← Chapters

ရှဟဲ ပြဿနာ တက်ပြီလား?

Vol. 10 Ch. 137

ရှဟဲ ပြဿနာ တက်ပြီလား?

Vol. 10 Ch. 137

နောက်ရက်အနည်းငယ်၌။

ချင်းယန် ဗီလာတွင် တည်းခိုနေသော်လည်း ပုံမှန်အတိုင်း အလုပ်သွားနေရဆဲ ဖြစ်သည်။ အခု သူ့မှာ အိမ်ကြီးတစ်လုံးရှိတော့ နည်းနည်း ပီတိဖြစ်မိသလို သူ့ခြေလှမ်းတွေတောင် မတည်မငြိမ် ဖြစ်လာ၏။

ခြွေတာနေမှုမှ အဆမတန် ခုန်ပျံတက်သွားသည်လေ။ တကယ့်ကို သရုပ်ပျက်တဲ့ ဘဝပဲ။

လက်ရှိမှာ ချင်းယန်သည် ငါးဖမ်းရင်း ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်ကာ သူ့လုပ်ဖော်ကိုင်ဖက်များကို လှည့်ပတ်ကြည့်ရင်း တိတ်တဆိတ် ချမ်းသာလာသည့်အတွက် အပြစ်ရှိသလို ခံစားလာရသည်။

အတူတူငါးစားဖို့ သဘောတူခဲ့ကြတယ်လေ! ရုတ်တရက် စကားတစ်ခွန်းမှ မပြောဘဲ မင်းမှာ ကြီးမားတဲ့ အိမ်ကြီးတစ်လုံး ရှိနေပြီတဲ့လား?

"ကျစ်! ဒါဆို ဒါက နေ့ချင်းညချင်း ချမ်းသာလာသလိုပဲပေါ့"

ချင်းယန် သက်ပြင်းချလိုက်သည်။ ဧရိယာနှစ်ဘက်ကို လှမ်းကြည့်လိုက်တော့ လီချင်းဟဲ ဒီနေ့ အလုပ်မလာသေးတာကို တွေ့လိုက်ရ၏။ ထို့အပြင် သူ့တပည့်ငတုံးလေး လီကျစ်ရွှမ်းကလည်း အခုတလော စာကြည့်တိုက်သို့ မရောက်လာခဲ့ချေ။

ကျန်းဟိုင်ကိုယ်ခံပညာအကယ်ဒမီမှာ အလုပ်တွေရှုပ်နေလို့ မထွက်လာနိုင်ဘူးလို့တော့ အရင်က ဖုန်းဆက်လာ၏။

"အဲဒီကောင်လေး ရှဟဲရော ဘာဖြစ်နေပါလိမ့်?"

ချင်းယန် သူ့ဖုန်းကို ထုတ်လိုက်ပြီး အဆက်အသွယ်တွေထဲက ခေါ်ဆိုမှု မှတ်တမ်းတွေကို လှန်ကြည့်လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ ရှဟဲကို အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုခဲ့သော်လည်း တစ်ကြိမ်မျှ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကြီးကြပ်ရေးမှူး၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ သူပြောခဲ့သည့်စကားကို ပြန်တွေးကြည့်ရာ ယခုအချိန်တွင် လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ဆောင်နေနိုင်သည်ဟု သူထင်ခဲ့သည်။

"သူ ပြန်မဖြေတာကြာပြီ..."

"အဲ့ဒီကလေးတစ်ခုခု ဖြစ်သွားတာလား"

ချင်းယန် စိုးရိမ်တကြီးဖြင့် သူ့အဆက်အသွယ်များကို လှည့်ကြည့်ပြီးနောက် သူပေးထားသည့် ကြယ်ကျောက်ကို သတိရလိုက်သည်။ ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး စိုးရိမ်မှုလည်း ရပ်တန့်သွား၏။

အစီအရင်က အသက်မဝင်သေးပါ။

ဆိုလိုသည်မှာ ရှဟဲသည် ရဲတပ်ဖွဲ့မှ ပေးအပ်သော တာဝန်ကို ထမ်းဆောင်ရင်း ဝေးလံသော တောင်ရွာတချို့တွင် ရှိနေကောင်း ရှိနေနိုင်ပါသည်။ ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါ။

ကျန်းဟိုင်မြို့သည် ယခုအချိန်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး ကြယ်သိုင်းရဲစခန်း ရဲဌာန၏ဝန်ထမ်းများမှာ အလုပ်အများဆုံး ဖြစ်နေသည်။

ခေတ်စားနေသော ရှာဖွေမှုများတွင် အဓိကဝါဒတစ်ခု ပေါ်ပေါက်လာခဲ့ပြီး လူအများကို အထိတ်တလန့် ဖြစ်စေခဲ့၏။ တချို့ကလည်း ဘေးကင်းစေဖို့ မြို့တွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျန်းဟိုင်မြို့တစ်ခုလုံး ကမောက်ကမ ဖြစ်နေသော်လည်း ချင်းယန်ကတော့ ပုံမှန်အတိုင်းပင် ငြိမ်သက်နေ၏။

အလုပ်တက်၊ အလုပ်ဆင်း၊ အစားစား။

ဘဝသည် ထူးမခြားနားသော စမ်းချောင်းတစ်ခုကဲ့သို့ စီးဆင်းသွားခဲ့သည်။

"လူတိုင်း အလုပ်ရှုပ်နေတော့ ငါ တစ်ယောက်တည်း အနားယူနေတာ မဟုတ်သေးဘူး"

ချင်းယန် မတ်တပ်ထရပ်ပြီး ဖင်ကို ပုတ်လိုက်သည်။ ပြီးတာနဲ့ ရှောင်ပိုင်ကို ခေါ်ကာ ဖုဟိုင်ဗီလာရှိ သူ့အိမ်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။

…….

ထိုညနေခင်း၊ ညစာစားပြီးနောက် ချင်းယန် သွားကြားထိုးတံကိုကိုင်ကာ ဒုတိယထပ် လသာဆောင်သို့ တက်သွား၏။ အဝေးမှတောင်တန်း ရှုခင်းများကို ကြည့်နေရတာ သူ သဘောကျသည်။ ရှောင်ပိုင်ကတော့ ကျယ်ဝန်းသော ခြံဝင်းထဲတွင် လှည့်ပတ်ကစားနေသည်။

"သခင်! ဆင်းလာပြီး ကစားပါလား!"

သူတို့အိမ်သစ်ကို ပြောင်းပြီးကတည်းက အပျော်ဆုံးလူက ဆံပင်ဖြူဖြူကလေးပင်။

မြေခွေးတစ်ကောင် အနေဖြင့် သူမသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ရေးစွမ်းအင်ကို သဘာဝအတိုင်း အလွန်အကဲဆတ်သူဖြစ်ရာ ဖူယုဟိုင်ဗီလာကို ရောက်တာနဲ့ သူမပဲ စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့၏။

ဤနေရာ၌ ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်။ ဤသဘာဝ ဝိညာဉ်စွမ်းအင် ရတနာနယ်မြေသည် အခြားနေရာများထက် အဆပေါင်းများစွာ ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေရာ သူမအတွက်ကတော့ ကောင်းကင်ဘုံပင်။

"မင်းလုပ်ချင်တာလုပ်!"

ချင်းယန် သူမကို ဂရုမစိုက်ဘဲ အပေါ်ကနေသာ ငုံ့ကြည့်နေသည်။ ပြီးနောက် စိတ်ဝင်တစားနဲ့ အဝေးကို ငေးကြည့်ရင်း မြေပြင်အနေအထားကို ဆက်လေ့လာနေလိုက်သည်။

ဖုဟိုင်ဗီလာ လူနေရပ်ကွက်!

အရင်က သူ အချောင်ခိုနေချိန်မှာ ဒီနေရာက ဘယ်လောက်တောင် အံသြစရာကောင်းကြောင်း ရှဟဲ ကြွားလုံးထုတ်နေတတ်သည်။ သူ့အဖေက အဲဒီနေရာကို ရောက်လုနီးပါး ဖြစ်နေပြီး သူ့အိပ်မက်ကလည်း တစ်နေ့ဒီမှာ နေရဖို့လို့တောင် ပြောခဲ့ဖူးသည်။

အစဦးတွင် ဒီနေရာကို မီဒီယာတွေကြောင့် ကမောက်ကမ ဖြစ်နေတယ်လို့ ထင်ခဲ့ပေမယ့် အခု သူတကယ် ရောက်နေပြီးမှ သူသိလိုက်ရတာက တကယ် တစ်ခုခု ရှိလေ၏။

"ဒါက ဆရာကြီးတွေရဲ့ လက်ရာဖြစ်မယ်"

ချင်းယန် အနောက်တောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အပြင်အဆင်ကို စစ်ဆေးနေသည်။

တောင်များနှင့် မြစ်များ ဝန်းရံထားသော ဗီလာရပ်ဝန်း၊ ကြိုးကြာများက ကောင်းကင်ယံသို့ ခုန်တက်သွားသည်။ ဝါရင့်အဆောက်အအုံများနှင့် ခြံဝင်းများသည် ခမ်းနားထည်ဝါပြီး ရာစုနှစ်တစ်ခုနီးပါး ရှိပြီဖြစ်သော ရှေးဟောင်းကျက်သရေရှိမှု ဆောင်သော အပြာရောင်အုတ်များဖြင့် ဖုံးအုပ်ထားကြ၏။

အံ့မခန်းပဲ!

ဖုဟိုင်ဗီလာရပ်ဝန်းရှိ အဆောက်အဦတစ်ခုစီကို တိကျသေချာစွာ စီစဉ်ထားသည်။ ၎င်းက သီးသန့်နည်းပညာများဖြင့် စီစဉ်ပေးထားပြီး သဘာဝ ချီစုစည်းမှု အစီအရင်ပုံစံအတိုင်း ဖန်တီးထားလေသည်။

ကြီးကျယ်ခမ်းနားရုံသာမက ပတ်ဝန်းကျင်ရှိ မြင့်မြတ်သော တောင်များနှင့် ကြည်လင်သောစမ်းရေတွင်းများသည် ပေါများသော ဝိညာဉ်စွမ်းအင်ကို ပိုမိုပြင်းထန်လာစေပြီး မယုံနိုင်စရာအဆင့်သို့ပင် ရောက်ရှိသွားသည်။

"ဒါက အရင်အိမ်က ချီစုဆောင်းအစီအရင်ထက် အများကြီးသာတယ်...."

"တောင်တန်းမြစ်တွေက စိတ်ဝိညာဉ်ကို အာဟာရဖြည့်ပေးပြီး တာအိုက သဘာဝအလှတစ်ခုကို ဖန်တီးပေးတယ် "

ချင်းယန် ငြီးငွေ့လာကာ လက်ရန်းကို မှီလျက် အဆောက်အဦးများစွာကို ငေးကြည့်ရင်း လီမိသားစု၏ အလယ်ဗဟိုဆီအထိ သူ့အကြည့်များ ရွေ့သွားသည်။ ထိုနေရာက လီမိသားစု၏ အရေးကြီးဆုံး နေရာဖြစ်သည်။

ယခုအချိန်တွင် တောက်ပစွာ ထွန်းလင်းနေကာ စာကြည့်တိုက် ပိုင်ရှင် လီတောက်မင်က ချီစုဆောင်းအစီအရင် တစ်ခုလုံး၏ ဗဟိုတွင်နေထိုင်၏။ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်သည် ဖုဟိုင်ဗီလာရပ်ဝန်းကို အာဟာရဖြည့်ပေးနေသလို ပတ်ဝန်းကျင် ဒေသများကိုပင် အကျိုးပြုစေသည်။

"ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဒီဇိုင်းရှိနေလို့လည်း ဒီလောက်ကြီးတဲ့ဈေးနဲ့ ပေးရတာ အံ့သြစရာတော့ မဟုတ်ပါဘူး"

ချင်းယန်သည် လီမိသားစုက ၎င်းတို့၏ အစီအရင် နည်းဗျူဟာကျွမ်းကျင်မှုကြောင့် နာမည်ကြီးကြောင်း သတိရသွားသည်။ အစီအရင်တစ်သောင်း ပုံကြမ်းကဲ့သို့ နတ်ဘုရားရုပ်တုကို ထုတ်လုပ်နိုင်သောကြောင့် သူတို့ဘိုးဘေးများသည် ရာစုနှစ်တစ်ခုကြာလောက် ကောင်းကင်နှင့်မြေကြီးကို တည်ဆောက်ရန်အတွက် တောင်များနှင့်မြစ်များကို အသုံးချခဲ့တာ အဓိပ္ပာယ်ရှိပါသည်။

ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အတိုင်းအတာအထိ ကြီးပြင်းလာဖို့ ကြိုးစားခဲ့တဲ့ လီမိသားစုအတွက်ကတော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ။

"ဒါပေမယ့် ကံမကောင်းစွာပဲ... မပြည့်စုံမှုတွေက အများကြီး ရှိနေသေးတယ်"

ချင်းယန် အပြင်အဆင်ကို တစ်ချက်ကြည့်လိုက်ပြီး ချို့ယွင်းချက်အချို့ကို အလွယ်တကူ ရှာတွေ့နိုင်သော်လည်း ၎င်းတို့ကို ဖြေရှင်းရန် ဝင်မနှောင့်ယှက်ချင်ပေ။

အခု သူ့မှာ ပိုအရေးကြီးတာ တစ်ခုရှိသေး၏။ ၎င်းမှာ သစ်သားနိယာမ အပိုင်းအစကို နားလည်ဖို့ပါပဲ။ ယနေ့က ၎င်းကို နားလည်ရန် နောက်ဆုံးနေ့ဖြစ်သည်။

"အဲဒီဟာတွေကို အကျဥ်းချုပ်ဖို့ အချိန်တန်ပြီ"

ဒါကိုတွေးပြီးနောက် ချင်းယန်ရဲ့ အသိစိတ်က အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းထဲကို နစ်မြုပ်သွားတော့၏။ သစ်သားနိယာမ အပိုင်းအစကြောင့် ပတ်ဝန်းကျင်ရှိ အမြစ်မှညွှန့် ပေါက်လာကာ ၎င်းတို့၏ အနုစိတ်များ ကြီးထွားပြန့်ပွားရင်း ကြွယ်ဝသော အသက်စွမ်းအင်များ အဆုံးမသတ်နိုင်အောင် များပြားလာသည်။

"ပေါင်းစည်း!"

ချင်းယန်စိတ်ထဲ တဖျပ်ဖျပ် ခတ်သွားပြီး သစ်သားနိယာမ အပိုင်းအစထဲတွင် သူ့အတွေးများကို နစ်မြုပ်နေလေသည်။ အသက်ရှူသံက ရှည်လျားပြီး အညီအမျှ ရှူထုတ်နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ခြံဝင်းအတွင်းရှိ ပန်းများနှင့် အပင်များသည် အေးမြသောလရောင်အောက်တွင် မြေပြင်ကိုဖြတ်ကာ အကိုင်းအခက်များကို ဆန့်တန်းလာသည်။ ၎င်းတို့က အံ့သြစရာကောင်းလောက်အောင် တပြိုင်နက် ဖူးပွင့်လာကြ၏။

ခဏလေးအတွင်းမှာ။

ဆောင်းဦးပေါက်ညတွင် အေးစိမ့်သောလေတိုက်ခတ်ပြီး ခြံဝင်းထဲ ပန်းပွင့်များ ပြည့်သွားသည်။ တက်ကြွသော နွေဦးရှုခင်းကို ထိန်းမထားနိုင်ဘဲ ဥယျာဉ်ကို သာယာဝပြောမှုနှင့် ဇိမ်ခံမှုမြင်ကွင်းအဖြစ် ပြောင်းလဲပေးလိုက်သည်။

နှင်းဆီ၊ မနက်ခင်းပန်း ၊ ခရမ်းရောင်လပန်း ၊ လီလီ ၊ သစ်တော်ပန်းပွင့်တွေက အသီးသီး ပွင့်လန်းနေကြ၏။ ရှောင်ပိုင်ဟာ ဆံပင်ဖြူဖြူလေး၊ ခြေထောက်ဗလာနဲ့ ပန်းပင်ပင်လယ်ကြားထဲမှာ လှဲလျောင်းနေပြီး အမွေးပေါက်နေတဲ့ မြေခွေးတစ်ကောင်ရဲ့ ခေါင်းကို ငုံ့ထားသည်။ သူမသည် ဒုတိယထပ်က ချင်းယန်ကို ငေးကြည့်ရင်း အတွေ့အကြုံအရ ကျင့်သားရသွားပါပြီ။

တစ်နေ့ပြီးတစ်နေ့ ဤသခင်သည် ကျင့်ကြံနေရသည် သို့မဟုတ် ဉာဏ်အလင်းရောက်ရန် လမ်းကြောင်းပေါ်တွင် ရှိနေတတ်သည်။

"အခြားသူတွေက သူတို့ရဲ့ ဘဝတစ်သက်တာမှာ ဉာဏ်အလင်းကို အကြိမ်အနည်းငယ်ပဲ တွေ့ကြုံခံစားနိုင်ပေမယ့် သူ့အတွက်ကျတော့ တစ်နေ့ကို အကြိမ်နည်းနည်းလောက် ဖြတ်သန်းနိုင်နေတယ်!"

လရောင်တွင် ရှောင်ပိုင်တစ်ယောက် ပန်းပင်လယ်ကြားတွင် မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်၏။

နှိုင်းစရာပင် မရှိ။

ဒီနတ်သမီးက မင်းနဲ့ နှိုင်းယှဥ်နိုင်ဦးမှာလဲ။

ထိုသူသည် မြင့်မြတ်သော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့လေသလား မသိ။

…….

ခဏအကြာ။

"ဟူး..."

ချင်းယန် ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး သူ့စိတ်ကို စုစည်းကာ ကျေနပ်စွာဖြင့် ရပ်တန့်လိုက်သည်။ သစ်သားနိယာမအပေါ် သူ့ရဲ့ နားလည်သဘောပေါက်မှုက နိဂုံးချုပ်သွားခဲ့ပါပြီ။

ဒီအချိန်မှာ သူ လုံးဝ စုပ်ယူပြီးပြီ။

"ဒီနိယာမအပိုင်းနဲ့ဆိုရင် တစ်လအတွင်း အဓိပတိနယ်ပယ်ကို ရောက်နိုင်ရမယ်"

ချင်းယန် ဤရလဒ်အတွက် အလွန်ကျေနပ်ခဲ့သည်။

ရုတ်တရက်!

စွမ်းအင်လှိုင်းလုံးများ သူ့စိတ်ထဲတွင် လှိုင်းထလာသည်။

"ဟမ်? အသက်ဝင်လာပြီလား?"

ချင်းယန် အံ့အားသင့်သွားပြီး သူ၏ သက်တောင့်သက်သာရှိသော မျက်ခုံးက နောက်တစ်ကြိမ် လှုပ်ခါသွားသည်။ အခုပဲ ရှဟဲအတွက် သူ သီးသန့် စီစဥ်ထားသော အစီအရင်က စတင် အသက်ဝင်လာပြီ ဖြစ်သည်။

All Chapters