ကမ္ဘာမြေ၏ အချစ်နှင့် ငြိမ်းချမ်းရေးအတွက် သွေးလှူခြင်း
Vol. 7 Ch. 85
အမြုပ်တစီစီ ထနေသည့် သွေးဘုရင်မအား ကြည့်ကာ ဓားအင်မော်တယ် မြစ်စိမ်းသည် တိတ်ဆိတ် နေလေသည်။
အချိန်အတော်ကြာပြီး နောက်တွင် ဓားအင်မော်တယ် မြစ်စိမ်းသည် အံ့ဩတကြီး ပြောလာသည်။
“ညီငယ် အန်လင်းရေ.... မင်းက မင်းရဲ့သွေးကို အဆိပ်ခပ် လိုက်တာလား... အံ့ဩဖို့ ကောင်းလိုက်တာကွာ... ဘယ်လိုများ လုပ်လိုက်တာတုန်း...”
ဓားအင်မော်တယ် မြစ်စိမ်း၏ စကားအား ကြားသည့် အခါတွင် အန်လင်းမှာ ဒေါသ ထွက်လာတော့သည်။
“အဲလို လာမမေးနဲ့... ကျွန်တော့်သွေးကို အဆိပ်ခပ်စရာလားဗျ...”
ဓားအင်မော်တယ် မြစ်စိမ်းသည် အန်လင်း ပြောသည်အား မယုံကြည်နိုင်သဖြင့် အံ့အားသင့်စွာဖြင့် စိုက်ကြည့် နေလေသည်။
အန်လင်း
“…”
ယခုအချိန်တွင် သူတို့အတွက် အရေးအကြီးဆုံးမှာ သွေးဘုရင်မ သေ မသေ ကို စစ်ဆေးရန်သာ ဖြစ်သည်။ အန်လင်း တစ်ယောက် သူ့သွေးထဲ အဆိပ်ခပ် မခပ်အား ဆွေးနွေးရန် မဟုတ်။
အန်လင်းနှင့် ဓားအင်မော်တယ် မြစ်စိမ်းတို့သည် သွေးဘုရင်မထံ လျှောက်သွား ကြပြီးနောက် သူမ၏ မျက်လုံးများသည် ပြူးကျယ်လျက် ရှိပြီး ပါးစပ်မှာလည်း အမြှုပ်ထလျက် ရှိသည်။ သူမ ခန္ဓာကိုယ်မှာ အေးစက်လာနေပြီး အသက် စွမ်းအားမှာလည်း လွင့်ပျောက်သွားပြီး ဖြစ်သည်။
“ဒီလို စွမ်းအားပြင်းတဲ့ အဆိပ်... အဆိပ်တစ်ငုံက သွေးဘုရင်ကို သေသွား စေတယ်တဲ့လား...”
ဓားအင်မော်တယ် မြစ်စိမ်းသည် ထိုသို့ပြောနေရင်း မျက်နှာတွင် အလွန် အံ့အားသင့်မှု အပြည့်နှင့်ဖြစ်သည်။ ထို့နောက်တွင် သူသည် အန်လင်းအား အလွန်လေးအား ကြည်ညိုသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
အန်လင်းက မျက်နှာ ရှုံ့မဲ့လိုက်ပြီး “အဲဒီလိုကြီး မကြည့်စမ်းပါနဲ့ဗျာ... ကျွန်တော်လည်း ဘာတွေ ဖြစ်သွားမှန်း မသိဘူးဗျ...”
“အဲဒါဆို ဘာလို့များ ငါ့ကို နည်းနည်းလောက် မကူညီရတာတုန်း...” ဓားအင်မော်တယ် မြစ်စိမ်းသည် ရယ်မောကာ ပြောလိုက်သည်။ အန်လင်းသည် မျက်တောင် ခပ်လိုက်ပြီး “ဘာကို ကူညီရမှာလား...”
“မင်းရဲ့သွေး နည်းနည်းလောက် ချေးလေ...”
အန်လင်း
“…”
သွေးကို ချေးပေးရမယ် ဟုတ်လား...
ဒီဖေ... အဲဒီတော့ ခင်ဗျားချေးသွားတဲ့ သွေးကို ဘယ်လိုပြန်ပေးမတုန်း...
“အန်လင်းရေ... မင်းရဲ့သွေးက သွေးမျိုးနွယ်တွေကို သေစေနိုင်တာပဲ ဖြစ်ရမယ်...”
“အဲတော့... ဒီတိုက်ပွဲမှာ အနိုင်ရဖို့အတွက် ပြန်စဉ်းစားပေးပါဦး...”
ဓားအင်မော်တယ် မြစ်စိမ်း၏ မျက်နှာရှိ ဖြောင့်မတ်သည့် အမူအရာအား မြင်တွေ့လိုက်ရသည့် အခါ အန်လင်းသည် တိတ်ဆိတ် သွားလေသည်။
ထို့နောက် အန်လင်းသည် ကောင်းကင် နတ်မိမယ် မြေခွေးနီ၏ တိုက်ပွဲအား ကြည့်လိုက်သည်။ ထိုနေရာတွင် တိုက်ပွဲစိတ်ဆန္ဒမှာ ပြင်းထန် နေဆဲပင် ဖြစ်သည်။
အန်လင်းက သက်ပြင်း အသာချလိုက်ပြီး ဓားအင်မော်တယ် မြစ်စိမ်း၏ တောင်းဆိုချက်အား သဘောတူလိုက်သည်။ သူ့နှလုံးသားလေးမှာ နာကျင်နေချေပြီ။ လက်မောင်းကို လှီးဖြတ်လို့ ဓားအင်မော်တယ် မြစ်စိမ်း၏ ဓားသွားပေါ်သို့ သွေးစက်များ စီးဆင်း စေလိုက်သည်။
အန်လင်းသည် အတော်လေး မူးဝေနေလေပြီ။ သူသည် သွေးဘုရင်မ၏ သွေးစုပ်ယူခြင်းအား ခံထားရသူ ဖြစ်သည်။ ယခုအခါတွင် သူ့အနေနှင့် ထပ်မံပြီး သွေးလှူ နေရပြန်သည်။ မမူးဘဲ ရှိပါတော့အံ့။ ဓားအင်မော်တယ်မြစ်စိမ်းသည် သူ၏ဓားအား ကျေနပ်မှု အပြည့်ဖြင့် ကြည့်နေလေသည်။
“ဒီဓားကို အဆိပ်အပြည့် သုတ်ထားတာကွ... ဟားဟားဟား”
ထိုစကားအား ကြားလိုက်ရသည့် အခါတွင် အန်လင်းမှာ သတိလစ်သွား မတတ်ပင် ဖြစ်သည်။
မင်းမေကို အဆိပ်သုတ်ထားလိုက်...
သူ့စိတ်ထဲမှနေ အော်ဟစ်နေမိသည်။
ဒါက ကျုပ်ရဲ့သွေးတွေဗျ... ကျုပ်ရဲ့ အသက်သွေး အဆီအနှစ်တွေဗျ...
အန်လင်းသည် သူ့ကိုယ်သူ တည်ငြိမ်လာအောင် မနည်း ကြိုးစားလိုက်ရသည်။
ဒီကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုအတွက် ငါက သွေးလှူနေတာ... ဒီကမ္ဘာကြီးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုအတွက် ငါက သွေးလှူနေတာ...
ထိုအကြောင်းအား အကြိမ်အနည်းငယ်ခန့် တွေးပြီးသည့် နောက်တွင် သူက အတော်လေး စိတ်သက်သာရာ ရမိသည်။
ဓားအင်မော်တယ် မြစ်စိမ်းသည်လည်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ ကောင်းကင် နတ်မိမယ် မြေခွေးနီထံ ပျံသန်းသွားလိုက်ပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက် လိုက်သည်။
သွေးဘုရင်ဖိုသည် ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ ဆုတ်ခွာနေရသည်။ သူ၏ ပတ်ပတ်လည်အား အာရုံခံမိသည့် အခါတွင် ပို၍ သတိရှိ လာတော့သည်။
ရုတ်တရက် ဆိုသလိုပင် မာနကြီးသည့် ပြိတ္တာဘုရင်နှင့် သွေးဘုရင်မတို့ နှစ်ဦးစလုံး အသတ်ခံလိုက်ရပြီကို သိရှိ လိုက်ရသည်။
မာနကြီးသည့် ပြိတ္တာဘုရင်သည် ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းကြောင့် သူ၏ သေဆုံးမှုမှာ အံ့ဩစရာ မရှိပေ။
သို့သော်လည်း လျှို့ဝှက်တိုက်ကွက် အများအပြားရှိသည့် သွေးဘုရင်မသည် အလွန် အားကောင်းသည့် အသက်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မည်သူသည် သူမအား သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိသနည်း။
သွေးဘုရင်ဖိုသည် သူ့ပတ်လည်အား လေ့လာ ကြည့်လိုက်သည့် အခါတွင် ဓားအင်မော်တယ် မြစ်စိမ်းသည် သူ့ထံသို့ တက်ကြွစွာဖြင့် ပျံသန်းလာနေသည့် မြင်ကွင်းအား တွေ့လိုက်ရသည်။
“အဲကောင်လား... သူက အဲလောက်တောင် စွမ်းအား ကြီးတယ်ပေါ့...”
သွေးဘုရင်မသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ထံမှပင် လွတ်မြောက်နိုင်စွမ်း ရှိသူဖြစ်သည်။ စိတ်ဝိညာဉ် ပျိုးထောင်ခြင်းကနဦး အဆင့် ကျင့်ကြံသူ တစ်ယောက်သည် သူမအား သတ်ဖြတ်နိုင်သည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သွေးဘုရင်ဖိုသည် ထိတ်လန့်နေသော်ငြား ထိုကဲ့သို့ ထိတ်လန့်နေရမည့် အချိန် မဟုတ်ကြောင်း သိသည်။
ယခုအချိန်တွင် အရေးအကြီးဆုံး အရာမှာ လွတ်မြောက်ရန် ဖြစ်သည်။
သွေးဘုရင်ဖိုသည် ထောင်နှင့်ချီသည့် သွေးစုပ် လင်းနို့များအား ဆင့်ခေါ် လိုက်ပြီးနောက် ထိုလင်းနို့များအား ကောင်းကင်နတ်မိမယ် မြေခွေးနီနှင့် ဓားအင်မော်တယ် မြစ်စိမ်းထံသို့ ပျံသန်း စေလိုက်သည်။ ယင်းကိုယ်၌မှာမူ ထိုအခွင့်အရေးအား အမိအရ ဆုပ်ကိုင်ပြီး မဟာသွေး လွတ်မြောက်ခြင်း မန္တန်အား အသက်သွင်းကာ ထွက်ပြေးတော့သည်။
သွေးဘုရင်ဖို ထွက်ပြေး လိုနေသည်ကို မြင်လိုက်ရသဖြင့် ကောင်းကင်နတ်မိမယ် မြေခွေးနီ သည် ချက်ချင်းဆိုသလိုပင် သူမ၏ လေးအားဆွဲကာ ရဲရဲတောက် မြားတစ်ချောင်းအား ကြောက်မက်ဖွယ် စွမ်းအားနှင့် ပစ်လွှတ်လိုက်သည်။ ထိုမြားသည် သွေးဆာနေသည့် လင်းနို့များကို ဖြတ်သန်း သွားပြီးနောက် သွေးဘုရင်ဖို၏ ရင်ဘက်သို့ စိုက်ဝင် သွားတော့သည်။
သွေးဘုရင်ဖိုသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ အလျင်အမြန်ပင် နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီးနောက် ရှိသမျှ အစွမ်းကုန်သုံးကာ ထွက်ပြေးပြန်သည်။
သွေးဘုရင်ဖိုသည် ထိုစွမ်းအားပြင်း တိုက်ခိုက်မှုအား နောက်တစ်ကြိမ် အသုံးပြုရန် ခေတ္တမျှသာ ကြာမြင့်သည်ကို သိရှိသည့်အတွက် မရပ်မနား ထွက်ပြေးလျက် ရှိသည်။ သူ့အား တားဆီးနိုင်မည့်သူ တစ်ဦးမျှပင် မရှိ။
သို့သော်လည်း သွေးဘုရင်ဖို တုံ့ဆိုင်းနေစဉ် အတွင်းမှာပင် ဓားအင်မော်တယ် မြစ်စိမ်းသည် ပိတ်ဆို့နေသည့် လင်းနို့များအား ဖြတ်သန်းကာ သူ့နောက်ကွယ်ဘက်တွင် ပေါ်လာသည်။ စီးဆင်းနေသည့် ရေနှင့်တူသည့် မိုးပြာရောင် ဓားသည် သူ့ကျောပေါ်သို့ ရုတ်ချည်း ဆိုသလို ရောက်ရှိလာသည်။ သွေးဘုရင်ဖိုသည် ရှောင်တိမ်းခြင်း မပြုဘဲ အရှေ့သို့သာ ပျံသန်းနေလေသည်။
မင်းရဲ့ ဓားခုတ်ချက်က မြန်ပေမဲ့လည်း စွမ်းအား အများကြီး ပါမနေဘူးကွ... သွေးဘုရင်ဖိုသည် စိတ်ထဲမှ လှောင်ပြောင် လိုက်သည်။
ထိုတိုက်ခိုက်မှုအား ခံယူလိုက်ခြင်းကြောင့် သူ့ထံတွင် မည်သို့သော အကျိုး သက်ရောက်မှု ရှိလာမည်နည်း။ ာသူ၏ အားကောင်းသည့် ပြန်လည် ကုသစွမ်းရည်ကြောင့် နှလုံးခုန်ချက် တစ်ချက် အတွင်းမှာပင် ထိုဒဏ်ရာအား ပြန်လည် ကုသနိုင်မည် ဖြစ်သည်။
ဗြိ...
ဓားခုတ်ချက်သည် သွေးဘုရင်၏ နောက်ကျောအား ဆုတ်ဖြဲကာ ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာစေသည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် သွေးဘုရင်နောက်သို့ လိုက်နေခြင်းအား ရပ်လိုက်သည်။ ထိုတိုက်ခိုက်မှုတွင် သူသည် ကျန်ရှိနေသေးသည့် ခွန်အားအကုန်လုံးကို အသုံးပြုထားခြင်း ဖြစ်သည်။ ယခုအခါတွင် အလွန် မောပန်းနေချေပြီ ဖြစ်သည့်အတွက် မျှော်လင့်တကြီး ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သွေးဘုရင်သည် ထွက်ပြေး လွတ်မြောက်လာပြီ ဖြစ်သည့်အတွက် ခြိမ်းခြောက် ပြောဆိုတော့သည်။ “မင်းတို့အားလုံး စောင့်နေ... တစ်နေ့ကျ ငါပြန်လာပြီး မင်းတို့ရဲ့ သွေးတွေ ခြောက်ခမ်းသွားတဲ့ အထိ စုပ်ယူပစ်မယ်...”
သို့ပြောပြီးသည့် နောက်တွင် ကောင်းကင်မှနေ ရုတ်တရက် ဆိုသလို စိတ်မချမ်းသာဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။
“အား...” သွေးဘုရင်ဖိုသည် နာနာကျင်ကျင် အော်ဟစ်လိုက်သည်။ သူ၏ သွေးများမှာ တဖြည်းဖြည်း ပုပ်သိုးလာသလို ခံစားရပြီး အသက် စွမ်းအားမှာလည်း ဖြည်းညှင်းစွာ ပျောက်ကွယ် လာသည်ကို အာရုံခံမိနေသည်။
“ငါ့ကို ဘာတွေ လုပ်လိုက်တာလဲ ခွေးကောင်...”
ထိတ်လန့်ကာ ဒေါသကြီးသည့် အမူအရာတို့ဖြင့် သွေးဘုရင်ဖိုသည် ဓားအင်မော်တယ် မြစ်စိမ်း ထံသို့ မျက်နှာ မူလာသည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် မျက်နှာတွင် ဘဝင်ခိုက်နေသည့် အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် သူ၏ဓားကို ဆုပ်ကိုင် ထားသည်။
“အင်း... ဒါက ဓားတစ်လက်ပါပဲ... အဆိပ်အပြည့် သုတ်လိမ်းထားတဲ့ ဓားတစ်လက်ပေါ့...”
သွေးဘုရင်၏ နှုတ်ခမ်းများမှာ တုန်ယင်လာပြီး ဓားအင်မော်တယ် မြစ်စိမ်းအား တွေဝေစွာဖြင့် ကြည့်နေလေသည်။ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ တရှိန်ထိုး ပြုတ်ကျ သွားတော့သည်။
မီးတောက်များအပေါ်မှ နင်းလျှောက်ကာဖြင့် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် ဓားအင်မော်တယ် မြစ်စိမ်းထံသို့ ပျံသန်းသွားသည်။
သူမ၏ လှပသည့် မျက်နှာလေးတွင် အလွန်အမင်း အံ့အားသင့်မှုများ ကပ်ငြိနေသည်။ သူမသည် ဦးခေါင်းအား ငဲ့စောင်းကာဖြင့် ဓားအင်မော်တယ် မြစ်စိမ်း၏ ဓားကို မသေချာမှုများဖြင့် ညွှန်ပြလာသည်။
ဓားအင်မော်တယ် မြစ်စိမ်းသည် ရယ်မောကာဖြင့် အန်လင်းအား ညွှန်ပြလိုက်သည်။ အန်လင်းသည် သွေးအလွန်အကျွံ ဆုံးရှုံးထားခြင်းကြောင့် မြေပြင်ပေါ်တွင် လဲကျနေလေသည်။
“ငါ့ဓားမှာ အန်လင်းရဲ့သွေးတွေ အပြည့် သုတ်လိမ်း ထားတာလေ... သူ့သွေးက အရမ်းကို အဆိပ် ပြင်းလွန်းတယ်...”
ဓားအင်မော်တယ် မြစ်စိမ်း၏ စကားကို ကြားလိုက်ရသည့် အခါတွင် ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ မျက်လုံးများမှာ အရောင်လက်လာပြီး ချက်ချင်းဆိုသလို အန်လင်းထံသို့ ပျံသန်းသွားသည်။
ကျန်ရှိသည့် သွေးဘုရင်အား ရှင်းလင်း ပစ်လိုက်နိုင်သည်ကို မြင်လိုက်ရမှသာ အန်လင်းသည် စိတ်လျှော့ လိုက်နိုင်သည်။
“ဒီသောက်...... ငါ့ရဲ့သွေးတွေ ခြောက်ခမ်းသွားတော့မယ်လို့တောင် ခံစားနေရတယ်...” အန်လင်းက ခါးသီးစွာ ရေရွတ်လိုက်သည်။
မာနကြီးသည့် ပြိတ္တာဘုရင်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအား ဖယ်ထားမည်ဆိုလျှင် သူသည် သွေးဘုရင် တစ်ကောင်၏ သွေးစုပ်ယူခြင်းအား ခံခဲ့ရသည်။ ဓားအင်မော်တယ် မြစ်စိမ်းထံသို့ သူ၏သွေးကို ချေးပေးခဲ့ရသည်။ ထိုဖြစ်ရပ်နှစ်ခုသည် သူ့အား အမှန်တကယ် အားနည်း လာစေသည်။
ယခုအခါတွင် အန်လင်းသည် ကျောက်ကပ်နှင့် သက်ဆိုင်သည့် ဆေးတစ်မျိုးမျိုးအား ဝယ်ယူချင်နေမိသည်။ သို့သော်လည်း သူတို့၏ အောင်မြင်မှုအတွက် မပျော်ရွှင်နိုင်ခင်မှာပင် ကောင်းကင်နတ်မိမယ် မြေခွေးနီသည် အန်လင်းထံသို့ ပြေးလာသည်။ သူမသည် အန်လင်းအား လူထူးဆန်းတစ်ဦး သဖွယ် ကြည့်လာသည်။ ခေတ္တမျှ ဆွံ့အနေပြီးနောက် အန်လင်းသည်...
“ဘာတွေ ကြည့်နေတာလဲဗျ...”
ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ မျက်နှာသည် အနည်းငယ် နီမြန်း သွားပြီးနောက် အန်လင်း၏ လက်မောင်းသို့ ညွှန်ပြလာသည်။ ထိုလက်မောင်းအား လှီးဖြတ်ကာ ဓားအင်မော်တယ် မြစ်စိမ်းထံ သွေးချေးငှား ပေးထားခြင်း ဖြစ်သည်။
အန်လင်းသည် မျက်တောင် ခတ်လိုက်ပြီးနောက် သူ၏ လက်မောင်းအား ကြည့်လိုက်သည်။ လက်မောင်းရှိ ဒဏ်ရာသည် မကျက် သေးသော်လည်း ပြန်ပိတ်သွားပြီ ဖြစ်သည်။
ကောင်းကင်နတ်မိမယ် မြေခွေးနီသည် သူ၏ ဒဏ်ရာအား ကူညီကာ ကုသပေးလိုခြင်း ဖြစ်နိုင်သည်။ ထိုသို့တွေးမိသည့်အခါ အန်လင်း၏ နှလုံးသားလေးအား နွေးထွေးမှုများ လွှမ်းခြုံလာသည်။
ကမ္ဘာကြီးမှာ အချစ်စစ်ဆိုတာ တကယ်ကို ရှိတာပါလား...
ဤသို့ဖြင့် အန်လင်းသည် ကောင်းကင်နတ်မိမယ် မြေခွေးနီအား ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သဘောတူကြောင်း ပြလိုက်သည်။
ကောင်းကင်နတ်မိမယ် မြေခွေးနီ၏ မျက်နှာတွင် တောက်ပသည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူမသည် အန်လင်းထံသို့ စိတ်လှုပ်ရှားစွာဖြင့် လာနေပြီးနောက် သူမ၏ လက်များကို ဆန့်ထုတ်လိုက်သည်။
ဗြိ…
အန်လင်း၏ ဒဏ်ရာ... ယခုလေးတွင်မှ ပိတ်သွားသည့် ဒဏ်ရာမှာ ပြန်ပွင့်လာပြီး သွေးများက အတားအဆီးမဲ့စွာဖြင့် စီးကျလာလေသည်။ ထိုသို့ဖြင့် အန်လင်းသည် သွေးအလွန်အကျွံ ဆုံးရှုံးမှုအား ခံစားရတာ့သည်။ ကံပါပဲဗျာ...
***