တံခါး
Vol. 8 Ch. 119
"မီးပိတ်ပြီးတဲအခါမှာ လသာဆောင်တံခါးတွေကိုပိတ်ထားပါ ၊ မီးပိတ်ပြီးတဲ့အချိန် တစ်စုံတစ်ယောက်က သင်တို့အခန်းထဲ လာစစ်ဆေးတဲ့အခါ သူတို့ရဲ့အမူအရာကို သတိထားပါ ၊ သူတို့က ပြုံးနေတယ်ဆိုရင် အိပ်ခန်းထဲက ချက်ချင်းထွက်ခွာပါ "
"သန်းခေါင်ကျော်ပြီးရင် ဖုန်းအသုံးမပြုပါနှင့်၊ မင်းလက်ခံရတဲ့ မက်ဆေ့တိုင်းဟာ မှားနေနိုင်လို့ပါ ..."
စာရွက်ထဲတွင် များစွာသောအဆောင်စည်းကမ်းများရေးထားလေသည်။စာသင်ခန်းစည်းကမ်းထက် အဆောင်စည်းကမ်းက အဆများစွာပိုသည်။၎င်းတို့အား မှတ်မိနိုင်ရန် အချိန်တော်တော်များများယူလိုက်ရသည်။
"ဒါတော့ မကောင်းတော့ဘူး "
စာကျက်ရသည်သည်ကို မကြိုက်သော ဝမ်ကျားပင်လျှင် အားလုံးကို မှတ်မိရန် အလွတ်ကျက်နေရ၏။
"ငါတို့အိပ်ခန်းထဲမှာ ကျိုးကျွင်းနဲ့ယွမ်ဟွေ့ဆိုတဲ့ မတည်ငြိမ်တဲ့ ကိန်းရှင်နှစ်ခုရှိတယ် ၊ သူတို့ ပြန်မလာသေးဘူးဆိုရင် အိပ်ခန်းစစ်ဆေးရေးကို ငါတို့ နှစ်ခါကြုံရလိမ့်မယ် ၊ ဆိုလိုတာက မီးပိတ်ပြီးရင် ငါတို့တံခါးဖွင့်ပေးရမယ်လို့ ဆိုလိုတာပဲ "
ဝမ်ကျားက ညည်းညူလိုက်သည်။
"ဒုက္ခတော့ အတောင့်လိုက်ပါပဲကွာ! "
"သူတို့ပြန်မလာရင်လည်း ကောင်းတာပဲလေ ၊ မီးပိတ်ပြီးမှ သူတို့ပြန်လာရင် ပိုကြောက်ဖို့ကောင်းလိမ့်မယ် ၊ သူတို့က သူတို့အစစ်လားဆိုတာ ငါတို့ပြောနိုင်မှာမဟုတ်ဘူး ၊ ဒါထက် ငါတို့မှာ ကုဒ်မရှိသေးဘူး "
တုပိုင်က ရေဇလုံကိုယူ၍ အပြင်ထွက်ရန် ပြင်လိုက်သည်။
"မင်း ဘာလုပ်နေတာလဲ "
"အိပ်ရာဝင်ဖို့ ရေသွားယူမလို့လေ ၊ ဗီရိုထဲမှာ ရေချိုးခန်းသုံးပစ္စည်းတချို့ ရှိလို့ "
"ခုလိုအချိန်မှာ ဒါတွေ ဂရုစိုက်နေသေးတာလားကွ "
ဝမ်ကျားက ရေဇလုံကို ဆွဲယူလိုက်သည်။
"ငါတို့အချိန်က အဖိုးတန်တယ် ၊ ငါတို့ဒီမှာနေလေလေ ထွက်ပြေးဖို့ ခက်လေလေပဲ "
ဝမ်ကျားသည် ရေဇလုံကို ချထားလိုက်ပြီး ကျောင်းမြေပုံတစ်ခု ရိုးရိုးရှင်းရှင်းဆွဲလိုက်သည်။
"ငါ့မိသားစုအကြီးအကဲတွေဆီက ကြားတာတော့ သရဲခြောက်တဲ့အဆောက်အဦးထဲက ခုနှစ်ရက်အတွင်း မထွက်နိုင်ခဲ့ရင် ငါတို့ အဲ့ဒီမှာပဲ ထာဝရနေရလိမ့်မယ်လို့ ဆိုတယ် ၊ ငါတို့ အလောင်းတွေကလည်း ခြောက်ခြားမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာလိမ့်မယ်တဲ့ "
ဝမ်ကျား၏အကြီးအကဲသည် ဩဇာကြီးသူတစ်ယောက်ဖြစ်ပေသည်။သူတို့ ဂျူနီယာများကို ပြောခဲ့သော အချက်အလက်များအား ကောင်းမင်ပင်မသိချေ။
"အလျင်လိုတာက အဓိကမကျဘူး"
တုပိုင်သည် ဝမ်ကျားကို ကြောက်ရွံ့ခြင်းမရှိပေ။သူတို့သည် ကျောင်းတွင်မကြာခဏ စကားများလေ့ရှိသည်။ထိုအချိန်တွင် သူတို့သည် ကျောင်းသို့ အမှန်တကယ်ပြန်ရောက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။
"မင်းနဲ့စကားပြောရတာ ပျင်းစရာကောင်းလွန်းတယ် ၊ မင်းအခုထိ အသက်ရှင်နေတာက မင်းဟာ ငါနဲ့ကောင်းမင်နဲ့အတူ တစ်ခန်းထဲ နေရာချထားခံရလို့ပဲ "
ဝမ်ကျားက ရေဇလုံကို အဝေးကန်ထုတ်လိုက်သည်။သူသည် သူ့အစီအစဉ်ကို နံရံတွင်ကပ်ရန် ပြင်လိုက်ချိန်တွင် တံခါးခေါက်သံ ထပ်မံကြားလိုက်ရသည်။
"ဒီအချိန်က ဘယ်အချိန်ရှိနေပြီလဲ "
အိပ်ခန်းတံခါးကို ထပ်မံဖွင့်လိုက်သည်။ယွမ်ဟွေ့သည် အတန်းအချိန်ဇယားနှင့်အတူ အခန်းထဲ ဝင်လာ၏။
"နောက်ဆုံးတော့ ဒီကောင်ပြန်လာတာလား "
ယွမ်ဟွေ့ကို မြင်လိုက်သောအခါ ဝမ်ကျားသည် ချက်ချင်းပင် သူ့အစီအစဉ်ကို ဖြုတ်သိမ်း၍ သူ့အိပ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။
"ငါ မင်းတို့အကြံတွေကို စိတ်မဝင်စားဘူး "
ယွမ်ဟွေ့သည် သူပရင့်ထုတ်လာသော အဖြူအမည်း အချိန်ဇယားကို တံခါးပေါ်တွင် ကပ်လိုက်သည်။
"ဒါက ကျိုးကျွင်း ငါတို့ကို ပေးလိုက်တဲ့ အချိန်ဇယားပဲ ၊ မနက်ဖြန်ကစပြီး ငါတို့က ဒီအချိန်ဇယားအတိုင်း အတန်းတွေ တက်ရလိမ့်မယ် "
"မင်း ကျိုးကျွင်းနဲ့တွေ့ခဲ့တာလား ! "
ကောင်းမင်က ယွမ်ဟွေ့ဆီ ခြေလှမ်းလိုက်သည်။
"မင်းဒါကို ဘယ်က ရခဲ့တာလဲ "
ယွမ်ဟွေ့သည် သူ့ဖုန်းကို ထုတ်၍ ကျိုးကျွင်း၏မက်ဆေ့များကို ရှာဖွေလိုက်သည်။
"လူတိုင်းကို ပိုမိုကောင်းမွန်သော အတွေ့အကြုံများပေးဖို့အတွက် ငါတို့ဟာ ငါတို့ရဲ့ပျောက်ဆုံးနေတဲ့ ငယ်ရွယ်မှုနဲ့ မှတ်ဉာဏ်တွေကို ရှာဖွေဖို့ မနက်ဖြန်က စပြီး အတန်း ၁၃ ကို ပြန်တက်ကြမယ် !"
"ငါတို့အားလုံး တစ်ခုခုကို မေ့နေကြတာ ၊ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ငါတို့အားလုံး သေခဲ့ပြီးတာဖြစ်ရမယ် ၊ ငါတို့ တူညီတဲ့အတန်းကို ပြန်တက်ရင် အတိတ်ကို ပြန်မှတ်မိနိုင်လိမ့်မယ် "
ယွမ်ဟွေ့က အချိန်ဇယားကို ကပ်လိုက်သည်။
"မင်းတို့ ငါနဲ့လိုက်သင့်တယ် "
"မင်းဘယ်သူလဲ ဘာကြောင့် မင်းစကားကို နားထောင်ရမှာလဲ "
ဝမ်ကျားသည် အချိန်ဇယားကို တစ်ချက်ပင်မကြည့်ချေ။
"ငါအဆင်ပြေပါတယ် ၊ လွန်ခဲ့တဲ့ဆယ်နှစ်က ငါက ဘယ်လိုလုပ်သေခဲ့မှာလဲ ၊ ကျိုးကျွင်းနဲ့မင်းက ငါတို့ကို ထောင်ချောက်ဆင်နေတယ်လို့ ငါသံသယဖြစ်မိတယ် "
"ဝမ်ကျား အရင်တုန်းက မင်းက မိသားစုနောက်ခံနဲ့ အနိုင်ကျင့်တတ်တဲ့ကောင်ပဲ ၊ လက်ရှိမှာ လူတွေက ဒါကို စိတ်ထဲ မထားကြတော့ဘူး ဒါပေမယ့် ဒါက ငါတို့အသက်တွေနဲ့ ဆက်စပ်နေတာကွ ! "
ယွမ်ဟွေ့က တိုက်တွန်းလိုက်သည်။
"ငါ တခြားအဆောင်က လူတွေနဲ့ အားလုံးကို ဆွေးနွေးခဲ့ပြီးပြီ ၊ မနက်ဖြန်မနက်ကျရင် ငါတို့ အတန်းသွားတက်ကြမယ် မင်းသဘောမတူရင် ငါတို့ မင်းကို ဆွဲခေါ်သွားမှာပဲ ! "
"မင်း ကြိုးစားကြည့်လိုက်လေ "
ဝမ်ကျားက နံရံကို မှီပြီး သူ့ခြေထောက်ကို ကြက်ခြေခတ်ထားလိုက်သည်။
"ငါတို့ မနက်ဖြန်မှ ဆွေးနွေးကြမယ် ၊ မင်းပြောပုံက ငါတို့ ဒီညအသက်ရှင်နိုင်မှာလိုပဲ "
ကောင်းမင်သည် ကုတင်ပေါ်တက်လိုက်ပြီး အဓိပ္ပါယ်မရှိသော အချင်းများနေခြင်းကို တားဆီးလိုက်သည်။
ညကား ရောက်ရှိလာချေပြီ။
အလင်းသည် မှိန်ဖျော့လျက်ရှိသည်။အမှောင်ထုဖုံးလွှမ်းထားသော နေရာများသည် မှုန်ဝါးဝါးဖြစ်လာလေ၏။နံရံပေါ်ရှိအရိပ်သည် မိုးရေကြောင့် ဆေးကြောခံလိုက်ရသည်။
"မီးပိတ်ပြီးသွားရင် ကျောင်းကြီးက ဘယ်လိုပြောင်းလဲသွားမှာလဲ "
အိပ်ခန်းစစ်ဆေးရေးသည် ညဆယ်နာရီတွင် စတင်လာ၏။
ယူနီဖောင်းအဟောင်းဝတ်သော ကျောင်းသားအချို့ အခန်းထဲဝင်လာကြသည်။သူတို့တွင် မည်သည့်အမူအရာများမရှိပဲ မည်သူကိုမှလဲ ကြည့်ရှုခြင်းမရှိချေ။သူတို့သည် ကုတင်တစ်ခုချင်းစီဘေးတွင် စက္ကန့်အနည်းငယ် ရပ်တန့်လိုက်ပြီးနောက် ထွက်သွားကြသည်။
"ဒါပဲလား "
စီဆန်းသည် ကုတင်ပေါ်မှ ခေါင်းထုတ်၍ ပြောလိုက်သည်။သူသည် ဖိနပ်ပင်မချွတ်ရသေးပေ။သူသည် ထွက်ပြေးရန် အဆင်သင့်ဖြစ်နေ၏။
ကျောင်းကြီးသည် ပိုမိုတိတ်ဆိတ်လာတော့သည်။အချို့အခန်းများက သူတို့မီးများကို ပိတ်ထားပြီးသားဖြစ်သည်။ကော်ရစ်ဒါသည်လည်း တိတ်ဆိတ်နေပေသည်။ယင်းခံစားချက်သည် အလွန်ခြောက်ခြားဖွယ်ကောင်းလေသည်။ကျောင်းကြီးသည် စွန့်ပစ်ခံလိုက်ရသလို ဖြစ်နေတော့သည်။
ဝမ်ကျားသည် တံခါးနှင့်ပြတင်းပေါက်များကို ပိတ်လိုက်သည်။သူသည် တံခါးနောက်တွင် တံခါးကို တွန်းထားသည်။သူသည် တံခါးဝတွင် မှီ၍ အဟကြားမှ အပြင်ဘက်ချောင်းကြည့်လိုက်သည်။လေထုသည် ပိုမိုစိတ်ခြောက်ခြားဖွယ်ကောင်းလာလေသည်။အဓိပ္ပါယ်ကင်းမဲ့မှုများ နေရာတိုင်းအနှံ့ ပျံ့နှံ့နေသည်။
ည ၁၀:၃၀နာရီတွင် ဝမ်ကျားအပေါ်မှ အလင်းရောင်သည် အချိန်မီပိတ်သွားသည်။
အဆောင်များသည် ပင်လယ်နက်ထဲ နစ်မြှုပ်နေသလို ခံစားနေရသည်။
ဝမ်ကျားသည် အသက်ပင် ကျယ်ကျယ်မရှူရဲပေ။သူသည် ကော်ရစ်ဒါကို အာရုံစိုက်ထားလေ၏။
"တစ်ခုခု လာနေသလိုခံစားရတယ် ..."
ဝမ်ကျား သေသေချာချာမကြည့်ရသေးခင် တံခါးလက်ကိုင်ဘုက လှုပ်ရှားသွားသည်။
"စီဆန်း တံခါးဖွင့်ပါဦး ၊ ငါမာထုံပါ "
မာထုံ၏အသံသည် နူးညံ့နေသော်လည်း စိတ်လှုပ်ရှားသည့်ပုံ ဖြစ်နေသည်။
"ကျိုးကျွင်းက သူအဖမ်းမခံရအောင် သူ့အိပ်ရာမှာ အိပ်ပေးဖို့ ငါ့ကို မက်ဆေ့ပို့ထားတယ် ၊ တံခါးဖွင့်ပါဦး ၊ အပြင်မှာ အရမ်းမှောင်လွန်းတယ်ကွ "
စီဆန်းသည် အခန်း ၁၃၁၄တွင် အရိုးသားဆုံးဖြစ်သည်။သူထမည်ပြုရာ ကောင်းမင်က သူ့ကို ပြန်ဆွဲချလိုက်သည်။
"တံခါးဖွင့်ပါ စီဆန်းရေ အတန်းခေါင်းဆောင် ! ငါမင်းကို မလိမ်ပါဘူးကွ ၊ ငါသူ့ကို မကူညီဘူးဆိုရင် ငါတို့အားလုံးသေလိမ့်မယ်လို့ ကျိုးကျွင်းကပြောတယ် "
မာထုံ၏အသံသည် ညည်းတွားသံပေါက်လာသည်။
"ကျောင်းသားတွေက အိပ်ခန်းကို စစ်ဆေးလို့ လူတွေပျောက်နေတာ သိသွားရင် အိပ်ခန်းထဲက ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး ! တံခါးဖွင့်ပါ! အတန်းခေါင်းဆောင် ! "
မာထုံသည် အာရုံခံနေ၏။
"သူ့ကို မယုံနဲ့ "
ယွမ်ဟွေ့က ဝမ်ကျားကို ခေါင်းခါပြလိုက်သည်။
"မာထုံက ကန်တင်းမှာ စည်းကမ်းချိုးဖောက်ခဲ့လို့ မီးဖိုချောင်ထဲ ခေါ်သွားခံရတာ ၊ ငါတို့အခု တံခါးဖွင့်ပေးလိုက်ရင် အခြားအရာတစ်ခုခုကို ဝင်ခွင့်ပြုလိုက်သလိုဖြစ်သွားမယ် "
"ငါ သိတယ် "
ဝမ်ကျားက တံခါးကို မှီထားသည်။ကော်ရစ်ဒါကား မှောင်မဲနေ၏။သူသည် မာထုံကို မကြားရသလို မြင်လည်း မမြင်ရပေ။
"ငါ တံခါးဖွင့်ပေးမှာမဟုတ်ဘူး "
ဝမ်ကျားက နောက်တစ်လှမ်းဆုတ်လိုက်သည်။မကြာမီ သူဖုနးစခရင်လင်းလာသည်။ကောင်းမင်က မက်ဆေ့ပို့လိုက်ခြင်း ဖြစ်သည်။
ဝမ်ကျားသည် မက်ဆေ့ကိုဖတ်ပြီး လေအေးတစ်ရှိုက် စုပ်သွင်းလိုက်မိသည်။
ကောင်းမင် "ယွမ်ဟွေ့က သူကိုယ်တိုင် နေ့လယ်ကတည်းက ထွက်သွားတာ ၊ သူ ကန်တင်းကို မလာခဲ့ဘူး ၊ သူက လူလုံးတောင် ထွက်မပြခဲ့ဘူး ၊ မာထုံက ကန်တင်းစည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်ဆိုတာ သူသိမနေသင့်ဘူး ၊ ဒ့ါထက် ငါတို့အားလုံးမှာ အိပ်ခန်းသော့ ရှိကြတယ် ၊ ဒါပေမယ့် ယွမ်ဟွေ့က သူ့သော့ကို မသုံးပဲ သူ့အတွက်တံခါးခေါက်ပြီး ဝင်လာတာ ၊ ဂရုစိုက်ပါ ၊ သရဲက ငါတို့ကြား ရှိနေလောက်ပြီ "
(နာမည်က ယွမ်ဟွေ့ဖြစ်လိုက် ရွှမ်ဟွေ့ဖြစ်လိုက်ဖြစ်နေတယ် ၊ ဒါပေမယ့် လူက အတူတူပါပဲ ၊ မူရင်း English မှာ အဲ့လိုပဲ ရေးထားလို့ပါ )