← Chapters

ကာယအချိန်

Vol. 9 Ch. 131

ကာယအချိန်

Vol. 9 Ch. 131

လွန်ခဲ့သည့် ဆယ်နှစ်က အမှန်တရားတစ်စိတ်တစ်ပိုင်းမှာ ပေါ်ထွက်လာခဲ့ချေပြီ။ကျိုးကျွင်းသည် သူနှင့်စီတုအန်းအတွက် အကျိုးရှိမည့် အပိုင်းကိုသာ ပြောပြခဲ့သည်။သူက လိမ်ညာသည်မဟုတ်သော်လည်း ကောက်နူတ်ထားသည့်အမှန်တရားတချို့ကိုပြောခဲ့ခြင်းဖြစ်သည်။အခြားသူများကလည်း သူ့ကြောင့် အာရုံပြောင်းသွားသဖြင့် သူ့အားဒေါသများ ပြေလျော့သွားကြသည်။

"အတိတ်က ဖြစ်ပွားခဲ့ပြီပြီ၊ လမ်းကြောင်းဟာ ရွေးချယ်ခဲ့ပြီးသားပဲ "

ဝမ်ကျားသည် မေးစေ့ပွတ်လျက်ရှိသည်။

"အပြစ်ရှိစိတ်ကြောင့် ပိတ်လှောင်ခံနေမယ့်အစား ငါတို့ ပစ္စုပန်ကာလကိုပဲ ဆုံးဖြတ်သင့်တယ် "

"မင်း မှန်တယ် အခု ငါတို့လုပ်ရမှာက အတန်းတက်ဖို့ရယ် ၊ ၅၁ယောက်မြောက် ကျောင်းသားရဲ့လက်စားချေတာကို ရင်ဆိုင်နိုင်ဖို့ရယ် နောက်တစ်ပတ်မှာ စာမေးပွဲတွေ ဖြေရဖို့ရယ်ပဲ "

ကျိုးကျွင်းက သူတို့အားလုံးကို ကြည့်လိုက်သည်။

"ငါတို့ အမိန့်တွေကို နားထောင်ပါ ဒါဆိုရင် မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနက မင်းတို့ကို ကာကွယ်ပေးလိမ့်မယ် ၊ မင်းကိုတွေ စည်းကမ်းကို တမင်တကာ မချိုးဖောက်သရွေ့ ဘတ်စကားက မင်းတို့ကို နောက်တစ်ပတ်ပြီးရင် ပြန်ပို့ပေးလိမ့်မယ် "

"ကျောင်းကနေ ထွက်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကားကနေတဆင့် သွားဖို့ပဲ ၊ ဒါပေမယ့် ငါတို့ ကားစီးကြမယ်ဆိုရင် ငါတို့ဟာ လွန်ခဲ့တဲ့ဆယ်နှစ်က ပဟေဠိကို ရင်ဆိုင်ရလိမ့်မယ် "

ကောင်းမင်သည် ပြတင်းပေါက်အပြင်ဘက်လှည့်ကြည့်‌နေ၏။

"အကယ်ငါသာ မင်းတို့ကို လက်စားချေချင်တယ်ဆိုရင် မင်းတို့ဆက်လက်ရုန်းကန်နိုင်အောင် မျှော်လင့်ချက်လုံလုံလောက်လောက် ပေးထားမယ် ဒါပေမယ့် အဆုံးသတ်မှာ မျှော်လင့်ချက်ဆို မျက်နှာဖုံး‌တပ်ထားတဲ့ စိတ်ပျက်အားမှုပါလားဆိုတာ မင်းတို့သဘောပေါက်လာကြလိမ့်မယ် "

ကျိုးကျွင်းက ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။

"ဒါဆို ဒီကျောင်းက ထွက်သွားဖို့ မင်းမှာ တခြားနည်းလမ်းရှိလို့လား "

"မြို့တော်အရှေ့ပိုင်းဌာနက ငါတို့ကိုကာကွယ်ဖို့ အမှန်တကယ်စွမ်းအားရှိတယ်ဆိုရင် ပထမနေရာမှာကတည်းက ငါတို့ကို ဒီနေရာကိုဆွဲခေါ်ခံရဖို့ ခွင့်ပြုခဲ့မှာမဟုတ်ဘူး "

ကောင်းမင်သည် အပြင်ဘက်တွင်ရွာသွန်းနေသော မိုးရေစက်များကို ငေးကြည့်နေ၏။

"လူ ၅၀ ကို သရဲထောင်ချောက်ထဲဝင်‌အောင် လှည့်ဖြားခဲ့တဲ့ အဖွဲ့အစည်းတစ်ခုကို ငါတို့ ယုံကြည်ရပါ့မလား "

ကျိုးကျွင်းသည် ကျောင်းသားများကို သူ့စကားနားထောင်စေရန် မျှော်လင့်ချက်ပေးခဲ့သော်လည်း မြို့တော်အရှေ့ပိုင်းဌာနတွင် သူတို့ကို ထိန်းချုပ်နိုင်သည့်စွမ်းအား ရှိမနေချေ။ကောင်းမင်က ယင်းကို မြင်ခဲ့ပြီး ထုတ်ဖော်လိုက်သည်။

"ဒီနေရာမှာ မြို့တော်အရှေ့ပိုင်းဌာနတစ်ခုကိုပဲ မင်းယုံလို့ရလိမ့်မယ် "

ကျိုးကျွင်း၏မျက်လုံးများသည် ကောင်းမင်အား ခြိမ်းခြောက်ချင်နေသကဲ့သို့ အန္တရာယ်ရှိသည့် အရိပ်အယောင်ပြလာတော့သည်။

"မင်းမှားနေပြီ ငါတို့ဘယ်နေရာပဲရောက်ရောက် ငါတို့ယုံကြည်နိုင်မယ့်တစ်ဦးတည်းသော လူက ငါတို့ကိုယ်တိုင်ပဲ "

ကောင်းမင်သည် ပြတင်းပေါက်ပေါ်တွင် အပြုံးမျက်နှာတစ်ခု ရေးဆွဲလိုက်သည်။ကျိုးကျွင်းသိသည်ထက် သူပိုသိပေသည်။

ကျိုးကျွင်း မည်မျှပင် တော်တတ်သည်ဖြစ်ပါစေ ကောင်းမင်မှာ ၂၄နာရီအတွင်း တစ်ကျောင်းလုံးကို လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း တွေးနိုင်လိမ့်မည်မဟုတ်ချေ။အခြားကျောင်းသားများ အိပ်စက်နေကြချိန်တွင် ကောင်းမင်သည် အိပ်ဆောင်မှထွက်ပြေးခဲ့ပြီး ဟွမ်မင်ဌာနခေါင်းဆောင်ကို ကယ်တင်ခဲ့ကာ ယန်ရှီကျီးနှင့်တွေ့ဆုံခဲ့ရပြီး အခြားသရဲနီအကြောင်းများကိုလည်း သိခဲ့ရသည်။

ကောင်းမင်သည် သူ့ခုံတွင် ပြန်ထိုင်လိုက်ရာ ကျိုးကျွင်းက သူ့အား စတိတ်ခုံပေါ်မှ ငုံ့ကြည့်နေလေ၏။တင်းမာနေမှုက ပြေလျော့သွားသည်။ခေါင်းလောင်းသံထွက်ပေါ်လာသည်။ကျိုးကျွင်းသည် ဘာမှမပြောတော့ပဲ သူ့နေရာသို့ ပြန်သွားလိုက်သည်။

အတန်းနားချိန်အတွင်း ကျောင်းသားများသည် သူတို့၏အကောင်းဆုံးအပေါင်းအဖော်များ ရှာတွေ့သွားကြသည်။လူအများ ကြောက်ရွံ့သည့်အခါ သူတို့သည် သူတို့မိတ်ဆွေများကို ရှာဖွေကြလိမ့်မည်သာ။လူတိုင်းသည် အတန်းထဲတွင် လေ့လာခဲ့ရသည့် အသိပညာများကို ချေဖျက်နေကြသည်။

မကြာမှီ ဒုတိယအတန်းချိန် စတင်လိုက်သည်။ဌာနယူနီဖောင်းဝတ်ထားသော ဆရာတစ်ယောက်က စတိတ်ခုံပေါ်တင်လာသည်။ထိုဆရာ၏ရင်ဘတ်တွင် သင်ကြားရေးအိုင်ဒီကတ်ရှိသည်။သူသည် အသက်၆၀ခန့်ရှိပြီး သေလုဆဲဆဲပုံစံ ပေါက်လေသည်။

"အခု ပထမအတန်းချိန်ပြီးသွားပြီဆိုတော့ မင်းတို့မှာ မင်းတို့အခြေအနေကို နဲနဲပါးပါးနားလည်းလောက်ပါပြီ ၊ မင်းတို့ကိုယ်တိုင် ကျောင်းစည်းကမ်းတွေနဲ့ ရင်းနှီးအောင် ငါကူညီပေးပါရစေ "

လူအိုကြီးသည် သူ့သင်ကြားရေးစာကို ဖြည်းညင်းစွာလှန်လိုက်သည်။သူသည် ကျောင်းအဆောက်အဦးအားလုံး၏စည်းကမ်းများကို စာရင်းပြုစုထားသည်။ကျောင်းသားများက စာအုပ်များထုတ်ပြီး အရာအားလုံးကို လိုက်မှတ်ကြတော့သည်။သူတို့သည် စာမေးပွဲများဖြေခဲ့စဉ်ကပင် ထိုမျှလောက် အလေးအနက်မဖြစ်ဘူးကြပေ။

"ရဲကောင်းနဲ့ ရဲဆိုးပဲ "

ဝမ်ကျားသည် ဌာန၏အစီအစဉ်ကို ဖြတ်မြင်နေရသည်။ပထမအတန်းချိန်သည် ကျောင်းသားများအား ထိတ်လန့်တကြားဖြစ်စေရန်ဖြစ်ပြီး ဒုတိယအတန်းချိန်သည် သူတို့အား အကူအညီနှင့်မျှော်လင့်ချက်များ ပေး၏။ထို့ကြောင့် ကျောင်းသားများသည် ဌာနအပေါ် စတင်ယုံကြည်လာကြမည်ဖြစ်သည်။ဒုတိယအတန်းချိန်မှာ သက်တောင့်သက်သာရှိပေသည်။လူအိုဆရာကြီးသည် အသက်ရှင်သန်ရန် နည်းလမ်းများကိုအကောင်းဆုံး ကြိုးစားသင်ပြနေ၏။အားလုံးကလည်း အလွန်ကြိုးစားစွာ သင်ယူနေကြသည်။မကြာမီ မိနစ်လေးဆယ် ကုန်ဆုံးသွားသည်။အန္တရာယ်များလှသော ကျောင်းကြီးတွင် ယင်းအတန်းသည် အလွန်အဖိုးထိုက်တန်သည်ဟု ခံစားမိကြလေသည်။

ဆယ်မိနစ် အတန်းနားချိန်သည် မကြာမီ ကုန်ဆုံးသွားသည်။သို့သော် လူအိုဆရာကြီးကတော့ ထွက်သွားချင်ပုံ မရသေးပေ။

"တတိယချိန်က ကာယအချိန်ပဲ "

ပထမအတန်းချိန်နှစ်ချိန်အား စီတုအန်း၏လူများက ကိုင်တွယ်ထားသည်။သူတို့သည် စီတုအန်း၏ စည်းမျဉ်းများကို ကိုယ်စားပြုသည်။ ကျောင်းကြီး ပြန်လည်တိုက်ခိုက်မည့်အချိန်ကို ကောင်းမင်စဉ်းစားနေမိသည်။

အခန်း၁၃သည် ထူးခြား၏။ကျောင်းကြီးသည် စီတုအန်းကို အတန်းတစ်တန်းလုံးထိန်းချုပ်နိုင်ရန် ခွင့်ပြုထားပေလိမ့်မည်။ယင်းသည် တစ်စုံတစ်ခုပြုလုပ်ရန် ဖြစ်ပေမည်။တတိယအတန်းချိန် ခေါင်းလောင်းသံထွက်ပေါ်လာသော်လည်း လူအိုကြီးသည် ပုံမှန်ဖြစ်နေသကဲ့သို့ အတန်းကို ဆက်လက်သင်ကြားနေ၏။ကျောင်းသားများ၏ ထိတ်လန့်နေသောအကြည့်များကို သတိထားမိသွားသဖြင့် သူက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။

"မင်းတို့ရဲ့ ကာယဆရာက ဒီနေ့ခွင့်ယူထားတယ်ကွဲ့ ၊ သူ သိပ်မနေကောင်းလို့ ငါက သူ့အစားဝင်ပေးမှာလေ "

ထိုသို့ သူပြောလိုက်သည်နှင့် ကော်ရစ်ဒါမှ လေးလံသောခြေသံများ ထွက်ပေါ်လာလေသည်။စာသင်ခန်းတံခါးကား တွန်းဖွင့်ခံလိုက်ရသည်။တံခါးဝတွင် အရပ်နှစ်မီတာခန့်ရှည်ပြီး ကြွက်သားများဖုထစ်နေသော မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာလေသည်။

"မင်းတို့ ဘာလို့ Gymမှာ ရှိမနေတာလဲကွ "

အသံသည် မြေဖြူခဲအား လက်သည်းဖြင့်ခြစ်ချနေသည့်အသံနှင့်တူ၏။ထိုပုဂ္ဂိုလ်သည် လူအိုကြီးပြောသည့် ကာယဆရာဖြစ်ပေသည်။

"ကလေးတွေကို ငါမရှင်းပြရသေးတဲ့ စည်းကမ်းတစ်ချို့ ရှိနေသေးလို့ပါ "

သင်ကြားရေးအစီအစဉ်စာအုပ်ကို ကိုင်ဆောင်ထားသော လူအိုကြီး၏လက်များသည် တုန်ယင်နေ‌၏။သူသည် ကျိုးကျွင်းကို အကူညီတောင်းဟန်ဖြင့် ကြည့်လိုက်သည်။

"ကျောင်းသားတို့ မင်းတို့ သူ့အတန်းတက်ချင်လား ဒါမှမဟုတ် ငါ့အတန်းတက်ချင်သလား "

"စည်းမျဉ်းတွေကို လေ့လာရတာက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ် "

သူ့ဘာသာ အတန်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသော ချင်ကျွင်းရန်က အသံတိုးတိုးဖြင့် ထပြောလိုက်သည်။

"အရင်တုန်းက ကျွန်တော်တို့ဟာ ကာယချိန်ကို ကြိုက်ပါတယ် အခုကျတော့လေ..."

ဧရာမသန္ဓေပြောင်းလက်ကြီးသည် လူအိုကြီးလည်ပင်းအား ဖမ်းဆွဲလိုက်သည်။ကာယဆရာသည် လူအိုကြီးကို အခန်းအပြင်ဘက်ဆွဲထုတ်လိုက်လေသည်။သူ့မျက်လုံးများက ချင်ကျွင်းရန်အား စိုက်ကြည့်နေ၏။

"ဆက်ပြော "

"အခုကျတော့ ကျွန်တော်တို့က ကာယအတန်းကို ပိုပြီးတောင် ကြိုက်ပါသေးတယ်ဆရာ! "

ချင်ကျွင်းရန်မှာ ဖြူဖျော့နေတော့သည်။

"ကျွန်တော်တို့အတန်းမှာ ဆရာ့လို ဆရာတစ်ယောက်ရှိတာ ကျွန်တော်တို့ရဲ့ ကံကောင်းမှုပါပဲခင်ဗျာ! "

"ငါးမိနစ်အတွင်း အားကစားအဆောင်ကို ရောက်အောင်ပြေးကြစမ်း ! "

ကာယဆရာသည် အနီရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သင်ကြားရေးအိုင်ဒီကတ်မရှိချေ။သူသည် စီတုအန်း၏လူမဟုတ်ပဲ သရဲနီတစ်ကောင်သာဖြစ်သည်။

"ကျောင်းကြီးရဲ့စည်းမျဉ်းတွေက စီတုအန်းကို လွယ်လွယ်ခွင့်ပြုမှာမဟုတ်ဘူး "

ကောင်းမင်က ထိုလူ၏နောက်ကျောကို စိုက်ကြည့်လိုက်သည်။

"ဒီကျောင်းကြီးက အံ့ဩစရာတွေအများကြီးပဲ "

ကျောင်းသားများသည် အားကစားအဆောင်သို့ မြန်နိုင်သမျှ မြန်အောင် သုတ်ခြေတင်ကြတော့သည်။ကာယဆရာ၏ဖျော်ဖြေမှုကြောင့် အားလုံးထိတ်လန့်သွားကြခြင်းဖြစ်သည်။

အားကစားအဆောင်သည် ကျောင်းတွင် အကြီးဆုံးအဆောက်အဦးဖြစ်သည်။အိမ်တွင်းဘောလုံးကွင်းတည်ဆောက်ထားရုံသာမက ရေကူးကန်ကဲ့သို့သော အဆင်ပြေစေသည့်အရာများလည်း ရှိသည်။

အခန်း ၁၃ ရောက်ရှိလာသောအခါ ကျောင်းရေကူးအသင်းသည် ရေကူးပြိုင်နေကြသည်။ကျောင်းသား ၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ကျောင်းသား ၃ ဦးသာ ပြိုင်ပွဲပြီးအောင် ကူးနိုင်ခဲ့သည်။အခြား၄ယောက်ကား ရေကူးကန်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

"လျှောက်ကြည့်မနေကြနဲ့ ! "

ကာယဆရာက လက်ခုပ်တီးလိုက်သည်။

"မင်းတို့ရဲ့ အကောင်းဆုံးအားကစားနဲ့ မင်းတို့လုပ်ချင်တဲ့အားကစားကို စာရင်းလုပ်လိုက် ၊ မင်းတို့အားလုံးကို ပြိုင်ပွဲဝင်ဖို့ ငါစာရင်းသွင်းပေးမယ် ၊ ရှုံးတဲ့လူတွေကတော့ အပြစ်ပေးခံရမှာနော် "

ပြိုင်ပွဲအကြောင်းကြားလိုက်ရသောအခါ ကျောင်းသားများက ခြောက်ခြားသွားကြသည်။ကျောင်းတွင် ရှုံးသည်ဟူသော အဓိပ္ပါယ်မှာ သူတို့အသက်များဆုံးရှုံးရမည်ဟု ဆိုလိုသည်မဟုတ်ပါလော!။

"မင်းတို့ စဉ်းစားဖို့ ငါးမိနစ်အချိန်ပေးမယ် ! "

ကာယဆရာသည် ဘောပင်နှင့်ပုံစံဖောင်ကို ထုတ်လိုက်ပြီး စားပွဲတွင်ချကာ ထွက်ခွာသွား၏။

ကြောက်ရွံ့နေကြသည်ကို ကျိုးကျွင်းမြင်သောအခါ ရှေ့တက်လာပြီး "ဌာနကပဲ မင်းတို့ကို ကာကွယ်ပေးနိုင်တာ ၊ တခြားဆရာတွေနဲ့ ကျောင်းသားတွေက မင်းတို့ကို သတ်ချင်နေကြတာ ၊ မင်းတို့အားလုံး သေသွားတဲ့အချိန်မှသာ ၅၁ယောက်မြောက် ကျောင်းသားပေါ်လာမှာ ဒါကြောင့် မင်းတို့တွေ ဌာနရဲ့အမိန့်တွေကို လိုက်နာမှဖြစ်မယ် "

ကျိုးကျွင်းစကားထွက်ပြောနေချိန်တွင် ကောင်းမင်သည် တစ်တန်းလုံး၏အကြည့်ကို သယ်ဆောင်၍ စားပွဲဆီလျှောက်သွားလိုက်သည်။ဘောပင်ကို ကောက်လိုက်ပြီး သူအတော်ဆုံးအားကစားဖြစ်သည့် ရေကူးခြင်းကို ချရေးလိုက်လေသည်။

All Chapters