← Chapters

ကျောင်းသူကျောင်းသားများ

Vol. 8 Ch. 107

ကျောင်းသူကျောင်းသားများ

Vol. 8 Ch. 107

အိမ်နီးချင်းများကို ထပ်မံမြင်တွေ့ခဲ့ရပြီးနောက် လဲ့ကျားနှင့်လဲ့ရန်တို့၏ ကလေးဘဝကစိတ်ဒဏ်ရာသည် ပျောက်ကွယ်သွားတော့သည်။မမြင်ရသောအနက်ရောင်အစိုင်အခဲသည်ဖြည်းညင်းစွာ ပြိုကွဲသွား၏။ကောင်းမင်က လူသေဓာတ်ပုံကို ကောက်ယူလိုက်သည်။အိမ်နီးချင်းများသည် ရေစီးသံများ တိုးတိမ်သွားသည်အထိ ကလေးနှစ်ယောက်ကို လက်ယမ်းပြနေခဲ့ကြလေသည်။

အရိပ်ကမ္ဘာထဲရှိ ကလေးအလောင်းနှစ်ခုကား ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ကောင်းမင်သည် ထိုဖြစ်စဉ်မှ တစ်စုံတစ်ရာကို နားလည်လိုက်သည်။လက်တွေ့ဘဝ၏ စိတ်တွင်းနာကျင်မှုသည် အရိပ်ကမ္ဘာရှိ တစ်စုံတစ်ရာနှင့် ထပ်တူညီပေသည်။အစစ်အမှန်ဖြေရှင်းချက်သည် နာကျင်မှုကို လျစ်လျူရှုရန်မဟုတ်ပဲ ၎င်းတို့ကို လက်တွေ့ဘဝသို့ပြန်ယူလာပြီး ဖျက်ဆီးပစ်ရန်ဖြစ်သည်။ထိုနည်းလမ်းဖြင့် ကမ္ဘာနှစ်ခုအား ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေတော့ပေ။

"အစ်ကို့တာဝန်တော့ ပြီးပြီ ၊ အခု မင်းတို့ရဲ့ဘဝတွေကို ရှင်သန်ဖို့ပဲ လိုတော့တယ် "

ကောင်းမင်သည် နောက်ဆုံးတွင် ရေကြီးသည့်လူသေဓာတ်ပုံများကို အသုံးပြုနိုင်မည့်စွမ်းအား ရရှိခဲ့သည်။အရာအားလုံး ထိုက်တန်ပေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကို့ဖုန်းနံပါတ်ကို ကျွန်တော်တို့ဆီ ပေးထားခဲ့ပါလား "

လဲ့ကျားက သူ့ဖုန်းကို ထုတ်လိုက်သည်။

"နောင်ကျ အစ်ကို ကျွန်တော်တို့ဆီက တစ်ခုခု အကူအညီလိုအပ်ခဲ့ရင် ဖုန်းသာခေါ်လိုက်ပါ "

ထို့နောက်သူက သူ့နေရာကို တွေးမိသဖြင့် လျှင်မြန်စွာထပ်ပြောလိုက်သည်။

"နိမ့်ကျတဲ့ အလုပ်တွေဆိုရင် ကျွန်တော်တို့ကိုသာ ခေါ်လိုက်ပါ ၊ ကျွန်တော််တို့က တော်တော်လေး ကျွမ်းကျင်ပါတယ် "

"မင်းတို့က အိမ်နီးချင်းတွေရဲ့ မျှော်လင့်ချက်ကို သယ်ဆောင်သွားဖို့ပဲ လိုတာပါကွာ "

ညီအစ်ကိုနှစ်ယောက်ဖြင့် ဖုန်းနံပါတ်ချင်း လဲလှယ်လိုက်ပြီး ကောင်းမင်ထွက်လာခဲ့သည်။သင်္ဂြိုလ်ရုံမှ ထွက်လာပြီးနောက် ကောင်းမင်၏‌ခေါင်းသည် ထိုးကိုက်လာသောကြောင့် သူထိုင်ချလိုက်ရသည်။သူ့ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။သွေးကြောများသည် သူ့အရေပြားအား သံချေးတက်ချိတ်များကဲ့သို့ ကုတ်ဆွဲနေကြသည်။အမှောင်ထုထဲတွင် သေဆုံးမှတ်ဉာဏ်များ ဖြတ်ပြေးသွားကြသည်။အရင်က နှိပ်စက်ခြင်းအခန်းကို သားစားကြူးနတ်က ဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။ကုန်းစီ ဒဏ်ရာရသွားပြီးနောက် ကောင်းမင်သည် သေဆုံးမှတ်ဉာဏ်များကို သူ့ဘာသာ တောင့်ခံနေရခြင်းဖြစ်သည်။

"အရမ်းဆာတာပဲ ..."

ကောင်းမင်က နံရံကို ကိုင်၍ အနီးဆုံးဆိုင်တစ်ခုဆီ သွားလိုက်သည်။အသားနှင့်ခေါက်ဆွဲတစ်ပွဲစားလိုက်သော်လည်း သူ ဆာနေဆဲဖြစ်သည်။ဆာလောင်မှုသည် အစားအသောက်များဖြင့် ကျေနပ်စေခြင်းမရှိပေ။

"ငါ ဂိမ်းအသစ်တစ်ခု ဖန်တီးဖို့ လိုတာလား "

သူ့အိတ်ထဲတွင် လူသေဓာတ်ပုံများစွာရှိသည်။၎င်းတို့သည် ကောင်းမင်အတွက် ဂိမ်းသစ်တစ်ခု ဖန်တီးရန် လုံလောက်ပေသည်။ကောင်းမင်သည် ဂိမ်းအသစ်အကြောင်း အသေးစိတ်အချက်များကို တွေးတောနေစဉ် ဖုန်းမြည်လာလေ၏။‌ဖုန်းခေါ်သူကို မြင်လိုက်ရသောအခါ ကောင်းမင်အံ့အားသင့်သွားသည်။သူဖုန်းကိုင်လိုက်သည်။

"ငါ ဘာကူညီပေးရမလဲ လျိုယီ "

"နင် စကားပြောဂရုထဲ ကြည့်ပြီးပြီလား ၊ ကျိုးကျွင်းက ဆုံဆည်းပွဲအတွက် အားလပ်ရက်ဗီလာတစ်ခုဆီပို့ဖို့ ဘတ်စ်ကားကိုတောင် ဘွတ်ကင်တင်ထားပြီတဲ့ ၊ သူက အားလုံးကို အကုန်ကျခံထားတာနော် "

လျိုယီ့အသံကဖုန်းမှတဆင့် အေးစက်စက်ထွက်ပေါ်လာ၏။သူမသည် ကျိုးကျွင်းအား ထူးထူးခြားခြား သရုပ်ဆောင်နေသလို ခံစားနေရသည်။

"ကျိုးကျွင်းက အခုမတူတော့ဘူးလေ ၊ ထုတ်ဖော်ပြသတာက သူ့အတွက် ပုံမှန်ပါပဲ "

"ဒါက နဲနဲလေးတိုက်ဆိုင်နေတယ်လို့ နင်မထင်ဘူးလား ၊ ငါတို့က သရဲဘတ်စ်ကားပေါ်ကနေ လွတ်မြောက်လာရုံ ရှိသေးတယ် ကျိုးကျွင်းပေါ်လာပြီး ငါတို့ကို တခြားကားတစ်စီးနဲ့ ပို့ဖို့လုပ်နေတယ် "

လျိုယီက ကောင်းမင်ကို ဓာတ်ပုံတစ်ပုံပို့လိုက်သည်။

"မုန်တိုင်းတွေ တိုက်နေတုန်းပဲ၊ ဒါပေမယ့် သူ့ဘဝက အဲဒီအပေါ်မှာ မူတည်နေသလိုမျိုး ဒီစုဝေးပွဲကို အတင်းအကျပ်လုပ်နေတာလေ "

ကောင်းမင်သည် ဓာတ်ပုံကိုကြည့်လိုက်ပြီး မျက်လုံးများကျဉ်းမြောင်းသွားသည်။ကျိုးကျွင်း၏ လမ်းကြောင်းသည် မြို့တော်အရှေ့ပိုင်းတွင်ရှိသော ဟန်သဲ့ကိုယ်ပိုင်ကျောင်းကို ဖြတ်သွားမည်ဖြစ်သည်။

"သူက သူ့သူငယ်ချင်းတွေအားလုံးကို စတေးဖို့စီစဉ်ထားတာလား ၊ လူတွေက ကျောင်းတုန်းက သူ့ကို အနိုင်ကျင့်ခဲ့ကြလို့လား "

"ငါမသိဘူး ၊ စကားပြောဂရုကိုသာ ကြည့်လိုက်တော့ ၊ တစ်ယောက်မှ ပုံမှန်မဟုတ်ဘူးလို့ ငါခံစားနေရတယ် "

လျိုယီက ဓာတ်ပုံအနည်းငယ်ထပ်ပို့လိုက်သည်။

"မိုးရွာက ရပ်မှ မရပ်သေးတာ ဒါပေမယ့် လူတိုင်းက မနက်ဖြန်စုဝေးပွဲလုပ်ဖို့ သဘောတူကြတယ် ၊ ဒါက သဘာဝကို မကျဘူး"

စကားပြောဂရုသည် လွန်စွာသက်ဝင်နေ၏။သူတို့သည် စကားပြောနေခြင်းရပ်တန့်လိုက်ပါက အားလုံးသေတော့မည်ကဲ့သို့ စကားပြောဆိုနေကြလေသည်။

"ကြည့်ရတာ သူတို့လည်း အဲ့ဒီမှာရှိဖို့ အကြောင်းပြချက်တစ်ခုရှိတယ်ထင်ပါရဲ့"

ပုံမှန်စုဝေးပွဲများသည် ရုံးပိတ်ရက် သို့မဟုတ် အားလပ်ရက်များတွင် လုပ်ကြခြင်းဖြစ်သည်။သို့သော်လည်း ကောင်းမင်၏ ကျောင်းသားတွေ့ဆုံပွဲသည် မိုးရွာသွန်းနေသောအချိန် ဗီလာတစ်ခုတွင် ကျင်းပကြမည်ဖြစ်သည်။

"မျက်နှာကို ခြစ်ထားတဲ့ ကျောင်းသားကို နင်မမှတ်မိသေးဘူးလား "

လျိုယီက မေးလိုက်သည်။

"ဟုတ်တယ် ငါတို့အတန်းထဲမှာဒီလိုလူတစ်ယောက်ရှိတာကို ငါစဉ်းစားလို့မရဘူး "

ကောင်းမင်သည် သူ့အစီအစဉ်ကို ပြောင်းလဲလိုက်ပြီး စုဝေးပွဲတက်ရောက်ရန် ဆုံးဖြတ်လိုက်သည်။

"သားစားကြူးနတ်ကို မြန်နိုင်သမျှ မြန်မြန်ပိုကောင်းလာအောင် ငါကူညီဖို့လိုတယ် "

ကံကြမ္မာသည် ကောင်းမင်အား မြို့တော်အရှေ့ပိုင်းထံ ပြန်တွန်းပို့နေလေသည်။ယခုအကြိမ်တွင် သူသည် စီတုအန်းအား နှိပ်စက်ညှင်းပန်းသည့် အခန်းထဲပို့ချင်နေမိသည်။

"ဒါက ကွဲလွဲနေတယ် စီတုအန်းက မကောင်းဆိုးဝါးတစ်ကောင်ဆိုပေမယ့် တစ်နည်းအားဖြင့် သူကကံကြမ္မာကို မယုံကြည်သူပဲ သူလုပ်သမျှက အရာအားလုံးက ကံကြမ္မာကိုရှောင်လွှဲဖို့ပဲ "

"ဒါပေမယ့် ကံကြမ္မာရဲ့ အစီအစဉ်အောက်မှာ ငါတို့ထဲက တစ်ယောက်တော့ သေရလိမ့်မယ် "

ကောင်းမင်သည် မိုးကာအင်္ကျီကို ဝတ်လိုက်ပြီး မုန်တိုင်းထဲ လမ်းလျှောက်သွားလိုက်လေသည်။

.........

"ငါသိတယ် စုန့်ရွှယ် ၊ နင်ငါ့ကို ဖုန်းမခေါ်ပါနဲ့တော့ ၊ ငါမနက်ဖြန်မနက်စောစော လာခဲ့မယ်ဟာ "

ကျိုးစီစီသည် ဗီဒီယိုကောထဲမှ စုန့်ရွှယ်ကို ကြည့်ရင်း မပျော်မရွှင် ပြောလိုက်သည်။

"နင်ငါ့ကို ဖုန်းခေါ်နေတာ တစ်နေ့တည်း လေးကြိမ်ရှိနေပြီ ၊ ငါ့အမေတောင် ငါကို ရည်းစားရှာဖို့ မတိုက်တွန်းတော့ဘူး "

"နင်လာမှာပေါ့ ! "

စုန့်ရွှယ်က ပြောလိုက်သည်။

"စကားမစပ် စီစီရေ ငါတို့အတန်းထဲက လူတစ်ယောက်ပျောက်နေတယ်လို့ နင်မထင်ဘူးလား "

"ဘာပြောတာလဲ ၊ လူတိုင်းက စကားပြောဂရုထဲမှာ မဟုတ်ဘူးလား "

ကျိုးစီစီသည် ဖိနပ်ကို ကန်ချွတ်လိုက်ပြီး ကုတင်ပေါ်လှဲလိုက်သည်။

"နင့်ခုံဘေးကလူကို မှတ်မိလား "

စုန့်ရွှယ်က အပြစ်ကင်းစွာ မေးလိုက်သည်။

"ကောင်းမင်လား "

ကျိုးစီစီသည် ကောင်းမင်အပေါ် လေးနက်သောအမြင်တစ်ခုရှိသည်။အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် အစွန်းရောက်ကြသောကြောင့်ဖြစ်သည်။ကောင်းမင်သည် တိတ်ဆိတ်သော်လည်း သူမသည် တက်ကြွခြင်းကို နှစ်သက်သည်။ ဆရာသည် သူတို့နှစ်ဦးကို ရှေ့ဆင့်နောက်ဆင့် ထိုင်စေခဲ့သည်။

"သူမဟုတ်ဘူး ၊ တတိယနှစ် ဒုတိယနှစ်ဝက်တုန်းက နင့်ခုံဘေးကလူက ဘယ်သူလဲ "

"ဒုတိယနှစ်ဝက် ..."

ကျိုးစီစီက သူ့ဦးနှောက်ကို အလုပ်ပေးလိုက်သည်။သူမစိတ်ထဲတွင် မျက်နှာတစ်ခုပေါ်လာသော်လည်ူ မည်သည့်အသေးစိတ်အချက်အလက်ကိုမှ မမှတ်မိချေ။

ကျိုးစီစီသည် စကားပြောဂရုထဲရှိ လူတိုင်း၏နာမည်ကို စစ်ဆေးကြည့်လိုက်သည်။သူမသည် ထိုမျက်နှာနှင့်လူအား တစ်ဦးတစ်ယောက်မှဖြင့် မတိုက်နိုင်ခဲ့ပေ။

"ထူးဆန်းတယ် ငါတကယ်မမှတ်မိဘူး "

"အမှန်ပဲ ၊ ငါက မေးရုံမေးလိုက်တာပါ ၊ အိပ်တော့လေ ၊ မနက်ရှစ်နာရီကျရင် ကျိုးကျွင်းက နင့်လာခေါ်ဖို့ ကားတစ်စီးပို့ပေးလိမ့်မယ် "

စုန့်ရွှယ်က အပြုံးတစ်ခုဖြင့် ဖုန်းချလိုက်သည်။

"ငါ့ခုံ‌ဘေးအတန်းဖော်ကို ငါဘယ်လိုများ မေ့ရတာလဲ "

ကျိုးစီစီသည် ကြင်နာတတ်သော သူဖြစ်သည်။ထို့ကြောင့် ဆရာက သူမအား ရှက်တတ်သော ကျောင်းသားကျောင်းသူများဖြင့် မကြာခဏတွဲထိုင်စေသည်။သူငယ်ချင်းဖြစ်နိုင်စေရန် မျှော်လင့်၍ဖြစ်သည်။

"အိုး တော်ပါပြီလေ "

ကျိုးစီစီက အိပ်ရာပေါ်တွင် ယူကျူ့ကြည့်နေလိုက်သည်။သူမသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုအကြောင်းကို မေ့လျော့သွားတော့သည်။

နောက်ဆုံးတွင် သူမသည် ပင်ပန်းလာပြီး အိပ်ပျော်သွားလေ၏။သူမအိမ်မက်ထဲတွင် ‌အတန်းနားသည့် ခေါင်းလောင်းသံမြည်လာ၏။သူမ ခုံဘေးအတန်းဖော်သည် အနက်ရောင်ထမင်းဘူးကို ထုတ်လိုက်ပြီး အပေါ်ထပ်သို့ တစ်ယောက်တည်း တက်သွားလေသည်။သူမ၏ခုံဘေးအတန်းဖော်သည် ထူးဆန်းသောလူဖြစ်သည်။စူးစမ်းချင်စိတ်ဖြင့် ကျိုးစီးစီက သူ့နောက်လိုက်သွား၏။သူမသည် သူ့မျက်နှာကို မြင်တွေ့ချင်နေသည်။သူမ အမိုးပေါ်ရောက်သောအခါ မည်သူမှ ရှိမနေပေ။ရုတ်တရက် သူမခုံဘေးအတန်းဖော်သည် ထောင့်တစ်ခုတွင် သူ့ထမင်းဘူးကို ဖွင့်နေကြောင်းတွေ့လိုက်ရသည်။

"ဟိတ် ! "

ကျိုးစီစီက ခြေလှမ်းကျဲကျဲဖြင့် သွားလိုက်သည်။သူမသည် ကောင်လေး၏ပုခုံးကို ထိရန် ပြင်လိုက်သောအခါ ကောင်လေးသည် စားသောက်ရန် တူများကိုမသုံးပဲ လက်ဖြင့်ထမင်းဘူးထဲမှ တစ်ခုခုထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

ကျိုးစီစီသည် တစ်ခုခုမှားနေကြောင်းခံစားမိ၏။‌သူမသည် နောက်သို့ တိတ်တဆိတ်ပြန်ဆုတ်လိုက်လေသည်။သို့သော်လည်း သူမခုံချင်းကပ်ကောင်လေးသည် ကြားသွားပြီး နောက်ပြန်လှည့်လာ၏။သူ့ပါးစပ်သည် သွေးများပေကျံနေလေသည်။ ကျိုးစီစီသည် အလွန်ကြောက်ရွံ့သွားပြီး လှည့်ပြေးလိုက်သည်။သို့သော်လည်း ကောင်လေးကြောင့် သူမကြမ်းပြင်ပေါ်လဲကျသွားသည်။သူမ ရုန်းကန်ရန် ကြိုးစားလိုက်သည်။

"မဟုတ်ဘူး ! ဒါ အိမ်မက်တစ်ခုပဲ ! နိုးထစမ်း ! "

ကျိုးစီစီက အံကြိတ်လိုက်သည်။သူမမျက်လုံးများကို ဖျတ်ခနဲဖွင့်လိုက်ရာ သူမလည်ချောင်းသီးနေလေသည်။

ကျိုးစီစီသည် သူမအိပ်ရာခင်းကို ကန်ထုတ်လိုက်သည်။သူမရင်ဘတ်သည် လျင်မြန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ထို့နောက် သူမသည် သူမခေါင်းပေါ်တွင် သွေးမျက်နှာတစ်ခုကို မြင်လိုက်ရလေတော့သည်။

All Chapters