ အများသူငှာ နေရာများကို သန့်ရှင်းအောင်ထားပါ။ အမှိုက်မပစ်ပါနဲ့။ပိုက်များပိတ်မိခြင်းမှ ကာကွယ်ရန် လက်ကျန်များကို ဇလုံထဲသို့ မလောင်းပါနှင့်။ ရေချိုးပြီးနောက် ဆံပင်ကို စနစ်တကျဆေးကြောသန့်စင်ပါ။ ပျက်စီးမှုများရှိပါက ပြင်ဆင်ရန်အတွက်အတန်းပိုင်ဆရာထံ အကြောင်းကြားပါ"
"(၄) လျှပ်စစ်သုံးစွဲရေးစည်းကမ်းများကို လိုက်နာပါ။ကျောင်းသားများအား အပိုပလပ်ပေါက်များ တပ်ဆင်ခြင်းခွင့်မပြု။
"(၅)အဆောင်စီမံခန့်ခွဲရေး၏စည်းကမ်းများကို လိုက်နာပါ။အဆောင်တံခါးများကို ပိတ်ပြီးသည်နှင့် မည်သူမှ ထွက်ခွင့်မပြု။အရေးပေါ်ကိစ္စရှိပါက တာဝန်ရှိလူထံမှ ခွင့်ပြုချက်ရယူပြီး စာရင်းသွင်းရမည်။
ကျောင်းသားတစ်ဦးချင်းစီတိုင်း ဓာတ်ပုံအောက်တွင် သံချောင်းတစ်ချောင်းရှိသည်။သံချောင်းတွင် အနီရောင်ကြိုးဖြင့်ချည်ထားသော သော့တစ်ချောင်းရှိသည်။သော့နောက်တွင် အိပ်ခန်းနံပါတ်ရှိပေသည်။
"ငါတို့ အိပ်ခန်းတွေကို အရင်သွားကြည့်ရအောင် "
စီဆန်းက ရှေ့ထွက်လာပြီး "ငါ အဆောင်မှာ မနေခဲ့ရတာ အတော်ကြာပြီပဲ ၊ ငါ ဒါကို တော်တော်လေးလွမ်းနေတာ "
"မင်းတို့မြို့ကကောင်တွေက တော်တော်ချွန်တဲ့ကောင်တွေပဲ "
သင်္ချာကော်မတီအဖွဲ့ဝင် တုပိုင်သည် ဘွဲ့ရပြီးနောက် ဆရာတစ်ယောက်ဖြစ်လာခဲ့သည်။သူသည် အဆောင်ကို လွမ်းနေခြင်းမရှိပေ။
"ယောက်ျားလေးဆောင်က မြေညီထပ်ကနေ သုံးထပ်အထိ၊ မိန်းကလေးဆောင်က လေးထပ်ကနေ ခုနှစ်ထပ် ထိပဲ ၊ နင်တစ်ခုခုရှာတွေရင် ငါ့ကို လက်တို့လိုက်ဦး "
လျိုယီက ကောင်းမင်ကိုပြောလိုက်ပြီး သူမအား အခြားမိန်းကလေးများမှ ဆွဲခေါ်သွားကြလေသည်။
"ကောင်းမင်ရေ ! ငါတို့ အခန်းအတူတူထပ်ကျပြန်ပြီဟ !"
တုပိုင်နှင့်အတန်းခေါင်းဆောင်ရွှမ်ဟွေ့သည် ကောင်းမင်ဘေး လျှောက်လာကြသည်။
"လာပါ ၊ ငါတို့က အခန်း ၁၃၁၄ ပဲ "
ကျောင်းသားဆောင်အဆောက်အဦးသည် ကြီးမားသည်။တစ်ထပ်ချင်းစီတွင် အခန်းများစွာမရှိသော်လည်း ကောင်းမင်တို့အုပ်စုမှလွဲ၍ အခြားကျောင်းသားများရှိမနေချေ။အတန်းချိန်ရှိနေပုံရသည်။
"သူက လူငယ်ဘဝကို ခံစားနိုင်ဖို့ တစ်ကျောင်းလုံးဆောက်ပစ်လိုက်တာတဲ့ကွာ ၊ ဘယ်လောက်ပိုက်ဆံကုန်လိုက်မလဲ "
တုပိုင်သည် ၎င်းကို နားမလည်နိုင်ခဲ့ပေ။သူက သော့ကို ထုတ်ပြီး အခန်း ၁၃၁၄ကို ဖွင့်လိုက်သည်။
အခန်းတစ်ခန်းတွင် ကျောင်းသားခြောက်ယောက်ရှိသည်။အိပ်စင်သုံးခုရှိသည်။အဲကွန်း ခြင်လုံဇကာ စဖြင့် အစုံအလင်ရှိပေသည်။
"ငါတို့ ကျောင်းသားဘဝပြန်ရောက်သွားသလို ခံစားရတယ်ကွာ "
တုပိုင်သက်ပြင်းချလိုက်ချိန်တွင် သူတို့ဖုန်းများ အသံမြည်လာကြသည်။ကျိုးကျွင်းက နောက်ထပ်မက်ဆေ့တစ်စောင်ဖြင့် မီးထည့်လိုက်သည်။
"အခုချိန်ကတော့ အတန်းချိန်ပဲ ၊ ကျေးဇူးပြုပြီး အဆောာင်ထဲကနေ မိနစ်သုံးဆယ်အတွင်း ထွက်ခွာကြပါ! "